မရဏတောင်ကြား၏ ဓားတံတား
Vol. 64 Ch. 849
ချင်မူ ရွှင်ပျော်ပျော်ဓားကို ဆုပ်ကိုင်လိုက်သည့်အခါမှ ရွှင်ပျော်ပျော်ဓားဆီမှ အော်မြည်သံများ ရပ်သွားသည်။
‘ခိုင်ဧကရာဇ်ရဲ့ဓားသိုင်းနဲ့ ငါ့ဓားသိုင်းမှာ တူညီနေတဲ့အချက်တွေ ရှိတယ်... ငါက အဖေ့ဆီကနေ ရွှင်ပျော်ပျော်ဓားရဲ့ အမွေတချို့ သင်ယူခဲ့ရတဲ့အပြင် နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာလည်း ခိုင်ဧကရာဇ်နဲ့ ဆုံခဲ့ရတယ်... ဒီတော့ တစ်ယောက်ရဲ့ဓားသိုင်းက တစ်ယောက်ရဲ့ ဓားသိုင်းအပေါ် လွှမ်းမိုးသွားတာ ဖြစ်မယ်’
သူက အလင်းလုံးဆီသို့ ကြည့်လိုက်သည့်အခါ အလင်းလုံးက မလှုပ်ကြောင်း သတိထားမိလိုက်သည်။ ရွေ့လျားနေသည်မှာ ရောင်စုံအလင်းတန်းများ ဖြစ်သည့်အတွက် အလင်းလုံး လှုပ်ရှားနေသကဲ့သို့ အထင်မှားမိစေခြင်း ဖြစ်၏။
သူတို့အရှေ့တွင် အလောင်းများ ပြည့်နှက်နေသည်။ နတ်ဘုရား၊ မိစ္ဆာတို့၏ အရိုးစုကြီးများလည်း ပြန့်ကြဲနေ၏။ အရိုးစုတချို့မှ ရွှေရောင်သင်္ကေတအမှတ်အသားများပင် လင်းလက်လာတတ်ပြီး ကောင်းကင်အလင်းတန်းများအကြား၌ ဖျစ်ခနဲ၊ ဖျောက်ခနဲ ပြိုကွဲသွားတတ်သည်။
ချင်မူ အံ့အားသင့်သွားသည်။ ဤကောင်းကင်အလင်းတန်းများတွင် ကိန်းဝပ်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ဤနေရာမှာ တားမြစ်မြေပမာ ဖြစ်နေသည်။
‘အလင်းရောင်က ဓားချက်ကြောင့် ဟင်းလင်းပြင်ထဲမှာ ကျန်ခဲ့တဲ့အရာပဲ... ရောင်စုံအလင်းတန်းတွေကလည်း ကောင်းကင်နတ်သိုင်းတစ်ခုကြောင့် ကျန်ရစ်ခဲ့တဲ့ အမှတ်အသားတွေ’
ရှင်းအန်းက သေတ္တာကြီးကို သယ်၍ မြို့ပျက်ဆီသို့ လျှောက်လာသည်။ “ငါ့နောက်က ဂရုတစိုက် လိုက်ခဲ့... ဒီအပျက်အစီးတွေက ကျန်တာတွေနဲ့ မတူဘူး... နေရာဟင်းလင်းပြင်ထဲမှာ ကျန်ခဲ့တဲ့ ဒီကောင်းကင်နတ်သိုင်းတွေအပေါ်ကနေ လျှောက်သွားဖို့ လိုတယ်”
ချင်မူ မှင်သက်သွား၏။ နေရာဟင်းလင်းပြင်ထဲရှိ ကောင်းကင်နတ်သိုင်းများအပေါ်၌ လျှောက်သွားရမည်တဲ့လော။
ချင်မူသည် မြို့ပျက်အတော်များများဆီသို့ သွားရောက်ခဲ့ဖူးသူ ဖြစ်ပြီး ထိုမြို့ပျက်များ၌ ကျန်ရစ်ခဲ့သော ကောင်းကင်နတ်သိုင်းများကို ရှောင်တိမ်းသွားလာခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် အဆိုပါကောင်းကင်နတ်သိုင်းအကြွင်းအကျန်များ၌ ကြောက်မက်ဖွယ်ရာ စွမ်းအားတို့ ငုပ်လျှိုးနေ၍ သွားထိမိလျှင် ကောင်းကင်နတ်သိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ကာ အရိုးတခြား၊ အသားတခြား ဖြစ်သွားနိုင်သောကြောင့်ပင်။
