လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို ပြင်ဆင်ခြင်း အပိုင်း(၂)
Vol. 87 Ch. 1212
ဝမ်ပေါင်လဲ့က လောကအဆင့်မြင့် ချပ်ပြားဝိုင်းပေါ်တွင် တင်ပျဥ်ခွေထိုင်နေရင်း အဝေးမှ အရာအားလုံးကို စောင့်ကြည့်နေသည်။ သူက ကျီယွဲ့နှင့် ဧရာမ အလောင်းကောင်ကြီးကြားမှ ဇာတ်ကြောင်းကို သိထားလေ၏။ ထိုဧရာမ အလောင်းကောင်ကြီးက ကျယ်ပြန့်တာအိုနန်းဆောင်၏ မျှော်လင့်ချက်ဖြစ်ခဲ့ပြီး ပထမတာအို ကလေးငယ်ကဲ့သို့သော တည်ရှိမှုမျိုးဖြစ်မှန်း သိထားသည်။
သို့သော်လည်း အဆုံးသတ်တွင် ထိုသူက ကျီယွဲ့ကြောင့် ဖျက်ဆီးခံလိုက်ရသည်။ ကျီယွဲ့က ကြယ်သန္ဓေတာအိုကျင့်စဥ်ကို လိုချင်တပ်မက်သည့်အတွက် သူ့ကို ရက်စက်စွာ သတ်ပစ်ဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။ သူမက သူ့ကို ကျော်လွန်သွားရုံသာမက သူ့ခန္ဓာကိုယ်နှင့် ဝိညာဥ်ကိုပါ ပိတ်ဆို့ထားခဲ့ပြီး အဆုံးမဲ့နာကျင်မှုကို ခံစားစေသည်။ ထိုတန်ကြေးဖြင့် သူမက ကြယ်သန္ဓေတာအိုကျင့်စဥ်ကို ရယူနိုင်ခဲ့သည်။
အဆုံးသတ်တွင် သူမက မှားယွင်းသည့်သူကို ချစ်ကျွမ်းဝင်သွားခဲ့မိသည်။
ကျီယွဲ့က ဤသို့ပြုမူနေရသည့် အကြောင်းအရင်းက သူမ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိပြီးသည့်နောက်တွင် ကံအကြောင်းတရားအားလုံးကို သိလိုက်၍ ဖြစ်သည်။ ကြယ်သန္ဓေတာအိုက သူမ၏ အရင်ဘဝတွင် ဖန်တီးခဲ့ခြင်း ဖြစ်၏။ သူမ၏ ကိုယ်ပိုင်ကျင့်စဥ်အတွက် သူမ၏ ချစ်သူကို ရက်စက်စွာ ဆက်ဆံခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် သူမက တောင်းပန်နေခြင်း ဖြစ်၏။
နောက်ထပ် ဖြစ်နိုင်ချေတချို့လည်း ရှိနေသေးသည်။ ကျီယွဲ့က ဤအရာကို တမင်လုပ်နေခြင်းဖြစ်ကာ ကြင်နာမှုနှင့် နောင်တတရားတို့ကို ပြသပြီး ဝမ်ပေါင်လဲ့က သူမကို လုံခြုံမှုပေးဖို့ မျှော်လင့်နေခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့က အသေးစိတ်ကို ဂရုမစိုက်ပေ။ ထိုအရာက အရေးမပါလှပေ။ ဤကမ္ဘာအတွင်း ပြီးပြည့်စုံသည့် သက်ရှိဟူ၍ မရှိပေ။ ကျီယွဲ့က စိတ်ထဲတွင် ဘယ်လိုပင်တွေးစေကာမူ ဝမ်ပေါင်လဲ့အတွက် သူမက လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ အက်ကြောင်းကို ဖိနှိပ်ထားဖို့ရာအတွက်သာ ဖြစ်၏။
