← Chapters

ခေါင်းတလားထဲက မိတ်ဆွေ

Vol. 64 Ch. 850

ခေါင်းတလားထဲက မိတ်ဆွေ

Vol. 64 Ch. 850

ခေါင်းတလားသည် မြေပြင်နှင့် မထိဘဲ လေတွင် ပျံဝဲနေခြင်း ဖြစ်၏။ ရောင်စုံအလင်းတန်းများ ခေါင်းတလားနှင့် ကျောက်ရေတွင်း၏ အနားပတ်ဝန်းကျင်တွင် လွင့်မျောဖြာဆင်းနေသည်။

အရာအားလုံး ရပ်တန့်ခံထားရသကဲ့သို့ အသံတစ်သံမှ မကြားရဘဲ အလွန်ဆိတ်ငြိမ်အေးချမ်းနေသည်။ မဟူရာခေါင်းတလားသည် ရေတွင်း၏အပေါ်တည့်တည့်တွင် တိတ်ဆိတ်စွာ ရှိနေ၏။

ရောင်စုံအလင်းတန်းများက ရေတွင်းထဲမှ ဖြာထွက်လာနေခြင်း ဖြစ်ပြီး တစ်ချက်တစ်ချက် လင်းလာလိုက်၊ မှိန်သွားလိုက် ဖြစ်နေသည်။

ချင်မူ မယုံသင်္ကာ မေးလိုက်မိသည်။ “ရှင်းအန်း၊ အခေါင်းက ပွင့်မနေဘူးပဲ... မင်း တံဆိပ်ပြားကို ဘယ်ကနေ ကောက်ရခဲ့တာလဲ”

သံကြိုးများသည် ခေါင်းတလားကို တင်းကြပ်စွာ ချုပ်နှောင်ထားဆဲ ဖြစ်၏။ ပတ်ဝန်းကျင်တွင် အနက်ရောင်အခေါင်းနှင့် ‌ရေတွင်းမှအပ မည်သည်ကို မမြင်ရသောကြောင့် ချင်မူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။

“တံဆိပ်ပြားကို ခေါင်းတလားအပေါ်မှာ တင်ထားတာ”

ရှင်းအန်းသည် မည်သည့်နည်းလမ်းမှန်းမသိ အသုံးပြုကာ သေတ္တာကြီးထဲမှ နတ်ဘုရားတစ်ပိုင်းတို့၏ ရုပ်ခန္ဓာများအား ခုန်ထွက်လာစေလိုက်၏။ သေတ္တာကြီးမှာ ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ဟိုဟိုသည်သည် လျှောက်ခုန်ကာ ထိုနတ်ဘုရားတစ်ပိုင်းများကို ပြန်မြိုချချင်နေသည်။

တခဏကြာသော် ချင်မူ၏ပတ်ပတ်လည်တွင် နတ်ဘုရားအယောက်တစ်ရာ ရပ်နေချေပြီ။

ဤနတ်ဘုရားများမှာ အသက်မရှိတော့သော ရှင်းအန်း၏ ရုပ်သေးရုပ်များ ဖြစ်သည်။

ရှင်းအန်းက ဓားလက်ချောင်းများကို မြှောက်၍ တစ္ဆေတစ်ကောင်လို ရွေ့လျားကာ ထိုနတ်ဘုရားတစ်ပိုင်းများ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိပြီးနောက် ငြိမ်ငြိမ်ပြန်ရပ်လိုက်သည်။

“ပွင့်စမ်း”

ရှင်းအန်း၏မျက်ခုံးနှစ်ဖက်ကြားသည် ရုတ်တရက် ကွဲထွက်သွားပြီး မည်းနက်နေသော မျက်လုံးတစ်လုံး ပေါ်လာသည်။ မျက်လုံးက တစ်ပတ်လည်သွားပြီး အခိုးအငွေ့လို အနက်ရောင်အတန်းတစ်တန်း ထုတ်လွှတ်လိုက်၏။ အနက်ရောင်အတန်းက နတ်ဘုရားတစ်ပိုင်းတို့၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွားသည်။

“ယိုတုရဲ့ မှော်အစီအရင်” ချင်မူ အံ့အားသင့်သွားသည်။

ရှင်းအန်း၏ မျက်ခုံးနှစ်ဖက်ကြားရှိ‌ ဒေါင်လိုက်မျက်လုံးက သူ၏တတိယမျက်လုံးနှင့် တူနေသည်။ မျက်လံးနှစ်လုံးစလုံးသည် ယိုတု၏စွမ်းအားကို ထိန်းချုပ်ရန်အတွက် အသုံးပြုသော်လည်း ရှင်းအန်း၏မျက်လုံးမှာ အစပျိုးအဆင့်သာ ရှိသေး၏။ ချင်မူ၏ တတိယမျက်လုံးလောက် အသေးမစိတ်သေးပေ။

သို့သော် ရှင်းအန်း၏ ယိုတုကောင်းကင်နတ်သိုင်းက အလွန်မျက်စိကျဖွယ်ကောင်းပေသည်။

“ဂိုဏ်းသခင်၊ သူက ဂိုဏ်းသခင်ကို လိုက်တုနေတာနော်” နဂါးချီလင်က ခပ်တိုးတိုး ကပ်ပြောသည်။

