← Chapters

ငါက ကောင်စစ်ဝန်ပါဟ

Vol. 9 Ch. 32

ငါက ကောင်စစ်ဝန်ပါဟ

Vol. 9 Ch. 32

အေမီနဲ့မက်ဒါနာက တစ်ယောက်ကိုတစ်ယောက် အပြင်းအထန်တိုက်ခိုက်နေကြတယ်။ ငွေရောင်စစ်သည်ရဲ့ဓားက လေထုထဲမှာဝဲပျံလှုပ်ရှားနေပြီး အနက်ရောင်စစ်နတ်သမီးကို ပိုင်းဖြတ်ဖို့ကြိုးစားနေပေမဲ့ အေမီကတော့ နတ်သမီးတစ်ပါး ကခုန်နေသလိုပုံစံမျိုးနဲ့ အမြဲရှောင်ထွက်နေနိုင်ပါတယ်။

ထန်း...

ငွေရောင်စစ်သည်ရဲ့ဓားချက်က အေမီကိုမထိဘဲ မြေကြီးကိုသာ ခုတ်မိသွားတယ်။ ကျောက်တုံးတစ်တုံးကို ပိုင်းမိပြီး မီးပွားတွေဖြာထွက်လာပါပြီ။ အေမီကတော့ တံစဥ်ကိုချာခနဲလည်အောင် အောက်ကနေ အပေါ်လှည့်လိုက်ပြီး ငွေရောင်စစ်သည်ရဲ့ရင်ဘတ်ကို ပင့်ခုတ်တယ်။

ကလန်...

တံစဥ်ရဲ့အရှိန်ကြောင့် ငွေရောင်စစ်သည်က နောက်ကိုရွေ့သွားတယ်။ အေမီကတော့ တစ်ဆက်တည်းဆိုသလိုပဲ တံစဥ်ကိုလှည့်ပတ်ကစားရင်း ငွေရောင်စစ်သည်ကို ပိုဖိအားပေးတယ်။ အစောပိုင်းကအထိ ငွေရောင်စစ်သည်က အေမီကို တိုက်စစ်ဆင်နေခဲ့တာဖြစ်ပေမဲ့ အခုတော့ အေမီက ငွေရောင်စစ်သည်ကို တန်ပြန်တိုက်စစ်ဆင်နေပါပြီ။

“မဆိုးဘူး၊ မဆိုးဘူး။ လုံးဝမဆိုးဘူး။” ငွေရောင်စစ်သည်က ရေရွတ်လိုက်ရင်း အတောင်ပံကိုဖြန့်ကာ လေထုထဲခုန်တက်လိုက်တယ်။ အဲဲဒီနောက် ဓားကိုအလျားလိုက်ထောင်ပြီး အေမီကို အပေါ်ကနေပိုင်းချလိုက်တယ်။ အေမီကလည်း တံစဥ်ကို ညာပင့်လွဲချကာ အဲဒီဓားချက်ကို တားဆီးလိုက်တယ်။

ထန်း...

ဓားချက်က အေမီရဲ့ခေါင်းနဲ့ လက်မအနည်းငယ်အကွာမှာရပ်သွားပြီး ဘေးကိုလမ်းလွှဲခြင်းခံရပါတယ်။ အဲဒီနောက် အေမီက သူ့ရဲ့အလင်းဒြပ်စင်အတောင်ကို အသက်သွင်းလိုက်တယ်။ အေမီရဲ့ခန္ဓာကိုယ်က မြေပြင်ကနေ ပေအနည်းငယ်မြောက်ကြွလာပြီး လက်သီးနဲ့ငွေရောင်စစ်သည်ရဲ့မျက်နှာကိုထိုးတယ်။ ငွေရောင်စစ်သည်ကလည်း ဘယ်လက်ကိုမြှောက်ကာ အေမီရဲ့လက်ကို ရိုက်ပယ်ထုတ်လိုက်ပြီးရင်ဘတ်ကို ဓားနဲ့ခုတ်ချတယ်။

