ဧည့်သည်များ
Vol. 9 Ch. 31
ပိုးကောင်နန်းတော်။
ဥစာကီက ပလ္လင်ပေါ်မှာထိုင်နေပြီး ပေါင်ပေါ်မှာတော့လသားအရွယ် ဆံပင်ထောင်ထောင်နဲ့ကောင်လေးကို တင်ထားတယ်။ ကောင်လေးကို အပြာရောင်ယောက်ျားဝတ် ကီမိုနီကို ဝတ်ထားပေးပြီး အသားဖြူဖြူလေးမလို့ အင်မတန်ချစ်စရာကောင်းနေပါတယ်။
“မင်းက ထင်ထားတာထက် ချစ်စရာကောင်းနေတာပဲ၊ ကူရို” ဥစာကီက ပြုံးလိုက်ရင်းနဲ့ ကောင်လေးရဲ့နဖူးကို လက်ညိုးနဲ့တောက်လိုက်တယ်။ ကောင်လေးကတော့သူ့လက်ကလေးတွေနဲ့ ဥစာကီရဲ့လက်ညိုးကိုဆုပ်ကိုင်ထားပြီး ပြုံးပြနေပါတယ်။
“အရှင်မ၊ ကျွန်တော်မျိုး အခစားရောက်လာပါပြီ။” အနောက်တိုင်းဝတ်စုံကို သန့်သန့်ပြန့်ပြန့်ဝတ်ထားတဲ့ ယင်ကောင်က ခန်းမထဲကို ဝင်လာပြီး ဥစာကီရှေ့မှာ ဒူးထောက်ချလိုက်ပါတယ်။ ဥစာကီက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ယင်ကောင်ကို မေးလိုက်ပါတယ်။
“မင်းတို့သန္ဓေပြောင်းဗိုလ်ချုပ်တွေက သာမန်ပိုးကောင်တွေမသိနိုင်တဲ့ ကိစ္စတချို့ကို သိနိုင်တယ်လို့ဆိုတယ်။ ငါသိချင်တဲ့ ကိစ္စတချို့ကို ဖြေပေးနိုင်မလား။”
အမေးခံရတဲ့ယင်ကောင်ရဲ့မျက်နှာက တည်ကြည်သွားပြီး လေးလေးနက်နက်စဥ်းစားတယ်။ မိနစ်ပိုင်းလောက် တိတ်ဆိတ်နေခဲ့ပြီးနောက်မှ ဥစာကီကိုပြန်ဖြေပါတယ်။
“ဟုတ်၊ ကျွန်တော့်ရဲ့ဘိုးဘေးတွေက မပြောရဘူးလို့ တားမြစ်ထားတဲ့အရာတွေကလွဲလို့ ကျန်တာတွေကိုတော့ ပြောပြနိုင်ပါတယ်။”
ဥစာကီကတော့ သက်ပြင်းချလိုက်မိတယ်။ ကြည့်ရတာ ပိုးကောင်ဘုရင်မတွေတောင်မှ အင်ပါယာတွင်းက ကိစ္စအားလုံးကို သိခွင့်မရကြဘူးထင်တယ်။ ယင်ကောင်ကလည်း ဥစာကီစိတ်ပျက်သွားတာကိုတွေ့ပြီး အခုလိုပြောပါတယ်။
“စိတ်တော်မညိုးလိုက်ပါနဲ့သခင်မ၊ ပိုးကောင်မျိုးနွယ်တစ်ခုက သူတို့ရဲ့အားနည်းချက်တွေကို တခြားပိုးကောင်မျိုးနွယ်တွေ သိသွားမှာမလိုလားတာ သဘာဝပါပဲ။ အရှင်မသာ အရွယ်ရောက်လာခဲ့ရင် ကျွန်တော်တို့ရဲ့လျှို့ဝှက်ချက်အားလုံးကို အလိုလိုသိလာမှာပါ။”
“ဒီလိုကျတော့ အဓိပ္ပါယ်ရှိသားပဲ။” ဥစာကီက ပြန်ပြုံးထားလိုက်တယ်။ အောက်က ကလေးလေးကလည်း ပြုံးနေတဲ့ ဥစာကီကိုကြည့်ရင်း တအဲ့အဲ့နဲ့သွားပေါ်အောင် ရယ်ပြနေတယ်။
“ဒါဆို သခင်မက ဘာများသိချင်တာပါလဲ။”