ချင်မူက တုန်လှုပ်မသွားသကဲ့သို့ ပြန်ပြောလိုက်၏။ “ပေါက်ကရတွေ မပြောနဲ့”

ထိုသို့ ပြောလိုက်ပါသော်လည်း သူ့မှာ အနည်းငယ် လန့်မိသေးသည်။ ရှင်းအန်း၏ တတိယမျက်လုံးက သူ၏တတိယမျက်လုံးကို လိုက်တုထားခြင်းဖြစ်ရာ ရှင်းအန်း သူ့ခန္ဓာကိုယ်ကို မည်မျှတပ်မက်ပြီး တန်ဖိုးထားကြောင်း ပေါ်လွင်သည်။

ရှင်းအန်း၏အကျင့်အရဆိုလျှင် သူ လိုချင်သည့်အရာကို ရအောင် ယူလိမ့်မည်။

ချင်မူ့ကို ပို၍ပင် အံ့အားသင့်စေသည်မှာ ရှင်းအန်း၏ သေတ္တာကြီးထဲမှ ခုန်ထွက်လာခဲ့သော နတ်ဘုရားတစ်ပိုင်းများအားလုံး အတိုင်းထက်အလွန် သန်မာအားကောင်းနေကြခြင်း ဖြစ်သည်။ သူတို့သည် အစစ်အမှန်နတ်ဘုရားအဆင့် ဖြစ်ကြသော်လည်း ရှင်းအန်း၏ ဖမ်းဆီးခြင်း ခံခဲ့ရသေး၏။ ဤအခြင်းအရာမှတစ်ဆင့် ရှင်းအန်း၏ အစွမ်းအစများက မည်မျှ ကြောက်စရာကောင်းကြောင်း သိသာသည်။

ရှင်းအန်း မှော်အစီအရင် ထုတ်လွှတ်ပြီးသည့်အခါ ရုတ်တရက် နတ်ဘုရားတစ်ပိုင်းတစ်ယောက်သည် ပါးစပ်ကြီး ဖြဲဟလျက် သူ့အရှေ့ရှိ နတ်ဘုရားတစ်ပိုင်းအား မြိုချလိုက်၏။

ချင်မူ လန့်ဖျပ်သွားသည်။ ထိုစဉ် နတ်ဘုရားတစ်ပိုင်း နောက်တစ်ယောက်က ဤနတ်ဘုရားတစ်ပိုင်းကို မြိုချလိုက်ပြန်၏။ ထို့နောက် နောက်တစ်ယောက်က အရှေ့တစ်ယောက်ကို မြိုပြန်သည်။ မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားတစ်ပိုင်း အယောက်တစ်ရာအနက်မှ တစ်ယောက်တည်းသာ ကျန်‌တော့ချေပြီ။

ဤအခြေအနေမှာ ငါးကြီးတစ်ကောင်က ငါးလေးတစ်ကောင်ကို စားပြီးနောက် ပိုကြီးသော ငါးတစ်ယောက်၏ ပြန်စားခြင်းခံလိုက်ရသည့် အခြေအနေမျိုး ဖြစ်သည်။

နောက်ဆုံးကျန်ခဲ့သည့် နတ်ဘုရားတစ်ပိုင်းက တမုဟုတ်ချင်း ခုန်၍ တောင်ကမ်းပါးမှ ပြေးဆင်းကာ ခေါင်းတလားအောက်ရှိ ရှေးဟောင်းရေတွင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။

ဤနတ်ဘုရားတစ်ပိုင်း ပြေးပြီးရင်း ပြေးနေစဉ် သူ့ကိုယ်ပေါ်ရှိ အသွေးအသားများ ကွာကျလာသည်။ သူ့မှာ တောင်၏ခါးလယ်အထိသာ ပြေးဆင်းနိုင်လိုက်ပြီး ရောင်စုံအလင်းတန်းများ၏ စွမ်းအားကြောင့် ပြေးနေသော အရိုးစုတစ်စု ဖြစ်သွားတော့သည်။

ဤအခိုက်အတန့်မှာပဲ အဖြူရောင်အရိုးစုကား ကွဲထွက်သွားပြီး ထိုအရိုးစုထဲမှ နတ်ဘုရားတစ်ပိုင်းနောက်တစ်ယောက် ထွက်လာသည်။ သူက ဆက်ပြေးသွားရင်း ရောင်စုံအလင်းတန်းများကြောင့် အရိုးစုတစ်စု ဖြစ်သွားပြန်၏။

အရိုးစုပေါက်ကွဲသွားပြန်ကာ သုံးယောက်မြောက် နတ်ဘုရားတစ်ပိုင်း ထွက်လာသည်။ ဤသို့ဖြင့် လေးယောက်မြောက်၊ ငါးယောက်မြောက်...,

နတ်ဘုရားတစ်ပိုင်းများက အရိုးစုထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြကာ ရှေးဟောင်းရေတွင်းဆီသို့ ပြေးနေကြသည်။

ရှင်းအန်းတွင် စိုးရိမ်နေသာအမူအရာ ရှိသည်။ သူ တစ်ရာ့ခုနစ်အထိ ရေတွက်ပြီးသည့်အခါ နောက်ဆုံးနတ်ဘုရားတစ်ပိုင်းက ရေတွင်းဆီသို့ ပြေးသွားပြီး ရောင်စုံအလင်းတန်းများကြောင့် အရိုးစု ဖြစ်သွား၏။

