ကောင်းကင်နတ်အရှင် တံဆိပ်ပြား
Vol. 64 Ch. 848
“ဒီပစ္စည်းကို ဘယ်က ရလာတာလဲ” ချင်မူ သေတ္တာကြီးဆီမှ အကြည့်လွှဲ၍ မေးလိုက်သည်။
လူငယ်ရှင်းအန်းက စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းချလိုက်သည်။ “ကမ္ဘာဦးဘုံ ပွင့်လာတုန်းက ကောင်းကင်အလင်းတန်းတွေ တောက်ပနေတဲ့ ရှေးဟောင်းမြို့ပျက်တစ်ခုကို ငါ သတိထားမိခဲ့တယ်... အဲဒါနဲ့ လျှောက်ရှာကြည့်ရင်း ဒီပစ္စည်းကို ရခဲ့တာပဲ”
ချိမင်နတ်ဘုရားသားတော်၊ သားသတ်သမားနှင့် ကျန်ရှိသူများက သေတ္တာကြီးဆီသို့ လှမ်းစပ်စုကြသော်လည်း သေတ္တာပိတ်ထားသည့်အတွက် မည်သည်ကိုမျှ မမြင်ရပေ။
သို့သော် ကမ္ဘာပေါ်တွင် ချင်မူ့ကို ဆွဲဆောင်နိုင်သော ရတနာ အနည်းအကျဉ်းသာ ရှိသည်။ ဧကရာဇ်ပလ္လင်အဆင့် ပစ္စည်းများပင် သူ့ကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် ဤသေတ္တာကြီးထဲရှိ ပစ္စည်းသည် အလွန်တရာ တန်ဖိုးကြီးလိမ့်မည်။
နဂါးချီလင်က သေတ္တာကြီးဆီ ချဉ်းကပ်သွား၍ ဖင်နှင့်ပေါက်ကာ ခပ်တိုးတိုး မေးသည်။ “ညီလေး၊ အဲထဲမှာ ဘာရှိလဲ... ငါ့ကို မပြချင်ဘူးလား”
ဟူလင်းအာကလည်း သေတ္တာကြီးကို ဖွင့်ရန် ကြိုးစားနေသည်။ သို့သော် သေတ္တာကြီးက သူတို့ကို ဖွင့်မပြဘဲ တင်းတင်းပိတ်ထား၏။
“ဒီပစ္စည်းကို ဘယ်နေရာမှာရှိတဲ့ မြို့ပျက်ကနေ ရခဲ့တာလဲ”
ချင်မူ အလေးအနက် မေးသည်။ “ဒီပစ္စည်းက ငါ့အတွက် သိပ်အသုံးမတည့်ဘူး... အရေးအကြီးဆုံးက မြို့ပျက်ရဲ့ တည်နေရာပဲ... မင်းကို ကယ်စေချင်ရင် ဘယ်နေရာမှာ ရှိလဲ ပြောပြ”
“သေတ္တာထဲမှာ မြေပုံပါတယ်”
ရှင်းအန်းက ထပ်ပြောသည်။ “မင်း ငါ့ကို ကူညီရင် သေတ္တာထဲကဟာ မှန်သမျှ ပေးမယ်... မြေပုံရောပဲ... မကျေနပ်သေးရင် ငါကိုယ်တိုင် လိုက်ပို့ပေးမယ်”
ချင်မူ ရှင်းအန်း၏ မျက်လုံးများကို လေးနက်စွာ ကြည့်၍ ခေါင်းညိတ်လိုက်ကာ ပါမောက္ခပါ့ရှန်ဘက်သို့ လှည့်လိုက်သည်။ “အစ်ကိုကြီး၊ ဒီလူ့အတွက် မှော်အစီအရင် စီရင်ပြီး ဝိညာဉ်ပြန်တည်ဆောက်ပေးဖို့ နေရာတစ်နေရာလောက် ငှားပါဦး”
ပါမောက္ခပါ့ရှန်က လီမြစ်ခန်းမကို ချက်ချင်း ရှင်းလင်းပေးသည်။ ချင်မူက သေတ္တာကြီးကို မြှောက်၍ ခန်းမထဲ ဝင်ကာ သူ့ဘေး၌ ချထားသည်။ ရှင်းအန်းလည်း နောက်မှ လိုက်လာကာ သေတ္တာကြီးဆီသို့ ကြည့်သည်။
သေတ္တာကြီးသည် သူ့ဘာသာသူ လျှောက်နိုင်သော်လည်း ချင်မူက ခေါင်းမာမာဖြင့် သယ်သွားခဲ့၏။ ရှင်းအန်း ရှာတွေ့ခဲ့သော ပစ္စည်းက ချင်မူ့အတွက် အင်မတန် အရေးပါကြောင်း ထင်ရှားပေသည်။ ရှင်းအန်းအနေဖြင့် ဤပစ္စည်းကို ချင်မူ့ဆီ ယူလာခဲ့ခြင်းက မှန်သွားသည်။