“ပိုးစုန်းကြူးတွေရဲ့ဗိုလ်ချုပ်က ဘာကြောင့်မင်းတို့တွေနဲ့မတူဘဲ ဒီလိုထူးဆန်းတဲ့နည်းလမ်းနဲ့ မွေးဖွားလာတာလဲ။”
ဥစာကီရဲ့မေးခွန်းကြောင့် ယင်ကောင်က ကူရိုကိုကြည့်လိုက်တယ်။ အဲဲဒီနောက်တော့ သူက ဘုရင်မကို ဦးညွှတ်ပြီး တည်ငြိမ်တဲ့လေသံနဲ့ ပြန်ဖြေကြားပါတယ်။
“ဟုတ်ကဲ့၊ ကျွန်တော်အပါအဝင် တခြားပိုးကောင်ဗိုလ်ချုပ်အားလုံးက မျိုးပွားမိခင်ကြီးတွေကနေပြီးမွေးဖွားလာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ပိုးစုန်းကြူးတွေကတော့ ဘုရင်မနဲ့မျိုးပွားဖခင်ကြီးရဲ့ချစ်ခြင်းသင်္ကေတပါ။ ပိုးစုန်းကြူးဗိုလ်ချုပ်ကို တစ်ခါတရံမှာ ပိုးကောင်မင်းသားအဖြစ် ရည်ညွန်းကြပါတယ်။ ဘယ်တော့မှ လူသားတစ်ယောက်ရဲ့အသိဉာဏ်မျိုး ရှိလာမှာမဟုတ်ပေမဲ့ပေါ့။”
ဥစာကီက ကူရိုကို ပြန်ငုံကြည့်လိုက်တယ်။ “ဒါဆိုရင် သူတို့က အမြဲတစေ ပိုးကောင်အုပ်ရဲ့အမြောက်အဖြစ်ပဲ နေရမှာပေါ့။”
“ဟုတ်ကဲ့၊ ပိုးစုန်းကြူးတွေက သံကွင်းဆက်ကောင်နဲ့တူပါတယ်။ အမြဲတမ်း အသိဉာဏ်မဲ့နေပြီး ဗိုလ်ချုပ်ကိုယ်တိုင်တောင် ကလေးတစ်ယောက်ရဲ့ပုံစံမျိုးပဲရှိတာပါ။ ဒါပေမဲ့ သူတို့သန္ဓေပြောင်းလဲပြီးသွားရင်တော့ ဂြိုဟ်ကမ္ဘာတစ်ခုလုံးကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တဲ့အထိ စွမ်းအားကြီးလာမှာပါ။”
“ဒါဆိုရင် ဒီကောင်လေးက ကမ္ဘာဖျက်သတ္တဝါလေးပေါ့။” ဥစာကီက တွေးလိုက်တယ်။ သူအပါအဝင် ပိုးကောင်ဗိုလ်ချုပ်တွေအားလုံးက သူတို့ကိုနှောင့်ယှက်မယ့် တခြားအယ်ဖာတွေသာရှိမနေရင် ဒီကမ္ဘာကိုအချိန်တစ်ခုအတွင်း ဖျက်ဆီးနိုင်ကြသူတွေပါ။ ဒါကြောင့် ကူရိုရဲ့စွမ်းအားက သိပ်မထူးဆန်းဘူး။ ထူးဆန်းနေတာက ဒီဂြိုဟ်လေးက ဖက်ဒရေးရှင်းတစ်ခုစာလောက်ကို အားကောင်းနေတာပါ။
“ဒါပေမဲ့၊ မင်းငါ့ကို ဘာကြောင့် သူက ထူးဆန်းနေရတာလဲဆိုတာ မပြောသေးဘူးမဟုတ်လား။”
ယင်ကောင် မျက်နှာပျက်သွားတယ်။ တကယ်ပဲ ဥစာကီက အကြောင်းအရင်းကိုသိချင်တာပါ။ အခြေခံကိစ္စတွေမဟုတ်ပါဘူး။ ယင်ကောင်က သက်ပြင်းချရင်းနဲ့
“အကြောင်းအရင်းကိုတော့ နိမ့်ကျတဲ့ ဒီကျေးကျွန်က မသိသေးပါဘူး။ ဒါပေမဲ့ ဘိုးဘေးတွေအဆိုအရတော့ ကျုပ်တို့ပိုးကောင်မျိုးနွယ် ဖန်တီးခံခဲ့ရကတည်းက ဖြစ်မယ်လို့ဆိုပါတယ်။”
