ညအရှင်အိမ်တော်ကနေ လုထားတဲ့ဆေးဖြစ်နိုင်တယ်
Vol. 40 Ch. 788
ပေထင်းဟွမ်သည် အတူတကွရပ်နေသော မျိုးနွယ်ကြီးလေးခုမှ လူငယ် များကို ဝေ့ဝဲကြည့်လိုက်သည်။ ထိုလူများသည် သူမနောက်လိုက်ပြီး ဝိညာဉ် ထောင်ချီတောင်တန်းသို့သွားရန် ယာယီအရည်အချင်းမပြည့်မှီသောကြောင့် ကျန်နေခဲ့ရမည်ဖြစ်သော်လည်း သူမနှင့် အချိန်ကုန်ဆုံးချင်သူများဖြစ်ကြ၏။ ထိုအခိုက်အတွင် မျက်လုံးအစုံများသည် သူမဆီတွင် တောက်လောင်လျက်ရှိ သည်။ သူမ ပြောလိုက်သည် “မင်းတို့က ဝိညာဉ်မျိုးနွယ်ကြီးလေးခုက လူငယ် တွေပဲ၊ နောက်ဆိုရင် မင်းတို့က မိသားစုတစ်ခုလုံးကို ထောက်ပံ့ပေးမယ့် မျှော်လင့်ချက်နဲ့ ခွန်အားဖြစ်ရမှာ၊ အချိန်မရွေး ဘယ်သူ့ကိုမှ အလွယ်တကူ ဦးမညွှတ်နဲ့၊ ငါ့မှာ အုတ်မြစ်တည်ထောင်ရေးဆေး၊ မြေကြီးဝိညာဉ်ဆေးနဲ့ ကောင်းကင်ဝိညာဉ်ဆေးရှိတယ်၊ ငါ အဲဒါတွေကို မိသားစုခေါင်းဆောင်တွေကို ပေးလိုက်မယ်၊ မျိုးနွယ်ကြီးလေးခုကို ခွဲပေးလိုက်ရင် အကုန်လုံးဝေစုရမယ်”
မြေကြီးဆေးသည် ဝိညာဉ်သခင်ကို ဝိညာဉ်သခင်ကြီးဖြစ် အဆင့်တက် ရန်ကူညီပေးနိုင်သည့်ဆေးဖြစ်သည်။ ကောင်းကင်ဆေးသည် မြေကြီးအဆင့်မှ ကောင်းကင်အဆင့်သို့ တက်ရန်ကူညီပေးနိုင်သည်။ သူမမှာ အဲဒါတွေအကုန်ရှိ နေတယ်လို့ပြောလိုက်တာလား။
အားလုံးသည် ထိတ်လန့်သွားကာ သူမအား မယုံနိုင်စွာဖြင့်ကြည့်လေ၏။ မည်သူမှမယုံရဲကြသလို ယုံလည်းမယုံကြပေ။ အမှန်ပင်။ ဤအကြောင်းကို သူမ လိမ်စရာအကြောင်းမရှိပေ။ သူမလက်ထဲမှ အုတ်မြစ်တည်ထောင်ရေး ဆေးသည် အစစ်အမှန်ဖြစ်နေသည်။
“ဒါပေမ့ ဒီတိုက်ကြီးမှာ သားရဲထိန်းတွေလိုမျိုး အဂ္ဂိရတ်ပညာရှင်တွေ ဘယ်လောက် ရှားလဲဆိုတာ အကုန်သိကြပါတယ်၊ ကျွန်တော့်အချိန်တွေကို ဆေးဖော်ပြီးတော့ပဲ မကုန်ချင်ဘူး၊ ပြောရရင် ကျွန်တော့်ဆေးတွေကို မိသားစု ကြီးလေးခုနဲ့ ကျွန်တော့်အဖွဲ့သူငယ်ချင်းတွေကို အလကားပေးလို့ရတယ်၊ ကျွန်တော့်မှာ ဒီဆေးတွေရှိတယ်ဆိုတာကို ဘယ်သူ့ကိုမှမပြောဖို့ ကျိန်နိုင်မယ် လို့မျှော်လင့်ပါတယ်” ပေထင်းဟွမ်သည် ထိုလူငယ်များကို စိတ်အားထက်သန် စွာကြည့်လေသည်။
ဤကိစ္စကို အထက်တန်းစား မိသားစုကြီးလေးခုမှ ထုတ်ဖော်မည်ကို သူမ စိတ်မပူပေ။ သို့သော် ဤလူငယ်များမှာ ပြောရန်ခက်သည်။ သူတို့အားလုံးသည် သူမကိုလေးစားကြသည်။ သူတို့သည် အင်ပါယာမြို့တော်တွင် မဟုတ်တမ်း တရားများပြောနိုင်သည်။ “ငါတို့ သခင်လေး ၉ ကအရမ်းအထင်ကြီးဖို့ကောင်း တယ်၊ မြေကြီးဝိညာဉ်ဆေးကဘာအရေးလဲ၊ သူ့မှာအများကြီးရှိတယ်”