ကောင်းကင်နတ်သိုင်းအပေါ်၌ လျှောက်သွားရန်မှာ အန္တရာယ်အများဆုံးလမ်း မဟုတ်ပေဘူးလော။
ဤအချိန်တွင် ခပ်လွင်လွင် ရယ်သံနှင့်အတူ စကားပြောလိုက်သံ ကြားလိုက်ရသည်။ “ကောင်းကင်နတ်အရှင်မူ၊ မတွေ့ရတာကြာပြီ”
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားကာ အသံလာရာဆီသို့ လှမ်းကြည့်လိုက်၏။ သူက တောက်ပစွာ ပြုံးလိုက်ပြီး လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။ “မမကြီးယန်ချီလင်း၊ ငါ မမကြီးကို လွမ်းနေတာ ကြာပြီ... ဒီရက်တွေထဲ ကျန်းကျန်းမာမာ ရှိရဲ့လား”
ရှင်းအန်း ရပ်၍ လှည့်ကြည့်လိုက်သည့်အခါ လေကို ခွင်း၍ လာနေသော သင်္ဘောတစ်စင်းအား တွေ့လိုက်ရသည်။ နတ်ဘုရားမအမြောက်အမြားက လှေဦးတွင် မတ်တပ်ရပ်နေသည့် မိန်းကလေးတစ်ယောက်ကို ခြံရံနေကြသည်။ ထိုမိန်းကလေး၏ ဦးခေါင်းနောက်၌ ရောင်ခြည်တော်စက်ဝန်းတစ်ခု ကွန့်မြူးနေရာ သူမအသွင်အပြင်မှာ နတ်ဘုရားမပမာ ကြော့ရှင်းတင့်တယ်နေ၏။ ရောင်ခြည်တော်စက်ဝန်းက လုံးဝန်းသော စက်ဝန်းမဟုတ်၊ ဘဲဥပုံသဏ္ဍာန်ရှိကာ ထူးဆန်းသော အမှတ်အသားများ ရှိနေသည်။
ရှင်းအန်းမှာ သူမကို မသိသော်လည်း မျက်လုံးများ အရောင်တောက်သွားပြီး ချီးကျူးလိုက်၏။ “သိမ်းထားသင့်တဲ့ ခန္ဓာကိုယ်ပဲ”
ချင်မူက ပြောသည်။ “ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်ရဲ့ တပည့်... ငါနဲ့လည်း အစွမ်းအစချင်း သိပ်မကွာတဲ့သူဆိုတော့ သိမ်းထားသင့်တဲ့ ခန္ဓာကိုယ် ဖြစ်နေတာ မဆန်းပါဘူး... ဒါပေမဲ့ သူ့ဘေးက အမျိုးသမီးတွေက အင်မတန် အင်အားကြီးတယ်”
ယန်ချီလင်းကလည်း မြို့ပျက်ဆီသို့ လာပြီး ချင်မူ့ဆီမှ ကိုက်သုံးရာ အကွာတွင် သင်္ဘောကို ရပ်လိုက်သည်။ ထို့နောက် အမျိုးသမီးများနှင့်အတူ သင်္ဘောအပေါ်မှ ဆင်းလာသည်။
လူငယ်နောက်တစ်ယောက်လည်း ပါလာ၏။ သူ့အသက်က ယန်ချီလင်းနှင့် ရွယ်တူခန့် ရှိမည် ထင်ရသည်။ သူ့ခေါင်းအနောက်တွင်လည်း ရောင်ခြည်တော်စက်ဝန်းတစ်ခု ရှိနေသည်။
‘ဒီလူငယ်ကလည်း ကောင်းကင်နတ်ဧကရာဇ်ရဲ့ တပည့်များလား’ ချင်မူ သူ့ဘာသာသူ တွေးလိုက်မိ၏။
ရှင်းအန်းလည်း လူငယ်ကို သတိထားမိပြီး ကြိတ်၍ ချီးကျူးလိုက်သည်။ ‘ဒီကောင်လေးကလည်း သိမ်းထားဖို့ တန်တယ်’
ယန်ချီလင်းက အပြုံးတစ်ခုဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်မူကြောင့် ဒဏ်ရာရသွားပြီးနောက်ပိုင်း ညီမတော် နလန်ပြန်ထူဖို့ အတော်လေး အချိန်ယူခဲ့ရပါတယ်.. အရှင်မင်းကြီးက အစ်ကိုတော် သူ့ကို လှည့်စားသွားလို့ ဒေါသထွက်နေတယ်... အစ်ကိုတော်က ကောင်းချီးကို တောဝက်ဆီ ပေးလိုက်တော့ အရှင်မင်းကြီးခမျာ တောဝက်နဲ့ အကြာကြီး ဆက်သွယ်နေပြီးမှ ဘာဖြစ်နေမှန်း သဘောပေါက်သွားတယ်လေ.. အဲဒါနဲ့... အကြီးအကျယ် ဒေါသပေါက်ကွဲပြီး အစ်ကိုတော် သတ်မယ်တကဲကဲ ကြိမ်းနေတော့တာပဲ”
