ကျီယွဲ့
Vol. 87 Ch. 1209
ဝမ်ပေါင်လဲ့နှင့် ချန်ရှင်းတို့က ကောင်းကင်ယံကို ကြည့်နေကြသည်။ တစ်ယောက်က ပြည်ထောင်စု၏ နေမင်းပေါ်မှ ဖြစ်ကာ တစ်ယောက်ကမူ ငရဲကိုးထပ်မှ ဖြစ်၏။ သူတို့က ကြယ်တာရာကောင်းကင်ကို ကြည့်နေရင်း သူတို့၏ အကြည့်များက အဆုံးမဲ့တာအိုနယ်မြေရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များသာ ရှာတွေ့နိုင်သည့် နေရာတစ်ခုအတွင်း တင်ပျဥ်ခွေထိုင်နေသည့် ပုံရိပ်ဆီ စုဆုံလာသည်။ ထိုပုံရိပ်က ချက်ချင်းဆိုသလို တုန်ယင်သွား၏။
ထိုပုံရိပ်က အမျိုးသမီးတစ်ယောက်မှန်း သိသာလှသည်။ တစ်ချက်ကြည့်ရုံဖြင့် သူမက အလွန်တရာ လှပပေ၏။ သူမက ကျီယွဲ့ကလွဲ၍ တခြားသူ မဟုတ်ပေ။
သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ကို မြူခိုးများဖြင့် ဖုံးလွှမ်းထားသလိုမျိုး ဖြစ်နေသည်။ ထိုအရာထဲတွင် ဝိညာဥ်များစွာ ပါဝင်နေသလိုမျိုး ဖြစ်ကာ ဝိညာဥ်တစ်ခုချင်းစီက လက်ခံကိုယ်ဝိညာဥ် ဖြစ်နေဟန်ပေါ်သည်။ သူတို့က သူမ၏ ခန္ဓာကိုယ်အတွင်း သွားလာနေရင်း ထိုအမျိုးသမီး၏ မျက်နှာနှင့် ပုံရိပ်တို့က ဆက်တိုက် ပြောင်းလဲနေခဲ့သည်။ ထိုအရာက မျက်လုံးဖြင့်ပင် မြင်နိုင်လေ၏။
ရံဖန်ရံခါ လူငယ်လေးတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်ရံ အမျိုးသမီးငယ်တစ်ဦးဖြစ်ကာ တစ်ခါတစ်လေတွင် လူအိုကြီးတစ်ယောက်ဖြစ်ပြီး လူလတ်အရွယ် အမျိုးသားလည်း ဖြစ်နေတတ်သည်။ အစမှအဆုံးအထိ ပုံရိပ်များက ပြန်ထပ်သည့်အခါမျိုး မရှိခဲ့ဖူးပေ။ သူမ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်များက အဆုံးမဲ့ရှိနေဟန်ပေါ်၏။
သို့သော်လည်း ခြွင်းချက် မရှိဘဲ သူမက သွင်ပြင်ကို မည်မျှပင် ပြောင်းလဲစေကာမူ သူမ၏ မသက်မသာဖြစ်နေသည့် အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
အဆုံးသတ်တွင် သူမက မိန်းမလှလေးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး အကြည့်များက တောက်ပလာလေ၏။ သူမက ညာဘက်လက်ကို မြှောက်ကာ လက်ဟန် စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်ပြီး တွက်ချက်ကြည့်လိုက်သည်။
သူမက တွက်ချက်နေသည့်အခါ တစ်စုံတစ်ယောက်က ထိုနေရာကို လှမ်းကြည့်လာပါက ထိုနေရာတွင် ကြယ် မရှိသည်ကိုတွေ့ရလိမ့်မည်။ ထိုနေရာတွင် ကောင်းကင်အထက် အမှုန်အမွှားများစွာ ရှိနေလေ၏။ ထိုအမှုန်အမွှားအများစုက ရှေးဟောင်းခေတ်ကာလ၏ အငွေ့အသက်မျိုး ကိန်းအောင်းနေသည်။ တချို့သော အဆောက်အဦးများက ဤလက်ရှိခေတ်ကာလနှင့် မပတ်သက်ပေ။
