အခန်း (၁၂၀၄)
Vol. 87 Ch. 1204
ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က ၉၅ဆင့်သို့ ရောက်ရှိလာသည်နှင့် လောကအဆင့်မြင့် ချပ်ပြားဝိုင်းထဲမှ အက်ကြောင်းထဲရှိ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်က စူးစူးဝါးဝါး အော်ဟစ်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ခြောက်သွေ့သွားပြီး သူတို့က အမှုန့်အဖြစ် ပြောင်းလဲသွားသလိုမျိုး ကြယ်တာရာကောင်းကင်ထဲ လွင့်မျောကာ ပျောက်ကွယ်သွားခဲ့သည်။
သူတို့ ခန္ဓာကိုယ်၊ အသက်ဓာတ်၊ ဝိညာဥ်၊ ကျင့်ကြံဆင့်နှင့် အရာအားလုံးက လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ လစ်ဟာနေသော ထောင့်တစ်နေရာကို ကာမိစေဖို့အတွက် စတေးခံလိုက်ရသည်။
သို့သော် သူတို့ကို စတေးလိုက်လျှင်ပင် လောကအဆင့်မြင့် ချပ်ပြားဝိုင်းက လစ်ဟာနေသည့်အရာကို ကာမိအောင် မလုပ်နိုင်သေးပေ။
လစ်ဟာနေသည့်အရာကို ဖြည့်နိုင်မည့် တကယ့်အစစ်အမှန် နည်းလမ်းက လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို အမှန်တကယ် ပြီးပြည့်စုံစေဖို့ ဖြစ်၏။ ထိုအရာက အင်မတန် ခက်ခဲလွန်းလှသည်။ ဝမ်ပေါင်လဲ့၏ တွက်ဆထားမှုများအရ သူက ထိုသို့လုပ်လိုလျှင် စတေးဖို့လိုအပ်သည့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ အရေအတွက်က အမြောက်အမြား ဖြစ်နေလိမ့်မည်။ အကယ်၍ သူက စကြဝဠာ နတ်ဧကရာဇ်တစ်ယောက်ကို စတေးဖို့ စွမ်းရည်ရှိပါက ထိုသို့လုပ်ဆောင်နိုင်သည်။
ထိုအရာအပြင် တခြားနည်းလမ်းလည်း ရှိနေသေး၏။ ထိုအရာက အလွန့်အလွန် အဖိုးတန်သည့် သဘာဝ ရတနာများကို ရှာဖို့ ဖြစ်၏။ သို့မဟုတ် ကျောက်ပြားကမ္ဘာတစ်ခုလုံး၌ အချိန်၏ အလေးချိန်ကို သယ်ဆောင်ထားသည့် အဓိပ္ပာယ်ရှိနေသော ဝိညာဥ်ကို ရှာဖွေဖို့ ဖြစ်သည်။
ထိုအရာက နည်းလမ်းများစွာ ရှိနေဟန် ထင်ရသော်လည်း လက်တွေ့တွင်မူ မည်သည့်အရာကမှ မဖြစ်နိုင်ပေ။
ဝမ်ပေါင်လဲ့က လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို လေ့လာပြီးသည့်နောက်တွင် နည်းလမ်းတစ်ခုကို စဥ်းစားမိခဲ့ခြင်း ဖြစ်၏။ သူက ဟာကွက်ကို တကယ့်ပစ္စည်းများဖြင့် ပြန်လည်ဖြည့်တင်းဖို့ ကြိုးစားမည် မဟုတ်ပေ။ ထိုအစား သူက လောကအဆင့်မြင့် ချပ်ပြားဝိုင်းရှိ အက်ကြောင်းကို ဖြည့်စည်းဖို့ ဝိညာဥ်ချီနှင့် ဝိညာဥ်ပမာဏ အမြောက်အမြားကို အသုံးပြုပြီး ပုံရိပ်ယောင် ကွန်ယက်တစ်ခု ဖွဲ့စည်းမည် ဖြစ်သည်။