ထိုအရိုးစုနတ်ဘုရားတစ်ပိုင်းက ရေတွင်းထဲသို့ ခုန်ဝင်သွားသည်။

‌ရေတွင်းထဲမှ ဘုတ်ခနဲမြည်သံ ထွက်လာသည်။

ရှင်းအန်း စိတ်သက်သာရာရသွားကာ သေတ္တာကြီးကို မ,လိုက်သည်။ “ဓားတံတားနောက်တစ်စင်း မကြာခင် ပေါ်လာတော့မယ်... ငါ့နောက်က လိုက်ခဲ့... အခု ခုန်တော့”

ရေတွင်းထဲမှ အလင်းရောင် ထွက်ပေါ်လာပြီး ဓားတစ်လက်သဏ္ဍာန် ဖွဲ့တည်သွား၏။ ဓားသည် အကောင်အထည်မရှိဘဲ အလင်းရောင်အသွင်ဖြင့်သာ ကောင်းကင်ထဲ ပျံဝဲလျက် ဓားထိပ်အား အောက်သို့ ချိန်ရွယ်ထားသည်။

ရုတ်တရက် ဓားက လှုပ်သွားပြီး မရေမတွက်နိုင်သော ဓားရိပ်များ အလျားလိုက် ဖြာဆင်းလျက် ထွက်ပေါ်လာသည်။ ဖြာထွက်လာသည့် ဓားရောင်များကလည်း တုန်ခါနေ၍ ပို၍ပင်များပြားသော ဓားများ ပျံ့နှံ့လာ၏။ တခဏအတွင်း မရဏနတ်တောင်ကြားထဲတွင် ဓားပေါင်းမရေမတွက်နိုင်အောင် ပြည့်နှက်နေချေပြီ။

ချင်မူက ရှင်းအန်း ခုန်လိုက်သည်နှင့် လိုက်ခုန်သည်။ နဂါးချီလင်မှာ စိတ်နှင့်ကိုယ် ပြန်မကပ်သေး၍ ချင်မူ လှမ်းဆွဲရာနောက် ပါသွားတော့သည်။

ဝှစ်

သူတို့ခြေထောက်အောက်တွင် ပျံ့နှံ့နေသော ဓားရောင်များအပေါ်သို့ ရှင်းအန်းက ညင်ညင်သာသာ ဆင်းသက်လိုက်သည်။ သူက ဓားရောင်များအပေါ်၌ ရပ်၍ အလေးအနက် ပြော၏။ “မရဏနတ်တောင်ကြားတစ်လျှောက် ဖြာဆင်းလာတဲ့ ဓားရောင်က မကြာခင် ရေတွင်းထဲ ပြန်ဝင်တော့မှာ မြန်မြန်သွားစို့”

ချင်မူ နဂါးချီလင်နှင့်အတူ ခေါင်းတလားဆီသို့ အလျင်အမြန် ပြေးလိုက်သည်။ ရှင်းအန်းက ခေါင်းတလားအပေါ် ခုန်ဆင်း၍ ပြောသည်။ “ဒီနေရာပဲ အန္တရာယ်ကင်းတယ်”

ရုတ်တရက် တောင်ကြားတစ်လျှောက် ပြည့်နှက်နေသည့် ဓား‌ရောင်များက ရေတွင်းအပေါ်၌ ပျံဝဲနေသော ဓားအသွင်သဏ္ဍာန်ဆီသို့ ပြန်ရောက်လာ၏။

ဓားက ရေတွင်းထဲ ပြန်လည်နစ်မြုပ်သွားကာ ပျောက်ကွယ်သွားလေသည်။ ရောင်စုံအလင်းတန်းများသည် တစ်ဖန် ပြန်လည်ထွက်ပေါ်လာပြီး‌ တောင်ကြားကို လွှမ်းခြုံသွား၏။ ခေါင်းတလား၏ ပတ်ဝန်းကျင်၌မူ မည်သည့်ရောင်စုံအလင်းတန်းမှ မရှိပေ။

ဤကဲ့သို့ ရောင်စုံအလင်းတန်းမျိုးက အတိုင်းထက်အလွန် ထူးဆန်းပေသည်။ အလင်းရောင်ထဲ ဝင်သွားလျှင် ခန္ဓာကိုယ် အရည်ပျော်ကာ သေဆုံးရလိမ့်မည်။

ဤအချိန်တွင် ယန်ချီလင်း၊ မူချိုးပိုင်နှင့် နဂါးဘုရင်ထျန်းတို့ တောင်ကမ်းပါးဆီ ရောက်လာကြကာ ချင်မူတို့ကို လှမ်းကြည့်နေကြသည်။ သူတို့အားလုံး မျက်မှောင်ကြုတ်နေကြ၏။

မူချိုးပိုင်က တံခါးကို မြှောက်ကာ ဖွင့်လိုက်ပြန်သည်။ နဂါးဘုရင်ထျန်းကမူ မာန်သွင်းဟိန်းဟောက်လိုက်ပြီး သူ၏နှုတ်ခမ်းမွှေးများ ပျံဝဲသွားသည်။ အလွန်လေးပင်သော အသံကြီးများ လေထဲတွင် ထွက်ပေါ်လာ၏။ ဤနဂါးဘုရင်အိုကြီးက မီးနးဂါးကျီးကန်းတို့၏ ကမ္ဘာကို ခွန်အားဖြင့် လှမ်းဆွဲနေသောကြောင့် ထွက်လာသည့် အသံများ ဖြစ်သည်။