ကျီယွဲ့ကလည်း ထိုအကြောင်းကို ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် သူမက လပေါ်ရောက်သည့်အခါ မူမမှန်သည့်အရာကို ဘာမှမလုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ သူမက စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြန်လည်ရောက်ရှိလာသည်။ သူမက ပြန်ရောက်လာသည့်အခါ ဝမ်ပေါင်လဲ့ထံ ဦးညွတ်လိုက်၏။
“လူကြီးမင်း ကျွန်မ အဆင်သင့်ဖြစ်ပါပြီ”
“ကောင်းပြီ” ဝမ်ပေါင်လဲ့က ခေါင်းညိတ်လိုက်၏။ သူက ညာဘက်လက်ကို မြှောက်ကာ လေဟာနယ်ထဲ လက်ညှိုးထိုးလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို လောကအဆင့်မြင့် ချပ်ပြားဝိုင်းရှိ အက်ကြောင်းနေရာမှ အသံဆူဆူညံညံ ထွက်ပေါ်လာသည်။ ထို့နောက် ကြယ်တာရာကောင်းကင်အထက် လှိုင်းလုံးများ မြင့်တက်လာကာ ဝဲကတော့တစ်ခု ထွက်ပေါ်လာ၏။
ထိုဝဲကတော့အတွင်း မီးတောက်ပုတီးစေ့တစ်ခု ရှိနေသည်။ ထိုပုတီးစေ့က ကြယ်ပင်များစွာဖြင့် ပြည်နှက်နေလေ၏။ ထိုအရာက မီးတောက် ကြယ်စင်စု၏ အသေးစားပုံစံဖြစ်ပေသည်။ ထိုပုတီးစေ့မှ ကြိုးမျှင်များစွာ ထွက်ပေါ်နေလေ၏။ ထိုကြိုးမျှင်များက ဝဲကတော့အတွင်း ရစ်ပတ်ကာ အဖက်ဖက်သို့ ပျံ့နှံ့နေရင်း ပိုက်ကွန်လိုမျိုး ဖွဲ့စည်းထားလေသည်။
ကျီယွဲ့က ထိုမြင်ကွင်းကို မြင်သည့်အခါ အနည်းငယ် စိတ်ပူပင်မိသွားသည်။
ထိုစဉ် ဝမ်ပေါင်လဲ့က ညာဘက်လက်ကို မြှောက်ကာ ပုတီးစေ့ကို ဆွဲယူသည့်ဟန် ပြုလုပ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို အားကောင်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ပုတီးစေ့ကို ဆုပ်ကိုင်လိုက်၏။ သူက ပိုက်ကွန်ဆီမှ ပုတီးစေ့ကို ဆွဲယူနိုင်လိုက်သည်။
ထို့ကြောင့် မီးတောက်ကြယ်စင်စုကို ဆွဲယူပြီးသည်နှင့် လှိုင်းလုံးများက နေအဖွဲ့အစည်းတစ်ခုလုံးအနှံ့ ပျံ့နှံ့လာသည်။ အကယ်၍ နေအဖွဲ့အစည်း အပြင်ဘက်မှ ကြည့်ပါက နေအဖွဲ့အစည်းသည် လှုပ်ခါနေသည်ကို မြင်တွေ့ရလိမ့်မည်။
ထိုအရာက မျှချေ ဆုံးရှုံးသွားသလိုမျိုး ဖြစ်၏။ တိမ်းစောင်းသည့် အရိပ်အယောင်များ ပေါ်ထွက်လာကာ နေအဖွဲ့အစည်းရှိ လူမှုအဖွဲ့အစည်းအားလုံးကလည်း တုန်ယင်သွားကြသည်။ ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့က ကြိုတင်ပြင်ဆင်ထားခဲ့၏။ သူက တာအိုစည်းချက်ကို ထုတ်လွှင့်ကာ နေအဖွဲ့အစည်း၏ မျှချေမညီမှု အခြေအနေကို ယာယီ ဖိနှိပ်ထားနိုင်ခဲ့သည်။