သူမက ပြောရင်း ရယ်လိုက်သဖြင့် သူမဘေးရှိ လူငယ်သည် မှုန်ကုပ်သွားပြီး လေးနက်စွာ ပြော၏။ “ညီမတော်၊ ဒီလူက ကောင်းကင်နတ်ဧကရာဇ်ကို စော်ကားခဲ့တာတောင် နင်က သူနဲ့ စနောက်နိုင်သေးတယ်လား”
ယန်ချီလင်းက ခပ်တိုးတိုး ပြောလိုက်သည်။ “အစ်ကိုကြီးမူ၊ အရှင်မင်းကြီးက သူ့ကို လိုအပ်နေသေးတယ်... သူ့ကို သတ်လို့မရဘူး”
မူချိုးပိုင်ဆိုသည့် လူငယ်တွင် သုန်မှုန်နေသော အမူအရာရှိသည်။ သူက သရော်တော်တော် ပြော၏။ “ကောင်းကင်နတ်ဧကရာဇ်ကို စော်ကားတဲ့ ပြစ်မှုအတွက် သူ သေဒဏ်က မလွတ်ပါဘူး”
ချင်မူက သူ့ကိုယ်သူ အင်မတန် ဂုဏ်ယူနေပြီး ပြုံးလျက် ပြောလိုက်သည်။ “အရှင်မင်းကြီးက ငါ့ကို ထိန်းချုပ်ချင်နေတာဆိုတော့ သတိမထားလို့ ဘယ်ဖြစ်ပါ့မလဲ... ဟုတ်သား၊ အဲဒီဝက် ဘယ်လိုဖြစ်သွားလဲ”
ယန်ချီလင်းက ခေါင်းယမ်းလိုက်၏။ “အရှင်မင်းကြီး အင်မတန် ဒေါသထွက်ပြီး အဲဒီဝက်ကို ဖမ်းဖို့ သူ့လူတွေဆီ အမိန့်ပေးခဲ့တယ်... ဒါပေမဲ့ ဝက်က တော်တော်လေးဉာဏ်ကောင်းတော့ သူ့မိသားစုတစ်စုလုံး ခေါ်ပြီး ကြိုတင်ထွက်ပြေးသွားပြီးပြီ... အရှင်မင်းကြီးလည်း သက်ပြင်းချရုံပဲ တတ်နိုင်တော့တယ်... သူပြောတာတော့ သူ့ရဲ့ကောင်းချီးကြောင့် အဲဒီဝက်က အနှေးနဲ့အမြန် ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မယ်တဲ့... အရှင်မင်းကြီးအတွက်တော့ အမည်းစက်တစ်စက် ဖြစ်သွားတာပေါ့... ဆိုတော့ ကောင်းကင်နတ်အရှင်မူ၊ မရဏနတ်တောင်ကြားမှာ ဘာလာလုပ်တာလဲ”
“ဒီနေရာကို မရဏနတ်တောင်ကြားလို့ ခေါ်တာလား”
ချင်မူ ဝမ်းသာသွားပြီး ရှင်းအန်း၏ မြေပုံကို အလျင်အမြန် ထုတ်ကာ မြေပုံပေါ်တွင် မရဏနတ်တောင်ကြားဟု နာမည်ချရေးလိုက်သည်။ “ကျေးဇူးပဲ မမကြီးယန်ချီလင်းရေ... မမကြီးယန်၊ အမိကမ္ဘာမြေရဲ့ ဒဏ်ရာတွေ ဘယ်လိုနေလဲ”
ထိုအခါမှ ယန်ချီလင်းမှာ ချင်မူ ဤနေရာ၏နာမည်ကို မသိကြောင်း သဘောပေါက်သွားသည်။ သူမ ပြန်မဖြေနိုင်ခင် မြေကြီးသည် ဖောင်းကြွလာပြီး မြေကြီးအောက်မှ တောင်တန်းများ ထိုးထွက်လာ၏။ တောင်ထိပ်များအပေါ်၌ နတ်ဘုရားတစ်ဒါဇင်ကျော် ရပ်နေကြသည်။
“ကောင်းကင်နတ်အရှင်မူ၊ မေးဖော်ရလို့ ကျေးဇူးတင်ပါတယ်... အမိကမ္ဘာမြေ သိပ်ကို ကောင်းကောင်းမွန်မွန် ရှိပါသေးတယ်”
