← Chapters

အခန်း (၁၂၀၅)

Vol. 87 Ch. 1205

အခန်း (၁၂၀၅)

Vol. 87 Ch. 1205

“ဝမ်ပေါင်လဲ့” လမ်းကိုးသွယ်တာအိုဂိုဏ်းမှ အဖြူဝတ် အကြီးအကဲက အော်ပြောလိုက်သည်။ တခြားဂိုဏ်းကြီး လေးဂိုဏ်းမှ အကြီးအကဲများကလည်း အတူတူသာ ဖြစ်၏။ သူတို့တွင် သတ်ဖြတ်ငွေ့များဖြင့် ပြည့်နှက်နေသည်။ ယခင်တွင် သူတို့က တစ်ယောက်နှင့်တစ်ယောက်ကြား ပြင်လွယ်ပြောင်းလွယ် အခြေအနေရှိခဲ့ကြသော်လည်း ယခုအခါ သူတို့၏ တိုက်ခိုက်မှုနှင့် ဖိအားအောက်တွင် ဝမ်ပေါင်လဲ့က ပြီးပြည့်စုံသည့် ကြယ်နယ်မြေအဆင့်သို့ တက်လှမ်းရန် ရွေးချယ်ခဲ့သည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ သဘောထားကို ပြသနေခြင်း ဖြစ်၏။

သူ့စကားက အဖြူဝတ်အကြီးအကဲနှင့် တခြားသူများကို ပိုမိုဒေါသထွက်သွားစေသည်။ ဝမ်ပေါင်လဲ့က အဆင့်တက်လှမ်းတော့မည်ကို မြင်ကာ ငါးယောက်သားက အချင်းချင်းကြည့်ပြီး တုံ့ဆိုင်းနေခြင်း မရှိတော့ပေ။ သူတို့က တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြ၏။

မီးတောက် ဧကရာဇ်က သူတို့ကို တားဆီးတော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့၏ အသံက ကောင်းကင်အထက် ပျံ့နှံ့လာခဲ့သည်။

“ဆရာ သူတို့ကို တားဖို့မလိုဘူး။ နေအဖွဲ့အစည်းဆီ ပြန်ပြီးတော့သာ အနားယူလိုက်ပါ။ ကျန်တာ ကျွန်တော် ကိုင်တွယ်လိုက်မယ်။ တပည့် အဆင့်တက်လှမ်းပြီးသွားရင် သူတို့ဂိုဏ်းဆီ သွားပြီးတော့ ကောင်းကောင်း သွားတွေ့ရသေးတာပေါ့။”

မီးတောက်ခေါင်းဆောင်ကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ့လက်တစ်ချက်အဝှေ့တွင် သူက သူ့ကိုယ်ပိုင်တပည့်နှစ်ယောက်၊ ဆရာရှင်းယီနှင့် နတ်နွားကြီးတို့ကို နေအဖွဲ့အစည်းအတွင်း ဆွဲခေါ်သွားလေသည်။ သူတို့ဝင်ရောက်သွားသည်နှင့် ဂိုဏ်းကြီး ၅ဂိုဏ်းမှ လူများကလည်း လှုပ်ရှားလာကြသည်။

လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သံကြိုးကိုးခုက အကန့်အသတ်မရှိ ပျံ့နှံ့ထွက်လာပြီး နေအဖွဲ့အစည်းကို တစ်လွှာပြီးတစ်လွှာ ရစ်ပတ်ထား၍ အသံကျယ်ကျယ်များ ထွက်ပေါ်လာလေ၏။ ဧရာမ လူကြီးက လက်ကို ဝှေ့ယမ်းကာ ကောင်းကင်ထိုးခွင်းရေး ပုဆိန်ကို ကိုင်ဆောင်ထားသည်။ ဂိုဏ်းနှစ်ဂိုဏ်းက သူတို့၏ တာအိုနှစ်ခုကို ပူးပေါင်းလိုက်ဟန်ပေါ်၏။ ထိုပုဆိန်က လောကအဆင့်မြင့် ချပ်ပြားဝိုင်းပေါ်ရှိ ခုခံကာကွယ်ရေး အကာအရံကို ရိုက်ခတ်လာသည်။

အသံက ကျယ်လောင်လွန်းသည့်အတွက် နေအဖွဲ့အစည်းကို ကာကွယ်ထားသည့် လောကအဆင့်မြင့် ချပ်ပြားဝိုင်းက အကြိမ်အနည်းငယ် တုန်ရီသွားသည်။ ထိုအရာက အနည်းငယ် ချိုင့်သွားသော်လည်း ကြေမွသွားခြင်း မရှိပေ။ ထိုအစား အလျင်အမြန် ပြန်လည်ကောင်းမွန်လာ၏။ တစ်ချိန်တည်းဆိုသလို ဥက္ကာပျံက ဆင်းသက်လာသည်။ အသံကျယ်ကြီး တစ်ခုနှင့်အတူ အောက်သို့ကျလာကာ နေအဖွဲ့အစည်း၏ အစွန်းတစ်ခုကို ချိုင့်သွားစေသော်လည်း ထိခိုက်မှုတော့ မရှိပေ။

ထို့နောက် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ ဒါဇင်ချီ၏ တိုက်ခိုက်မှုများက နေအဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ သို့သော်လည်း လောကအဆင့်မြင့် ချပ်ပြားဝိုင်းက အထွတ်အထိပ် ရတနာတစ်ခု ဖြစ်၏။ အက်ကြောင်း ဟာကွက်ရှိနေလျှင်ပင် ခုခံမှုက အားလုံးကို အံ့အားသင့်သွားစေသည်။

သူတို့က လောကအဆင့်မြင့် ချပ်ပြာဝိုင်းကို အချိန်တိုအတွင်း ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

ဤသည်က ဝမ်ပေါင်လဲ့သည် ယခုနှင့် အတိတ်တွင် လုပ်ဆောင်မှု ကွဲပြားနေမှုလည်း ဖြစ်၏။ ကိစ္စများစွာ တွေ့ကြုံပြီးသည့်နောက်တွင် သူ့တွေးခေါ်မှုက များစွာ ပြောင်းလဲသွားခဲ့သည်။ သူက ရက်စက်နေဆဲဖြစ်သော်လည်း သူ့အခြေခံ အုတ်မြစ်က သေချာခိုင်မာလျက် ရှိသည်။

ယနေ့တိုက်ပွဲအတွင်း သူတွက်ဆထားမှုထဲ အမှားအယွင်းတချို့ ရှိသွားခဲ့သော်လည်း ဤသည်က သူ့ကျင့်ကြံရေးအတွက်သာ ဖြစ်၏။ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်လာသည့်အခါ ဝမ်ပေါင်လဲ့က ၉၀ရာခိုင်နှုန်း သေချာနေသည်။

ထို့ကြောင့် သူက နေအဖွဲ့အစည်း အပြင်ဘက် တိုက်ခိုက်လာသည့် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများကို လှည့်ပင်မကြည့်သည့် အကြောင်းအရင်း ဖြစ်၏။ သူက ထိုသူများ ဖန်တီးသည့် လှိုင်းလုံးများကိုလည်း ဂရုမစိုက်ပေ။

ပုံမှန်အားဖြင့် ပြည်ထောင်စု ကျင့်ကြံသူများက ထိုလှိုင်းလုံးများကို ဖြေရှင်းဖို့ လှုပ်ရှားကြလိမ့်မည်။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က သူ့အဆင့် တက်လှမ်းဖို့ကိုသာ အာရုံစိုက်ထားလေ၏။ သူ့ကျင့်ကြံဆင့်က ထာဝရကြယ်အဆင့် ၁၀၀သို့ ရောက်ရှိလာပြီးသည့်နောက်တွင် သူက တုံ့ဆိုင်းနေခြင်း မရှိဘဲ စွမ်းအားကို လှုံ့ဆော်ကာ အသံကျယ်ကြီးနှင့်အတူ ပေါက်ထွက်လာသည်။

ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်ကို ကိုယ်စားပြုနေသည့် မမြင်နိုင်ဖွယ် အလင်းတိုင်လုံးတစ်ခု ရှိနေသလိုမျိုး ထိုအရာက လေဟာနယ်ထဲ အလျင်အမြန် ထွက်ပေါ်လာခဲ့သည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် မမြင်နိုင်သည့် အကာအရံတချို့က လမ်းကြောင်းကို ပိတ်ဆို့ထားလေသည်။ သို့သော်လည်း ထိုအကာအရံက အလင်းလုံးနှင့် တွေ့ပြီးသည့်နောက်တွင် အသံကျယ်ကြီးနှင့်အတူ ကြေမွသွားလေ၏။ သူတို့က မတားဆီးနိုင်ပေ။

ဖြစ်စဥ်တစ်ခုလုံးက အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်မျှသာ ကုန်ဆုံးခဲ့လေ၏။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က မြင့်တက်သွားကာ သူ့ခန္ဓာကိုယ်မှ တာအိုအရှိန်အဝါကလည်း ပိုမိုအားကောင်းလာခဲ့သည်။ သူ့ဆံပင်များက လေထဲတလူလူ လွင့်နေပြီး သူ့ခန္ဓာကိုယ်မှ သင်းပျံ့သည့် ရနံ့တို့ ထုတ်လွင့်လာသည်။

သူ့ဝန်းကျင်ရှိ စည်းမျဥ်းဥပဒေသတို့က ပေါ်ထွက်လာသည်။ သူ့အထက်တွင် နေအဖွဲ့အစည်းအတွင်း ပေါ်ထွက်လာသည့် ပိုက်ကွန်သဏ္ဍာန်များစွာ ပေါ်ထွက်လာခဲ့သည်။ သူ့အောက်ရှိ လေဟာနယ်က လှည့်ပတ်နေပြီး သူက နေအဖွဲ့အစည်း၏ ဗဟိုချက် ဖြစ်နေကာ နေအဖွဲ့အစည်းတစ်ခုလုံးက သူ့ဝန်းကျင်တွင် လှည့်ပတ်နေလေသည်။

လှည့်ပတ်နှုန်းက တိုးမြင့်လာပြီး စည်းမျဥ်းဥပဒေသများစွာ ပေါ်ထွက်လာလေ၏။ ကြယ်တာရာကောင်းကင်က အသံကျယ်ကြီး မြည်လာကာ မိုးမြေကို တုန်ခါသွားစေ၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အတွင်း အက်သံများ ထွက်ပေါ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဂြိုလ်တစ်သောင်းက ကြယ်များ ဖြစ်လာကြပြီ ဖြစ်၏။ ဗဟိုချက်ဖြစ်သည့် တာအိုဂြိုလ်ကို တာအိုကိုးခုနှင့် ကြယ်စင်တစ်သောင်းတို့က ဝန်းရံထားလျက် ရှိသည်။ သူတို့က ကြယ် ဖြစ်လာပြီးသည့်နောက်တွင် ဆက်လက် ချဲ့ထွင်ပြီး သူ့ခန္ဓာကိုယ်ထဲ ကြယ်တာရာကောင်းကင် ဖြစ်လာစေသည်။

ကြယ်တာရာကောင်းကင် အရွယ်အစားက အံ့မခန်းဖြစ်၏။ အထဲတွင် ကြယ်စင် တစ်သောင်း ရှိနေပြီး တစ်ခုချင်းစီက အားနည်းနေခြင်း မရှိပေ။ သူတို့က ထူးကဲသည့် ဂြိုလ်စနစ်မှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ကာ ကြယ်ဝဲကတော့များစွာ ဖွဲ့စည်းထားသည်။ နောက်ဆုံးတွင် ကြယ်ဝဲကတော့များကို စုစည်းလျက် ဝမ်ပေါင်လဲ့က ကြယ်နယ်မြေအဖြစ် ပေါင်းစည်းနိုင်ခဲ့သည်။

အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ဆံပင်က လေထဲ တလူလူ လွင့်နေပြန်သည်။ သူ့ဝိညာဥ်က ပုံပေါ်လာခဲ့ပြီး သူ့အပြင်ပိုင်း ရုပ်ခန္ဓာမှ အားကောင်းသည့် အလင်းရောင် ထုတ်လွှင့်လာသည်။ သူ့ကျင့်ကြံဆင့်က ကြယ်နယ်မြေအဆင့် တက်လှမ်းသွားပြီး ကဏ္ဍသုံးခုလုံးက အလျင်အမြန် ပေါင်းစည်းသွားကြ၏။

သူ့ဝိညာဥ်၊ အပြင်ပိုင်းခန္ဓာနှင့် ကျင့်ကြံဆင့်တို့က တစ်သားတည်းအဖြစ် ပေါင်းစည်းသွားကြသည်။

သူတို့ကြားတွင် ကွဲပြားမှု မရှိပေ။ ဝိညာဥ်၏ သန့်စင်စွမ်းအားမျှသာ မဟုတ်တော့သလို အပြင်ရုပ်ခန္ဓာ၏ ခွန်အားသက်သက်မျှပင် မဟုတ်တော့ဘဲ အားလုံးက တစ်သားတည်းအဖြစ် ပေါင်းစည်းသွားခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုတိုင်းတွင် ဝိညာဥ်၏ စွမ်းအား၊ ရုပ်ပိုင်းဆိုင်ရာ၏ ခွန်အားနှင့် ကျင့်ကြံဆင့်၏ အတက်အကျလှိုင်းများ ပါဝင်နေသည်။

ထိုအရာအားလုံးက သူ့တာအိုစည်းချက်ကို အလျင်အမြန် ပျံ့နှံ့သွားစေ၏။ သူ့အနောက်ဘက်တွင် နေအဖွဲ့အစည်းထက် ကြီးမားသည့် နတ်နွားတစ်ကောင် ဖွဲ့စည်းဖြစ်တည်လာသည်။

နတ်နွားကြီး၏ နဂိုမူလခန္ဓာကိုယ်က ထိုအရာထက်ပင် သေးငယ်ဟန်ထင်ရ၏။ ထိုအရာက တကယ့်နတ်နွားတစ်ကောင်လိုမျိုး ဖြစ်နေသည်။ သို့သော်လည်း ထိုအရာမျှပင် မကသေးပေ။ နတ်နွား၏ ကျောအထက် ဝမ်ပေါင်လဲ့၏ ပုံရိပ်က ပေါ်ထွက်လာကာ တင်ပျဥ်ခွေထိုင်လျက် ရှိနေသည်။ သူက မျက်လုံးကို မှိတ်ထားပြီး တာအိုစည်းချက်များကို မဟာလက်ဝဲတာအိုနယ်မြေအနှံ့ ပျံ့နှံ့စေလိုက်သည်။

ထိုစဥ် မဟာလက်ဝဲတာအိုနယ်မြေရှိ စည်းမျဥ်းဥပဒေသများက သိသိသာသာ သက်ရောက်ခံလိုက်ရ၏။ ကြယ်စင်စုအားလုံး၊ ကြယ်တာရာကောင်းကင်နှင့် ကြယ်စင်အားလုံးက တုန်ယင်သွားကြသည်။ ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးသားကလည်း အပြင်းအထန် တုန်ရီသွားကြ၏။ ထို့နောက် မဟာလက်ဝဲတာအိုနယ်မြေရှိ သက်ရှိအားလုံး၏ စိတ်ထဲ အသံတစ်သံ ပျံ့လွင့်လာဟန်ပေါ်သည်။

“ငါ့ရဲ့ တာအိုက လွတ်လပ်ပြီးတော့ အနှောင်အဖွဲ့ကင်းတယ်။”

“ဒါက မဟာတာအိုရဲ့ အသံပဲ။ မဖြစ်နိုင်တာ” ဝမ်ပေါင်လဲ့၏ အသံက သက်ရှိအားလုံး၏ စိတ်ထဲ ပျံ့နှံ့လာသည်နှင့် နေအဖွဲ့အစည်း အပြင်ဘက်ရှိ လူအားလုံး၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

လမ်းကိုးသွယ်တာအိုဂိုဏ်းမှ အဖြူဝတ် အကြီးအကဲက တစ္ဆေတစ်ကောင် မြင်လိုက်ရသလိုမျိုး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေလေ၏။ သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အံ့အားတကြီး ရေရွတ်လိုက်သည်။

“နတ်ဧကရာဇ်အဆင့် တက်လှမ်းတဲ့သူတွေကပဲ မဟာတာအိုရဲ့ အသံကို ပျံ့နှံ့စေနိုင်တာလေ။ မင်း မင်း … မင်းက ကြယ်နယ်မြေအဆင့်ပဲ တက်လှမ်းတာကို ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။”

“ဒဏ္ဍာရီလာ မူလတာအိုခန္ဓာနဲ့ဆိုရင်တောင် ဒီလိုအရာမျိုးကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်းရဲ့ အစစ်အမှန်ပုံစံက နတ်ဧကရာဇ်အဆင့်ထက် မမြင့်နေသရွေ့ပေါ့။ မင်းက ကြယ်နယ်မြေအဆင့် မတက်လှမ်းခင်ကတည်းက မဟာတာအို အသံပေါ်ထွက်လာတာပဲ။”

“မင်းဆီမှာ လျို့ဝှက်ချက်တွေ ရှိနေတာပဲ။ မင်းက ပြည်ထောင်စုရဲ့ ကျင့်ကြံသူ ဝမ်ပေါင်လဲ့ မဟုတ်ဘူး။ မင်းက ဘယ်သူလဲ။”

အဖြူဝတ် အကြီးအကဲက ရူးသွပ်လုမတတ် ဖြစ်နေလေသည်။ တခြားဂိုဏ်းကြီးလေးဂိုဏ်းမှ အကြီးအကဲများကလည်း အံ့အားသင့်ကာ ဘာပြောရမှန်းပင် မသိကြတော့ပေ။ သူတို့၏ ဦးခေါင်းများက ထုံထိုင်းနေပြီး စိတ်ထဲတွင် ညည်းတွားနေကြသည်။ အကယ်၍ သူတို့သာ ဝမ်ပေါင်လဲ့ အဆင့်တက်လှမ်းပြီးသည့်နောက်တွင် မဟာတာအို၏ အသံ ပေါ်ထွက်လာမည်မှန်း သိထားပါက သူ့ကို တားဆီးဖို့ ကြိုးစားကြမည် မဟုတ်ပေ။ မဟာတာအို၏ အသံက စကြဝဠာရှိ စည်းမျဥ်းများတွင် ရေးသားထားသည့် တာအိုကို ကိုယ်စားပြုသည်။ စကြဝဠာ၏ စည်းမျဥ်းက မိုးကောင်းကင်တာအို၏ အစိတ်အပိုင်း ဖြစ်သော်လည်း မိုးကောင်းကင်တာအိုပင် လွှမ်းမိုးနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ သူတို့က အရာအားလုံး၏ အခြေခံ အုတ်မြစ်သာ ဖြစ်၏။

ထိုသို့သော အုတ်မြစ်ကို ပိုင်ဆိုင်ခြင်းက စကြဝဠာ အဆင့်ရှိသည့် နတ်ဧကရာဇ်တစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားခြင်းနှင့် တူသည်။

စကြဝဠာအဆင့်တွင် သူတို့ကိုယ်ထဲ၌ စကြဝဠာ ပါဝင်နေလေသည်။ ထို့ကြောင့် သူတို့ကို နတ်ဧကရာဇ်ဟု ခေါ်ဆိုခြင်း ဖြစ်၏။ သူတို့က နတ်ဘုရား၏ စွမ်းရည်နှင့် ဧကရာဇ်၏ စွမ်းပကားကို အသုံးပြုကာ ပြိုင်ဘက်ကင်းအောင် လုပ်ဆောင်နိုင်သည်။

ယခု သူတို့က ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်ကို ကြည့်နေရင်း မျက်လုံးပင် နာကျင်လာမိသည်။ သူတို့၏ စိတ်ထဲ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး နောက်ဆုတ်လိုက်ကြ၏။

မီးတောက်ခေါင်းဆောင်ကြီးကလည်း ကြောင်အမ်းနေမိသည်။ သူက ဝမ်ပေါင်လဲ့ကို ကြည့်ရင်း အတွေးနက်နေမိ၏။ သူက ပထမတပည့်နှင့် နတ်နွားကြီးကို ကြည့်ကာ ပြောလိုက်သည်။

“ငါက နတ်ဧကရာဇ်တစ်ပါးကို သင်ပေးခဲ့တာလား။”

“ဟုတ်မယ်” နတ်နွားကြီးက ပြောလိုက်သည်။

“နတ်နွားကြီး” နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးက ပြောလိုက်သည်။

“ဆရာက စွမ်းအားကြီးပါပေတယ်။” နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးက ဝင်ရောက်ပြောခဲ့၏။

မီးတောက် ခေါင်းဆောင်ကြီးက အချင်းချင်းကြည့်နေရင်း နေအဖွဲ့အစည်း အပြင်ဘက်ရှိ ဂိုဏ်းကြီး ငါးဂိုဏ်းမှ ကျင့်ကြံသူများက အလျင်အမြန် နောက်ဆုတ်သွားကြ၏။ နေအဖွဲ့အစည်းထက်ပင် ကြီးနေသည့် ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်သည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာကာ ပြောလိုက်သည်။

“မင်းတို့က မလွတ်မြောက်နိုင်ဘူး”

“ မင်းတို့က မသက်မသာခံစားရမယ် ”

All Chapters