“တွက်ထားတဲ့အတိုင်းပဲ။” အေမီက ပြုံးလိုက်တယ်။ သူက အတောင်ကိုအားပိုထည့်လိုက်တော့ အဖြူရောင် အလင်းဒြပ်စင်အတောင်က ပိုထင်ရှားသွားတယ်။ အေမီက ညာခြေကိုဆန့်ထုတ်လိုက်ပြီး ငွေရောင်စစ်သည်ရဲ့ဝမ်းဗိုက်ကို ကန်လိုက်ပါတယ်။ ဓားက အေမီအပေါ်ကို မိုးမကျလာခင် ငွေရောင်စစ်သည်က နောက်တစ်ကြိမ်နောက်ဆုတ်သွားရပြန်ပါတယ်။

“တကယ့်ကို ကြောက်စရာကောင်းတဲ့ တွက်ချက်နိုင်စွမ်းပဲ။ ဂိုင်ယာနဲ့ပေါင်းပြီးတော့ တိုက်ပွဲအချက်ပေးနည်းပညာကို အဆင့်မြှင့်နိုင်ခဲ့တာလား။”

မက်ဒါနာက အေမီကို မေးလိုက်တယ်။ အေမီက ပြန်မဖြေပါဘူး။ ဒါပေမဲ့ မက်ဒါနာကတော့ အေမီရဲ့ပုံစံကိုကြည့်ပြီး သူ့ခန့်မှန်းချက်က အမှန်ဖြစ်ကြောင်းကို ကောက်ချက်ချလိုက်တယ်။ နောက်တော့ အတောင်တွေကို အားကုန်ဖြန့်ရင်း အသံမြန်နှုန်းရဲ့သုံးဆအထိမြှင့်ကာ အေမီကိုစတိုက်တယ်။

“အမြန်နှုန်းပြိုင်ချင်တာလား၊ မမလေး။” အေမီကလည်း ပြုံးလိုက်ပြီးတော့ ခန္ဓာကိုယ်ကို တစ်ချက်ယိမ်းနွဲ့လိုက်တယ်။ ဓားက သူ့ရဲ့မျက်နှာရှိနေခဲ့ဖူးတဲ့ နေရာကိုကျရောက်သွားပေမဲ့ အခုတော့ သူ့မျက်နှာဘေးကနေ ဖြတ်သန်းသွားရုံပဲရှိတယ်။ အေမီက အလင်းဒြပ်စင်တောင်ပံတွေကို ပိုအားဖြည့်လိုက်ပြီး ကိုယ်တိုင်လည်း အသံမြန်နှုန်းကို ချိုးဖျက်လိုက်တယ်။

နောက်ဆက်ဖြစ်လာတာကတော့ သာမန်လူတွေအဖို့ ရိုးတိုးရိပ်တိပ်သာမြင်နိုင်တဲ့ အသံမြန်နှုန်းအထက်ကတိုက်ပွဲပါပဲ။ နှစ်ယောက်လုံးအတွက် ပတ်ဝန်းကျင်က မြင်ကွင်းတွေ နှေးကျသွားပြီး တူညီတဲ့အမြန်နှုန်းနဲ့ လှုပ်ရှားနေတာဆိုလို့ သူတို့နှစ်ယောက်ပဲရှိပါတော့တယ်။

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...

သူတို့ရဲ့ဓားတွေ၊ တံစဥ်တွေ၊ လက်သီးချက်တွေနဲ့ ခြေကန်ချက်တွေအားလုံးက အံ့မခန်းမြန်နှုန်းတွေနဲ့ လှုပ်ရှားနေကြပြီး တိုက်ကွက်တိုင်းရဲ့နောက်မှာ လေထုပေါက်ကွဲမှုနဲ့ သက်ရောက်အားလှိုင်းတွေ ပါဝင်နေပါတယ်။ သာမန်လူတစ်ယောက်က အဲဒီသက်ရောက်လှိုင်းတွေနဲ့တင် သေဆုံးသွားနိုင်တယ်။

“ကဲ၊ ဒီတော့ ကောင်းကင်ပေါ်တက်ပြီး နောက်တစ်ဆင့် ထပ်ပြိုင်ကြမလား။”