အသံကြီးတစ်သံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းထွက်လာသည်။ ချင်မူလည်း ဘွားခနဲ ထွက်ပေါ်လာသော တောင်ထိပ်များဆီသို့ လှမ်းကြည့်လိုက်သည့်အခါ အိကျနေသော မျက်ခုံးမွှေးများ၊ နှုတ်ခမ်းမွှေးများဖြင့် နဂါးဘုရင်အိုကြီးတစ်ကောင်အား တွေ့လိုက်ရ၏။ သူ့မျက်လုံးများက မှုန်ဝါးနေသော်လည်း သူ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်လိုက်တိုင်း ကောင်းကင်အလင်းတန်းများ ဖြာထွက်လာတတ်သည်။ သူက အာလေးလျှာလေးအသံဖြင့် ချင်မူ့ဆီသို့ ပြောသည်။ “အမိကမ္ဘာမြေကို မင်းကို သိပ်သတိရနေတယ်... မင်း သူ့ရဲ့ဝိညာဉ် ပြန်တည်ဆောက်ပေးမှာကိုလည်း စောင့်နေတယ်”
ချင်မူ ထိတ်လန့်လာတော့သည်။ ဤနဂါးအိုကြီးကား အမိကမ္ဘာမြေ၏ မြေကမ္ဘာနန်းတော်အရှေ့က နဂါးဘုရင်အိုကြီးအပြင် တခြားမဟုတ်ပေ။ သူသည် ဖုန့်ချိုးယွင်နှင့် အဆင့်တူညီသော သိုင်းပညာရှင်တစ်ယောက် ဖြစ်၏။
ဖုန့်ချိုးယွင်မှာ တစ္ဆေသင်္ဘောနှင့် ပါသွား၍ ပျောက်နေဆဲ ဖြစ်သည်။ အမိကမ္ဘာမြေသည် အမိကမ္ဘာမြေနောက်တစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ကောင်းကင်ဆရာသခင် ကျစ်ရှီကြောင့်လည်း ထပ်မံထိခိုက်ခဲ့၏။ ထို့နောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်သို့ ကျူးကျော်လာခဲ့တုန်းက သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာနှင့် မင်တုကောင်းကင်နတ်မင်းကြောင့်လည်း ဒဏ်ရာရသွားခဲ့သည်။ ယင်းဖြစ်ရပ်ပြီးနောက် သူမဆီမှ လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။
နဂါးချီလင်က ဝမ်းသာအားရ လှမ်းနှုတ်ဆက်သည်။ “နဂါးဘုရင်ထျန်း၊ ညီလေးကို မှတ်မိသေးလား”
နဂါးအိုကြီး၏မျက်နှာ မည်းမှောင်သွားပြီး သူ့ကို မမြင်ချင်ယောင် ဆောင်နေ၏။ နဂါးချီလင်သည် စွမ်းအင်ဆေးလုံးများဖြင့် သူ့ကို လာဘ်ထိုးခဲ့ကာ ညီအစ်ကိုပင် လုပ်ခဲ့သေးလေသည်။ ယင်းက သူ့ဘဝ၏ အမည်းစက်တစ်စက် ဖြစ်သောကြောင့် နဂါးအိုကြီး ပြန်မစဉ်းစားချင်သည်မှာ မထူးဆန်းချေ။
နဂါးဘုရင်ထျန်းက ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ မရဏနတ်တောင်ကြောက မင်း လာနိုင်တဲ့နေရာမဟုတ်ဘူး.. ကောင်းကင်နတ်အရှင် ဘေးမသီရန်မခ ဖြစ်စေဖို့ ငါ့အနား လာသင့်တယ်...ငါ မင်းကို အမိကမ္ဘာမြေဆီ ခေါ်သွားပေးပါ့မယ်”
မူချိုးပိုင်၏မျက်ဝန်းများ လင်းလက်သွားပြီး သူက နဂါးဘုရင်ထျန်းဆီသို့ လှမ်းကြည့်သည်။ “ကောင်းကင်နတ်အရှင်မူကငါတို့နဲ့ လိုက်သင့်တာပါ.. နဂါးဘုရင်ထျန်း၊ ကျေးဇူးပြုပြီး ပြန်ပါတော့”