ခန်းမထဲတွင် ကောင်းကင်အလိုတော်မုခ်ဝက ချင်မူ့အနောက်၌ ဖွဲ့တည်လာသည်။ ချင်မူက ဝိညာဉ်လမ်းညွှန်အစီအရင်ကို ရွတ်ဖတ်၍ ရှင်းအန်း၏ ပြန့်ကြဲနေသော ဝိညာဉ်များကို စတင်စုဝေးနေ၏။
ရှင်းအန်းက ယခင်မျိုးဆက်၏ နှစ်ငါးရာမှ တစ်ခါပေါ်သော ပါရမီရှင်တစ်ယောက် ဖြစ်သည့်အတွက် ထူးချွန်ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးနှင့် ပါရမီကို ပိုင်ဆိုင်ထားသည်။ သို့သော် သူ၏မျိုးဆက်တွင် ကန့်သတ်ချက်များ ရှိနေခဲ့သောကြောင့် နတ်ဘုရား ဖြစ်မလာခဲ့ပေ။
သူက လက်ရှိမျိုးဆက်၏ ပါရမီရှင် - ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် မတူပေ။ ဧကရာဇ်အတိုင်ပင်ခံသည် သူ့အသက်ကိုပင် ပဓာနမထားဘဲ ပြင်းထန်သော စိတ်အားထက်သန်မှုတို့နှင့်အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုတွင် စိတ်ရော၊ ကိုယ်ပါ နှစ်မြုပ်ထားသူ ဖြစ်၏။ ရှင်းအန်းကမူ သူ့အသက်ကို ဆွဲဆန့်နိုင်ရန် လေ့လာရာတွင်သာ စိတ်ရော၊ ကိုယ်ပါ နှစ်မြုပ်ထားခဲ့သည်။
ရှင်းအန်းသည် လမ်းမှားလျှောက်ခဲ့ပြီး နတ်ဘုရားဖြစ်လုဆဲဆဲ အဆင့်မြင့်သိုင်းပညာရှင်များကို သတ်ဖြတ်ကာ နတ်ဘုရားအဆင့်သို့ ရောက်ရှိထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခိုးယူခဲ့သည်။ အမြဲငယ်ရွယ်နေအောင် ထိုခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ခန္ဓာကိုယ်များ တည်ဆောက်ခဲ့သည်။
နောက်ပိုင်းတွင် သူ၏သုတေသနများက တိုးတက်လာခဲ့သည့်အတွက် သူ၏ကိုယ်ပိုင်မူလဝိညာဉ်နှင့် ဝိညာဉ်ကိုပင် ပိုင်းဖြတ်ကာ အခြားသူများ၏ မူလဝိညာည်အသစ်များ၊ ဝိညာဉ်အသစ်များဖြင့် တွဲဆက်နိုင်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ရှင်းအန်းမှာ သူ့ကိုယ်သူ ပျောက်ဆုံးသွားပြီး သူ မည်သူမှန်း မသိတော့ပေ။
ထို့အပြင် အခြားသူများ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ဆိုသည်မှာလည်း သူ၏အောင်မြင်မှုများကို ကန့်သတ်ထား၏။ ယနေ့ခေတ်လို အဘက်ဘက်မှ တိုးတက်နေသော ခေတ်တွင် မူလခန္ဓာနှင့် မူလဝိညာဉ်သို့ ပြန်မသွားနိုင်တော့ခြင်းက သူ့ကိုယ်သူ သတ်လိုက်သကဲ့သို့ ဖြစ်လာသည်။
ချင်မူ့အတွက် ရှင်းအန်း၏ ဝိညာဉ်ကို ပြန်တည်ဆောက်ပေးရန်မှာ ပန်းခြံထဲ လမ်းလျှောက်နေသည့်အတိုင်း လွယ်ကူသည်။ ရှင်းအန်းသည် အမိကမ္ဘာမြေနှင့် ကောင်းကင်ယင်နတ်ဘုရားမလို ဖြစ်တည်မှုမျိုးမှ မဟုတ်သည် မဟုတ်ပါ၏လော။
ထိုမျှသာမက ရှင်းအန်း ဝိညာဉ်လမ်းညွှန်အား တတ်မြောက်သွားမည်ကိုလည်း သူ စိတ်မပူပေ။ ရှင်းအန်းသည် ယိုတုသားတော် မဟုတ်သည့်အတွက် ကောင်းကင်အလိုတော်မုခ်ဝအစစ် ဖွဲ့တည်နိုင်မည် မဟုတ်ချေ။