နောက်ကိုလွင့်စင်သွားပြီး မြေပြင်မှာ အခြေမပျက်အောင် ဟန်ချက်ထိန်းလိုက်ရတဲ့ အေမီကို ငွေရောင်စစ်သည်က လက်ကိုနောက်ပစ်ရင်း မေးလိုက်တယ်။ အေမီက ငွေရောင်စစ်သည်ကို အကြာကြီးဖိအားပေးခဲ့တာဆိုပေမဲ့ နောက်ပိုင်းရောက်လာလေလေ မက်ဒါနာက အေမီရဲ့တိုက်ကွက်တွေနဲ့ အသားကျလာလေဖြစ်ပြီး တံစဥ်ရဲ့အားနည်းချက်ကို သိလာပါတယ်။ အဲဒီနောက်တော့ မက်ဒါနာက အေမီကို နေရာလပ်အခြားမခံဘဲ လူချင်းပူးပြီး တိုက်ပါတော့တယ်။ ဒီနည်းလမ်းနဲ့ အေမီက အသာစီးရမှုကို ဆုံးရှုံးသွားတာပါ။

“မမလေးရဲ့တိုက်ကွက်တွေက အထင်ကြီးစရာပါပဲ။ ဒီနေရာမှာ တခြားတစ်ယောက်သာဆိုရင် အသက်မရှိလောက်တော့ပါဘူး။” အေမီက မက်ဒါနာကို အိမ်စေဆန်ဆန် ဦးညွှတ်လိုက်ပြန်တယ်။ အဲဒီနောက်တော့ လက်ဖျောက်တီးလိုက်တယ်။ တိုက်ပွဲကို အဝေးကနေကြည့်နေတဲ့ စေဘာစတိန်းလည်းဝင်လာပြီး အေမီနဲ့ပေါင်းစပ်လိုက်တယ်။ ဖုတ်ကောင်မလေးဆီကနေ မြွေနဂါးရဲ့စွမ်းအားတွေက နေရာရွေ့ပြောင်းရောက်ရှိလာပြီး အနက်ရောင်အရိပ်ရဲ့အငွေ့အသက်တွေက အေမီကို ဖုံးလွှမ်းသွားတယ်။ တစ်ချိန်တည်းမှာပဲ အေမီက ခွေးခေါင်းနဲ့မိန်းမခန္ဓာကိုယ်ရှိတဲ့ ပုံစံအဖြစ်ကို ရောက်ရှိသွားပါပြီ။

[Booster From: Anubis]

ငွေရောင်စစ်သည်ကလည်း လက်ထဲကဓားရဲ့တတိယမြောက်ကျောက်မျက် အပြာရောင်ကျောက်ကို ထိတွေ့လိုက်တယ်။ အဲဒီနောက်တော့ လေပြင်းတွေက ငွေရောင်စစ်သည်ကို ဝိုင်းရံသွားပြီးတော့ တခြားအရာတစ်ခုအဖြစ်ကို ပြောင်းလဲသွားပါတယ်။

လက်ထဲကဓားက လူတစ်ရပ်နီးပါးရှည်လျားတဲ့ စီးချင်းထိုးလှံအဖြစ်ကို ပြောင်းလဲသွားပြီး ငွေရောင်စစ်သည်မှာ အမြီးပေါက်လာတယ်။ ပခုံးနေရာမှာတော့ နဂါးတစ်ကောင်ရဲ့ရုပ်ပုံပါတဲ့ ပခုံးကာချပ်ဝတ်တွေ ထွက်ပေါ်လာတယ်။ ရင်ကာမှာလည်း ပျံသန်းနေတဲ့ နဂါးရဲ့ပုံပေါ်လာတယ်။ ခေါင်းပိုင်းကလည်း နဂါးတစ်ကောင်ရဲ့ခေါင်းအတိုင်းပုံဖော်ထားတဲ့ သတ္တုခေါင်းစွပ် ဖြစ်သွားပါတယ်။

[Booster From: Dragon Master]

အဲဲဒီနောက်တော့ သူတို့နှစ်ယောက်လုံးက မြေပြင်မှာဆက်မတိုက်ခိုက်ကြတော့ဘဲ ကောင်းကင်ပေါ်ကိုပျံတက်သွားကြတယ်။ အဲဒီနောက်တော့ နယူးယောက်မြို့ အနောက်ဘက်ခြမ်းကို စတင်ထွက်ခွာပါတယ်။