“ဖန်တီးခံရတယ်...” ဥစာကီအတွက် ဒီစကားလုံးက အသစ်တစ်ခုလိုဖြစ်နေတယ်။ ပိုးကောင်အင်ပါယာက ဘာကြောင့်ရှိနေရတာလဲဆိုတာကို ဥစာကီနားမလည်ဘူး။ ဒီမျိုးနွယ်လောက် စကြဝဠာကြီးကို ဝရုန်းသုန်းကားဆန်စေတာ ဒီမျိုးနွယ်ပဲရှိပါတယ်။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့ ပိုးကောင်အင်ပါယာက တစ်စုံတစ်ယောက်ရဲ့ဖန်တီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဖန်တီးသူက အပြစ်သားသခင်ကြီးတစ်ယောက်ဆိုတာကလွဲလို့ ဘာမှမသိရပါဘူး။”
“အပြစ်သားသခင်၊ အဲဒါက ဘာလဲ။” ပိုးကောင်မျိုးနွယ်လိုမျိုး တည်ရှိမှုကို ဖန်တီးခဲ့တဲ့လူရှိတာကို သိရတဲ့အတွက် ဥစာကီအလွန်ထိတ်လန့်မိသွားပါတယ်။ ဒါပေမဲ့ ယင်ကောင်က ဒီထက်ပိုပြီး ဘာမှသိတော့ပုံမပေါ်ဘူး။
“ကျွန်တော်မျိုးရဲ့ဘိုးဘေးတွေက ဖန်တီးသူရဲ့ဂုဏ်ပုဒ်ကလွဲလို့ ဘာကိုမှချန်မထားခဲ့ပါဘူး။”
ဥစာကီလည်း စဥ်းစားလိုက်တယ်။ အပြစ်သားသခင်ဆိုတာက နာမည်တစ်ခုဆိုတာထက် ဂုဏ်ပုဒ်တစ်ခုနဲ့ ပိုဆင်တူတယ်။ ဒါပေမဲ့ သူတို့စကားစပြတ်သွားတဲ့ အချိန်မှာပဲ ဘာရွန်က ခန်းမထဲကို ဝင်လာပါတယ်။ ဘာရွန်ကလည်း ခါတိုင်းလိုပဲ ဆာမူရိုင်းတစ်ယောက်လိုမျိုး ဝတ်ဆင်ထားပြီးတော့ ခါးမှာကာတာနာချိတ်ထားကာ ခုံဖိနပ်ကိုစီးလာပါတယ်။
“အရှင်မကို ကျန်းကျန်းမာမာထပ်တွေ့ရတာ ဝမ်းသာစရာပါပဲသခင်မ။ ကျွန်တော်မျိုးမရှိတုန်း ဘာတွေများ ပြောနေကြတာပါလဲ။” ဘာရွန်က ဓားရိုးပေါ်လက်တင် ဥစာကီကို ဦးညွှတ်ရုံညွှတ်ပြီး ပမာမခန့်ပြောလိုက်တယ်။ ဥစာကီက ဘာရွန်ကို တစ်ချက်လောက် မျက်စောင်းထိုးကြည့်လိုက်ပေမဲ့ ဘာမှမပြောတော့ဘဲ ယေဘုယျလောက်သာ ရှင်းပြလိုက်တယ်။
“ယင်ကောင်ကိုခေါ်ပြီး ကူရိုအကြောင်းမေးတယ်။ ဒါပါပဲ။”
“ကူရိုအကြောင်းလား... အော်... အော်... သဘောပေါက်ပြီ။” ဘာရွန်က လှောင်ပြောင်လိုတဲ့လေသံနဲ့ ရယ်မောလိုက်ရင်းနဲ့မှ နောက်တစ်ကြိမ်ဦးညွှတ်လိုက်ပါတယ်။
“ဒီနေ့ ယင်ကောင်က ရှေ့တန်းမှာနေဖို့ တာဝန်ကျတာပါသခင်မ။ ကျွန်တော်မျိုးလည်း သန္ဓေပြောင်းပြီးပြီမလို့ ကျွန်တော်မျိုးကို ကူရိုအကြောင်းမေးလည်းရပါတယ်။ ခုတော့ ယင်ကောင်ခင်ဗျာ ရှေ့တန်းသွားရမယ့်တာဝန်တွေ လစ်ဟင်းကုန်ပါပြီ။”
ဘာရွန်က ဥစာကီကို အပြစ်တင်ချင်တဲ့ လေသံနဲ့ပြောတယ်။ ယင်ကောင်ကတော့ ဘာရွန်ကို မကျေမနပ်ကြည့်လိုက်ပြီး ဥစာကီကို ကျောခိုင်းကာ ထွက်သွားဖို့ပြင်ပါတယ်။
“အခုသွားလည်း နောက်မကျပါဘူး။ အရှင်မ၊ ကျွန်တော်သွားလိုက်ပါဦးမယ်။” ယင်ကောင်က ဥစာကီကို နှုတ်ဆက်ပြီးတဲ့နောက် တောင်ပံကိုဖြန့်ကာ ပိုးကောင်နန်းတော်ထဲကနေ ထွက်ခွာသွားပါတယ်။
“ဘာရွန်၊ ဘာကိစ္စလဲ။ နင်ကရော ရှေ့တန်းစခန်းတွေကို ကြီးကြပ်နေရမှာမဟုတ်လား။”
ဥစာကီက ဘာရွန်ကို မေးခွန်းပြန်ထုတ်တယ်။ ဘာရွန်ကတော့ အခုလိုပြောလာပါတယ်။ “အရှင်မကို ကိုယ်တိုင်အစီအရင်ခံမယ့်ဖြစ်မယ့် ကိစ္စသုံးခုရှိနေလို့ပါ။”
“ငါအရှင်မ စိတ်မကြည်တာမလို့ မြန်မြန်ပြောပါ။”
ဘာရွန်က ထုံးတမ်းစဥ်လာအရ ထပ်ဦးညွှတ်လိုက်ပြန်ပြီး “ပထမအကြောင်းအရာကတော့ ပျစားပိုးနဲ့သစ်ကိုင်းပိုးကောင်က မစ်ရှင်အောင်မြင်ပြီး ဘရာဇီးကနေ ပြန်ရောက်လာကြပါပြီ။ ဒါပေမဲ့ ရေဂင်ရဲ့နှလုံးသားကိုတော့ ရန်သူတွေရသွားပါတယ်။”
ဥစာကီက မျက်မှောင်ကြုတ်လိုက်တယ်။ အဲဒီနောက်တော့ သုံးသပ်ပြီးဖြေလိုက်ပါတယ်။ “တစ်နည်းအားဖြင့် ရန်သူဘက်မှာ အယ်ဖာတစ်ယောက်တိုးလာနိုင်ခြေရှိတယ်လို့ ဆိုလိုတာလား။”
ဘာရွန်ကတော့ ခေါင်းခါပြပါတယ်။ “တကယ်တော့ စစ်နတ်သမီးဝတ်စုံပိုင်ရှင်အေမီက အဲဒီနှလုံးသားကို အသုံးပြုခဲ့ပုံရတယ်လို့ ဒေသခံသူလျှိုတွေဆီက သိရပါတယ်။ ဒါပေမဲ့ တိုးလာမတာတော့ ပြောရခက်တယ်။ ခုရက်ပိုင်းအတွင်း Silver Knightက စစ်ဆေးမှုအောင်သွားပြီး နောက်ထပ်စောင့်ရှောက်သူသားရဲတစ်ယောက်ဆီကနေ ဝိညာဥ်ကို လက်လွှဲယူလိုက်တာမျိုးလည်းဖြစ်နိုင်တယ်။”
ဥစာကီရဲ့စိုးရိမ်မှုကတော့ လျော့ကျမသွားသေးပါဘူး။ “Silver Knightကြောင့် စောင့်ရှောက်သူတစ်ယောက် လျော့သွားတယ်ဆိုရင်တောင်မှ သူအိုမီဂါအဆင့်နဲ့ နီးကပ်လာတာကို ပြလိုက်တာပဲ။”
ဥစာကီရဲ့စိုးရိမ်မှုက အလကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာရွန်ကိုယ်တိုင်ကတော့ သိပ်ပြီးစိုးရိမ်နေပုံမရပါဘူး။