ထို့နောက် သူက သူ့ကိုယ်သူ ထောက်ပံ့ကာ ကြယ်နယ်မြေအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်။ သို့သော်လည်း ယခု သူ့ကျင့်ကြံဆင့်က ပြီးပြည့်စုံသည့် ထာဝရာကြယ်အဆင့်၏ အဆင့် ၉၅သို့ ရောက်ရှိနေပြီဖြစ်၏။ ဝမ်ပေါင်လဲ့က ယခု လောကအဆင့်မြင့် ချပ်ပြားဝိုင်းသည် အင်အားမဲ့သွားကြောင်း ခံစားမိလိုက်သည်။
ကျင့်ကြံသူဒါဇင်ချီက လောကအဆင့်မြင့် ချပ်ပြားဝိုင်း အက်ကြောင်း၏ ၆၀ရာခိုင်နှုန်းကိုသာ ဖြည့်စည်းနိုင်ကြောင်း သိလိုက်ရသည်။
“နှမြောစရာပဲ” ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ သူက နောင်တရနေမိ၏။ သို့သော်လည်း ထိုမြင်ကွင်းက နေအဖွဲ့အစည်းအပြင်ဘက်ရှိ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်များမှ အားကောင်းသော ကျင့်ကြံသူများအတွက် တုန်လှုပ်ဖွယ် ကိစ္စရပ် ဖြစ်နေ၏။
“ဒါက …”
“တကယ့်ကို ရက်စက်တဲ့ကောင်ပဲ”
“ကြယ်နယ်မြေအဆင့်က ကျင့်ကြံသူတွေကို စတေးပြီးတော့ အက်ကြောင်းကို ဖြည့်တာတဲ့လား။ ဝမ်ပေါင်လဲ့ မင်းက ယုတ်မာလွန်းတယ်။”
နေအဖွဲ့အစည်း အပြင်ဘက်တွင် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ၏ အော်သံများက ထွက်ပေါ်လာလေ၏။ လမ်းကိုးသွယ်တာအိုဂိုဏ်းမှ အဖြူဝတ် လူအိုကြီးကလည်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ဝမ်ပေါင်လဲ့၏ လုပ်ရပ်ကြောင့် အံ့အားသင့်နေရင်း မသိမသာ နောက်ဆုတ်လိုက်မိပြီး နေအဖွဲ့အစည်းကို စိုက်ကြည့်နေမိသည်။ တခြားဂိုဏ်းကြီးလေးခုမှ နှောင်းပိုင်း ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများကလည်း နောက်ဆုတ်လိုက်ကြသည်။
မီးတောက် ခေါင်းဆောင်ကြီးက သူတို့ကို မတားခဲ့ပေ။ သူက အေးစက်စက် သရော်ကာ နေအဖွဲ့အစည်း အပြင်ဘက်တွင် ရပ်နေလေ၏။ သူ့အကြီးဆုံးတပည့်၊ ဒုတိယတပည့်နှင့် နတ်နွားကြီးတို့ကလည်း အလျင်အမြန် စုဝေးလာကြသည်။ ဆရာရှင်းယီက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် အလျင်အမြန် ရောက်ရှိလာ၏။ သူက လက်နှစ်ဖက်ယှက်ကာ မီးတောက်ခေါင်းဆောင်ကြီးကို အရိုအသေ ပြုလိုက်သည်။
မီးတောက်ခေါင်းဆောင်ကြီးက ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက လမ်းကိုးသွယ်တာအိုဂိုဏ်းနှင့် တခြားဂိုဏ်းကြီးမှ လူများကို ကြည့်ကာ သူ့မျက်ဝန်းအထက် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
