လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို ပြုပြင်ခြင်း အပိုင်း(၁)
Vol. 87 Ch. 1203
အဖြူဝတ် လူအိုကြီးဆီမှ စကားများ ထွက်လာသည်နှင့် မဟာလက်ဝဲတာအိုနယ်မြေမှ ဂိုဏ်းအသီးသီးရှိ ထိပ်သီးကျင့်ကြံသူများက မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းသွားကြသည်။
"အို" အဖြူဝတ် လူအိုကြီးက မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်သည်။
သူ့အကြည့်က ရောက်ရှိလာသည့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ ခုနှစ်ယောက် ရှစ်ယောက်ကို တုန်ယင်သွားစေသည်။ နှောင်းပိုင်း ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်၏ အကြည့်က လူတိုင်း တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ပေ။
"လူကြီးမင်း တာအိုသုံးပါး" အလယ်အလတ် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
"ခင်ဗျားတို့ ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီး တာအိုကိုးပါးက သီးသန့် ကျင့်ကြံရာကနေ ထွက်လာပြီလား။"
အဖြူဝတ် လူအိုကြီးက မျက်မှောင်ကြုတ်လိုက်သည်။ လက်တလော လမ်းကိုးသွယ်တာအိုဂိုဏ်း၏ ခေါင်းဆောင်ကြီးနှင့် ပတ်သတ်ပြီး ကောလဟာလများစွာ ထွက်ပေါ်နေသည်။ လမ်းကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးသည် နတ်ဧကရာဇ် တစ်ယောက်၏ တိုက်ခိုက်စွမ်းရည် မရှိထားကြောင်း ကောလဟာလများကြောင့် လမ်းကိုးသွယ်တာအိုဂိုဏ်းက အတော်လေး ဒေါသထွက်နေကြသည်။ သို့သော်လည်း သူတို့က ထိုကောလဟာလ၏ ဇစ်မြစ်ကို ရှာမတွေ့ကြပေ။ ထိုစဥ် သူက အင်္ကျီလက်ကို ဝှေ့ကာ ညာဘက်လက်ကို အသာမြှောက်လိုက်သည်။ သူ့လက်ထဲတွင် ရှေးဟောင်းကျောက်စိမ်းပြားတစ်ခု ပေါ်ထွက်လာ၏။ သူက ထိုအရာကို အသာဆုပ်လိုက်သည့်အခါ ကျယ်ပြန့်သည့် တာအိုစည်းချက်တစ်ခု ရုတ်ချည်း ပျံ့လွင့်လာသည်။
ထိုတာအိုစည်းချက်က ကြယ်နယ်မြေအဆင့်ကို ကျော်လွန်နေ၏။ ထိုအရာက စကြဝဠာအဆင့် ဖြစ်ပေသည်။ ထိုအရာထွက်ပေါ်လာသည်နှင့် အဖြူဝတ် လူအိုကြီး၏ မျက်နှာအထက် ခက်ထန်သည့် အလင်းတစ်ချက် ပေါ်ထွက်လာ၏။
"မင်းတို့ အားလုံး အက်ကြောင်းကို သွားပြီးတော့ ချိုးဖောက်ကြ"
စောစောလေးက မေးခဲ့သည့် အလယ်အလတ် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ့နဖူးထက်တွင် ချွေးများပင် စို့လာလေ၏။ လတ်တလောလေးက လမ်းကိုးသွယ်တာအိုဂိုဏ်း၏ ခေါင်းဆောင်ကြီးနှင့် ပတ်သတ်ပြီး ကောလဟာလများစွာ ရှိနေခဲ့သည်။ တချို့က ခေါင်းဆောင်ကြီးသည် သေဆုံးသွားပြီဖြစ်ကြောင်း ပြောနေကြပြီး တချို့ကမူ သူသည် ပြန်လည်ဝင်စားမှုကို ရှောင်ရှားပြီး ကမ္ဘာသို့ ပြန်လာခဲ့သည့်အတွက် အမှောင်ဂိုဏ်းဆီမှ ဖိနှိပ်ခံထားရသည်ဟု ဆိုနေကြသည်။ သူက လမ်းကိုးသွယ်တာအိုဂိုဏ်း၏ တောင်နိမိတ်မှ ထွက်မလာနိုင်သည့် ကောလဟာလများပင် ရှိနေလေ၏။ ထိုကိစ္စက မဟာလက်ဝဲအိုနယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့နေကာ ဂိုဏ်းအားလုံးက စိတ်ဝင်စားနေကြသည်။