“ကျီယွဲ့ မင်းအခု မလုပ်ဘူးဆိုရင် ဘယ်ချိန်မှ လုပ်မှာလဲ” ဝမ်ပေါင်လဲ့၏ အသံက မိုးကြိုးသဖွယ် ပျံ့နှံ့လာသည်။ ထိုအရာက သူမ၏ စိတ်ထဲ တုန်ယင်သွားစေ၏။ သူမ မျက်ဝန်းအထက် တုံ့ဆိုင်းနေမှုက ဆုံးဖြတ်ချက် ပြတ်သားမှုတို့ဖြင့် အစားထိုးဝင်ရောက်သွားသည်။ သူမက မလွတ်မြောက်နိုင်ကြောင်း သိထားသည့်အတွက် ဝမ်ပေါင်လဲ့ကို လှည့်ကာ ထပ်မံဦးညွတ်လိုက်သည်။
“လူကြီးမင်း ကတိကို တည်ပါ” သူမက ပြောပြီးသည့်နောက်တွင် တုံ့ဆိုင်းမနေတော့ဘဲ ဝင်ရောက်သွားလိုက်သည်။ သူမ ထိုဝဲကတော့အတွင်း ဝင်ရောက်သွားမှုက မီးတောက်ကြယ်စင်စုအပေါ် ချုပ်နှောင်မှု ဆုံးရှုံးသွားစေပြီး ပိုက်ကွန်ထဲရှိ ကြိုးမျှင်များက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ကျီယွဲ့ဆီ ရောက်ရှိလာကြသည်။
သူတို့က ကျယ်ပြန့်လွန်းသည့်အတွက် ကျီယွဲ့၏ ခန္ဓာကိုယ်ထံ ကြိုးမျှင်ရာချီ ရောက်ရှိလာသည်။ သူတို့က သူမ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ နတ်ဘုရားဝိညာဥ်ကို ဆက်နွယ်သွား၏။ ကျီယွဲ့၏ အမူအရာက ပျက်ယွင်းသွားခဲ့သည်။ သူမက အတော်လေး နာကျင်နေဟန်ပေါ်၏။
သို့သော်လည်း သူမ၏ ဝိညာဥ်က ထူးကဲသည့်အတွက် အချိန်ဝန်ကို ခံနိုင်ရည်ရှိပေသည်။ ထို့ကြောင့် သူမက နာကျင်နေသော်လည်း မေ့လဲမသွားခဲ့ပေ။ တကယ်တော့ သူမက နာကျင်မှုဖြင့် နေသားကျလာခဲ့ပြီး ကြိုးမျှင်များစွာကို ပေါင်းစည်းဖို့ ခွင့်ပြုထားနိုင်သည်။
အရေအတွက်က ထောင်ချီ သောင်းချီ သိန်းချီ သန်းချီအထိ ဖြည်းဖြည်းချင်း တိုးပွားလာခဲ့သည်။ အဆုံးသတ်တွင် ကျီယွဲ့က အဆုံးမဲ့ ကြိုးမျှင်များစွာဖြင့် ရစ်ပတ်ခံထားရပြီး ဝဲကတော့အနက်ပိုင်း ဆွဲခေါ်ခံလိုက်ရသည်။ ထို့နောက် ကြယ်တာရာကောင်းကင်အထက် ဝဲကတော့က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
ထိုအရာ ပျောက်ကွယ်သွားသည့်အခါ နေအဖွဲ့အစည်းအတွင်း အတက်အကျလှိုင်း တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရာက လောကအဆင့်မြင့် ချပ်ပြားဝိုင်းသည် ပြီးပြည့်စုံသွားပြီးသည့်နောက် ထွက်ပေါ်လာသည့် အငွေ့အသက်တမျိုး ဖြစ်၏။ တစ်ချိန်တည်းဆိုသလို နေအဖွဲ့အစည်းမှ လေထုထဲ ဝိညာဥ်စွမ်းအားလှိုင်းများ ပေါ်ထွက်လာကာ ကြယ်တာရာကောင်းကင်အနှံ့ ပြည်နှက်သွားစေသည်။
အကြောင်းအရင်းကမူ လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို ဖိနှိပ်ဖို့အတွက် ကျီယွဲ့က မီးတောက်ကြယ်စင်စုထက် ပိုမိုသင့်တော်နေ၍ ဖြစ်၏။ ထိုအရာက အပြီးတိုင် ပြီးပြည့်စုံနေသည်ဟု ယူဆ၍ မရသော်လည်း အတော်လေး နီးကပ်နေပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့က ထိုစွမ်းအားလှိုင်းကို ထိန်းချုပ်လိုက်ပြီး လက်ဝှေ့ကာ မီးတောက်ကြယ်စင်စု ပုတီးစေ့ထဲ ထည့်သွင်းလိုက်သည်။ အက်ကြောင်းကို ဖိနှိပ်ထားစဥ်အတွင်း ပုတီးစေ့မှ သုံးစွဲခဲ့ရသည့် စွမ်းအားပမာဏက ချက်ချင်းပြန်လည်ပြည့်ဝသွားလေ၏။