“စိုးထိတ်စရာမလိုပါဘူးသခင်မ။ ကံကောင်းစွာနဲ့ တင်ပြမယ့် ဒုတိယအကြောင်းအရာက နောက်ထပ်မွေးဖွားဖို့ကျန်နေသေးတဲ့ ပိုးကောင်ဗိုလ်ချုပ်နှစ်ယောက်ရဲ့သတင်းပါ။ ပုစဥ်းနဲ့လုပ်ကြံသူပိုးကောင်က မကြာခင်ပေါက်ဖွားလာတော့မယ်။ ဒါဆိုရင် ကျုပ်တို့ရဲ့အယ်ဖာအရေအတွက်က သူတို့ထက်များသွားလိမ့်မယ်။”
ဒါက ပိုးကောင်အင်ပါယာအတွက် ဝမ်းသာစရာသတင်းတစ်ခုပါ။ ဥစာကီကတော့ တည်ငြိမ်စွာပဲ ရှိနေပါတယ်။ “ဒါပေမဲ့ တတိယသတင်း ရှိနေသေးတယ်ဆို။ အဲဒါကရော ဘာလဲ။”
ဘာရွန်က သက်ပြင်းချလိုက်တယ်။ အဲဒီနောက်မှာတော့ ဥစာကီကို ပြောလိုက်ပါတယ်။ “ကျွန်တော်မနေ့က အာကာသထဲကနေ အားနည်းတဲ့ အချက်ပြလှိုင်းတစ်ခုကိုရခဲ့တယ်။ သန္ဓေပြောင်းပြီးသား စီနီယာပိုးကောင်ဗိုလ်ချုပ်တစ်ကောင် နေအဖွဲ့အစည်းထဲကို ဝင်လာနေတယ်။ ရည်ရွယ်ချက်မသိရပေမဲ့ ဖက်ဒရေးရှင်းရဲ့ခံစစ်ကို ချိုးဖောက်ပြီး ကမ္ဘာမြေကိုဝင်လာတော့မယ့်ပုံပဲ။
ဥစာကီက ပလ္လင်ပေါ်မှာဆက်ထိုင်နေရင်း သတင်းကိုမှတ်ချက်မပေးဘူး။ သူ့စိတ်ထဲမှာ ဝေခွဲမရဖြစ်နေပါတယ်။ ဒါက သတင်းကောင်းလား၊ သတင်းဆိုးလား သူနားမလည်ဘူး။ တစ်ခါမှလည်း အာကာသထဲက ပိုးကောင်အင်ပါယာနဲ့ ဥစာကီမဆက်သွယ်ခဲ့ဖူးဘူး။အကျိုးဆက်အနေနဲ့ အရင်ဘုရင်မရဲ့ပိုးကောင်ဗိုလ်ချုပ်တွေကို သူဘယ်လိုဆက်ဆံရမလဲဆိုတာ စဥ်းစားမရဘူး။
...
နေအဖွဲ့အစည်းအပြင်ဘက်။
ကီလိုမီတာဆယ်နဲ့ချီရှည်လျားတဲ့ အာကာသသင်္ဘောကြီးတစ်ခုဦးဆောင်တဲ့ အာကာသသင်္ဘောအုပ်စုက ဥက္ကာခဲတွေက နေရာလပ်မရှိလောက်အောင် လှည့်ပတ်နေတဲ့ နယ်မြေကြီးတစ်ခုအနားမှာ ရပ်တန့်ထားပါတယ်။ သူတို့တပ်ဖွဲ့မှာ စစ်သင်္ဘောရှစ်ဆယ်လောက် ပါဝင်ပေမဲ့ တစ်ဝက်လောက်က ပျက်စီးလွင့်မျောနေပြီး ကျန်တဲ့တစ်ဝက်ကလည်း ဆိုးဆိုးဝါးဝါးထိခိုက်ထားပါတယ်။
တပ်ကိုဦးဆောင်နေတဲ့ အလံတင်စစ်သင်္ဘောကြီးတောင်မှ အကျိုးအပဲ့ရာတွေနဲ့ဖြစ်ပြီး အခြေအနေမကောင်းပါဘူး။
“ကောင်စစ်ဝန်အီဂို၊ ကျွန်တော်တို့တွေ ဆိုလာနေအဖွဲ့အစည်းရဲ့ကယ်ပါခါးပတ်နယ်ထဲကို ရောက်နေပါပြီ။ အဲဒီ့ပိုးဟပ်နောက်ကို ဆက်မလိုက်သင့်တော့ပါဘူး။”
သင်္ဘောကပ္ပတိန်တစ်ယောက်လိုဝတ်ဆင်ထားတဲ့၊ အစိမ်းရောင်အသားအရေ၊ မီးခိုးရောင်နှုတ်ခမ်းမွှေးနဲ့ ထိန်းချုပ်ခန်းမှာထိုင်နေတဲ့ သင်္ဘောအရာရှိက အီဂိုဆိုသူကို လှမ်းပြီးပြောလိုက်တယ်။ ကပ္ပတိန်က ဂေါ်ဘလင်တစ်ကောင်ပါ။