“လာကြလေ။ အထဲဝင်ကြအုံး။ ဒီတစ်ခါ ငါမင်းတို့ကို မတားတော့ဘူး။”
လမ်းကိုးသွယ်တာအိုဂိုဏ်းမှ အဖြူဝတ်လူအိုကြီးက မျက်မှောင်ကြုတ်လိုက်သည်။ သူက ဝေခွဲမရ ဖြစ်နေမိ၏။ အကယ်၍ သူသာ တိုက်ခိုက်လိုက်လျှင် လောကအဆင့်မြင့် ချပ်ပြားဝိုင်းတွင် စုပ်ယူအား ဆက်ရှိနေမည်ကို စိုးရိမ်နေမိသည်။ သူက မတိုက်ခိုက်လျှင်လည်း တုံ့ဆိုင်းနေသည်က ရွေးချယ်စရာ မဟုတ်ကြောင်း သိနေ၏။
တခြားဂိုဏ်းကြီးလေးခုမှ အကြီးအကဲများကလည်း မှုန်မှုန်မှိုင်းမှိုင်း အမူအရာမျိုး ရှိနေကြသည်။ သူတို့က အက်ကြောင်းရှိ အန္တရာယ်ကို ခံစားမိသော်လည်း အန္တရာယ်က အမှန်တကယ် ကြီးမားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
နေမင်းပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့သည် ပြီးပြည့်စုံသည့် အဆင့်ကို မရရှိသေးကြောင်း မြင်ရသည်က ကိစ္စကောင်းတစ်ခု ဖြစ်၏။ ဤနည်းဖြင့် သူတို့က သူတို့ ရည်မှန်းချက်ကို ရယူနိုင်သေးသည်။
“ဝမ်ပေါင်လဲ့ မင်းက ငါတို့ရဲ့ သဘောတူညီချက်ကို လိုက်နာရင် ငါတို့ဘက်က လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို မလိုဘူး။ မဟာလက်ဝဲတာအိုနယ်မြေက မင်းရဲ့ ပြည်ထောင်စု အဆင့်တိုးလာတာကို ကြိုဆိုပြီးတော့ အသိအမှတ်ပြုပေးမယ်။ တစ်ယောက် နဲ့တစ်ယောက် မဟာမိတ်ဖွဲ့ပြီးတော့ တိုက်ခိုက်တာကို ရပ်ကြမယ်။”
လမ်းကိုးသွယ်တာအိုဂိုဏ်းမှ အဖြူဝတ် အကြီးအကဲက ရုတ်တရက် ထပြောလိုက်၏။
ဝမ်ပေါင်လဲ့၏ အဖြေကို မစောင့်ဘဲ ထိုလူက ထပ်မံ ပြောလိုက်သည်။
“ပထမဦးဆုံး မင်းက ကြယ်နယ်မြေအဆင့် ချက်ချင်း တက်လှမ်းရမယ်။ ပြီးပြည့်စုံတဲ့အဆင့်ထိ သွားလို့ မရဘူး။ ဒုတိယအနေနဲ့ ပြည်ထောင်စုက နောက်နှစ်တစ်သောင်း ကြာတဲ့အထိ ချဲ့ထွင်လို့ မရဘဲနဲ့ ဒီအနေအထားကို ထိန်းထားရမယ်။
တတိယအနေနဲ့ မင်းက မဟာလက်ဝဲတာအိုနယ်မြေရဲ့ လွှတ်တော်ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရမယ်။ ဒီအချက် ၃ခုကို မင်းသဘောတူတယ်ဆိုရင် မဟာလက်ဝဲတာအိုနယ်မြေက မင်းကို ပြည်ထောင်စုထဲမှာ နေရာတစ်ခုပေးပြီးတော့ ကာကွယ်ပေးထားမယ်။ မင်း တကယ်လို့ သဘောမတူဘူးဆိုရင်တော့ ဒီနေ့ ငါတို့က အားအပြည့်တိုက်ခိုက်ပြီးတော့ မင်းရဲ့ ပြည်ထောင်စုကို ဖျက်ဆီးပစ်မယ်။”