ပို၍ရှင်းပြရလျှင် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်နှင့် ရင်းနှီးသူမဟုတ်လျှင် ဤရှေးဟောင်းနတ်ဘုရားနှစ်ပါးဆီမှ စွမ်းအားများ ခိုးယူ၍ ဝိညာဉ်ပြန်တည်ဆောက်ခြင်းသည် သေမင်းကို လက်ယပ်ခေါ်သလိုသာ ဖြစ်လိမ့်မည်။
တခဏကြာသော် မှော်အစီအရင် ပြီးမြောက်သွားသည်။ ရှင်းအန်းက တင်ပျဉ်ဖွဲ့၍ ထိုင်ရင်း သူ၏ဝိညာဉ် ပြန်ပေါ်လာသည်ကို ဂရုတစိုက် အာရုံခံနေသည်။ သူ့ရင်ထဲတွင် ဖော်ပြမတတ်သော ခံစားချက်မျိုးစုံ ပေါက်ဖွားလာ၏။
ချင်မူ သေတ္တာကြီးကို ဖွင့်လိုက်သည်။ သေတ္တာအထဲတွင် ကောင်းကင်နတ်များ၏ ရုပ်ခန္ဓာများအား သပ်သပ်ရပ်ရပ် စီထားပြီး အများစုက နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားပြီးသော နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသည်။
ရှင်းအန်း၏ ဆန်းကြယ်သော ကျင့်စဉ်များဖြင့် ပိတ်လှောင်ခံထားရသော မူလဝိညာဉ်များလည်း ရှိသည်။ မူလဝိညာဉ်တို့သည် ပုံပန်းသဏ္ဍာန် မျိုးစုံပြီး မျိုးနွယ်များလည်း မတူညီကြပေ။
သို့သော် ချင်မူ့အာရုံကို ဖမ်းစားနိုင်ခဲ့သည်ကား ဤခန္ဓာကိုယ်များ၊ ဝိညာဉ်များမဟုတ်၊ ကောင်းကင်နတ်အရှင်မူ တံဆိပ်ပြားနှင့် အလွန်ဆင်သော ကျောက်စိမ်းတံဆိပ်ပြားတစ်ခုသာ ဖြစ်သည်။
သေတ္တာကြီးက တံဆိပ်ပြားကို ထွေးထုတ်လိုက်၍ ချင်မူ့လက်ပေါ် ကျလာသည်။ ချင်မူ တံဆိပ်ပြားကို လှန်ကြည့်လိုက်သည့်အခါ ရှေးဟောင်းနတ်ဘုရားဘာသာစကားဖြင့် ကျောတွင် ထွင်းထားသည့် ‘ချင်’စာလုံးအား မြင်လိုက်ရ၏။
ကောင်းကင်နတ်အရှင်ချင်၏ တံဆိပ်ပြား။
ချင်မူနှင့် နျိုစန်းသွော နဂါးဟန်ခေတ်၏ ပထမဆုံးနှစ်သို့ ပြန်ရောက်သွားတုန်းက ကောင်းကင်နတ်မြစ်တွင် ခိုင်ဧကရာဇ်နှင့် ဆုံတွေ့ခဲ့ရသည်။ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ၌ သူတို့၏တိုက်ပွဲက ကောင်းကင်နတ်ဘုံတစ်ဘုံစလုံး လှုပ်ခတ်သွားစေခဲ့လေသည်။
ကောင်းကင်နတ်အရှင်ယွီသည် သူတို့နှစ်ယောက်တွင် ထိုခေတ်၏ လူသားမျိုးနွယ်၊ ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းထက် သာလွန်သော အစွမ်းအစများ ပိုင်ဆိုင်ထားသည်ကို မြင်ခဲ့သည့်အတွက် ကောင်းကင်နတ်ဧကရာဇ်ဆီသို့ စာလွှာပေးပို့ကာ ဆုလာဘ်ချီးမြှင့်ပေးရန် တောင်းဆိုခဲ့၏။
ကောင်းကင်နတ်ဧကရာဇ်က သူတို့နှစ်ယောက်ကို ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ချင်အဖြစ် အသီးသီး အပ်နှင်းခဲ့သည်။ ချင်မူက မူချင်းအဖြစ် ကောင်းကင်နတ်အရှင်မူ ဖြစ်လာခဲ့ကာ ခိုင်ဧကရာဇ်ချင်ယဲ့က ချင်ခိုင်အဖြစ် ကောင်းကင်နတ်အရှင်ချင် ဖြစ်လာခဲ့သည်။