“သားရဲတွေကို သုံးလက်စနဲ့တော့ စစ်မြေပြင်မှာ ပိုးကောင်ဘယ်နှစ်ကောင်သတ်နိုင်လဲ ယှဥ်ကြတာပေါ့။ ဒီစွမ်းအားတွေကို အလကားသုံးပစ်တာမျိုး မဖြစ်သင့်ဘူး။” မက်ဒါနာက လေထုထဲမှာ ပျံဝဲနေရင်းကနေ အေမီကို ပြောလိုက်တယ်။ အေမီကလည်း ခေါင်းညိတ်လိုက်ပါတယ်။

“နားလည်ပါပြီ၊ မမလေး။”

နောက်တော့ သူတို့နှစ်ယောက်လုံးက လူသားခံစစ်ရဲ့မျက်နှာချင်းဆိုင်မှာ တပ်ချထားတဲ့ ပိုးကောင်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ပါတော့တယ်။ မိနစ်ပိုင်းအတွင်းမှာပဲ ပိုးကောင်တွေရဲ့စစ်စခန်းတချို့ ကျဆုံးသွားပြီး ပိုးကောင်အများစု တစစီဆွဲဖြဲခံကြရတယ်။

မကြာခင်မှာပဲ သတင်းက ပိုးကောင်ဗိုလ်ချုပ်တွေဆီကို ရောက်သွားလေရဲ့။

...

“ဒီကောင်တွေကတော့ ငါ့ကိုသီချင်းတောင် သေချာနားထောင်ခွင့်မပေးတော့ဘူးပဲ။ နေ့တိုင်းနေ့တိုင်း လာနှောင့်ယှက်နေတာ။ စိတ်ပင်ပန်းနေပြီ။”

ပိုးကောင်စစ်စခန်းတွေကို တာဝန်ယူထားရတဲ့ ပိုးဖလံက ရေရွတ်လိုက်တယ်။ ပြီးတော့ ကျူးကျော်လာသူက နှစ်ယောက်ဖြစ်ပြီး သူတစ်ယောက်တည်းနဲ့ရင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။ သူစိတ်ပျက်နေချိန်မှာပဲ ယင်ကောင်က တခြားပိုးကောင်ဗိုလ်ချုပ်နှစ်ယောက်နဲ့အတူ ရှေ့တန်းဌာနချုပ်အတွင်းကို ပျံသန်းဆင်းသက်လာပါတယ်။

“ဟေး၊ ယင်ကောင်။ မင်းရောက်လာတာကောင်းတယ်။ ငါတို့စခန်းတွေကို လူသားကောင်တွေ လာသောင်းကျန်းနေပြန်ပြီ။”

ယင်ကောင်က ခေါင်းညိတ်လိုက်ပြီး သူ့နောက်မှာရှိနေတဲ့ အိုလီနဲ့ဂျက်စပါတို့နှစ်ယောက်ကို လက်မနဲ့ထိုး ညွန်ပြပါတယ်။

“အသစ်လေးနှစ်ယောက်ကို ရှေ့တန်းစစ်စခန်းတွေအကြောင်း ရင်းနှီးအောင်လုပ်ပေးဖို့ရှိတယ်။ အခု အဲဒီနှစ်ကောင်ကို သွားတိုက်ကြတာပေါ့။”

ယင်ကောင်က ဝမ်းသာအားရနဲ့ လက်ခုပ်တီးလိုက်တယ်။ “ကောင်းပြီ၊ ယင်ကောင်။ မင်းက အားအကိုးရဆုံးပဲ။” ဒီလိုနဲ့ လူနှစ်ယောက်ကြောင့် အတန်ကြာငြိမ်သက်နေခဲ့တဲ့ အရှေ့ဘက်ကမ်းရိုးတန်းစစ်မြေပြင်နှစ်ခုလုံး လှုပ်ရှားလာခဲ့ပါပြီ။

....

ရက်အနည်းငယ်ခန့်အကြာ။

“မဖြစ်နိုင်တာ၊ ငါတို့ဒီလောက် အကွာအဝေးအများကြီး ခြားပြီးမှ လိုက်ခဲ့တာကို။”