နဂါးဘုရင်ထျန်း၏ မှုန်ဝါးဝါး မျက်လုံးများက ရုတ်တရက် ခက်ထန်စူးရှသွားကာ သူ့ဆီမှ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသည်။
ချင်မူက တဟားဟား ရယ်လိုက်ရင်း ပြောလေသည်။ “နှစ်ယောက်စလုံးက ကျွန်တော့်ကို အမိကမ္ဘာမြေနဲ့ လိုက်တွေ့စေချင်နေတာပဲ... ဒါပေမဲ့ အမိကမ္ဘာမြေက နှစ်ယောက်တောင်ဆိုတော့ ဘယ်တစ်ယောက်နဲ့ လိုက်တွေ့ရမလဲ... အမိကမ္ဘာမြေနှစ်ယောက်ကို တိုက်ခိုက်ခိုင်းပြီး အနိုင်အရှုံး ထွက်လာတော့မှ ဆုံးဖြတ်ချက်ချသင့်လား”
နဂါးဘုရင်ထျန်းက နှာခေါင်းရှုံ့လိုက်၏။
မူချိုးပိုင်က ပြောသည်။ “နဂါးဘုရင်ထျန်း၊ ခင်ဗျားက ကောင်းကင်နတ်ဧကရာဇ်ကို သစ္စာခံတာလား... အမိကမ္ဘာမြေကို သစ္စာခံတာလား”
နဂါးဘုရင်ထျန်းက အနိမ့်အမြင့်မရှိသော အသံဖြင့် တုံ့ပြန်၏။ “ငါ အမိကမ္ဘာမြေတစ်ယောက်ပဲ သိတယ်... ကောင်းကင်နတ်ဧကရာဇ်ကို မသိဘူး.. အမိကမ္ဘာမြေရဲ့ လမ်းကို ပိတ်ထားတဲ့သူမှန်သမျှ ငါ သတ်ပစ်မယ်”
ရှင်းအန်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ဤအဖွဲ့နှစ်ဖွဲ့က သူတို့ထွက်လမ်းများကို ပိတ်ထားသည့်အတွက် မရဏနတ်တောင်ကြားဆီသို့ သွားရန် လမ်းတစ်လမ်းသာ ကျန်တော့၏။
ဤအဆင့်မြင့်ပညာရှင်များကြောင့် အခြေအနေ တင်းမာလာသည်ကို သူ ခံစားနေရသည်။
ရုတ်တရက် ယန်ချီလင်းက ပြုံးလျက် ပြောသည်။ “အားလုံးပဲ... ကျွန်မတို့က မရဏနတ်တောင်ကြားအတွက် ဒီကို ရောက်လာတာပါ... ကောင်းကင်နတ်အရှင်မူကို လုဖို့မှ မဟုတ်တာ ဘာလို့အချင်းချင်း တိုက်ခိုက်နေကြမှာလဲ... မရဏနတ်တောကြားဆီ လာတာဆိုတော့ တောင်ကြားထဲပဲ အရင်ဝင်ကြတာ မကောင်းဘူးလား... နဂါးဘုရင်ထျန်း၊ ဘယ်လိုထင်လဲ”
နဂါးဘုရင်ထျန်းသည်လည်း အနည်းငယ် စိုးရိမ်ကြောက်လန့်နေပုံရပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ သူ ဦးဆောင်လာသည့် နတ်ဘုရားတစ်ပိုင်းများမှ တောင်ထိပ်များအပေါ်မှ ဆင်းလိုက်ကြပြီး နဂါးဘုရင်ကြီးက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ နှင်းဖြူရောင် နဂါးနှုတ်ခမ်းမွှေးမျှင်တို့သည် ကောင်းကင်ထဲတွင် လူးလွန့်သွားကာ ကောင်းကင်ဘုံတစ်ဘုံအား ဖွင့်လိုက်၏။
ထိုကမ္ဘာထဲမှ မီးနဂါးကျီးကန်းများ ပျံဆင်းလာကြကာ မရဏနတ်တောကြားထဲသို့ ဝင်သွားကြသည်။