ချင်မူနှင့် ခိုင်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်ခုနစ်ပါးနှင့် တန်းတူညီတူ ဖြစ်သွားခဲ့ပြီး ကောင်းကင်နတ်အရှင်ကိုးပါးဟူ၍ ကျော်ကြားလာခဲ့ကြသည်။ ထို့အပြင် ကောင်းကင်နတ်ဧကရာဇ်က သူတို့ကို အမိန့်ပြန်တမ်းတစ်ခုစီနှင့် တံဆိပ်ပြားတစ်ပြားဆီ ချီးမြှင့်တော်မူခဲ့၏။
ရှင်းအန်း ဝိညာဉ်ပြန်တည်ဆောက်နိုင်ရန် ချင်မူ ချက်ချင်း သဘောတူခဲ့ခြင်းမှာ ဤတံဆိပ်ပြားကြောင့်သာ ဖြစ်သည်။
ချင်မူက ကောင်းကင်နတ်အရှင်ချင်တံဆိပ်ပြားကို ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် ကြည့်ပြီးနောက် ထောင်ကျယ်အိတ်ထဲ ထည့်သိမ်းလိုက်သည်။ သူက ရှင်းအန်းဆီသို့ လှမ်းကြည့်လိုက်၏။ လောလောဆယ်တွင် ရှင်းအန်းကား ကျင့်စဉ်တစ်ခု ထုတ်လွှတ်ရင်း အသစ်ပြန်တည်ဆောက်ထားသဖြင့် အားနည်းနေသော သူ၏ဝိညာဉ်ကို သန်မာလာအောင် အားဖြည့်ပေးနေသည်။
ချင်မူ သေတ္တာကြီးထဲမှ မြေပုံထုတ်ကာ အကဲခတ်ကြည့်သည်။ မြေပုံသည် လက်ရှိကမ္ဘာဦးဘုံ၏ မြေပုံဖြစ်ပြီး မရင်းနှီးသောနေရာများ များလွန်းသဖြင့် မကြည့်တတ်တော့ပေ။
‘ရှင်းအန်းကို လိုက်ပို့ခိုင်းမှပဲ’
ချင်မူ မြေပုံသိမ်း၍ လီမြစ်ခန်းမအပြင်သို့ ထွက်လိုက်သည်။
ခန်းမအပြင်တွင် သားသတ်သမားက ဓားမအလင်းတန်းအသွင် ပြောင်း၍ တဟားဟား ရယ်မောရင်း သူ့ဆီ ပျံသန်းလာ၏။ “မူအာ၊ လီမြစ်တက္ကသိုလ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မင်း မသင်ယူချင်ဘူးလား... ငါ မင်းကို ကောင်းကင်ဓားမဌာနမှာ စောင့်နေမယ်”
ချင်မူ အတွေးများကို ခေါင်းထဲမှ ထုတ်ရင်း ဟက်ခနဲ ရယ်လိုက်၏။ “ဘိုးဘိုးသားသတ်သမားတော့ သေအောင် ရိုက်သတ်ခံချင်နေပြီထင်တယ်”
သားသတ်သမားက အားရပါးရ အော်ဟစ်ရယ်မောလိုက်ပြီး တက္ကသိုလ်အဆောင်တစ်ဆောင်အပေါ်၌ ဆင်းသက်လိုက်သည်။
ကောင်းကင်ဓားမဌာန။
ချိမင်နတ်ဘုရားသားတော်က ခရမ်းရောင်ဝတ်ရုံကို တစ်ချက်လှည့်ကာ ဖျတ်ခနဲ ပျောက်သွား၏။ အသံတစ်သံ ထွက်လာသည်။ “ယိုတုသားတော် ၊ ငါ မင်းကို ဖန်ဆင်းပညာဌာနမှာ စောင့်နေမယ်”
ချင်မူ့မျက်နှာ မည်းမှောင်သွားသည်ကို ကြည့်၍ ယွီကျောက်ချင်းက တခစ်ခစ် ရယ်လိုက်သည်။ “သဘာဝရေးရာဌာနမှာ ကျွန်မ ဂိုဏ်းသခင်ကို စောင့်နေပါ့မယ်”
ပန်ကုန်းစုန်သည် ထိုအခိုက်အတန့်တွင် သတ္တိရှိလာပြီး တဟားဟား ရယ်လိုက်ကာ ပြော၏။ “ဂိုဏ်းသခင်ချင်၊ ငါ မင်းကို မှော်ဆရာဌာနမှာ ရင်ဆိုင်မယ်”
....