မြေပြင်ပေါ်မှာထိုးစိုက်နေတဲ့ အာကာသသင်္ဘောပျံထဲကနေပြီး အရှက်ရစရာအနေအထားနဲ့ အီဂိုထွက်လာတယ်။ သူနဲ့အတူပါလာတဲ့ စစ်သင်္ဘောအုပ်ကြီးရှိမနေတော့ဘူး။ သူ့ရဲ့ဂုဏ်ယူရတဲ့ ဖက်ဒရေးရှင်းစစ်သင်္ဘောကြီးကလည်း တစ်စစီဖြစ်သွားပြီ။ အကြောင်းကတော့ ကမ္ဘာနားရောက်ခါနည်းမှာ ပိုးဟပ်က သူတို့ကိုသတိထားမိသွားပြီး တိုက်ခိုက်ခဲ့လို့ပါ။

အသက်ရှင်ကျန်နေသေးတဲ့ ဖက်ဒရေးရှင်းအရာရှိတချို့လည်း ထွက်လာတယ်။ ရုပ်ရည်သာမန်ပဲရှိတဲ့ နတ်သူငယ်မလေးနဲ့ တခြားဂေါ်ဘလင်နှစ်ကောင်ပါ။

“ငါတို့ဘယ်ရောက်နေတာလဲ။” အီဂိုက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တယ်။ သူတို့က ကမ်းခြေတစ်နေရာမှာ ရှိနေတာဖြစ်ပြီးတော့ စစ်သင်္ဘောကြီးရဲ့တစ်ဝက်က ရေထဲမှာမြုပ်နေပါတယ်။ ကုန်းပေါ်ကိုကြည့်လိုက်တော့ တောင်ကုန်းတောင်တန်းတွေနဲ့မြို့ပြအရိပ်အယောင်ကို တွေ့ရပါတယ်။

အရာရှိမိန်းကလေးက သူ့လက်က လက်ပတ်ကိုစစ်ကြည့်လိုက်ပြီး အီဂိုကိုပြောလိုက်တယ်။

“ကောင်စစ်ဝန်၊ ကျွန်မတို့ ကမ္ဘာမြေရဲ့အရှေ့ဘက်ခြမ်းက ကျွန်းတစ်ခုမှာရှိနေတာပါ။ ပိုးဟပ်လည်း ဒီအနီးအနားမှာ ရှိနေနိုင်သေးတယ်။”

ဝူး....

သူတို့စကားပြောနေစဥ်မှာပဲ အော်သံကျယ်ကြီးတစ်ခုကို ကြားလိုက်ရတဲ့အတွက် အသံလာရာကိုကြည့်လိုက်တော့ မီတာသုံးရာလောက်အမြင့်ရှိတဲ့ ပိုးဟပ်ကြီးက တောင်ကြီးတစ်ခုအကွယ်ကနေ ထလာနေပြီး သူတို့ကိုစိုက်ကြည့်နေပါတယ်။

“အားလုံး သတိထားကြ။” အီဂိုက ခါးမှာချိတ်ထားတဲ့ ဓားကိုဆွဲထုတ်လိုက်တယ်။ ပတ်ဝန်းကျင်က သဘာဝစွမ်းအင်တွေ ဓားသွားထဲကို စီးဆင်းဝင်သွားပြီး အီဂိုဓားနဲ့ခုတ်ချလိုက်ချိန်မှာတော့ အလင်းတန်းဓားသွားတစ်ချက်က ပိုးဟပ်ကိုသွားရောက်ထိမှန်ပါတယ်။ ပတ်ဝန်းကျင်မှာရှိနေတဲ့ စွန့်ပစ်ထားတဲ့ တိုက်တချို့ကိုလည်း ထိမှန်သွားပြီး ပြိုကျကာ အမှုန်အဖြစ်ပြောင်းကုန်ပါတယ်။

ဓားချက်က ပိုးဟပ်ကြီးကိုလည်း ထိသွားပေမဲ့လို့ ကြီးကြီးမားမား ထိခိုက်မှုတော့မရှိပါဘူး။ အဲဒီအစားပိုးဟပ်ကြီးက အတောင်ပံကိုဖြန့်လိုက်တယ်။ လူတစ်ရပ်စာလောက်ရှိတဲ့ ပိုးဟပ်ငယ်ပေါင်းများစွာက အဲဒီပိုးဟပ်ကြီးဆီကနေ ခွဲထွက်လာပြီး ဂေါ်ဘလင်တွေနဲ့ နတ်သူငယ်အရာရှိမိန်းကလေးက သူတို့ခါးမှာချိတ်ထားတဲ့ လေဆာသေနတ်တွေနဲ့ သူတို့ဆီရောက်မလာခင် ပစ်ချဖို့ကြိုးစားပါတယ်။