ဤတားမြစ်မြေထဲ ဝင်ရန် နဂါးဘုရင်ထျန်းတွင် ယုံကြည်ချက်မရှိသဖြင့် မီးနဂါးကျီးကန်းများကို ဦးစွာ ထောက်လှမ်းစေလိုက်ခြင်း ဖြစ်၏။ ဤမီနဂါးကျီးကန်းများ၌ ကျီးကန်းခေါင်း၊ နဂါးပါးစပ်၊ ကျီးကန်းအမွှေးနှင့် နဂါးအမြီးတို့ ရှိကြသည်။ ၎င်းတို့သည် အရှည်အားဖြင့် ဆယ့်ငါးကိုက်ရှိပြီး နဂါးမျိုးနွယ်၏ သွေးပါသော နတ်ဘုရားတစ်ပိုင်းများ ဖြစ်သည့်အပြင် အရေအတွက်ကလည်း အလွန်များ၏။
ယန်ချီလင်းနှင့် မူချိုးပိုင်၏ ဘေးရှိ အခြွေအရံမိန်းကလေးတစ်ယောက်က တံခါးတစ်ချပ် ထုတ်ပြီး မြေပြင်ပေါ်တွင် အပြားလိုက် ချလိုက်သည်။ ထို့နောက် တံခါးလက်ကိုင်ကို ဆွဲ၍ ဖွင့်လိုက်၏။ ဤတံခါး၏အနောက်၌လည်း အခြားကမ္ဘာတစ်ခု ရှိနေပြီး ငှက်တောင်ပံများနှင့် နတ်ဘုရားတစ်ပိုင်းများ ပျံထွက်လာကြသည်။
ရှင်းအန်းက ခေါင်းယမ်းက သရော်သလို ပြောလိုက်သည်။ “ဒီနလပိန်းတုံးတွေ ဦးနှောက်သုံးမယ်မရှိဘူး... အသက်တွေကို လျှောက်လွှင့်ပစ်ဖို့ပဲ သိတယ်.. ဒီကောင်တွေ သေတယ်ဆိုတာ ဘာလဲ မသိသေးဘူးပဲ”
တောင်ပံပါနတ်ဘုရားတစ်ပိုင်းများနှင့် မီးနဂါးကျီးကန်းများသည် မရဏနတ်တောင်ကြားထဲသို့ ပျံသန်းနေသည့် လမ်းခုလတ်တွင် ရုတ်တရက် အရိုးစုများ ဖြစ်သွားကာ မြေပြင်ပေါ် တဘုတ်ဘုတ် ကျလာ၏။ သို့သော် အရေအတွက်များလွန်းသည့်အတွက် အတော်များများက မရဏနတ်တောင်ကြား၏ တောင်ခြေသို့ ရောက်သွားကြသည်။
ယန်ချီလင်း၊ နဂါးဘုရင်ထျန်းနှင့် ကျန်ရှိသူများက လမ်းကြောင်း ပေါ်လာသည့်အခါ မရဏနတ်တောင်ကြားဆီသို့ လျှောက်သွားကြ၏။
ရှင်းအန်းက ချင်မူ့ကို ကြည့်ကာ အေးအေးဆေးဆေး ပြောသည်။ “အဲဒီလမ်းက သေလမ်းပဲ... အသက်ရှင်နိုင်မယ့် တကယ့်လမ်းက ငါတို့ခြေထောက်အောက်က လမ်း... ငါတို့ခြေထောက်အောက်မှာ ဘာရှိလဲ သတိထား... ပြီးတော့ ငါ့အရပ်အတိုင်း နေ... မင့်ခေါင်းက ငါ့ခေါင်းကို ကျော်ဖို့ မဖြစ်ဘူး”
ချင်မူ အလျင်အမြန် သတိနှင့် နေလိုက်ပြီး နဂါးချီလင်မှာလည်း ကပျာကယာ ကိုယ်ချုံ့လိုက်သည်။ သူ့အရပ်က ရှင်းအန်း၏အရပ်ထက် မမြင့်တော့ပေ။ ရှင်းအန်းထက် အရပ်ပုသော ယန်အာကလည်း ဖျတ်ခနဲ အစိမ်းရောင်စာကလေးအသွင် ပြောင်းကာ ချင်မူ့ပခုံးအပေါ်တွင် နားလိုက်၏။
ရှင်းအန်းက အတွက်အချက် ဝိညာဉ်လက်နက်တစ်လက် ထုတ်လိုက်ပြီး သင်္ကေတအမှတ်အသားများ ဖျိုးဖျိုးဖျောက်ဖျောက် ပေါ်လာသည်။ သင်္ကေတအမှတ်အသားများသည် သူ၏အတွက်အချက်များနှင့်အတူ လိုက်လံပြောင်းလဲနေ၏။ နောက်ဆုံးတော့ ရှင်းအန်း ပထမဆုံးခြေလှမ်း လှမ်းလိုက်သည်။
‘ဒီအတွက်အချက်ဝိညာဉ်လက်နက်က ငါ့ဟာနဲ့ တစ်ပုံစံတည်းပဲ’
ချင်မူ့မျက်နှာအမူအရာက ထူးဆန်းနေသည်။ ‘ရှင်းအန်း ငါ့ဝိညာဉ်လက်နက်ကို ကူးချထားတာပဲ’