အဆင့်မြင့်သိုင်းပညာရှင်အများစုက ဌာနဆိုင်ရာ အသီးသီးသို့ ပြန်၍ ချင်မူ့ကို စောင့်နေကြသည်။ ဟူလင်းအာလည်း စိတ်လှုပ်ရှားလာပြီး မိစ္ဆာတိမ်တိုက်ကို စီးနင်း၍ လှမ်းအော်တော့သည်။ “သခင်လေး၊ ကျွန်မ သခင်လေးကို မိစ္ဆာဌာနမှာ စိန်ခေါ်ဖို့ စောင့်နေမယ်”
ချင်မူ ခေါင်းကုတ်လိုက်မိသည်။ “လင်းအာတော့ အထင်လွဲသွားတဲ့ပုံပဲ... ငါက ဒီကို ကောင်းကင်နတ်သိုင်းတွေ သင်ဖို့ လာတာ... မိစ္ဆာအစီအရင်တွေကို လေ့လာနိုင်မှာတောင် မဟုတ်ဘူး... ဒါပေမဲ့ သူ အခုလို တက်ကြွနေတာက ခပ်ရှားရှားဆိုတော့ ကျန်တဲ့ဌာနတွေကို စိန်ခေါ်ပြီးသွားရင် သူ့ဆီ သွားပြီး စကားပြောရမယ်... ဒါမှ အဲဒီကလေးမ စိတ်မဆိုးမှာ... လီမြစ်တက္ကသိုလ်က တကယ် သွားရှုပ်လို့မရဘူးပဲ... မှော်ဆရာကြီးက လွဲလို့”
လီမြစ်တက္ကသိုလ်တွင် ဌာန နှစ်ဆယ်ကျော် ရှိသည်။ ဓားလမ်းစဉ်ဌာန၊ မိစ္ဆာလမ်းစဉ်ဌာန၊ နတ်ဘုရားလမ်းစဉ်ဌာန အစရှိသဖြင့် ... ဌာနအသီးသီးသည် သူ့အစုနှင့်သူ အင်အားကြီးမားကြ၏။ ချင်မူ ဌာနတစ်ချင်းစီအာ လိုက်လံစိန်ခေါ်တော့သည်။
သူ၏ရည်ရွယ်ချက်က လီမြစ်တက္ကသိုလ်၏ ပြုပြင်ပြောင်းလဲမှုများကို လေ့လာရန် ဖြစ်သည့်အတွက် ကောင်းကင်နတ်သိုင်းနှင့် သက်ဆိုင်သော ဌာနများကို လိုက်စိန်ခေါ်သည်။ ထိုနေရာများတွင် ရှုံးပွဲ၊ နိုင်ပွဲများ ညီမျှခဲ့၏။
ချင်မူ ခွက်ခွက်လန်အောင် ရှုံးသည့်ပွဲမှာတော့ ပန်ကုန်းစုန်၏ မှော်ဆရာဌာနတွင် ဖြစ်သည်။ သူတို့က အပြေးပညာရပ်များကို အဓိကထား ကျင့်ကြံကြသည့်အတွက် ချင်မူမှာ မရှုမလှ ရှုံးနိမ့်သွားလေသည်။
ချင်မူက သိက္ခာကို အဖတ်ပြန်ဆယ်ရန်အလို့ငှာ မှော်ဆရာစွမ်းရည်ဖြင့် ပန်ကုန်းစုန်ကို စိန်ခေါ်ခဲ့သော်လည်း ပန်ကုန်းစုန်သည် နိုင်သည်နှင့် အစအနပင် ရှာမရအောင် ပျောက်သွား၏။
ချင်မူ အလွယ်ဆုံး အနိုင်ရခဲ့သည့်ပွဲက ဖန်ဆင်းပညာဌာန၌ ဖြစ်သည်။ ချိမင်နတ်ဘုရားသားတော်သည် ချင်မူ့ထက် သိုင်းအဆင့်မြင့်မားပါသော်လည်း ဖန်ဆင်းပညာတွင် ချင်မူ့အောက် နိမ့်ကျနေသေး၏။