သေဖို့လက်တစ်ကမ်းအလိုမှာတော့ အရာရှိမိန်းကလေးက အောင့်အီးမနေနိုင်တော့ဘဲ အခုလိုပြောပါတယ်။ “ငါတို့တွေအားလုံး အားအနည်းဆုံးကောင်စစ်ဝန်ဖြစ်တဲ့ ကောင်စစ်ဝန်အီဂိုနောက်လိုက်မိတာ မှားပြီလားမသိဘူး။”

ဖက်ဒရေးရှင်းမှာ ကောင်စစ်ဝန်ခုနစ်ယောက်ရှိတဲ့အနက် အီဂိုက အားအနည်းဆုံးပါပဲ။ သူ့ရဲ့ဓားက နာမည်ကျော်ကြားပေမဲ့ သူကိုယ်တိုင်ကတော့ နာမည်မကြီးပါဘူး။ အီဂိုက ဒီလိုအပြောခံရလို့ ဒေါသထွက်သွားပေမဲ့ သူ့လူတွေနဲ့ရန်ဖြစ်မနေတော့ဘဲ ဓားကိုကိုင်ကာ ရှေ့ကိုတစ်ခါတည်း ပြေးတက်သွားတယ်။ အဲဲဒီနောက် ပိုးဟပ်ငယ်တွေကို သူ့ဓားနဲ့လိုက်လံဖြေရှင်းပါတယ်။

ဓားအလင်းတန်းတွေက ပိုးဟပ်ငယ်အုပ်ကိုဖြေရှင်းလိုက်ပေမဲ့ ပိုးဟပ်ကြီးကတော့ ရှိနေဆဲပါ။ အီဂိုလည်း အဲဒီပိုးဟပ်ကြီးကို ဘာမှလုပ်နိုင်တဲ့ပုံမပေါ်ဘူး။ ဒါပေမဲ့ သူက မစမ်းသပ်ကြည့်ဘဲနဲ့တော့ မသေချင်သေးပါဘူး။ ဒါကြောင့် ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး သူ့ရဲ့အစွမ်းအထက်ဆုံးဓားချက်ကို ထုတ်သုံးလိုက်တယ်။

“လေသဘာဝစွမ်းအား၊ ဓားမုန်တိုင်း။”

ကမ္ဘာ့လေထုက အီဂိုရဲ့အမိန့်ကို စတင်နာခံတဲ့အနေနဲ့လေထုစွမ်းအင်တွေ စုစည်းလာပြီး အီဂိုရဲ့ဓားလည်း ငွေရောင်စတင်တောက်ပလာတယ်။ အဲဒီနောက် သူက အားကုန်ခုတ်ချလိုက်တယ်။

“ငါက အယ်ဖာအစစ်မဟုတ်ရင်တောင် အယ်ဖာတွေကို ဒဏ်ရာရအောင် လုပ်နိုင်သေးတယ်ကွ။” အီဂိုက ကြိမ်းဝါးလိုက်တယ်။ မီတာဆယ်ချီတဲ့ ငွေရောင်ဓားအလင်းတန်းကြီးက သူ့ဓားကနေထွက်ပေါ်လာပြီး ပိုးဟပ်ကြီးရဲ့လည်ပင်းကိုထိမှန်ကာ အစိမ်းရောင်သွေးရည်ကြည်တွေ ပန်းထွက်လာတယ်။

ဒါပေမဲ့ သေဖို့ကတော့ အဝေးကြီးပါ။ ပိုးဟပ်တွေကအသက်အပြင်းဆုံး သတ္တဝါတွေပါ။ မကြာခင်မှာပဲ အဲဒီဒဏ်ရာက ပြန်ကောင်းသွားတယ်။ အီဂိုကတော့ ဓားကိုတောင် မြောက်မြောက်မမြှောက်နိုင်တော့ဘဲ အားအင်ကုန်ခမ်းနေပါပြီ။

“သေပါပြီ... ငါတို့တော့သေပြီ။” နတ်သူငယ်အရာရှိမလေးကတော့ ဖင်ထိုင်လျက်လဲကျသွားပြီး တစ်ကိုယ်လုံးတုန်နေတယ်။ တစ်ဖက်မှာတော့ ပိုးