← Chapters

မတတ်သာတော့ဘဲ ညအရှင်အိမ်တော်ကိုသွားရခြင်း

Vol. 40 Ch. 799

မတတ်သာတော့ဘဲ ညအရှင်အိမ်တော်ကိုသွားရခြင်း

Vol. 40 Ch. 799

“အစ်ကိုရှီမန် ကျွန်တော် ချုံချီတို့ကိုမေးလိုက်ပါဦးမယ်၊ ခဏလောက် စောင့်ပေးပါ” ထိုသို့ပြောပြီးနောက် ပေထင်းဟွမ်သည် ခြံဝင်းထဲမှထွက်ကာ စင်္ကြံတံစက်မြိတ်အောက်တွင် ရပ်လေသည်။ သူမသည် လက်ပိုက်ကာ ခြံဝင်း ထောင့်လေးထောင့်ကို ကြည့်နေသည်။ “ချုံချီ မင်းဒီမှာရှိတာကို ငါသိတယ်၊ ခုနက ငါပြောတာကိုကြားရင် ထွက်လာပြီးတုံ့ပြန်ပါဦး”

သူတို့လေးယောက်သည် ပေထင်းဟွမ်၏အနီးအနားတွင် စောင့်ကြပ်နေ ကြသည်။ တကယ်တော့ အတိအကျပြောရလျှင် သူတို့သည် ယန်ယဲ့အား စောင့်ကြပ်ခြင်းပင်။ သို့သော် လက်ရှိတွင် ယန်ယဲ့သည် ပေထင်းဟွမ်၏ ပိတ်လှောင်ခြင်းကို ခံနေရသည်။ သူတို့သည် ပေထင်းဟွမ်နောက်မလိုက်လျှင် မည်သူ့နောက်လိုက်ရမည်နည်း။

သူတို့လေးယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ နောက်ဆုံး တွင် အရှုံးပေးသူမှာ ချုံချီဖြစ်သည်။ သူလျှောက်လာပြီး ပေထင်းဟွမ်အား ဦးညွှတ်လေသည်။ “သခင်ကြီး.. မဟုတ်သေးဘူး သခင်လေး ၉ ဒီလမှာ အင်ပါယာမြို့ကို စောင့်ကြပ်နေတဲ့သူတွေက တကယ်ပဲ ညအရှင်အိမ်တော်က ပါ၊ ဒါပေမဲ့ ညအရှင်ရဲ့လက်အောက်ငယ်သားတွေ အလုပ်လုပ်နေတဲ့အချိန် အမိန့်ပေးလို့မရပါဘူး၊ သခင်လေး ၉ အတွက် စာရေးပေးဖို့ သခင့်ကိုပဲ မေးရမှာ ပါ၊ သခင့်ကိုထုတ်ပေးရင် မြို့ကိုစောင့်ကြပ်နေတဲ့ စစ်သူကြီးပေ့ဆီသွားပြီး တစ်ခုခုလုပ်ခိုင်းလိုက်ပါမယ်”

ချုံချီ၏စကားများအရ စစ်သူကြီးပေ့သည်လည်း ယန်ယဲ့၏ လက်အောက် ငယ်သားဖြစ်ကာ အင်ပါယာမြို့ကို စောင့်ကြပ်နေသည့် စစ်သူကြီးဖြစ်သည်။ သူ လှည့်ထွက်ပြီး ချုံချီ၏စကားများအမှန်ဟုတ်မဟုတ်ကို ရှီမန်ဆုန်းအား မေးမည် အပြုတွင် ရှီမန်ဆုန်း၏ ကြောက်စရာမျက်နှာထားကိုမြင်လိုက်ရသည်။

ပေထင်းဟွမ်သည် နှာခေါင်းပွတ်လိုက်သည်။ ချုံချီသည် အစောက သူမကို သခင်ကြီးဟုခေါ်လိုက်သည်ကို ရှီမန်ဆုန်းကြားသည်။ ပေထင်းဟွမ် သည် မတတ်သာတော့ဘဲ ချုံချီအား လက်ညှိုးထားကာ ရှီမန်ဆုန်းအား ကိုးရို့ကားရားပြောလေသည် “အစ်ကိုရှီမန်ဆုန်း ဒီလူက နည်းနည်းဒေါသကြီး ပြီး တစ်ခါတလေ ထင်ယောင်ထင်မှားဖြစ်တတ်တယ်၊ သူက တစ်ခါတစ်ခါ လူမှားခေါ်တာ”

ရှီမန်ဆုန်းသည် သံသယများဖြင့် ချုံချီအား အကဲခတ်လေသည်။ သူသည် ညအရှင်အိမ်တော်မှဖြစ်သည်ကို သတိထားမိသည်နှင့် မတတ်သာတော့ဘဲ စိတ်ထဲမှရေရွတ်လေသည်။ ဒီလိုလူက ဘယ်လိုလုပ် ညအရှင်ရဲ့ဘေးမှာရှိနေ တာလဲ။ သူက လူတောင်မှားခေါ်သေးတယ်။ အရင်တုန်းက ဘယ်လိုတွေ အလုပ်လုပ်ခဲ့တာလဲ။