အီဂိုကတော့ အသက်နှစ်ဆယ်လောက်သာ ရှိသေးပုံပေါ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ဆီရွှဲအောင်လိမ်းထားတဲ့ ရွှေရောင်ဆံပင်ရှည်တွေကို ကျစ်ဆံမြီးကျစ်ထားတယ်။ မျက်လုံးအပြာရောင်ရှိပြီး နားရွက်ရှည်တွေကြောင့် နတ်သူငယ်တစ်ယောက်မှန်းသိနိုင်ပါတယ်။
သူ့ပခုံးပေါ်မှာ ဂြိုဟ်ကမ္ဘာပုံသုံးလုံးပုံရှိတဲ့ စစ်အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်မှာတော့ ဖက်ဒရေးရှင်းဒိုင်းပုံပါတဲ့ ရင်ထိုးကိုထိုးထားပါတယ်။ ခါးမှာတော့ ဆေဘာတစ်လက်ကို ချိတ်ထားတယ်။
သူက စားပွဲခုံတစ်လုံးပေါ်မှာထိုင်နေတာဖြစ်ပြီးတော့
ဇွန်းခက်ရင်းကို အသုံးပြုကာ ကမ္ဘာမြေပေါ်မှာမရှိတဲ့ အပြာရောင်ရှိတဲ့အသားကို စားသောက်နေပါတယ်။ သူက အရာရှိဆီကနေ ကန့်ကွက်သံကိုကြားရတော့ ဇွန်းနဲ့ခက်ရင်းကိုချပြီး ခုံကနေထကာ အမိန့်ပေးလိုက်တယ်။
“သင်္ဘောတွေအားလုံးကိုပြောလိုက်၊ ကယ်ပါခါးပတ်ကို ဆယ်ခိုငါးဆယ်အတွင်းအပြီးဖြတ်မယ်။ ကမ္ဘာဆိုတဲ့ဂြိုဟ်ကို ဆယ်ခိုခြောက်ဆယ်အတွင်းရောက်အောင်လုပ်ကြ။”
(မှတ်ချက်။ ။ ဆယ်ခို၊ ဖက်ဒရေးရှင်းသုံးအချိန်အတိုင်းအတာယူနစ်။ ဆယ်ခို တစ်ယူနစ်ကို ၂.၄ နာရီရှိ။)
သင်္ဘောထဲက အရာရှိတွေက ခိုက်ခိုက်တုန်အောင်ကြောက်နေကြပြီး သာမန်ရုပ်ရည်နဲ့နတ်သူငယ်မလေးတစ်ယောက်က အီဂိုကို အထွန့်တက်လိုက်တယ်။
“ဒါပေမဲ့ ခုနက ပိုးဟပ်ရဲ့စွမ်းအားကို ကောင်စစ်ဝန်အီဂိုလည်းမြင်တာပဲလေ။ ကျွန်မတို့ရဲ့လက်ရှိအင်အားနဲ့ သူ့ကိုအနိုင်ယူဖို့မဖြစ်နိုင်ဘူး။ တခြားကောင်စစ်ဝန်ဆီက တပ်ကူကိုစောင့်ရအောင်။”
“မဟုတ်ဘူး၊ ငါတို့တွေ ကယ်ပါခါးပတ်ကိုဖြတ်ပြီး ကမ္ဘာမြေမှာရှိနေတဲ့ ကောင်စစ်ဝန်ဆိုဖီယာနဲ့ပူးပေါင်းရမယ်။ သူတို့က ပိုးကောင်ဘုရင်မသစ်ရဲ့ဗိုလ်ချုပ်အတော်များများကို သတ်ပြီးပြီတဲ့။”
ကောင်စစ်ဝန်အီဂိုကတော့ တစွတ်ထိုးဆန်နေဆဲပါ။ ဂေါ်ဘလင်အရာရှိက ထပ်ပြီးတော့ ကောင်စစ်ဝန်အီဂိုကို သတိပေးလိုက်ပြန်တယ်။ “ကောင်စစ်ဝန်ဆိုဖီယာက ကျွန်တော်တို့ ဖက်ဒရေးရှင်းတပ်ဖွဲ့တွေကို သူ့သဘောတူညီချက်မပါဘဲ ကမ္ဘာမြေပေါ်ခြေမချဖို့ပြောထားပါတယ်။”
ရွှမ်း...