ဝမ်ပေါင်လဲ့က ထိုသို့လုပ်ပြီးသည့်နောက်တွင် သူ့ဆရာကို လှည့်ကြည့်လိုက် သည်။ သူ့ဆရာက သူ့အနောက်ဘက်တွင် ရောက်ရှိနေ၏။
“ဆရာ” ဝမ်ပေါင်လဲ့က ဦးညွတ်ကာ ပုတီးစေ့ကို ပေးလိုက်သည်။
မီးတောက်ခေါင်းဆောင်ကြီးက ရောက်ရှိနေသည်မှာ ကြာမြှင့်လှပြီ ဖြစ်၏။ သူက ဝမ်ပေါင်လဲ့၏ ပြန်ရောက်ရှိမှုနှင့် အက်ကြောင်းထဲမှ အပြောင်းအလဲများကို ချက်ချင်း သတိထားမိခဲ့သည်။ ယခု ဝမ်ပေါင်လဲ့ လုပ်ခဲ့သည့်အရာများကို မြင်တွေ့ပြီးသည့်နောက်တွင် မီးတောက်ခေါင်းဆောင်ကြီးက ဤနေရာနှင့် ခွဲခွာရမည်ကို အနည်းငယ် ဝန်လေးနေသလို ခံစားမိလိုက်သည်။ သူက မျက်တောင်ခတ်ကာ မီးတောက်ကြယ်စင်စုပုတီးစေ့ကို လက်ထဲမှ ပစ်လွှတ်လိုက်သည်။
ထိုပုတီးစေ့က သက်တန့်အသွင် ပြောင်းလဲသွားပြီး ကြယ်တာရာကောင်းကင်အထက် ရောက်ရှိသွားလေ၏။ မီးတောက်ခေါင်းဆောင်ကြီးက ညာဘက်လက်ကို မြှောက်ကာ လက်ဟန်စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူက လက်ညှိုးထိုးလိုက်သည့်အခါ ပုတီးစေ့၏ အရွယ်အစားက ကြီးမားလာ၏။ အသံကျယ်ကျယ်နှင့်အတူ ပုတီးစေ့က ကြယ်စင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအရာက ကြယ်တစ်လုံးအရွယ်အစားနှင့် တူညီနေသော်လည်း ဂြိုလ်တစ်လုံးမျှသာဖြစ်၏။ ထိုအရာက ပြည်ထောင်စုကြီးနှင့် ပေါင်းစည်းမှု မရှိသော်လည်း နေအဖွဲ့အစည်းအတွင်း တည်ရှိကာ ဂြိုလ်တစ်လုံးသဖွယ် ဖြစ်နေသည်။ သို့သော်လည်း အကယ်၍ ထိုနေရာဆီ ဝင်ရောက်သွားပါက တံခါးတစ်ချပ်မျှသာ ရှိနေပြီး အထဲတွင် မီးတောက်ကြယ်စင်စုရှိနေသည်ကို မြင်တွေ့ရလိမ့်မည်။
“ဟူး ငါ ဒီမှာ အတော်လေးကို သဘောကျနေပြီ။ ပြန်မသွားချင်တော့ဘူး။ ပေါင်လဲ့ ငါဒီမှာနေလို့ ပြဿနာ မရှိဘူးမလား။ မစိုးရိမ်နဲ့ မစိုးရိမ်နဲ့ … အရေးကြီးတဲ့ အခိုက်အတန့်ရောက်လာရင် မီးတောက်ကြယ်စင်စုကို နေအဖွဲ့အစည်းနဲ့ ပေါင်းလို့ရတယ်။ အဲဒါက မင်းအတွက် အများကြီး အကျိုးမရှိလောက်ဘူးဆိုပေမဲ့ တခြားသူတွေအတွက်တော့ တိုးတက်မှုတစ်ခုပဲလေ။