“သခင်ချုံချီ အခုညအရှင်က ဘယ်မှာလဲဆိုတာသိလား” ရှီမန်ဆုန်းသည် ညအရှင်ကို ကိုယ်တိုင်တောင်းဆိုရန် ပြင်ဆင်ထားသည်။

ချုံချီသည် ဘာမှမပြောဘဲ ပေထင်းဟွမ်ကိုသာ စိုက်ကြည့်လေသည်။ သူတို့၏သခင်ကို ပေထင်းဟွမ် မည်သည့်နေရာတွင် ဖွက်ထားသလဲဆိုသည်ကို သူတို့လည်းသိချင်သည်။ ယခုအခါ သူတို့သခင်ရှိရာကို ပေထင်းဟွမ်သာ သိ သည်။ သူတို့တွင် သဲလွန်စမရှိပေ။

ရှီမန်ဆုန်းသည် နားမလည်နိုင်ဖြစ်သည်။ ချုံချီသည် ပေထင်းဟွမ်အား အပြစ်တင်ပြီး ဤကိစ္စတွင် ဝင်မပါလို၍ဖြစ်သည်ဟု သူ တွေးလိုက်သည်။ သူ စကားပြောတော့မည်အပြုတွင် ပေထင်းဟွမ်၏အသံကိုကြားလိုက်သည် “အစ်ကိုရှီမန်ဆုန်း ကျွန်တော်က မိသားစုနဲ့အတူ ‌မနက်ဖြန် ဝိညာဉ်ထောင်ချီ တောင်ကိုသွားဖို့ ပြောပြီးသွားပြီ၊ ဒီနေ့ည ဒီကိစ္စကို ဖြေရှင်းပေးပါ့မယ်၊ မင်းသမီးကျင်းရဲ့ ပိတ်နေတဲ့ ယင်အကြောကိုကုဖို့ ဆေးအတွက်ကတော့ သခင် က ဘယ်ဆေးသုံးရမလဲဆိုတာသိမှာပါ၊ အဲဒါကိုဖြေရှင်းဖို့ ကူညီပေးပါမယ်”

ပေထင်းဟွမ်သာမမှားလျှင် မင်းသမီးကျင်း၏ ယင်အကြောပိတ်နေခြင်း ကို ကုသမည့်ဆေးသည် ကစဥ့်ကလျားနတ်အရင်းအမြစ်စွမ်းအားဖြစ်သည်။

ပေထင်းဟွမ်သည် ယန်ယဲ့ကိုသွားရှာမည်ဖြစ်ကြောင်းကို ရှီမန်ဆုန်းသိ သည်။ သူသည် လျင်မြန်စွာပင် နှုတ်ဆက်ကာ ပေထင်းဟွမ်အား အကောင်းဆုံး လုပ်ရန် ပြောထားခဲ့သည်။ သူမသာ သူ့ကိုလိုအပ်လျှင် လူလွှတ်ပြီးခေါ်ရန် စီစဉ် ပေးခဲ့သည်။

ရှီမန်ဆုန်းထွက်သွားသည်ကိုကြည့်ရာ သူ၏အင်္ကျီအဖြူနှင့် သစ်သားဖိနပ်တို့မှာ နတ်သားတစ်ပါးလိုပင်။ သို့သော် သူ၏နောက်ကျောသည် မှုန်ဝါးဝါးဖြစ်နေသည်။

သူမသည် စိတ်ပိုင်းဖြတ်ထားသည်။ သူမသည် မင်းသမီးကျင်းကို ကုသ ပေးမည်။

“သူက ငယ်ငယ်ကတည်းက ရှန်းယန်ကျင်းနဲ့ ရင်းနှီးခဲ့ကြတာ၊ သူ အရွယ် ရောက်လာတော့လည်း သူတို့နှစ်ယောက်က ခွဲမရဘူး၊ ကံမကောင်းလို့ ရှန်းယန်ကျင်းက မကျင့်ကြံနိုင်တော့ ဝိညာဉ်စွမ်းအားမရှိတဲ့မိန်းကလေးကို ရှီမန်မိသားစုရဲ့ ခေါင်းဆောင်လောင်းက လက်ထပ်ဖို့ကို ရှီမန်မိသားစုက သဘောမတူဘူး၊ သူတို့ကလေးရသွားမှာကိုတောင် ကြောက်နေကြတာ” ရှီမန်ကျင်းသည် ပေထင်းဟွမ်ဘေးတွင်ရပ်ပြီးပြောလေသည်။

“သိပါတယ် အစ်ကိုကြီး ကျွန်တော်တော့ မတတ်သာတော့ဘဲ ညအရှင် အိမ်တော်ကိုသွားရတော့မယ်”

ပေထင်းဟွမ်သည် ပေထင်းကျင်ဘက်လှည့်ကာ ပြောလေသည် “မနက်ဖြန်မနက်ကို အစ်ကိုကြီးနဲ့ ကျွန်တော်က သူတို့ကိုဦးဆောင်ပြီး ဝိညာဉ် ထောင်ချီတောင်တန်းကို သွားမယ်၊ ဟုတ်ပြီလား”

“သေချာတာပေါ့” ပေထင်းကျင် ပြောလေသည် “ညအရှင်အိမ်တော်ကို သွားဖို့ ရှောင်ကျို့ကို အဖော်ပြုပေးရမလား”

All Chapters