မိုးကောင်းကင်၏ လျို့ဝှက်ချက်များကို တွက်ချက်ကြည့်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်တချို့ပင် ရှိသည်။ သူတို့ ရရှိသည့် အဖြေက ဝေဝါးနေသော်လည်း ထိုသူက သေဆုံးသွားပြီဖြစ်ကြောင်းသာ ညွှန်ပြနေလေ၏။ ယခုအခါတွင် ကျောက်စိမ်းပြားမှ ပျံ့လွင့်လာသည့် စည်းချက်များက စကြဝဠာအဆင့် ဖြစ်သော်လည်း သူ့အအနေဖြင့် အပြည့်အဝ မသေချာပေ။ သို့သော် သူက အလောင်းအစား မထပ်ရဲပေ။
ထို့ကြောင့် သူက အံကြိတ်ကာ ဦးညွတ်လိုက်သည်။
"အမိန့်ကို နာခံကြ" သူက ပြောလိုက်ရင်း သူ့အကြည့်များက ဆုံးဖြတ်ချက် ပြတ်သားလေလေ၏။ သူက နေအဖွဲ့အစည်းကို သတ်ဖြတ်ငွေ့ဖြင့် လှမ်းကြည့်လိုက်သည်။ သူက ပထမဦးဆုံး ပြေးထွက်သွားသူဖြစ်ကာ တခြားဂိုဏ်းမှ သူများကလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားပြီး လူခုနှစ်ယောက် အုပ်စုက နေအဖွဲ့အစည်းထံ ချဥ်းကပ်လာပြီး နေအဖွဲ့အစည်းကို လွှမ်းခြုံထားသည့် ချပ်ပြားဝိုင်း အစွန်းတွင် ရပ်လိုက်ကြသည်။
သူတို့ ရောက်သွားသည်နှင့် ထိုလူခုနှစ်ဦးက စတင် တိုက်ခိုက်လိုက်ကြသည်။ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများ၏ စွမ်းအားအောက်တွင် သူတို့က ခုခံရေး အကာအကွယ်ကို တိုက်ခိုက်နေကြသည်။
ထိုစဥ် ချပ်ပြားဝိုင်း၏ ပုံရိပ်က တုန်ခါသွားကာ ပိုမိုပင် ကြည်လင်သွားသည်။ ဆရာရှင်းယီ၊ နံပါတ်တစ် ဂိုဏ်းတူ အစ်မကြီး၊ နံပါတ်နှစ် ဂိုဏ်းတူ အစ်ကိုကြီးနှင့် နတ်နွားကြီးတို့ကမူ နောက်ဆုတ်နေကြသော်လည်း သူတို့အားလုံးကို မတားဆီးနိုင်ပေ။ သို့သော်လည်း လမ်းကိုးသွယ်တာအိုဂိုဏ်းအပါအဝင် ထိပ်သီးဂိုဏ်း ၅ခုက ဆက်လက် ဖိနှိပ်ထားကြသည်။ တစ်ချိန်တည်းဆိုသလို သူတို့ တစ်ဦးချင်းစီက နေအဖွဲ့အစည်း၏ လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ ခုခံကာကွယ်ရေး အကာအရံကို တိုက်ခိုက်လေကြသည်။
ကျန်လူများကမူ မချဥ်းကပ်ကြပေ။
နေအဖွဲ့အစည်းအတွင်း ဝမ်ပေါင်လဲ့၏ ကျင့်ကြံရေးမှ လှိုင်းလုံးများက အဆင့် ၆၀ မှ အဆင့် ၇၀ အထိ ရောက်ရှိလာခဲ့သည်။ သူ့အရှိန်အဝါက ပိုမိုပင် ကြောက်ဖို့ကောင်းလာလေ၏။ သို့သော်လည်း လူအားလုံးက မရောက်ရှိကြသေးပေ။
ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။
လောကအဆင့်မြင့် ချပ်ပြားဝိုင်း၇ မပြီးပြည့်စုံသေးဘဲ ထောင့်တစ်နေရာ လိုအပ်နေသည်။ အကယ်၍ ဝမ်ပေါင်လဲ့က သာမန်ကြယ်နယ်မြေအဆင့် တက်လှမ်းလိုပါက လောကအဆင့်မြင့် ချပ်ပြားဝိုင်းသည် ပြည်ထောင်စုနဲ့ ပေါင်းစည်းမှုက သူ့အဆင့် တက်လှမ်းစေဖို့ လုံလောက်ပေသည်။