အသက်သာဆုံးပွဲကတော့ ဟူလင်းအာ၏ မိစ္ဆာဌာနတွင် ဖြစ်သည်။ ချင်မူနှင့် ဟူလင်းအာက လျှောက်ဆော့ပြီးနောက် မြေခွေးနတ်မင်းနှင့် ကျန်မိစ္ဆာများနှင့်အတူ အရက်သောက်ပွဲ ဆင်နွှဲကာ အမူးမှောက်ကုန်ကြသည်။
လယ်သမားအိုကြီး၏ သိုင်းပညာဌာနတွင်တော့ ချင်မူ ရက်ရက်စက်စက် အရိုက်ခံခဲ့ရသည်။ ဌာနထဲ ခြေချလိုက်ကတည်းက လူရုပ်ပင် မပေါ်အောင် ရပ်ခံခဲ့ရပြီး နောက်ဆုံးတွင် မတ်တပ်ပင် မရပ်နိုင်ခဲ့ချေ။
နောက်ဆုံး အနွေးထွေးဆုံး စိန်ခေါ်ပွဲသည် ကောင်းကင်ဓားမဌာန၏ စိန်ခေါ်ပွဲအပြင် တခြားမဟုတ်ပေ။ မြေးအဖိုးနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ရင်း တစ်ချက်တစ်ချက် ရပ်တတ်ကြသည်။ သားသတ်သမားက ဓားမသိုင်းကွက်များနှင့်ပတ်သက်၍ ချင်မူ့အား အလေးအနက် လမ်းပြပေးရင် ချင်မူ ဓားမသိုင်းဖြင့် လမ်းစဉ်အဆင့်တက်နိုင်ရန် မျှော်လင့်နေသည်။ ချင်မူမှာ ဒုက္ခိတဘိုးဘွားကျေးရွာတွင် သားသတ်သမားနှင့်အတူ ဓားမသိုင်းကျင့်ခဲ့ရသော အချိန်များကို ပြန်သတိရရင်း လွမ်းမောမိ၏။
သားသတ်သမားသည် စိတ်ရူးမဖောက်လျှင် အဘိုးတစ်ယောက်လို အနွေးဓာတ်မျိုး ပေးနိုင်၏။
ယနေ့တွင် ရှင်းအန်းက လီမြစ်ခန်းမမှ ထွက်လာကာ ချင်မူ့ကို ပြောသည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့ အခု သွားလို့ရပြီ”
ချင်မူလည်း ကျန်ရှိသူများကို နှုတ်ဆက်ပြီးနောက် သားသတ်သမားဘက် လှည့်လိုက်သည်။ “ဘိုးဘိုး၊ ဒီခရီးမှာ အန္တရာယ်တွေ အများကြီး ပြည့်နေလောက်တယ်... ဒါကြောင့် လီမြစ်တက္ကသိုလ်ရဲ့ ကျင့်စဉ်တွေ၊ လမ်းစဉ်တွေ သင်ရအောင် လန်ယွီထျန်းကို ဒီမှာပဲ ထားခဲ့ပါ့မယ်... ဘိုးဘိုး သူ့ကို ကျေးဇူးပြုပြီး စောင့်ရှောက်ပေးပါဦး... သူ့ကို သိုင်းကွက်တွေ သင်ပေးစရာမလိုဘူး... သဘောတရားတွေပဲ ရှင်းပြပေးပါ”
သားသတ်သမားက ရှင်းအန်းကို ကြည့်သည်။ “ငါ ဒီအန်းပေါက်စကို လန့်တယ်.. ဒီကောင်က တော်တော်ရက်စက်တဲ့ကောင်... မင်း သူနဲ့ နှစ်ယောက်တည်း ရှိနေရင် သူ မင်းကို တစ်ခုခု လုပ်နိုင်တယ်... မူအာ၊ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့... သူ မင်းကို ကြည့်နေတဲ့ပုံစံက ထူးဆန်းတယ်... ငါတော့ သူ မင်းရဲ့ခန္ဓာကိုယ်ကို လိုချင်နေတယ် ထင်တာပဲ”