အဖြူဝတ် အကြီးအကဲက အရှိန်အဝါ ထုတ်လွှင့်ရင်း ပြောလိုက်သည်။ လမ်းကိုးသွယ်တာအိုဂိုဏ်းမှ တခြားသော ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများကလည်း တူညီစွာ အရှိန်အဝါကို ထုတ်လွှင့်လိုက်ကြ၍ ကြယ်တာရာ ကောင်းကင်ကပင် တုန်ခါသွားဟန်ပေါ်သည်။
မဟာတာအို သံကြိုးကိုးခုကလည်း ရုတ်ချည်းထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။
တခြားဂိုဏ်းကြီးလေးခုကလည်း အတူတူ လှုပ်ရှားလိုက်ကြသည်။ မီးပြင်းဖိုက တုန်ခါလာကာ ဧရာမ လူဘီလူးကြီးက အော်ဟစ်လိုက်သည်။ ကောင်းကင် ထိုးခွင်းရေး ပုဆိန်နှင့် ဥက္ကာပျံတို့ကလည်း တာအိုအရှိန်အဝါများ ထုတ်လွှင့်ကာ နေအဖွဲ့အစည်း၏ ကံကြမ္မာကို ဆုံးဖြတ်ပေးချင်နေဟန် ပေါ်သည်။
ပတ်ဝန်းကျင်တွင် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ ၅၀ ကျော်၏ အရှိန်အဝါများဖြင့် ကြယ်တာရာ ကောင်းကင်ကြီးက ပြိုလဲလုနီးပါး ဖြစ်လာလေ၏။
ထိုအရာဖြင့် ရင်ဆိုင်ရသည့်အခါ မီးတောက်ခေါင်းဆောင်ကြီး၏ အမူအရာပင် ပြောင်းလဲသွားခဲ့သည်။ နတ်နွားကြီးနှင့် သူ့အကြီးဆုံး တပည့်တို့က သူ့ကိုယ်ပွားများသာဖြစ်သည့်အတွက် တစ်ယောက်တည်းဟုသာ ယူဆနိုင်သည်။ သူ့ဒုတိယ တပည့်ကမူ အမူအရာကင်းမဲ့လျက် ရှိနေသော်လည်း သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက် ချထားမှုကို တွေ့နိုင်သည်။
ကျယ်ပြန့်တာအိုနန်းတော်မှ ဆရာရှင်းယီကမူ မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခု စဥ်းစားနေဟန်ပေါ်၏။ သို့သော်လည်း သူက အဆုံးသတ်တွင် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မျက်ဝန်းအထက် ဆုံးဖြတ်ချက် ချလိုက်သည့် အရိပ်အယောင် ပေါ်ထွက်လာသည်။ သူ့တိုက်ခိုက်လိုစိတ်တို့ကလည်း မြင့်တက်လာ၏။
နှစ်ဖက်လုံးက မဆုတ်သာ မတိုးသာ အခြေအနေရောက်ရှိနေသည်ကို မြင်သည့်အခါ မီးတောက် ခေါင်းဆောင်ကြီးက ဝမ်ပေါင်လဲ့ဆီ အသံပို့ဆောင်ကာ ပြောလိုက်သည်။
“ပေါင်လဲ့ … ငါ ဒီတစ်ခါ လောမိသွားတယ်။ မင်းရဲ့ အစီအစဥ်ကိုပဲ ထုတ်သုံးလိုက်တော့။ ငါ့ရဲ့ ကျင့်ကြံဆင့် တစ်စိတ်တစ်ပိုင်းကို စတေးပြီးတော့ အက်ကြောင်းကို ဖိနှိပ်ပေးထားရမလား။”
“ဆရာက ကျွန်တော်ကို ဂရုစိုက်တာကို သိပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်ကိစ္စက ကျွန်တော် မှားယွင်းတွက်ချက်မိတာပါ။ ဆရာ့ အပြစ်မဟုတ်ပါဘူး။”