ဟူး ငါက အသက်ကြီးလာပြီ။ ထပ်ပြီး ဒုက္ခမရှာချင်တော့ဘူး။” မီးတောက်ခေါင်းဆောင်ကြီးက ချောင်းအသာဟန့်ကာ ဝမ်ပေါင်လဲ့ကို ချောင်းကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့က ပြုံးပြီးသည့်နောက်တွင် မီးတောက်ခေါင်းဆောင်ကြီးကို လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်၏။
“ဆရာ သဘောကျတယ်ဆိုလို့ တော်သေးတာပေါ့။ ပြည်ထောင်စုကြီးမှာ နေဖို့ ကြိုဆိုပါတယ်။”
မီးတောက်ခေါင်းဆောင်ကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
သူ့အနေဖြင့် ပြည်ထောင်စုကြီးကို ထားပြီး ထွက်သွားဖို့ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့အတွက် ပြည်ထောင်စုကြီးက အတော်လေး အရေးပါလှ၏။ မီးတောက်ခေါင်းဆောင်ကြီး၏ နှလုံးသားတွင် ဝမ်ပေါင်လဲ့က သူ့တစ်ဦးတည်းသော တပည့်သာ ဖြစ်၏။
သူက စကြဝဠာအတွင်း အနီးကပ်ဆုံး လူသားနှစ်ဦးထဲမှ တစ်ဦး ဖြစ်လေသည်။ အရေးပါမှု ကဏ္ဍက စကားဖြင့်ပင် ဖော်ပြ၍ မရပေ။ ထို့ကြောင့် သူက ဘယ်ကိုမှ မသွားလိုခြင်း ဖြစ်၏။ သူက ဤနေရာတွင် နေကာ ကာကွယ်ပေးလိုသည်။ သူ့စိတ်ထဲတွင်မူ ကျိန်စာကို အသုံးပြုရမည်ဆိုလျှင်ပင် သူ့တပည့်အတွက် အရေးပါဆုံး အခိုက်အတန့်၌ အသုံးပြုနိုင်ဖို့ မျှော်လင့်ထားသည်။
ဤသို့ဖြင့် မီးတောက်ခေါင်းဆောင်ကြီးက ကန့်သတ်ချုပ်တည်းမခံထားရသော်လည်း နေအဖွဲ့အစည်းတွင် ဆက်လက်နေထိုင်နေသည်။ သူက နေအဖွဲ့အစည်း၏ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်လာခဲ့ပြီး နေအဖွဲ့အစည်း၏ ယေဘုယျ တိုက်ခိုက်စွမ်းအားကို တိုးမြှင့်ပေးထားသည်။ တစ်ချိန်တည်းဆိုသလို မဟာလက်ဝဲတာအိုနယ်မြေရှိ သူ့အနေအထားကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။
လမ်းကိုးသွယ် တာအိုဂိုဏ်းက မလိုလားလျှင်ပင် သူတို့က အချိန်တိုမျှ လှုပ်ရှားနိုင်အုံးမည် မဟုတ်ပေ။ အကြောင်းအရင်းမှာ လဝက်ကြာမြင့်ပြီးသည့်နောက်တွင် ငရဲကိုးထပ်မှ အမှောင်မြစ်က အလယ်ပိုင်းအဆုံးမဲ့နယ်မြေ၏ ကြယ်တာရာကောင်းကင်အထက် ပေါ်ထွက်လာ၍ ဖြစ်သည်။
အမှောင်မြစ်အထက် အမှောင်ကြယ်စင်က ကျယ်ပြန့်ကာ အဆုံးမဲ့တည်ရှိနေသည်။ ထိုအရာက နေရာတစ်ခုလုံးကို လှုပ်ခတ်သွားစေကာ အမှောင်ဂိုဏ်းတပ်သားများက အမှောင်မြစ်မှ ဆင်းသက်လာသည်။
အမှောင်ဂိုဏ်းနှင့် အဆုံးမဲ့မျိုးနွယ်ကြား တိုက်ပွဲက စတင်တော့မည် ဖြစ်၏။
အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံဖို့ ကံကြမ္မာဖန်လာခဲ့သည့် ကပ်ဘေးက အစစ်အမှန် ရောက်ရှိလာလေပြီ။