ထိုအမှုန်အမွှားများမှ ဖွဲ့စည်းထားသည့် အပြိုအပျက်များက အင်မတန် ကြီးမားလွန်းလှသည်။ နေရာတစ်ခုလုံးက ကြယ်စင်စု အရွယ်အစားလောက်ပင် ရှိနိုင်၏။ သို့သော်လည်း ထိုအရာက အပြည့်အဝ မဟုတ်သေးပေ။ ဘေးတွင် ဝန်းရံလျက်ရှိနေသည့် အလင်းစက်ကွင်းများ ရှိနေသည်။ အလင်းစက်ကွင်း တစ်ခုချင်းစီတွင် ကွဲပြားသည့် ခေတ်ကာလမှ အပျက်အစီးများ ရှိနေဟန်ပေါ်သည်။
ထိုနေရာတွင် သက်ရှိ မရှိပေ။ အချိန်စီးဆင်းထားသည့် အရိပ်အမြွက်သာ ရှိနေသည်။ အဝေးတစ်နေရာတွင် ငြိမ်သက်နေသည့် ဝဲကတော့တစ်ခု ရှိနေဟန်ပေါ်၏။
ထိုနေရာက အဆုံးမဲ့တာအိုနယ်မြေ၏ နယ်နိမိတ်အတွင်း မတည်ရှိပေ။ သမိုင်းကြောင်း မြှုပ်နှံထားရသည့် အပြိုအပျက်ကုန်းမြေသာ ဖြစ်၏။ ထိုအရာက ထပ်ကာထပ်ကာ ရှင်းလင်းထားသည့် အမှိုက်ပုံတစ်ခုနှင့် တူသည်။
ငရဲကိုးထပ်မှ တာအိုနယ်မြေများဖြစ်စေ၊ သက်ရှိလောကမှ တာအိုနယ်မြေများဖြစ်စေ ဤမျိုးဆက်အတွင်း စည်းမျဥ်းများဖြင့် ခွင့်ပြုမထားသည့် အရာအားလုံးက နှင်ထုတ်ခံရလိမ့်မည်။ အချိန်ကုန်လွန်လာသည်နှင့် အပြိုအပျက်ထဲရှိ အမှိုက်များက ဖရိုဖရဲလှိုင်းများဖြင့် ပြည့်နှက်လာသည်။
ထိုလှိုင်းလုံးများနှင့် ဖရိုဖရဲဖြစ်မှုများက သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားသည့်အခါ သူတို့က အရာအားလုံးကို ဖျက်ဆီးပစ်မည့် မုန်တိုင်းတစ်ခုသဖွယ် ဖြစ်လာလိမ့်မည်။ ထိုအရာက ဤနေရာတစ်ခုလုံးကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ပြီး အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးဆီ ပြန်ပို့ပေးမည့် အာဟာရဓာတ်အဖြစ် ပြောင်းလဲပေးမည်။ ထိုအရာက ဝိညာဥ်ချီ ပေါ်ထွက်လာမှုအတွက် အုတ်မြစ်တစ်ခု ဖြစ်၏။
ဤနေရာ၏ တည်ရှိမှုက စကြဝဠာအတွင်း အစားထိုးမရနိုင်သည့် အစိတ်အပိုင်းတစ်ခုဟု ဆိုရပေမည်။ ထိုအရာက ကိုယ်ပိုင်လှုပ်ဆောင်ချက် ရှိနေလေ၏။
အမှောင်ပျက်သုဥ်းရေး မုန်တိုင်း ကျဆင်းမလာခင် ဤနေရာက သက်ရှိများကို ဝင်ခွင့်မပြုထားသည့် နေရာတစ်ခု ဖြစ်နေဆဲ ဖြစ်၏။ သက်ရှိများဖြစ်စေ သက်မဲ့များဖြစ်စေ အနီးကပ်ဖို့ ခွင့်ပြုမထားပေ။
အကယ်၍ တစ်စုံတစ်ယောက်က ဝင်ရောက်ခဲ့ပါက ဝင်ရောက်လိုက်သည်နှင့် ဖျက်ဆီးခံရမည် ဖြစ်သည်။ သူတို့ သက်ရောက်ခံလိုက်ရသည်နှင့် သူတို့၏ စိတ်က ဖရိုဖရဲဖြစ်သွားကာ သေဆုံးသွားရလိမ့်မည်။ ပြောရလျှင် သူတို့က ဤနေရာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားလိမ့်မည်။
ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများပင် ခြွင်းချက် မဟုတ်ပေ။ သူတို့က သီးသန့်နည်းလမ်း မရှိသရွေ့ ဤနေရာတွင် ခေတ္တမျှသာ နေနိုင်လိမ့်မည်။