ကောင်စစ်ဝန်အီဂိုရဲ့ခါးကဆေဘာဓားက အလိုလိုအဓားအိမ်ထဲကနေထွက်လာကာ ဂေါ်ဘလင်အရာရှိရဲ့ခေါင်းကို ဖြတ်ချလိုက်တယ်။ ဂေါ်ဘလင်အရာရှိက သူ့ကိုယ်သူအတိုက်ခံရလို့ခံရမှန်းမသိလိုက်ခင်မှာပဲ မြေပေါ်ကို တအိအိပြိုလဲကျသွားတယ်။
နောက်တော့ ဂေါ်ဘလင်ရဲ့ခန္ဓာကိုယ်က ပြာမှုန်တွေအဖြစ်ကို ပြောင်းလဲသွားပြီး အဲဒီပြာမှုန်တွေကိုဆေဘာဓားက စုပ်ယူလိုက်တယ်။ အရာရှိတွေကတော့ လေပေါ်မှာ အလိုလိုပျံသန်းနေတဲ့ဓားကို ကြောက်ရွံစွာနဲ့ ကြည့်နေကြပါတယ်။ ‘နတ်သူငယ်မျိုးနွယ်ရဲ့ဝိညာဥ်ဝါးမျိုဓား’လို့ တချို့က တီးတိုးရေရွတ်လိုက်ကြတယ်။
“အဲဒီတော့ ဘာဖြစ်လဲ။ သူက ဩဇာအရှိဆုံးမျိုးနွယ်ကဆိုရင်တောင် ငါကလည်း ကောင်စစ်ဝန်ပဲ။ ငါ့အမိန့်အတိုင်းလုပ်ကြ။ မနာခံတဲ့ကောင်အားလုံး အသေပဲ။” ကောင်စစ်ဝန်အီဂိုက အားလုံးကို အမိန့်ပေးလိုက်တယ်။ အဲဒီနောက်တော့ သူတို့အုပ်စုက ကယ်ပါခါးပတ်ကို ဖြတ်သန်းဖို့ စတင်ပြင်ဆင်ကြပါတယ်။
...
“အို့၊ သခင်မလေးက ကျွန်မဝတ်စုံကိုလည်း အနက်ဖြစ်အောင် ပြောင်းလိုက်ပြီပဲ။” အေမီက သူ့အတွက် မက်ဒါနာလုပ်ပေးထားတဲ့ ဝတ်စုံဗားရှင်းအသစ်ကို ဝတ်ကြည့်ရင်း ခန္ဓာကိုယ်ကို ချာလည်လည်အောင် လှည့်ပတ်ကြည့်လိုက်တယ်။
ဝတ်စုံက အေမီနဲ့ကွက်တိဖြစ်ပြီးတော့ ရင်ဘတ်က စွမ်းအင်ဗဟိုချက်ကနေ ခရမ်းရောင်အလင်းတွေ ဖြာထွက်နေပါတယ်။ အတောင်ပံတွေလည်းမရှိတော့ဘူး။ အဲဒီအစား ဂျက်အင်ဂျင်အဖြစ်စွမ်းဆောင်မယ့် အပေါက်ငယ်ခြောက်ခုပါတယ်။ အေမီက စမ်းပျံကြည့်တော့ အဲဒီဂျက်ပေါက်တွေကနေပြီး အလင်းဒြပ်စင်တွေ ထွက်ပေါ်လာကာ တောင်ပံအဖြစ်ဖွဲ့စည်းလိုက်တယ်။
“အစကတော့ ငွေရောင်အဖြစ်ဆက်ထားမလို့ပဲ။ ဒါပေမဲ့ အနက်ရောင်ဆိုရင် ညဖက်စစ်ဆင်ရေးတွေမှာ ပိုပြီးသင့်တော်တယ်လေ။ အတောင်ပံကိုလည်း အလင်းဒြပ်စင်တောင်ပံအပြည့်ပြောင်းလိုက်တော့ အတောင်ဖျက်ဆီးခံရမှာ ကြောက်စရာမလိုတော့ဘူး။”
မက်ဒါနာက အေမီကိုကြည့်နေရင်း ပြောလိုက်ပါတယ်။ အဲဒီနောက်တော့ သူအသစ်လုပ်ထားတဲ့ ခရမ်းရောင်အသွားနဲ့အနက်ရောင်လက်ကိုင်ရှိတဲ့ အတော်လေးစတိုင်ကျတဲ့ ကောက်ရိတ်တံစဥ်ရှည်ကြီးကို အေမီဆီကမ်းပေးလိုက်တယ်။
“ဒါကတော့ နင့်အတွက်လက်နက်အသစ်။ မြွေနဂါးနဲ့ ပေါင်းစပ်ထားတဲ့အချိန်တွေမှာ အရိပ်နက်ကိုဆင့်ခေါ်လို့ရတယ်ဆိုပေမဲ့ ဆင့်ခေါ်မထားတဲ့အချိန်တွေမှာလည်း နင်လွတ်လွတ်လပ်လပ်နဲ့ တိုက်ခိုက်နိုင်ဖို့လိုတယ်လေ။”