ရှင်းအန်း ပထမဆုံးခြေလှမ်း လှမ်းလိုက်သည့်အခါ အလင်းလုံးကြီးဆီမှ တောက်ပသောအလင်းရောင်တစ်ရောင် ဖြာထွက်လာသည်ကို ချင်မူ လှမ်းမြင်လိုက်ရ၏။ မိုင်ဒါဇင်ချီ ရှည်လျားသည့် ဓားရောင်က သူ့မျက်နှာဆီသို့ ပြေးဝင်လာပြီး အုံကြွနေသော ဓားချီကြောင့် ချင်မူမှာ တုန်ရီလာတော့သည်။
ဓားရောင်သည် အလွန်တရာ ကြောက်စရာကောင်းလှသဖြင့် ရောင်စုံအလင်းတန်းများကို ထိုးဖောက်လာနိုင်ပြီး ၎င်းဖြတ်သွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်မှာ ပွင့်ထွက်ကုန်၏။
ဓားရောင်အတွင်းရှိ တုန်လှုပ်ချောက်ချားဖွယ်ရာ စွမ်းအားက မည်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်၍ ရှင်းအန်းနှင့် ချင်မူ အသာထား၊ ကျောက်စိမ်းမြို့တော်အဆင့် အဆင့်မြင့်သိုင်းပညာရှင်များပင် ဓားရောင်တစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်သွားလိမ့်မည်။
ဤဓားရောင်က သူတို့၏ခြေထောက်အောက်သို့ ရောက်လာပြီး မရေမတွက်နိုင်သော ဓားအသေးလေးများ သူတို့၏ခန္ဓာကိုယ်ထဲ ဖောက်ဝင်လာသည့်အလား ခံစားရစေသည်။ နာကျင်မှုက စူးအောင့်နေစေသော်လည်း ဓားရောင်ကြောင့် ထိခိုက်သွားခြင်းမဟုတ်ဘဲ၊ နာကျင်မှုသည် ဓားရောင်အတွင်း၌ ငုပ်လျှိုးနေသော ဓားအာရုံဆီမှ လာ၏။
ရှင်းအန်းက ဓားရောင်အပေါ် နင်း၍ ခပ်သွက်သွက် လျှောက်သွားရင်း အလေးအနက် လှမ်းပြောသည်။ “မြန်မြန် သွား၊ မကြာခင် ဒီဓားရောင်က ပြန်ဆုတ်သွားတော့မှာ”
ချင်မူ နဂါးချီလင်ကို ခေါ်ပြီး ရှင်းအန်းအနောက်မှ အနီးကပ် လိုက်သွားသည်။
ထိုစဉ် သူတို့အောက်ရှိ ယန်ချီလင်း၊ မူချိုးပိုင်နှင့် နဂါးဘုရင်ထျန်းတို့က ချင်မူ၊ ရှင်းအန်းနှင့် နဂါးချီလင်တို့ တရှိန်ထိုး ပြေးသွားသည်ကို မော့ကြည့်နေကြသည်။ အားလုံး အံ့အားသင့်နေကြ၏။ ‘ဒီဓားရောင်က တံတားလား... မရဏနတ်တောကြားထဲက အသတ်အဖြတ်ဝင်္ကပါမဟုတ်ဘူးလား’
သူတို၏ပတ်ပတ်လည်တွင် နတ်ဘုရားတစ်ပိုင်းများမှာ ကောင်းကင်အလင်းတန်းများအတွင်း၌ အရည်ပျော်ကုန်ကြပြီး လမ်းလျှောက်ရင်း အရိုးဖြူဖြူများ ဖြစ်ကုန်ကြသည်။ အားလုံး စိတ်ဖိစီးလာတော့သည်။
ယန်ချီလင်းက ဓားတံတားအပေါ်သို့ အလျင်အမြန် ခုန်တက်လိုက်သည်။ “ဒီနေရာက အန္တရာယ်ကင်းတယ်”
ကျန်ရှိသူများလည်း ခုန်တက်လာကြ၏။ အရပ်ရှည်သော လူခြောက်ယောက်၊ ခုနစ်ယောက်ခန့်မှာ တံတားပေါ် တက်လိုက်သည်နှင့် ခေါင်းများ ပြတ်ထွက်ကုန်ကြသည်။ ထိပ်တစ်ပိုင်းသာ ပြတ်သွားသော တစ်ယောက်လည်း ရှိသည်။ သူ၏ပုံစံမှာ ဦးနှောက်ပွင့်လျက်သားဖြင့် ထိတ်လန့်စရာကောင်းလေသည်။