“ဒီကောင်တွေ အသက်တွေကိုပဲ လျှောက်ဖြုန်းနေတော့တာပဲ... ရေတွင်းထဲက ဓားရောင်ကို အသက်သွင်းပြီး လမ်းဖွင့်လိုက်ရုံနဲ့ ရနေပြီကို အခုတော့ သူတို့ ဒီနေရာကို ရောက်ဖို့ အသက်ဘယ်လောက် ဆုံးရှုံးရဦးမလဲ မိသဘူး”

ရှင်းအန်းမျက်ဝန်းများ လင်းလက်နေသည်။ သူက ချင်မူ့ဆီသို့ ကြည့်၏။ “ဂိုဏ်းသခင်ချင်သာဆို ငါ့အကူအညီမပါဘဲ ဘယ်လိုဖြတ်လာမလဲ”

ချင်မူက တခဏစဉ်းစားကာ ပြောလိုက်သည်။ “ဒီရောင်စုံအလင်းတန်းတွေထဲက ကောင်းကင်နတ်သိုင်းရဲ့ သ‌ဘောတရားကို တွေ့အောင် ရှာပြီး ဖြေရှင်းမယ်... ဒီအလင်းတန်းတွေထဲက ကောင်းကင်နတ်သိုင်းကိုသာ သဘောပေါက်ရင် အန္တရာယ်မရှိတော့ဘူး”

ရှင်းအန်းက ပြုံးသည်။ “မင်း ငါ့လောက် မတော်တာ ဝန်မခံချင်သေးဘူးပဲ... တံဆိပ်ပြားက ဒီအခေါင်းအပေါ်က ရခဲ့တာ.. ခေါင်းငုံ့ကြည့်လိုက်”

ချင်မူ ငုံ့ကြည့်လိုက်သည့်အခါ အနည်းငယ် မှင်သက်သွားသည်.

ခေါင်းတလား၏ အဝသည် အလွန်ကျယ်၍ လေးပေခန့် ရှိ၏။ သူတို့သုံးယောက် အပေါ်၌ ရပ်နေသည့်တိုင် ကြပ်နေခြင်းမရှိ‌ပေ။ အခေါင်း၏ ထိပ်ပေါ်တွင် လှပ‌သော အမှတ်အသားများအပြင် သေသေသပ်သပ် ရေးထားသော စာတစ်ကြောင်းလည်း ရှိသည်။

စာကြောင်း၏ ဘေးတွင် အံခွက် ရှိနေပြီး ကောင်းကင်နတ်အရှင်တံဆိပ်ပြားတစ်ပြား ကွက်တိဝင်ဆန့်၏။

ချင်မူ ဖတ်ကြည့်လိုက်သည်။ “ချင်၊ မူ ရောက်လာရင် ဖွင့်ပါ”

သူ မော့ကြည့်လိုက်သည့်အခါ အပြုံးမဟုတ်သော အပြုံးဖြင့် ကြည့်နေသော ရှင်းအန်းကို မြင်လိုက်ရသည်။ “ဒီတော့ မင်း ငါ့ကို တံဆိပ်ပြား ပေးခဲ့တဲ့ အကြောင်းရင်းက မင့်အသက်အတွက် အပေးအယူတင် မဟုတ်ဘူး... ငါ ဒီခေါင်းတလားကို ဖွင့်အောင် မျှားခေါ်လာဖို့လည်း ဟုတ်တယ်... ရှင်းအန်း၊ မင်းက သိပ်တော်တယ် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်နိုင်ပြီ... ငါ မင်းပေးတဲ့ မြေပုံကို နားမလည်တာလည်း မင့်လက်ချက်ပဲ နေမယ်... မင်းက ငါ နားမလည်အောင် တမင်လုပ်ပြီး ဒီနေရာကို မင်းနဲ့အတူ လိုက်လာဖို့အပြင် ရွေးချယ်စရာမရှိစေခဲ့တာပဲ”

ရှင်းအန်း ပြုံး၍ လက်ဝါးနှစ်ဖက်အား ပွတ်လိုက်၏။ “မင်း အခုမှ သဘောပေါက်လည်း နောက်ကျသွားပြီ.... ဒီကို ရောက်လာပြီဆိုတော့ ဘာလုပ်နိုင်တော့မလဲ... ငါ ပထမဆုံးအကြိမ် ဒီကို ရောက်လာတုန်းက အဲဒီတံဆိပ်ပြားကို ရခဲ့သလို အခေါင်းအပေါ်မှာ မင့်ရဲ့နာမည်ကိုလည်း တွေ့ခဲ့ရတယ်... ချင်စာလုံးတံဆိပ်ပြားနဲ့ အခေါင်းကို မဖွင့်နိုင်တော့ ငါ တွေးမိတယ်... မင်းတစ်ယောက်ပဲ ဒီတံဆိပ်ပြားနဲ့ အခေါင်းကို ဖွင့်နိုင်‌လောက်မယ်ပေါ့.. အဲဒါကြောင့် ငါ မင်းကို လာရှာခဲ့တာ”