ဝမ်ပေါင်လဲ့က ထရပ်ကာ နေအဖွဲ့အစည်း အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။ သူက သူ့ဆရာထံ ဦးညွတ်လိုက်၏။
သူက လမ်းကိုးသွယ်တာအိုဂိုဏ်းနှင့် တခြားဂိုဏ်းမှ လူများကို ကြည့်လိုက်စဥ် သတ်ဖြတ်ငွေ့ ဖြတ်ပြေးသွားသည်။
သူက ထိုဂိုဏ်းများအပေါ် ကြံစည်နေခဲ့သော်လည်း သူတို့သာ ရောက်မလာပါက ယခင် မတော်တဆ ဖြစ်ရပ် ဖြစ်လာမည် မဟုတ်ပေ။
ငါ နည်းနည်းလေး လိုအပ်နေသေးတယ် …
ဝမ်ပေါင်လဲ့၏ အကြည့်များက ဆုံးဖြတ်ချက် ပြတ်သားနေလေ၏။ သူက ဆုံးဖြတ်ချက် ဝေဝါးသည့်သူ မဟုတ်ပေ။ သူက နောက်ဆုံးလှုပ်ရှားမှုအတွက် သူ့ဆရာ၏ အကူအညီကို လိုအပ်နေသော်လည်း သူ့ဆရာအပေါ် များစွာ သက်ရောက်မှု ရှိမည် မဟုတ်ပေ။
ဤအချိန်က သူ့အနေဖြင့် အစားထိုးရှာဖို့ရာ လုံလောက်နေပြီ ဖြစ်၏။
ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က အသံပို့ဆောင်ကာ ပြောလိုက်သည်။
“ဆရာ ကိုယ်တိုင် ဖိနှိပ်ဖို့ မလိုပါဘူး။ မီးတောက် ကြယ်စင်စုကို ဆွဲပြီးတော့ အက်ကြောင်းကို ဖိနှိပ်ပေးထားလို့ ရတယ်။ ဒီမန္တန်က မီးတောက်ကြယ်စင်စုထဲက ဝိညာဥ်ချီတွေကိုတော့ ဆုံးရှုံးသွားစေလိမ့်မယ်။ ဒါပေမဲ့ နှစ်တစ်ဝက်အတွင်းမှာ ကျွန်တော် အစားထိုး ရှာပေးပါ့မယ်။
မီးတောက် ကြယ်စင်စုကို ထုတ်လွှင့်လိုက်တာနဲ့ အခု လိုအပ်နေတဲ့ ချီကို ပြန်လည် အားဖြည့်နိုင်လိမ့်မယ်။ ဒါပေမဲ့ နှစ်တစ်ဝက်အတွင်းမှာ မီးတောက်ကြယ်စင်စုရဲ့ ဖိနှိပ်ထားမှုကြောင့် ဆရာက ပြည်ထောင်စုကနေ ထွက်သွားနိုင်လောက်မှာ မဟုတ်လောက်ဘူး။”
“ဒါပဲလား။” မီးတောက်ခေါင်းဆောင်ကြီးက ရယ်မောလိုက်သည်။ သူက ထိုအကြောင်းကို လုံးလုံးဂရုစိုက်ဟန် မပေါ်ပေ။ သူက ဝမ်ပေါင်လဲ့ ပြောနေသည့် စကားများကိုပင် ဂရုမစိုက်တော့ဘဲ ညာဘက်လက်ကို မြှောက်ကာ လေထုထဲကို ဆွဲယူဟန် ပြုလုပ်လိုက်သည်။
ထိုဆွဲယူလိုက်သည့်ဟန်ဖြင့် လေထုထဲ မီးဘောလုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။ မီးတောက်ခေါင်းဆောင်ကြီးက လက်ထဲတွင် ကိုင်ကာ အက်ကြောင်းထဲ ပစ်ထည့်လိုက်၏။
မီးတောက်ဘောလုံးက အလျင်အမြန် ရွေ့လျားလာသည်။ ထိုအရာက အက်ကြောင်းဆီ ရောက်ရှိလာပြီး ချက်ချင်းဆိုသလို ကျယ်ပြန့်သွားလေ၏။ ချက်ချင်းဆိုသလို လေဟာနယ်က တုန်ခါသွားကာ မီးတောက်ဘောလုံးက ပိုမိုကြီးမားသထက် ကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက အက်ကြောင်း၏ အရွယ်အစား ဖြစ်လာလေ၏။ အထဲရှိ မီးတောက်များက တောက်လောင်နေပြီး ကျယ်ပြန့်သည့် ကြယ်စင်စုကို မြင်တွေ့နိုင်သည်။