သို့သော်လည်း ဤတစ်ကြိမ် လိုအပ်နေသည့် ပမာဏက သာမန်ကြယ်နယ်မြေအဆင့်ထက် အဆရာချီ ပိုများလေသည်။ ထို့ကြောင့် လိုအပ်နေသည့် ထောင့်တစ်နေရာလေးက အရေးပါနေခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့က သူသည် အောင်မြင်ပါ့မလား မသေချာပေ။
ထို့ကြောင့် သူသည် လူအားလုံးရှေ့တွင် အဆင့်တက်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ သူက အာရုံစိုက်မှုကို ဆွဲဆောင်ချင်သည်။ သူက မဟာလက်ဝဲတာအိုနယ်မြေရှိ ဂိုဏ်းကြီးများနှင့် မျိုးနွယ်များအား ခြိမ်းခြောက်မှုကို ခံစားမိစေလိုသည်။ သူက လောကအဆင့်မြင့် ချပ်ပြားဝိုင်းနှင့် သူ့ကျင့်ကြံဆင့်အတွက် လုပ်နေခြင်း ဖြစ်ကာ သူတို့သာ ချပ်ပြားဝိုင်းအတွင်း ဝင်ရောက်လာသရွေ့ ဝမ်ပေါင်လဲ့က အချိန်တိုအတွင်း သူတို့၏ အသက်ဓာတ်ကို အသုံးချပြီး ချပ်ပြားဝိုင်းကို ပြုပြင်ဖို့ ယုံကြည်ချက် ရှိလေသည်။
သူ အဆင့်တက်ရာတွင် လိုအပ်နေသည့်အရာကိုလည်း ပြန်လည်ဖြည့်တင်းလို၏။
ဤသည်က ဝမ်ပေါင်လဲ့သည် ပြည်ထောင်စုသို့ ပြန်လာပြီး လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို လေ့လာပြီးသည့်နောက်တွင် ချထားခဲ့သည့် အစီအစဥ်တစ်ခု ဖြစ်၏။ သူက လောကအဆင့်မြင့် ချပ်ပြားဝိုင်းတွင် စကြဝဠာ ရွေ့ပြောင်းနိုင်သည့် စွမ်းရည်ပါနေကြောင်း သိလိုက်ရသည်။ တစ်ချိန်တည်းဆိုသလို ထိုအရာထဲတွင် အက်ကြောင်းတစ်ခု ရှိနေလေ၏။ ထို့ကြောင့် ထိုအရာ အသက်ဝင်လာသည်နှင့် အက်ကြောင်းက အန္တရာယ်အများဆုံး နေရာတစ်ခု ဖြစ်လာလိမ့်မည်။
သို့သော် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး၊ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး၊ နတ်နွားကြီးနှင့် ဆရာရှင်းယီတို့က ဟာကွက်များကို မထုတ်ဖော်ဘဲ ထိုအရာကို တားဆီးဖို့ အမှန်တကယ်ပင် စွမ်းအားကင်းမဲ့နေသော်လည်း လမ်းကိုးသွယ်တာအိုဂိုဏ်းနှင့် တခြားသော ဂိုဏ်းကြီးများက ငါးစာမဟပ်ခဲ့ကြပေ။ သူတို့က သတိကြီးလျက် ကျန်ရှိနေပြီး တခြားဂိုဏ်းမှ ကြယ်နယ်မြေအဆင့်များကိုသာ စေလွှတ်လိုက်၏။
အချိန်ကုန်လွန်လာသည်နှင့် သဲလွန်စများ ထွက်ပေါ်လာသည့်အခါ ထိုအားစိုက်ထုတ်မှုအားလုံးက အသုံးမဝင်ဖြစ်သွားလိမ့်မည်။ ထို့အပြင် ဝမ်ပေါင်လဲ့က မပြီးပြည့်စုံသည့် လောကအဆင့်မြင့် ချပ်ပြားဝိုင်းသည် သူ့အား အလွန်ဆုံး အဆင့် ၇၀ အထိသာ တိုးမြင့်ပေးနိုင်ကြောင်း ခန့်မှန်းထားပြီးသားဖြစ်၏။
ငါ ရိုးရိုးလေးပဲ တွေးမိသွားတယ်။ တကယ်လို့ ဆရာ ရောက်မလာရင်တောင် အဲဒီလူတွေက စွန့်စားကြမှာ မဟုတ်ဘူး။ ရလဒ်က အတူတူပဲ ဖြစ်နေအုံးမှာပဲ ...
ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ သူက အနည်းငယ် နောင်တရနေမိ၏။ အက်ကြောင်းထဲတွင် ကြယ်နယ်မြေအဆင့် ခုနှစ်ယောက် ရှိပြီး ချပ်ပြားဝိုင်း၏ တခြားနေရာတွင် နယ်မြေအဆင့် ခြောက်ယောက် ရှိလေသည်။
စုစုပေါင်းအားဖြင့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ ၁၃ယောက် ရှိ၏။ နှောင်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမှ လွဲ၍ ကျန်သူများက အစောပိုင်းအဆင့်သာ ဖြစ်ကြသည်။
တကယ်လို့ ငါ့သာ ဆယ်ယောက်လောက် ထပ်ရမယ်ဆိုရင် ...
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုစဥ် အက်ကြောင်းရှိအလွှာက တုန်ယင်သွားလေ၏။ ကြယ်နယ်မြေအဆင့် ခုနှစ်ဦးက သူတို့အားအပြည့်ဖြင့် အက်ကြောင်းကို တိုက်ခိုက်နေကြသည်။ ထိုအလွှာက ပွင့်ထွက်တော့မည့်ဆဲဆဲတွင် အလယ်အလတ် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ၏ မျက်ဝန်းအထက် အံ့အားသင့်မှု ဖြတ်ပြေးသွားသည်။ ထို့နောက် သူက တစ်စုံတစ်ခုကို ခံစားမိသွားဟန်ပေါ်၏။
သူ့အမူအရာက ပြောင်းလဲသွားကာ နောက်ဆုတ်တော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အေးစက်စက် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူက ကြာကြာ စောင့်ဆိုင်းမနေတော့ပေ။ သူက လက်ကို အသာမြှောက်ကာ လက်ညှိုးထိုးလိုက်၏။
"လည်ပတ်စေ"
သူက ထိုအရာကို ပြောလိုက်သည်နှင့် ဧရာမ လောကအဆင့်မြင့် ချပ်ပြားဝိုင်းက စတင်လည်ပတ်လာသည်။ ထိုအရာ လည်ပတ်လာသည်နှင့် နေရာပြောင်းရွေ့ရေးက ဖြစ်တည်လာကာ လမ်းကိုးသွယ်တာအိုဂိုဏ်းနှင့် တခြားဂိုဏ်းလေးခုမှ နှောင်းပိုင်းကြယ်နယ်မြေအဆင့် အကြီးအကဲများက အမူအရာ ပြောင်းလဲသွားကြသည်။ သူတို့က ရုတ်ချည်းဆိုသလို ထရပ်လိုက်ကြသည်။
အစောပိုင်းကြယ်နယ်မြေအဆင့် ကျင့်ကြံသူများ ခြောက်ယောက်၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို မှုန်ဝါးသွား၏။ ထိုနေရာတွင် ခုခံသည့် အရိပ်အယောင်လည်း မရှိပေ။ သူတို့က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။ သူတို့ပြန်ပေါ်လာသည့်အခါ သူတို့က အက်ကြောင်းအတွင်း ကူးသန်းပို့ဆောင်ခံလိုက်ရသည်။
"ဒါက ထောင်ချောက်ပဲ"
"ကျစ်"
လမ်းကိုးသွယ်တာအိုဂိုဏ်းအပါအဝင် ဂိုဏ်းကြီး ၅ခုက အော်ဟစ်လိုက်ကြသည်။ အက်ကြောင်းအတွင်း ကူးပြောင်းခံလိုက်ရသည်။ ခြောက်ယောက်မြောက် ကျင့်ကြံသူကိုလည်း အမူအရာ ပြောင်းလဲသွားလေ၏။ အလယ်အလတ်အဆင့် ကြယ်နယ်မြေအဆင့် ကျင့်ကြံဆင့်ဖြင့် သူက ထွက်ပြေးဖို့ လုပ်ဆောင်လိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင်