အကယ်၍ ကျင့်ကြံဆင့်က စကြဝဠာအဆင့်ဖြစ်နေပါက သူတို့သည် ဤနေရာတွင် ဝင်ရောက်ကာ သွားလာနိုင်သည်။ သို့သော်လည်း သူတို့က သက်ရောက်ခံရမည်ဖြစ်ကာ သက်ရောက်မှုက အချိန်ကြာလာသည်နှင့်အမျှ တိုးပွားလာလိမ့်မည်။
ထို့ကြောင့် ဤနေရာသည် ရှာဖွေဖို့အတွက် မသင့်တော်ဘဲ ပုန်းအောင်းဖို့အတွက် အသင့်တော်ဆုံးနေရာတစ်ခု ဖြစ်၏။ ထူးကဲသည့် ဝိညာဥ်တချို့အတွက် ခြွင်းချက်လည်း ရှိနေသေးသည်။
ထိုအရာက ဤနေရာရှိ ဖရိုဖရဲဖြစ်မှုနှင့် ရှုပ်ထွေးမှုများကြောင့် ထူးကဲသည့် အဓိပ္ပာယ်ရှိထားသည့် ဝိညာဥ်တချို့အတွက် အန္တရာယ်များသည့် နေရာတစ်ခု မဟုတ်ဘဲ တော်ဝင်နယ်မြေတစ်ခုလို ဖြစ်နေလေ၏။ ကျီယွဲ့က ထိုအရာ၏ ဥပမာတစ်ခု ဖြစ်ပေသည်။ သူမက ဤနေရာတွင် လွှမ်းမိုးမှု မရှိပေ။
တစ်ချိန်တည်းဆိုသလို သူမက ဖရိုဖရဲဖြစ်မှုနှင့် ရှုပ်ထွေးမှုကို အသုံးပြုကာ သူမ၏ ကြယ်သန္ဓေတာအိုကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် ကမ္ဘာမြေမှ ထွက်လာပြီးသည့်နောက်ပိုင်း သူမက အတိတ်ဘဝ၏ မှတ်ဉာဏ်တချို့ကို ပြန်လည်ရရှိလာခဲ့သည်။ ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် သူမ၏ ကျင့်ကြံဆင့်က တစ်နေ့ထက် တစ်နေ့ တိုးတက်လာခဲ့၏။ တစ်ချိန်တည်းဆိုသလို သူမက ပတ်ဝန်းကျင်ကို ထိန်းချုပ်ဖို့ ဖြန့်ဝေထားသည့် မျိုးစေ့များကို မှီခိုနိုင်သည်။
တစ်ချိန်တည်းဆိုသလို သူမက ၉၉ ရာခိုင်နှုန်း ဘေးကင်းနေ၏။ သူမက ပုန်းအောင်းနေပါက နတ်ဧကရာဇ် ရောက်လာလျှင်ပင် သူမကို ဖမ်းဆီးဖို့ လက်လျှော့ရုံမှအပ တတ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျီယွဲ့၏ ကြယ်သန္ဓေတာအိုမှ မျိုးစေ့များကို ဤနှစ်များစွာတစ်လျှောက် နယ်မြေကြီးသုံးခုရှိ ဂိုဏ်းများအတွင်း တိတ်တဆိတ် ဖြန့်ဝေထားနိုင်ခဲ့သည်။ ထိုအရာက လူများစွာ၏ ရန်လိုမှုနှင့် အာရုံကို ဖမ်းစားနိုင်ခဲ့သော်လည်း သူမက လွတ်လပ်နေသေးသည် မဟုတ်ပါလော။
ကျီယွဲ့က ချန်ရှင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သော်လည်း လွတ်မြောက်ခဲ့လေသည်။ သူမက မကြောက်ခဲ့ပေ။ သို့သော်လည်း ဤနှစ်များစွာအတွင်း သူမ ကြောက်ခဲ့ဖူးသည့် အကြိမ်ရေ သုံးကြိမ်သာ ရှိလေသည်။
ပထမတစ်ခုက ဝမ်ပေါင်လဲ့သည် ကံကြမ္မာစာအုပ်ကို အသုံးပြုကာ ကျီယွဲ့ကို ရှာဖွေစဥ်အခါက ဖြစ်၏။ ဒုတိယအကြိမ်က ဝမ်ပေါင်လဲ့သည် သူ့တာအိုစည်းချက်များကို ပျံ့နှံ့စေကာ သူမကို ပြည်ထောင်စု၏ လျို့ဝှက်နယ်မြေအတွင်း ပိတ်ဆို့ထားခဲ့စဥ်အခါက ဖြစ်သည်။