ဤအရာက မီးတောက်ကြယ်စင်စု ဖြစ်၏။
ထိုမြင်ကွင်းက အဖြူဝတ် ကျင့်ကြံသူနှင့် တခြားသူများကို ကြောင်အမ်းသွားစေကာ အမူအရာ ပြောင်းလဲသွားစေသည်။ သူတို့က ရပ်တန့်လိုသော်လည်း မဖြစ်နိုင်မှန်း သိသာလှ၏။ နောက်အခိုက်အတန့်တွင် မီးဘောလုံး ပေါ်ထွက်လာသည်နှင့် အက်ကြောင်းထဲ တိုက်ရိုက်ကျရောက်သွားသည်။
အသံကျယ်ကြီးနှင့်အတူ နေအဖွဲ့အစည်းက အပြင်းအထန် လှုပ်ခတ်သွား၏။ မီးဘောလုံးမှ ဝိညာဥ် စွမ်းအား အမြောက်အမြား ထွက်ပေါ်လာသည်။ ထိုဝိညာဥ်စွမ်းအား အမြောက်အမြားများက ပျံ့နှံ့သွားပြီး လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ ထောင့်တစ်နေရာကို ဖြည့်စည်းမည့် ကြိးမျှင်များအဖြစ် ဖွဲ့စည်းသွားကာ နဂို ၆၀ ရာခိုင်နှုန်း ပြည့်နှက်နေပြီးသား အက်ကြောင်းက ချက်ချင်းဆိုသလို ပြည့်နှက်သွား၏။
ထိုအရာက မပြီးပြည့်စုံသေးသော်လည်း အက်ကြောင်းကို ဖြည့်စည်းနေသည့် ကဏ္ဍမှ ကြည့်လျှင် ပြီးပြည့်စုံသည်ဟု ယူဆ၍ ရပေသည်။
အက်ကြောင်းကို ဖြည့်စည်းခြင်းက ပြီးမြောက်သွားသည်နှင့် လောကအဆင့်မြင့် ချပ်ပြားဝိုင်းသည် တုန်ယင်သွားလေ၏။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က ထပ်မံ မြင့်တက်လာခဲ့သည်။
၉၆ ဆင့်
၉၇ … ၉၈ … ၉၉ … ၁၀၀ အထိ ရောက်ရှိသွားခဲ့သည်။
ဝမ်ပေါင်လဲ့၏ ဆံပင်များက လေထဲတွင် တလူလူ လွင့်နေပြီး သူ့အရှိန်အဝါက သိသိသာသာ တိုးမြင့်လာသည်။ နေအဖွဲ့အစည်း အပြင်ဘက်ရှိ လူအားလုံးက တုန်ခါသွားကြပြီး သူတို့ မျက်ဝန်းအထက် အလင်းတချက် ဖြတ်ပြေးသွားသည်။
“ဘာလို့လဲ။ ခင်ဗျားတို့က ကျုပ်ကို အချုပ်အနှောင်တွေ ပေးနေမဲ့အစား ခင်ဗျားတို့ကို ကျုပ်က လိုက်နာရမဲ့ အချက်သုံးချက် ပေးတဲ့သူ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီနေ့ ကျုပ် ဝမ်ပေါင်လဲ့က ကြယ်နယ်မြေအဆင့်ကို တက်လှမ်းပြမယ်။”
သူက ပြောလိုက်ရင်းဖြင့် သူ့ခန္ဓာကိုယ်ထဲမှ အသံကျယ်တစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက မဟာတာအိုကိုပင် လှုပ်ခတ်သွားစေပြီး နေအဖွဲ့အစည်းတစ်ခုလုံးက တစ်သားတည်းအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွားကာ သဘာဝစည်းမျဥ်း ဥပဒေသများက အရူးအမူး ပေါက်ထွက်လာခဲ့သည်။