"ပိတ်နှောင်စေ"
နေမင်းပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့က ရက်စက်သည့် အကြည့်မျိုး ရှိနေလေ၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည့်အခါ အက်ကြောင်းမှ လောကအဆင့်မြင့် ချပ်ပြားဝိုင်းတွင် အားကောင်းသည့် ပိတ်ဆို့ရေးစွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာက တည်နေရာအားလုံးကို ပိတ်ဆို့ပြီး အထဲရှိ ကျင့်ကြံသူများအား အပြင်သို့ မထွက်အောင် တားဆီးထားသည်။
"ဝမ်ပေါင်လဲ့" အက်ကြောင်း အပြင်ဘက်နှင့် အတွင်းဘက်မှ အော်သံများ ထွက်ပေါ်လာသည်။ လမ်းကိုးသွယ်တာအိုဂိုဏ်းမှ အဖြူဝတ် အကြီးအကဲနှင့် တခြားဂိုဏ်းလေးခုမှ နှောင်းပိုင်းကြယ်နယ်မြေအဆင့် ကျင့်ကြံသူများကလည်း တစ်ပြိုင်နက် အော်ဟစ်လိုက်ကြ၏။ သို့သော်လည်း သူတို့က ပြေးထွက်တော့မည့်ဆဲဆဲတွင် မီးပင်လယ်က ဆင်းသက်လာကာ လမ်းတွင်ရှိသမျှ အရာအားလုံးကို လွှမ်းခြုံသွားလေသည်။
မီးတောက်ခေါင်းဆောင်ကြီးက လေဟုန်မှ ဆင်းသက်လာ၏။
သူ့လက်တစ်ချက်အဝှေ့တွင် သူက ထိုငါးယောက်ကို ပိတ်ဆို့လိုက်သည်။
"မီးတောက် မင်း လုပ်ရဲတယ်လား။ ငါတို့ လမ်းကိုးသွယ်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးက မင်းကို သေချာပေါက် ကျော်လွှားနိုင်တယ်။" လမ်းကိုးသွယ်တာအိုဂိုဏ်း၏ အဖြူဝတ် ကျင့်ကြံသူက အော်ဟစ်ကာ ပြောလိုက်သည်။
"ကျော်လွှားနိုင်တယ်တဲ့လား။ မင်းတို့ဂိုဏ်းရဲ့ မန္တန်အစီအရင်ရဲ့ အကူအညီနဲ့ စကြဝဠာအဆင့်ကို အချိန်တိုရောက်နိုင်တာကို ပြောတာလား။ သူက ထွက်ရော ထွက်လာရဲလို့လား။ သူက ဘာလို့များ နတ်ဧကရာဇ် အယောင်ဆောင်နေရတာလဲ။ မင်းအဘိုးက မဟာလက်ဝဲတာအိုနယ်မြေထဲမှာ တစ်ဦးတည်းသော နတ်ဧကရာဇ်ပဲကွ။ သူက ငါ့ကို အရင်တစ်ခေါက်က ခြောက်လှန့်နိုင်ခဲ့ပေမဲ့ အခုထပ်ပြီး ခြောက်လှန့်ချင်နေတုန်းလား"
မီးတောက် ခေါင်းဆောင်ကြီးက သရော်ကာ ပြောလိုက်သည်။
လမ်းကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက သူတိုဂိုဏ်းမှ ထွက်မလာရဲသည့် ကောလဟာလများမှာ သူ့ကြောင့် ဖြစ်ပေါ်လာခြင်းဖြ စ်၏။ တစ်ချိန်တည်းဆိုသလို မီးတောက် ခေါင်းဆောင်ကြီးက ဂိုဏ်း ၅ဂိုဏ်းမှ အကြီးအကဲများနှင့် တိုက်ခိုက်နေစဥ် ဝမ်ပေါင်လဲ့က အေးစက်စက်ဖြင့် ထပ်မံပြောလိုက်သည်။
"စတေးစေ"
သူ ပြောလိုက်သည့်အခါ နေအဖွဲ့အစည်းနှင့် လောကအဆင့်မြင့် ချပ်ပြားဝိုင်းမှ အားပြင်းပြင်း စုပ်ယူအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ အရာအားလုံးက ပြီးပြည့်စုံနေသော်လည်း ထိုစုပ်ယူအား ပေါ်ထွက်လာသည့်အခါ အက်ကြောင်းက လူအားလုံး၏ တိုက်ကွက်ပစ်မှတ် ဖြစ်လာခဲ့သည်။