လွန်ခဲ့သည့်နှစ်တစ်သောင်းက အဆင့်တက်ရန်အတွက် ဤကဲ့သို့ဆေး မျိုး မည်သူမှ မသန့်စင်နိုင်ပေ။ သူမ၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ် အရင်းအမြစ်ရှိနေခြင်းကြောင့်သာ သန့်စင်နိုင်ခြင်းဟု ယန်ယဲ့ပင်ပြောခဲ့သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်သည်လည်း တားမြစ်ချက်တစ်ခုပင်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ထိုအရာရှိနေသည်ကို မည်သူမှမသိကြပေ။
ပေထင်းဟွမ် စကားဆုံးပြီးသည်နှင့် လက်ကိုဝေ့ယမ်းလိုက်သည်။ သူမ ရှေ့မှ မြေကြီးပေါ်တွင် အရွယ်အစားအမျိုးမျိုးနှင့် ကျောက်စိမ်းဆေးပုလင်းများ အပုံလိုက်ကျလာသည်။ ကြည့်လိုက်သည်နှင့် ၎င်းတို့သည် အမျိုးအစားသုံးမျိုး ဖြစ်သည်ကိုသိနိုင်သည်။ တစ်မျိုးစီ ၁၀ ပုလင်းခန့်ရှိကာ ပုလင်းတစ်လုံးစီတွင် အနည်းဆုံး ဆေး ၁၀ လုံးပါဝင်သည်။ ဤမျှများပြားသောဆေးနှင့်ဆိုလျှင် ကောင်းကင်အဆင့်အဂ္ဂိရတ်ပညာရှင်များအတွက် အနည်းဆုံးတော့ ၃ နှစ်မှ ၅ နှစ် နေ့ရောညပါ သန့်စင်ရန်အချိန်ပေးရလိမ့်မည်။
ပေထင်းဟွမ် ဒီလောက်ဆေးအများကြီး ဘယ်ကရလာတာလဲ။
ထိုအချိန်တွင် မြေကြီးအဆင့် ၅ အဂ္ဂိရတ်ပညာရှင် ပေထင်းရွေ့ပင်လျှင် မတည်ငြိမ်နိုင်တော့ပေ။ သူသည် ရှေ့တိုးပြီး ဂရုတစိုက်မေးလေသည် “ရှောင်ကျို့ ဒီဆေးတွေကို ဘယ်ကရလာတာလဲ”
ဟုတ်တယ်၊ ဘယ်ကရလာတာလဲ။ အားလုံးသည် ထိုမေးခွန်းကို မေးချင် ကြသည်။ သူတို့သည် ပေထင်းဟွမ်အား စူးစူးစိုက်စိုက်ကြည့်ရာ သူမသည် တည်ငြိမ်စွာပြုံးလိုက်သည်ကိုမြင်လိုက်ရသည် “ဦးလေး ကျွန်တော် ဒါတွေကို လုခဲ့တာလို့ပြောရင်ယုံမှာလား”
ဟူး
အားလုံးသည် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ချလိုက်သည့်အလား သက်ပြင်း ကြီးချလိုက်ကြသည်။ ပေထင်းဟွမ်၏ မျက်လုံးများပြူးကျယ်လာသည်။ သူတို့ က ဘာအဓိပ္ပာယ်လဲ။ ဒီဆေးတွေကို သူမ သန့်စင်ခဲ့တာကို ဘယ်သူမှမယုံချင် ကြတာလား။ သူမရဲ့အစွမ်းအစကို သံသယဝင်ကြတာလား။ သူမက ဆေးသန့်စင်လို့မရဘူးလား။
“ငါသိနေတယ်လေ ရှောင်ကျို့က အသက်ဘယ်လောက်ရှိသေးလို့လဲ၊ ကောင်းကင်အဆင့်ဝိညာဉ်ဆေးက အဆင့် ၄ ဆေးပဲ၊ သူ့အမေဗိုက်ထဲမှာ စပြီး ဆေးသန့်စင်မယ်ဆိုရင်တောင် အဲဒါကိုသင်လို့ပြီးဖို့မဖြစ်နိုင်ဘူး” တုန်ဖန်းကျောက်သည် ပြုံးပြီး သူ့ကိုယ်သူ နှစ်သိမ့်လေသည် “သူက ညအရှင် အိမ်တော်ကလုလာတာပဲဖြစ်ရမယ်”
ပေထင်းချင်းသည်လည်းရယ်မောကာ နန်ကုန်းချန်းအား ပြောလိုက် သည် “ငါတော့ လန့်လို့သေတော့မှာပဲ၊ ငါ သိနေတယ်လေ.. ဒီကလေးက ဘယ်လိုလုပ် အဂ္ဂိရတ်ပညာရှင်ဖြစ်မှာလဲ”