ချင်မူက တည်ငြိမ်အေးဆေးစွာ တုံ့ပြန်သည်။ “ရှင်းအန်း ကျွန်တော့်ကို မထိနိုင်ပါဘူး”
သားသတ်သမားမှာ စိတ်မအေးသေးပေ။
ချင်မူ နဂါးချီလင်နှင့် ယန်အာကို လှမ်းခေါ်လိုက်ကာ ရှင်းအန်းနှင့်အတူ ခရီးဆက်သည်။
ရှင်းအန်းက သေတ္တာကြီးထဲမှ နဂါးတစ်ကောင် ထုတ်၏။ သူ ၎င်းကို လေဖြင့် မှုတ်လိုက်သည့်အခါ နတ်နဂါးကား တမုဟုတ်ချင်း အသက်ဝင်လာတော့သည်။ ၎င်းက တိမ်တိုက်များကို စီးနင်း၍ အံ့အားသင့်ဖွယ်ရာအမြန်နှုန်းဖြင့် သွားနေသည်။
ချင်မူက နဂါးချီလင်၏ ခေါင်းပေါ်တွင် ထိုင်နေပြီး နဂါးချီလင်က မီးလျှံတိမ်တိုက်များကို နင်းလျက် နတ်နဂါးအနောက်မှ လိုက်လာသည်။
“ဂိုဏ်းသခင်ချင်၊ မင်းရဲ့ ဖက်တီးကြီးက တိုးတက်လာတာ တော်တော်မြန်တာပဲ”
ရှင်းအန်းက ဘေးဘီဝဲယာသို့ ကြည့်ကာ အံ့အားသင့်သွားသည်။ “ဂိုဏ်းသခင်ချင်၊ မင်းနဲ့အတူ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်မှ ခေါ်မလာဘူးလား... မင်းကြည့်ရတာ ငါ့ကို သိပ်သတိမထားသလိုပဲနော်”
ချင်မူက မထူးခြားသည့်အလား ပြန်ဖြေသည်။ “ရှင်းအန်း၊ အရင်တုန်းကတော့ မင်းက တကယ် အစွမ်းထက်ခဲ့တယ်.... ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ရဲ့ တိုက်ပွဲမှာ ဒုက္ခိတဘိုးဘွားကျေးရွာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သိုင်းပညာရှင်တွေ မင်းကို မနိုင်ခဲ့ဘူး... ဒါပေမဲ့ အခုက မတူတော့ဘူး.. မင်းရဲ့အစွမ်းအစတွေက အရင်တုန်းကလောက် မဟုတ်တော့ဘူး... ဒါကြောင့် မင်းနဲ့အတူ ခရီးသွားဖို့ ငါ့အတွက် တခြားအဆင့်မြင့်သိုင်းပညာရှင်တွေ မလိုဘူး”
ရှင်းအန်းသည် အေးအေးလူလူ တုံ့ပြန်၏။ “မင်းက ငါ့ကို လျှော့တွက်ထားတာပဲ... ငါ လမ်းမှားလျှောက်ခဲ့မိတာ သိပေမယ့် ငါနဲ့ခေတ်ပြိုင်တွေကြားမှာ ငါ့ကို ယှဉ်နိုင်တဲ့သူ အနည်းအကျဉ်းပဲ ရှိတယ်.... ဓားနတ်ဘုရားစုတောင် ငါ့အောက် အနည်းငယ် အားနည်းသေးတယ်... ငါက မင်းရဲ့ခန္ဓာကိုယ်ကို သိပ်သဘောကျနေတဲ့သူ ဆိုတော့ မင်းအနေနဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေ ခေါ်မလာတာ မှားသွားပြီ... ငါ့သေတ္တာကြီးထဲ ကြည့်လိုက်တာနဲ့ ငါ လမ်းအဟောင်းကို အရှင်းမစွန့်ပစ်နိုင်သေးတာ မင်း သိသင့်ပါတယ်”