“သတိထား... ဒီတံတားက အရပ်ခုနစ်ပေအထိပဲ ကာကွယ်ပေးနိုင်တယ်... အရပ်တွေ ချုံ့လိုက်ကြ” နဂါးဘုရင်ထျန်းက အလျင်အမြန် လှမ်းအော်သည်။
သူတို့ ဓားတံတားအပေါ် ရောက်သည့်အချိန်တွင် ချင်မူနှင့် ရှန်းအန်းက ဓားတံတား၏အဆုံး၊ အလင်းလုံးကြီး၏အရှေ့သို့ ရောက်နေပြီဖြစ်သည်။ အလင်းလုံးကြီး၏ အနောက်တွင် တောင်ကမ်းပါး ရှိပြီး တံတားပျံတစ်စင်းသည် ကမ်းပါးကို အခြားတစ်ဖက်နှင့် ဆက်သွယ်ပေးထား၏။
ရှင်းအန်းက ဓားရောင်ထက်မှ ခုန်ချကာ တံတားပျံပေါ် ဆင်းလိုက်သည်။ ချင်မူလည်း ခုန်ချလိုက်ပြီး တံတားအပေါ် ရောက်သည့်အချိန်မှာပဲ ဝှမ်ခနဲ ကြားလိုက်ရ၏။ ဓားရောင်ကား ရုတ်တရက် နောက်ပြန်ဆုတ်သွားချေပြီ။ ထိုသို့ ဆုတ်သွားသည်နှင့် ဓားရောင်ကြောင့် ပြိုကွဲသွားခဲ့သော ရောင်စုံအလင်းတန်းများက ပြန်စုလာသည်။
တံတားအပေါ် နင်းနေသော ယန်ချီလင်းတို့၏ ခြေထောက်အောက်တွင် မည်သည့်အရာမှ မရှိတော့၍ ရောင်စုံအလင်းတန်းများ ပြန်လည်စုဝေးလာသည်ကို မြင်သည့်အခါ အားလုံး တုန်လှုပ်ကုန်ကြ၏။
“ပြန်ဆုတ်” နဂါးဘုရင်ထျန်းက ရေးကြီးသုတ်ပျာ လှမ်းအော်သည်။
အားလုံး ကမန်းကတန်း နောက်ဆုတ်လိုက်ပြီး တချို့မှာ အရိုးစုများ ဖြစ်ကုန်သည်။
သူတို့အကုန်လုံး မရဏနတ်တောင်ကြား၏အပြင် ပြန်ရောက်သွားကြသည့်အခါ မူချိုးပိုင်က တံခါးထပ်ဖွင့်၍ တောင်ပံပါနတ်ဘုရားတစ်ပိုင်းများအား ထပ်လွှတ်လိုက်သည်။ “အဲဒီဓားတံတားကို ရှာကြ”
ဝှစ်
ဓားတံတား ပြန်ပေါ်လာ၍ တောင်ပံပါနတ်ဘုရားတစ်ပိုင်းတချို့ ခေါင်းပြတ်သွားပြီး အလောင်းများ မြေပြင်ပေါ်သို့ တဘုတ်ဘုတ် ကျလာကြသည်။ နောက်ဆုံးတော့ မူချိုးပိုင်က ဓားတံတား၏ တည်နေရာကို အတိအကျ ဆုံးဖြတ်နိုင်သွား၏။
ထိုအချိန်တွင် တံတားပျံအပေါ်၌ ရှင်းအန်းက ခေါင်းတယမ်းယမ်းဖြင့် ပြောနေသည်။ “ဒီကောင်တွေ အသက်တွေကို အလကား ဖြုန်းတီးဖို့ပဲ သိတယ်”
ချင်မူက အပြုံးတစ်ခုဖြင့် မေးလိုက်၏။ “ဒါဖြင့် မင်းရော ဒီဓားတံတားကို ရှာမတွေ့ခင် ဘယ်နှကြိမ် သေခဲ့ရလဲ”
ရှင်းအန်း အသံတိတ်သွားပြီး ချင်မူ့ကို ရိုက်သတ်ပစ်ချင်စိတ်အား မြိုသိပ်ထားရ၏။
သူတို့ ဆန့်ကျင်ဘက်ကမ်းပါးဆီ ရောက်သွားကြပြီး ကမ်းပါးကိုလွန်လျှင် တောင်ကြားချိုင့်ဝှမ်းတစ်ခု ရှိသည်။ ချိုင့်ဝှမ်း၏ ပတ်ပတ်လည်တွင် မတ်စောက်သော တောင်စောင်းနံရံများ ရှိပြီး အရပ်မျက်နှာတခွင်မှ သံကြိုးများသည် ခေါင်းတလားတစ်ခုကို ဒေါင်လိုက် ချည်နှောင်ထား၏။ အခေါင်း၏ အောက်၌မူ ကျောက်ရေတွင်းတစ်တွင်း ရှိနေသည်။