“ကျေးဇူးပါ၊ မမလေး။” အေမီက တံစဥ်ကိုလှည့်ပတ်ကစားကြည့်ရင်း သဘောတကျနဲ့ မက်ဒါနာကို ကျေးဇူးတင်လိုက်တယ်။ မက်ဒါနာကတော့ စေဘာစတိန်းကို ကြည့်လိုက်ပြီး
“မြွေနဂါးကို အသက်သွင်းမယ်ဆိုရင်တော့ ခါတိုင်းလိုပဲ စေဘာစတိန်းနဲ့ပေါင်းစပ်ဖို့လိုလိမ့်မယ်။ ပြီးတော့ အဲဒီတံစဥ်က နင်နဲ့စေဘာစတိန်းပေါင်းစပ်မှုကို ဖြတ်တောက်နိုင်စွမ်းရှိမယ်။ အရေးပေါ်အတွက်ပေါ့။”
အေမီက သူ့ခြေရင်းမှာထိုင်နေတဲ့ စေဘာစတိန်းကို စိုက်ကြည့်လိုက်တယ်။ စေဘာစတိန်းကလည်း အေမီကို ပြန်စိုက်ကြည့်နေပါတယ်။ “အင်း၊ ကျွန်မတို့ပေါင်းစပ်မထားဘူးဆိုရင်လည်း သူ့ကိုယူစီးလို့ရတယ်မဟုတ်လား။”
အေမီ အခုလိုပြောလိုက်မှ မက်ဒါနာလည်း ခေါင်းသုံးလုံးငရဲခွေးကြီးစီးပြီး တံစဥ်ကြီးကိုင်လျှောက်သွားနေမယ့် သေမင်းအေမီကို မြင်ယောင်လာမိရော။
“တဖြည်းဖြည်းနဲ့ ငါ့ကိုယ်ငါ သေမင်းတစ်ယောက် ဖန်တီးမိတယ်လို့ ခံစားနေရပြီ။”
အေမီကတော့ တခိခိနဲ့ရယ်မောလိုက်တယ်။ အဲဒီနောက်တော့ အေမီက မက်ဒါနာကို ကြည့်လိုက်ပြီး အတင့်ရဲစွာနဲ့ တောင်းဆိုလိုက်တယ်။
“မမလေး၊ ဒီဝတ်စုံရဲ့စွမ်းရည်ကို စမ်းသပ်ဖို့အတွက် မမလေးနဲ့လက်ရည်စမ်းလို့ရမလား။”
“ရတာပေါ့၊ ငါလည်း အဲဒီဝတ်စုံကို စမ်းကြည့်ချင်နေတာကြာပြီလေ။”
မက်ဒါနာကလည်း ငွေရောင်သေတ္တာကို ဆွဲယူလိုက်တယ်။ အဲဒီနောက် စမ်းသပ်ခန်းထဲကနေ အပြင်ကို ထွက်လိုက်တယ်။ ဒါပေမဲ့ ကျောင်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးတဲ့နောက်တော့ ခေါင်းကိုကုတ်လိုက်ပြီး
“အေမီရေ၊ ငါတို့တွေ ကျောင်းကိုမထိခိုက်အောင် ဂရုစိုက်ရမယ်နော်။ တော်ကြာ ကျောင်းဖွင့်ခါနီးမှ အကုန်ပြန်ပြင်နေရဦးမယ်။”
“ဟုတ်ကဲ့၊ မမလေး။ ကျောင်းကိုမထိခိုက်မိအောင် သတိထားပါ့မယ်။” အေမီက ကျောင်းအဆောက်အဦးတွေနဲ့ အတော်ဝေးတဲ့ နေရာတစ်ခုကို လျှောက်သွားလိုက်ပြီး ကျောင်းဥယျာဥ်အစပ် မြက်ခင်းပြင်အလယ်မှာ ရပ်လိုက်ပါတယ်။ စေဘာစတိန်းနဲ့ဝတ်စုံဝတ်ထားတဲ့ မက်ဒါနာကလည်း နောက်ကနေ လိုက်လာတယ်။ အေမီကတော့ မက်ဒါနာကို လေးစားသမှုနဲ့ဦးညွှတ်ပြီးတဲ့နောက် တံစဥ်ကိုလွှဲယမ်းရင်း မက်ဒါနာရှေ့ကို ပြေးဝင်လာတယ်။
“ကောင်းတယ်၊ နင်ဘယ်လောက်စွမ်းလာလည်း ကြည့်ကြသေးတာပေါ့။” မက်ဒါနာကလည်း ဓားကိုလက်ထဲမှာ အသင့်ပြင်လိုက်ပြီး အေမီကို ထိပ်တိုက်ရင်ဆိုင်တွေ့တယ်။
ထန်း....
တံစဥ်နဲ့ဓားက လေထုထဲမှာ ထိခတ်မိပြီး မီးပွားတွေ ထွက်ပေါ်လာတယ်။