ထိုနေရာကို စည်းပိတ်လိုက်ပြီ ဖြစ်၏။ ကြယ်နယ်မြေအဆင့် ၁၃ ယောက်၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားကြသည်။ သူတို့က အက်ကြောင်းကို ချိုးဖောက်ဖို့ ကြိုးစားနေကြသော်လည်း မဖြစ်နိုင်ပေ။
နောက်အခိုက်အတန့်တွင် ထို ၁၃ယောက်၏ ခန္ဓာကိုယ်များက ပြင်းပြင်းထန်ထန် တုန်ယင်လာလေ၏။ သူတို့၏ ခေါင်းမှစ၍ ဒွါရခုနှစ်ပေါက်၊ အသွေးအသား တစ်လက်မချင်းစီအထိ၊ သူတို့၏ အရိုးတစ်လက်မချင်းစီနှင့် သူတို့၏ ဝိညာဥ်တစ်လက်မချင်းစီအထိ သူတို့၏ မူလစွမ်းအင်က စုပ်ယူအားကြောင့် ကုန်ခမ်းသွားသည်။ ထိုအရာက အဖြူရောင်မြူခိုးအဖြစ် ပြောင်းလဲလိုက်သလိုမျိုး လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ အစွန်အဖျားသို့ ဦးတည်သွားလေ၏။
ဤသို့သော စုပ်ယူအားမျိုးက အင်မတန် အားပြင်းလှသည်။ ထို့ကြောင့် လူ ၁၃ယောက်၏ မူလစွမ်းအားကို စုပ်ယူလိုက်သည်နှင့် သူတို့က တစ်ခါမှ မတွေ့ကြုံဖူးသည့် နာကျင်မှုမျိုးကို ခံစားလိုက်ရသည်။ ကျင့်ကြံသူ ၁၃ယောက်က နာကျင်စွာ အော်ညည်းလိုက်ကြ၏။
သူတို့၏ ခန္ဓာကိုယ်က မျက်စိဖြင့် မမြင်နိုင်လောက်အောင် ရှုံ့တွလာကာ သူတို့၏ ဝိညာဥ်များပင် ထိုးဖောက်မြင်ရလာသည်။ သူတို့၏ အသက်ဓာတ်၊ ကျင့်ကြံရေးနှင့် သူတို့၏ တည်ရှိမှုတိုင်းအားလုံးက လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ စုပ်ယူအားကြောင့် စုပ်ယူခံလိုက်ရသည်။
ထိုစုပ်ယူအားက အဆုံးသတ်သွားသည့်အခါ လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ ပျောက်ဆုံးနေသော ထောင့်က ပြီးပြည့်စုံသည့် ကိုယ်ထည် မရှိသေးသော်လည်း ပုံရိပ်ယောင် ကြိုးမျှင်များ ပေါ်ထွက်လာခဲ့သည်။ သူတို့က တစ်ခုနှင့်တစ်ခု အချင်းချင်း ရစ်ပတ်ကာ လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို ပုံရိပ်ယောင် အနေဖြင့် ပြီးပြည့်စုံသွားစေသည်။
ထိုစဥ် ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က ပေါက်ထွက်လာသည်။
အဆင့် ၇၀၊ အဆင့် ၇၅ ၊ အဆင့် ၈၀ ၊ အဆင့် ၈၅ ၊ အဆင့် ၉၀ ...
သူ့ဆံပင်များက လေထဲတွင် တလူလူ လွင့်နေလေသည်။ သူ့စိတ်ဝိညာဥ်က ထွက်ပေါ်လာ၏။ ထိုအရာက မဟာတာအိုနဲ့ သဟဇာတဖြစ်နေသည့် ဧရာမကြီး ဖြစ်သည်။ သူ့အပြင်ပိုင်း ခန္ဓာက ကြယ်တာရာကောင်းကင်နှင့် သဟဇာတဖြစ်နေဟန်ပေါ်သည်။ ထို့နောက် သူ့ကျင့်ကြံဆင့်က ထာဝရကြယ် အဆင့် ၉၅ သို့ ရောက်ရှိသွားတော့သည်။