ချင်မူ တဟားဟား အော်ရယ်လိုက်သည်။ ယန်အာက သူ ပါးစပ်ဟလိုက်သည့်အချိန်ကို အခွင့်အကောင်းယူကာ သွေးနီမီးလျှံဆေးလုံးတစ်လုံး ခွံ့လိုက်၏။
ချင်မူ့မျက်နှာ မည်းမှောင်သွားပြီး ထွေးထုတ်ရန် ပြုလိုက်စဉ် အရသာက အတော်လေး ကောင်းနေသည့်အတွက် အလိုလို မြိုချမိလိုက်သည်။ ‘ဖက်တီးနဂါး သွေးနီမီးလျှံဆေးလုံးတွေ ကြိုက်တာလည်း အံ့ဩစရာမရှိဘူး.. အရသာက ဒီလောက် ကောင်းနေတာကိုး... ဖွီး ဖွီး ဒါက ဖက်တီးနဂါးရဲ့ အစာဟ’
အမှန်တွင် ယန်အာဘေး၌ ရှိနေသည့်အတွက် ချင်မူ သတ္တိကောင်းနေခြင်း ဖြစ်သည်။
ဖက်တီးနဂါးမှာ နေ့မနား၊ ညမအိပ် အားကုန်ပြေးပေးသည့်တိုင် နှစ်လကြာသည့်အခါမှ ရှင်းအန်းပြောသော ရှေးဟောင်းမြို့ပျက်သို့ ရောက်လာကြသည်။
နဂါးချီလင် အောက်ဆင်းလိုက်ပြီး ရှင်းအန်း၏ ခြေထောက်အောက်ရှိ နတ်နဂါးလည်း ဖြည်းဖြည်းချင်း ဆင်းလာသည်။ နတ်နဂါးသည် တဖြည်းဖြည်း အရွယ်အစား ကျုံ့သွားကာ သေတ္တာထဲ ပြန်ဝင်သွား၏။
ရှင်းအန်းက သေတ္တာကြီးကို မ,လျက် ခပ်တိုးတိုး ပြောသည်။ “ဒီနေရာပဲ... အရင်တစ်ခေါက်တုန်းက အသက်ရှင်လျက် မထွက်နိုင်တော့ဘဲ သေတော့မလိုတောင် ဖြစ်ခဲ့ရတယ်”
ချင်မူ ရှေ့သို့ ကြည့်လိုက်သည့်အခါ ကောင်းကင်အလင်းတန်းများ ဖြာထွက်လျက် ပျက်စီးနေသော နတ်တောင်တစ်လုံးအား မြင်လိုက်ရသည်။
ကောင်းကင်အလင်းတန်းများအကြား၌ အရောင်အဝါများ ဖြတ်ပြေးနေ၏။ ချင်မူ ၎င်းကို ကြည့်ရှုရန် ပြင်လိုက်စဉ် အလင်းတန်းများထဲမှ တောက်ပနေသော အလင်းလုံးတစ်လုံး ပျံထွက်လာပြီး ဓားရောင်က ဆယ်မိုင်ကျော် ဖြာဆင်းသွားသည်။
“ဒါက မင်းရဲ့ ဓားသိုင်းနဲ့ မတူဘူးလား”
ချင်မူ့ဘေးတွင် ရှင်းအန်းက ဆက်ပြောသည်။ “ငါ ချင်စာလုံးနဲ့ တံဆိပ်ပြားကို ဒီနေရာမှာ ရခဲ့တာ... မင်းရဲ့ ဓားသိုင်းနဲ့ ဆင်တဲ့ ဓားသိုင်းကို မြင်မြင်ချင်း ဒီပစ္စည်းက မင်းနှလုံးသားကို လှုပ်ရှားစေနိုင်လောက်တယ်လို့ တွေးမိတာပဲ”
ချင်မူ ရင်တဒိန်းဒိန်း ခုန်နေသည်။ ရွှင်ပျော်ပျော်ဓားမှလည်း ခပ်တိုးတိုး အော်မြည်သံများ ထွက်လာပြန်၏။