ကျီယွဲ့က ချက်ချင်းလှုပ်ရှားကာ နေရာကို ပြောင်းလဲခဲ့သော်လည်း ပြင်ဆင်မှုများစွာ လုပ်ထားခဲ့ရသည်။ သို့သော် ယခုတွင် အန္တရာယ်ခံစားနှုန်းက အသိဝင်လာခဲ့လေရာ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားလေ၏။
ခဏအကြာတွင် သူမက တွက်ချက်မှု ပြီးဆုံးသွားပြီး ခေါင်းကို မော့ကာ ရေရွတ်လိုက်သည်။
“ကပ်ဘေးကြီးတဲ့လား”
သူမက ပြောလာရင်း မျက်လုံးကို အသာမှိတ်ကာ ညာဘက်လက်ဖြင့် လက်ဟန်တချို့ကို ထုတ်ဖော်လိုက်သည်။ သူမက သူမကိုယ်သူမ ရိုက်ချလိုက်စဥ် ခန္ဓာကိုယ်က တုန်ယင်သွား၏။ နောက်ဆုံးတွင် သုံးပိုင်းအဖြစ် ကွဲထွက်သွားသည်။ တစ်ပိုင်းက မြေပြင်ပေါ်တွင် တင်ပျဥ်ခွေလျက်ရှိနေပြီး ကျန်နှစ်ပိုင်းကမူ အဖက်ဖက်သို့ ထွက်သွားလေသည်။ တစ်ခုက အဝေးရှိ အမှုန်အမွှားအဖြစ် ပြောင်းလဲသွား၏။ နောက်ဆုံးတစ်ခုက မရပ်တန့်ခဲ့ဘဲ လေဟာနယ်ထဲ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းဆိုသလို နေအဖွဲ့အစည်းအတွင်း ဝမ်ပေါင်လဲ့၏ ပင်မခန္ဓာကိုယ်က တင်ပျဥ်ခွေထိုင်နေရာမှ ထရပ်လိုက်သည်။ သူ့အမူအရာက တည်ငြိမ်နေလေ၏။
သူ့ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ သူ့ခြေထောက်အောက်ရှိ လေဟာနယ်အထက် လှိုင်းတွန့်များ ပေါ်ထွက်လာခဲ့သည်။ ထိုလှိုင်းတွန့်များ ပျံ့နှံ့သွားသည့်အခါ သူတို့က ကြယ်တာရာကောင်းကင်ကို ခွာချလိုက်သည့်အလား ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်က အပြိုအပျက်နယ်မြေ ဖြစ်၏။
ဝမ်ပေါင်လဲ့က ယခင်တိုက်ခိုက်မှုများမှတဆင့် ကျီယွဲ့၏ နေရာကို အကြမ်းဖျင်း မှန်းဆမိခဲ့သည်။ ယခုအခါ သူက ဖမ်းဆီးဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်သည့်အတွက် သွားရောက်ဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။
သူ ခြေချလိုက်သည့်အခါ ဝမ်ပေါင်လဲ့၏ ပင်မခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
တစ်ချိန်တည်းဆိုသလို ကမ္ဘာမြေတွင် မီးတောက်ခေါင်းဆောင်ကြီးက လူရှုပ်သည့် လမ်းမအထက် လျှောက်လှမ်းနေသည်။ သူက ပြည်ထောင်စု၏ သေမျိုးလောကမှ တီထွင်ဖန်တီးမှုများကို သဘောကျနေမိ၏။ သူ့ဘေးတွင် ဝမ်ပေါင်လဲ့၊ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး၊ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးနှင့် ခပ်ထွားထွား အမျိုးသားအဖြစ် အသွင်ပြောင်းထားသည့် နတ်နွားကြီးတို့ ပါရှိသည်။ ကျောက်ယမုန့်နှင့် ကျိုးရှောင်ရတို့ကလည်း သူနှင့်အတူ လိုက်ပါလာ၏။