သူတို့နှစ်ယောက်စလုံး အခေါင်းအပေါ်တွင် ရပ်နေကြစဉ် မီးနဂါးကျီးကန်းများနှင့် တောင်ပံပါနတ်ဘုရားတစ်ပိုင်းများက ဒေါင်လိုက်ချိတ်ဆွဲထားသော အခေါင်း၏အောက်ရှိ ရှေးဟောင်းရေတွင်းဆီ ပျံသန်းလာကြသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်များမှာ ရောင်စုံအလင်းတန်းများကြောင့် အရည်ပျော်ကုန်ကြကာ အရိုးဖြူဖြူများ ဖြစ်ကုန်ကြ၏။

သို့တိုင်အောင် ရှေးဟောင်း‌ရေတွင်းထဲ တန်းတန်းမတ်မတ် သွားနေကြ‌သော မီးနဂါးကျီးကန်းများနှင့် တောင်ပံပါနတ်ဘုရားတစ်ပိုင်း ရှိနေသေးသည်။ သူတို့က အောက်တွင် ပုံနေသည့်အရိုးများကို ကြည့်ရင်း အလျင်အမြန် ပျံနေကြသည်။

“မရဏနတ်တောင်ကြားက မကြီးဘူး.. ပတ်ပတ်လည်မှာ တောင်တွေ ရံနေတာဆိုတော့ တစ်နေရာလုံး လိုက်ရှာဖို့ မခက်ဘူး.. ဒါပေမဲ့ မရဏနတ်တောင်ကြားက တကယ့် ရတနာ ကိန်းအောင်းနေတဲ့ နေရာရဲ့ ဝင်ပေါက်ပဲ ရှိသေးတယ်လို့ ငါ ခံစားခဲ့ရတယ်”

ရှင်းအန်းက ချင်မူ့ကို စိုက်ကြည့်၍ အေးအေးလူလူ ပြောနေသည်။ “ဂိုဏ်းသခင်ချင်၊ ဆုံးဖြတ်ချက်ချတော့.. မဟုတ်ရင် သူတို့တတွေ ရေတွင်းထဲက ဓားရောင်ကို အသက်သွင်းနိုင်တော့မယ်”

“ရှင်းအန်း၊ မင်းသာ လမ်းမှန်မှာသာ မင်းဦးနှောက်ကို အသုံးချရင် မင်းရဲ့ အောင်မြင်မှုတွေဟာ ဧကရာဇ်အတိုင်ပင်ခံအောက် လျော့မှာမဟုတ်ဘူး... မင်းဦးနှောက်ကို မဟုတ်တဲ့နေရာမှ အသုံးချနေတာ နှမြောစရာကောင်းတယ်”

ချင်မူ ခေါင်းတယမ်းယမ်းဖြင့် ကောင်းကင်နတ်အရှင်မူ တံဆိပ်ပြားကို ထုတ်သည်။ သူက မှင်သေသေ ပြောလိုက်၏။ “မင်း ရခဲ့တဲ့ ချင်စာလုံးတံဆိပ်ပြားကို ငါ သုံးလို့မရဘူး... ဒီခေါင်းတလားအပေါ်မှာ ရေးထားတဲ့ ချင်မူက လူနှစ်ယောက်ကို ကိုယ်စားပြုတယ်... တစ်ယောက်က ငါ၊ တစ်ယောက်က ချင်စာလုံးတံဆိပ်ပြားရဲ့ ပိုင်ရှင်... ခေါင်းတလားကို ဖွင့်ဖို့ ငါ့တံဆိပ်ပြားကို ငါ သုံးရလိမ့်မယ်”

ချင်မူက သူ၏တံဆိပ်ပြားကို အံခွက်ထဲ ထည့်လိုက်သည့်အခါ ကွက်တိဝင်သွားသည်။ ထိုအခိုက်အတန့်တွင် သူတို့အောက်၌ အရိုးဖြူများ တောက်လိုပုံနေချေပြီ။ အရိုးဖြူများက ရှေးဟောင်းရေတွင်းဆီသို့ လိမ့်လာသဖြင့် ရုတ်တရက် အရိုးများ ရေတွင်းထဲ ကျသွားကြ၏။

ရေတွင်းထဲမှ ဓားရောင်ဖြာထွက်လာကာ အခေါင်း၏အောက်၌ ပျံ့နှံ့သွားသည်။

ကောင်းကင်နတ်အရှင်မူ တံဆိပ်ပြား အံခွက်ထဲ ဝင်သွားသော တခဏ၌ သံကြိုးများ စတင်တုန်ခါလာသည်။ သံကြိုးတစ်ချောင်းက အလိုလိုပြေ၍ မြေပြင်ထက်သို့ ဘုန်းခနဲ ကျသွား၏။ နောက်သံကြိုးများလည်း အလားတူ ပြေကျလာသည်။

ချင်မူတို့ တက်ရပ်နေသည့် အခေါင်းမှာ လှုပ်ယမ်းလာသည်။ သံကြိုးတစ်ချောင်းက အလိုအလျောက် ပြေကျသွားပြန်သည်။ အခြားတစ်ဖက်တွင် ဓားရောင်သည် မရဏနတ်တောင်ကြားတစ်လျှောက် ဖြာထွက်သွားပြီဖြစ်၏။

နဂါးဘုရင်ထျန်း၊ ယန်ချီလင်းနှင့် မူချိုးပိုင်တို့က ဓားရောင်ကို အလျင်အမြန် နင်း၍ ချိတ်ဆွဲခံထားရသော အခေါင်းဆီသို့ အပြေးလာနေကြသည်။

နောက်ဆုံးတော့ သံကြိုးအားလုံး ပြေကျသွား၍ အခေါင်းမှာ နိမ့်ဆင်းသွား၏။ ထိုစဉ် ချင်မူတို့ခြေထောက်အောက်၌ ဗလာကျင်းသွားပြီး သုံးယောက်စလုံး ဝှစ်ခနဲ ပြုတ်ကျသွားကြသည်။ သူတို့မျက်စိရှေ့တွင် အမှောင်ထုအပြင် တခြားမည်သည့်အရာမှ မရှိတော့ပေ။

‘ငါတို့ အခေါင်းထဲ ကျသွားတာပဲ’

ချင်မူ ပခုံးမှ စူးခနဲ နာသွားသည်။ သူ့ပခုံးပေါ်ရှိ အစိမ်းရောင်စာကလေး ယန်အာမှာ စိုးရိမ်ကြောက်လန့်လာသဖြင့် သူ့အသားကို ခြေသည်းများဖြင့် ဆုပ်လိုက်မိခြင်း ဖြစ်လေသည်။

ချင်မူ ယန်အာ၏ ကျောကို အလျင်အမြန် ပွတ်သပ်ပေးလိုက်သည့်အခါမှ အစိမ်းရောင်စာကလေး စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ခြေသည်းများ လွှတ်လိုက်၏။

သူတို့မှာ ကျနေဆဲ ဖြစ်ပြီး အခေါင်းမှာ သိပ်မကြီးသော်လည်း အတွင်းနေရာက အံ့အားသင့်ဖွယ်ကောင်းလေသည်။ ချင်မူ အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ သူတို့ကျလာသည့် အခေါင်း၏ ထိပ်တွင် လေးထောင့်အလင်းကွက်အား မြင်လိုက်ရသည်။ အလင်းရောင်မှာ တမုဟုတ်ချင်း မှိန်သွားပြီး အခေါင်းပြန်မပိတ်ခင် ဝင်လာနိုင်ခဲ့သော လူတချို့ ရှိနေ၏။

ထိုလူများ ဝင်လိုက်သည့်အချိန်မှာပဲ အခေါင်းကား ပိတ်သွားချေပြီ။

ဗွမ်း

အပြင်မှ ရေကျသံများ ကြားလိုက်၍ ချင်မူ စိုးထိတ်သွားသည်။ ‘ဒီအခေါင်း ရှေးဟောင်းရေတွင်းထဲ ကျသွားပြီ’

အခေါင်းသည် ဒေါင်လိုက်အနေအထားဖြင့် အောက်သို့ နစ်မြုပ်သွား၏။ သူတို့အားလုံး အမှောင်ထုထဲ ရောက်နေသော်လည်း အခေါင်း လျင်မြန်စွာ နစ်မြုပ်သွားသည်ကိုတော့ ခံစားနေရသေးသည်။ ထို့အပြင် သူတို့မှာ အခေါင်းထဲတွင် ကျဆင်းလျက်သာ ရှိနေသေးသည်။

နောက်ဆုံး ချင်မူ အောက်မှ လာနေသော အလင်းရောင်ကို မြင်လိုက်၍ မှော်စွမ်းအင် ကပျာကယာ ထုတ်လွှတ်ရင်း ဟန်ချက်ထိန်းလိုက်သည်။ များစွာမကြာလိုက်ဘဲ သူ့ခြေထောက်သည် မြေပြင်ကို ထိသွားပြီး သူ ‌ရှေ့သို့ လှမ်းကြည့်လိုက်၏။ အခေါင်းထဲတွင် အဋ္ဌဂံသဏ္ဍာန် အဆောင်တစ်ဆောင် ရှိနေသည်။ မီးအိမ်ရှစ်လုံးအား ဤအဆောင်၏ ထောင့်ရှစ်ထောင့်၌ ချိတ်ဆွဲထားပြီး မီးအိမ်များမှ အလင်းရောင်မှာ လွန်စွာမှိန်ပျနေသည်။

ရှင်းအန်းက အံ့အားသင့်သွားပြီး အဆောင်ကို ဂရုတစိုက် အကဲခတ်နေသည်။ ရှေ့ဆက်မသွားပေ။ ဤအခေါင်းသည် ထူးဆန်းလွန်း၏။ အထဲတွင် ကြောက်စရာအလောင်းတစ်လောင်းမှ မရှိဘဲ အဆောင်တစ်ဆောင်သာ ရှိနေသော်လည်း သူ သတိထားရလိမ့်မည်။

အလင်းရောင်မှာ အဆောင်ဆီမှသာ မှိန်ပျပျ လင်းနေပြီး ပတ်ဝန်းကျင်သည် မည်းမှောင်နေ၏။ အမှောင်ထုထဲမှ သတ္တဝါတစ်ကောင်ကောင် ဘွားခနဲ ခုန်ထွက်လာမည်လား မည်သူမှ မသိနိုင်ပေ။

အခြားတစ်ဖက်တွင် ချင်မူက ရှေ့လျှောက်သွားပြီး အဆောင်ဆီ ရောက်လာသည်။ အဆောင်ထဲ၌ ကျောက်စားပွဲတစ်လုံးနှင့် ကျောက်ထိုင်ခုံလေးခုံသာ ရှိကြောင်း မြင်လိုက်ရသည်။

စားပွဲပေါ်တွင် လက်ဖက်ရည်ခွက်နှစ်ခွက်နှင့် လက်ဖက်ရည်အိုးတစ်အိုး ချထားသည်။ လက်ဖက်ရည်ခွက်တစ်ခွက်က အလွတ်ဖြစ်သော်လည်း ကျန်တစ်ခွက်တွင် ပြည့်နေ၏။ လက်ဖက်ရည်ကား အစိမ်းရောင်ဖြစ်ကာ အငွေ့တထောင်းထောင်း ထနေသည်။

ချင်မူက အပြည့်ရှိနေသော လက်ဖက်ရည်ခွက်ဘက်၌ ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်ဆီသို့ လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်မြှောက်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ အရိုအသေပေးလိုက်၏။

တခဏကြာသော် ချင်မူက ခေါင်းပြန်ထောင်ကာ သက်ပြင်းချလေသည်။ “ကျွန်‌တော်တို့ ပထမဆုံး စတွေ့တုန်းက ခင်ဗျားက ကျွန်တော့်ကို ‌နောင်တော်လို့ အမြဲခေါ်နေလို့ ကျွန်တော် ခင်ဗျားအပေါ် ငြူစူခဲ့တယ်... ခင်ဗျားက ကျွန်တော့်ကို မာနကြီးတယ်လို့ အပြစ်တင်တယ်... ကျွန်တော်တို့က မျိုးဆက်တစ်ရာခြားနေတာ ခင်ဗျား မသိပေမယ့် ကျွန်တော်ကတော့ သိနေခဲ့တယ်လေ.. ခင်ဗျား နျိုပန်း၊ နျိုစန်းသွောနဲ့ ပြန်တွေ့တဲ့အချိန်မှာတော့ သဘောပေါက်ခဲ့မှာပါ... ဒီလက်ဖက်ရည်ခွက်ကို ချန်ခဲ့ပြီး ကျွန်တော့်ကို ခင်ဗျားနဲ့အတူ သောက်စေချင်ခဲ့တာလား”

ရှင်းအန်းက လမ်းလျှောက်လာပြီး အေးစက်စက် ပြော၏။ “ဂိုဏ်းသခင်ချင်၊ ဒီက လက်ဖက်ရည်ကိုတောင် သောက်ရဲတယ်လား... အဆိပ်တွေ ဖြစ်နေဦးမယ်”

ချင်မူ ခေါင်းမော့၍ တစ်ကျိုက်တည်း သောက်လိုက်သည်။ သူ့ရင်ထဲတွင် ခံစားချက်များ ပြည့်လျှံနေ၏။ လက်ဖက်ရည်က လျှာတွင် ချိုပြီး ကျန်ခဲ့ကာ နွေးနေဆဲ ဖြစ်သည်။ သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်သောက်နေသော လူက မပြန်ခင် ထည့်ပေးသွားခဲ့သည့်အလား ထင်ရလေသည်။

ချင်မူက ခံစားချက်များ ရှုပ်ထွေးစွာဖြင့် လက်ဖက်ရည်ခွက်ကို ချသည်။ ထို့နောက် လက်ဖက်ရည်အိုးကို မြှောက်၍ မျက်နှာချင်းဆိုင်ရှိ ခွက်အလွတ်ထဲ အပြည့်ထည့်ပေးလိုက်ပြီး သူ့အတွက် နောက်တစ်ခွက် ထည့်လိုက်သည်။ သူက တိုးညင်းစွာ ရေရွတ်နေသည်။ “ခင်ဗျား ကျွန်တော့်အရှေ့မှာ ထိုင်နေပြီး ကျွန်တော်တို့အတူတူ လက်ဖက်ရည်သောက်ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ... ခင်ဗျား ရှိမနေတာ ဝမ်းနည်းစရာ‌ကောင်းတယ်”

သူက ခေါင်းမော့၍ သောက်လိုက်သည်။ လက်ဖက်ရည်သာ ဖြစ်သော်လည်း ချင်မူ ရီဝေဝေဖြစ်လာသည်။ “ခင်ဗျား ပြန်လာဦးမှာလား”

ချင်မူနှင့် မျက်နှာချင်းဆိုင်တွင် မည်သူမျှ မရှိသော်လည်း ရှင်းအန်း မထိုင်ရဲပေ။ သူက အဆောင်အပြင်၌သာ မတ်တပ်ရပ်နေသည်။

ဤအချိန်တွင် ယန်ချီလင်းနှင့် မူချိုးပိုင်တို့က အခြေအရံမိန်းကလေးများနှင့်အတူ ရောက်လာကြပြီး အခြွေအရံမိန်းကလေးများသည် ပတ်ဝန်းကျင်ကို သတိအနေအထားဖြင့် ကြည့်နေကြ၏။ နဂါးဘုရင်ထျန်းကလည်း အမိကမ္ဘာမြေလက်အောက်ရှိ အဆင့်မြင့်သိုင်းပညာရှင်များကို ခေါ်လာသည်။ ထိုသိုင်းပညာရှင်များက ကောင်းကင်မျက်လုံးများဖြင့် အလင်းတန်းများ ဖြန့်ကျက်ကာ အမှောင်ထုကို ကြည့်နေကြသည်။

ယန်ချီလင်း၊ မူချိုးပိုင်နှင့် နဂါးဘုရင်ထျန်းတို့၏ အကြည့်များက ကျောက်စားပွဲတွင် တစ်ယောက်တည်း လက်ဖက်ရည်သောက်နေသော ချင်မူအပေါ် ရောက်သွားကြသည်။

ချင်မူပခုံးထက်ရှိ အစိမ်းရောင်စာကလေးက ပျံတက်လိုက်ပြီး သူ့ဘေးရှိ ကျောက်ထိုင်ခုံပေါ်တွင် လိမ်မာသိတတ်မည့် ပုံရသော မိန်းကလေးတစ်ယောက်အသွင် ပြောင်းသွား၏။ သူမက ချင်မူ့အတွက် လက်ဖက်ရည်ငှဲ့ကာ နှုတ်ခမ်းအနားအထိ တေ့ပေးနေသည်။

အလှလေးကို ဘေးတွင် ထားလျက် ချင်မူ့အသွင်မှာ စိုးရိမ်ပူပန်မှုများ ကင်းမဲ့နေသယောင် ရှိသည်။

“မရဏနတ်တောင်ကြားထဲမှာ သိပ်ကို ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်”

မုချင်းပိုင် ရုတ်တရက် ပြောသည်။ “ကျုပ်တို့ညီအစ်ကိုမောင်နှမတွေက အရှင်မင်းကြီး ကောင်းကင်နတ်ဧကရာဇ်ရဲ့ အမိန့်တော်အတိုင်း ဒီနေရာမှာ လာစုံစမ်းကြတာ.... နဂါးဘုရင်ထျန်း၊ ခင်ဗျားကလည်း အမိကမ္ဘာမြေရဲ့ အမိန့်ကြောင့် လာတာမဟုတ်လား.... အမိကမ္ဘာမြေက ကမ္ဘာဦးဘုံမှာ နေတာကြာပြီဆိုတော့ မရဏနတ်တောင်ကြားရဲ့ လျှို့ဝှက်ချက်ကို မမြင်ဘဲ မနေပါဘူး”

နဂါးဘုရင်ထျန်းက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဖြေသည်။ “အမိကမ္ဘာမြေက ဒီမှာ ကောင်းကင်နတ်အရှင်တစ်ဦး မြှုပ်ထားတယ်လို့ ငါ့ကို ပြောပြပြီး အဲဒီကောင်းကင်နတ်အရှင်ကို ရှာဖို့ လွှတ်လိုက်တာ”

ရုတ်တရက် ရှင်းအန်းက အနံ့ခံကာ သံသယများဖြင့် မေးသည်။ “မင်းတို့ သေနေတဲ့ ဒီကောင်းကင်နတ်အရှင်ကို ရှာဖို့ လူပိုတစ်ယောက် ခေါ်လာသေးလား”

အားလုံး ကြောင်သွားကြ၏။

ရှင်းအန်းက ရှင်းပြသည်။ “ငါ လူတစ်ယောက်ရဲ့အနံ့ ရနေတယ်... တစ်ယောက်ယောက်များ မင်းတို့နဲ့အတူ ဒီအခေါင်းထဲ ဝင်လာနိုင်ခဲ့တာလား”

သူ ထိုသို့ပြောလိုက်သည့်အခါ ကျန်ရှိသူများလည်း ဤအခေါင်းထဲ၌ လူပိုတစ်ယောက်ကို အာရုံရလိုက်၍ ထိတ်လန့်သွားကြတော့သည်။

သူတို့သည် အင်အားကြီးမားသော အဆင့်မြင့်သိုင်းပညာရှင်များဖြစ်၏။ မည်သူက သူတို့မသိအောင် ခိုးဝင်လာနိုင်မည်နည်း။

“အားလုံး စိတ်မပူကြပါနဲ့”

အမှောင်ထုထဲမှ ရယ်သံထွက်လာပြီး အသံသည် အဆောင်နှင့် နီးသထက် နီးလာ၏။ တဖြည်းဖြည်း ငယ်ရွယ်နုပျိုသော မျက်နှာတစ်ခုက မီးအိမ်များဆီမှ အလင်းရောင်ထဲတွင် ပေါ်လွင်လာတော့သည်။

ထိုမျက်နှာသည် အပြုံးပန်းများ ဝေဆာနေလေသည်။ သူက အားလုံးဆီသို့ ဦးညွှတ်အရိုအသေပေးကာ ပြောသည်။ “ကျွန်တော့်မှာ မကောင်းကြံလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး... မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ဆုံတွေ့ဖို့သာ လာတာပါ”

“ခွမ်း” ချင်မူ့လက်ထဲရှိ လက်ဖက်ရည်ခွက် ပေါက်ကွဲသွား၍ လက်ဖက်ရည်များ ဖိတ်စင်သွား၏။

ချင်မူ့ရင်ဘတ်မှာ နိမ့်ချည်၊ မြင့်ချည် လှုပ်ရှားနေသည်။ အမှောင်ထုထဲက မျက်နှာကား ‘ကောင်းကင်နတ်အရှင်ယွီ’ ၏ မျက်နှာအပြင် တခြားမဟုတ်ပေ။ သူက လန်ယွီထျန်းနှင့် ချွတ်စွပ်တူနေသော ‘ကောင်းကင်နတ်အရှင်ယွီ’တစ်ယောက် ဖြစ်နေချေ၏။

All Chapters