မီးတောက်ခေါင်းဆောင်ကြီးက ထိုမိန်းကလေးနှစ်ဦးကို ချွေးမသဖွယ် သဘောထားနေလေ၏။ သူက သူတို့ကို ကြည့်လေလေ ပိုမိုကျေနပ်လာမိသည်။ တခြားတစ်ဖက်တွင် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးက ဝမ်ပေါင်လဲ့ကို ထိုမိန်းကလေးများနှင့် လိုက်လံစနောက်နေသည်။ လေထုက သဟဇာတဖြစ်နေပြီး မီးတောက်ခေါင်းဆောင်ကြီးက မိသားစု၏ ဘိုးဘေးသဖွယ် ဖြစ်နေသည်။ သူက လူငယ်မျိုးဆက်များကို ရံဖန်ရံခါ လမ်းညွှန်မှုများ ပေးတတ်ပြီး ကျိုးရှောင်ရနှင့် ကျောက်ယမုန့်ကိုလည်း ကျင့်ကြံရေးတွင် သင်ကြားပြသပေးတတ်သည်။ သူတို့က ရယ်မောရင်းဖြင့် လျှောက်လှမ်းလာခဲ့၏။
သူ့တွင် ရတနာများစွာ ရှိသည့်အတွက် ကျောက်ယမုန့်နှင့် ကျိုးရှောင်ရတို့ကို ဓမ္မရတနာများ ပေးထားခဲ့သည်။ ဝမ်ပေါင်လဲ့က ဘေးတွင် ပြုံးကာ ကြည့်နေလေ၏။ သို့သော် သိပ်မကြာခင် သူ့ပင်မခန္ဓာကိုယ် ထွက်သွားလိုက်သည်နှင့် မီးတောက်ခေါင်းဆောင်ကြီးက ချက်ချင်းဆိုသလို ရပ်တန့်လိုက်သည်။ သူက ခေါင်းမော့ကာ နေမင်းဘက်ကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူက ဝမ်ပေါင်လဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“မင်း အပြင်ထွက်သွားတာလား။”
“ကိစ္စအသေးအဖွဲ့လေး ရှိလို့ပါ” ဝမ်ပေါင်လဲ့က ပြုံးကာ ပြောလိုက်သည်။
“ဓမ္မကိုယ်ပွားက ငါနဲ့အဖော်ပြုပေးဖို့ မလိုပါဘူး။” မီးတောက်ခေါင်းဆောင်ကြီးက စိုးရိမ်စွာ ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ မစိုးရိမ်ပါနဲ့ ဆရာ” ဝမ်ပေါင်လဲ့က လက်ဝှေ့ကာ ပြောလိုက်သည်။ လမ်းတစ်လျှောက်တွင် သူတို့က လူအုပ်ကြား ရောနှောသွားလေ၏။ သို့သော်လည်း အားလုံးက ဝမ်ပေါင်လဲ့၏ သွင်ပြင်နှင့် ရင်းနှီးနေကြသော်လည်း မည်သူကမှ သူ့ကို သတိမထားမိကြပေ။ ဝမ်ပေါင်လဲ့၏ သွင်ပြင်က လူအားလုံး၏ အမြင်တွင် ကွဲပြားနေသလိုမျိုး ဖြစ်နေ၏။
သူတို့က သွားလာရင်းဖြင့် အဆုံးမဲ့တာအိုနယ်မြေ၏ အပြိုအပျက်ကုန်းမြေ အပြင်ဘက်တွင် လှိုင်းတွန့်များ ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့၏ ပင်မခန္ဓာကိုယ်က လေထုထဲမှ ထွက်ပေါ်လာခဲ့သည်။
သူ ပေါ်ထွက်လာသည်နှင့် သူ့မဟာတာအိုက ထိုနေရာ၏ သဘာဝစည်းမျဥ်းဥပဒေသများကို သက်ရောက်မှု ရှိသွားစေသည်။ အပြိုအပျက်ကုန်းမြေက ချက်ချင်းဆိုသလို တုန်ယင်သွား၏။ အဖက်ဖက်မှ လျှပ်စီးမိုးကြိုးများ ပေါက်ကွဲထွက်လာသည်။ စက်ကွင်းများကပင် အနည်းငယ် နှေးကွေးစွာ စတင်လည်ပတ်လာ၏။ ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုက အပြိုအပျက်ကုန်းမြေအတွက် သက်ရောက်မှု အကြီးကြီး ဖြစ်နေဟန်ပေါ်သည်။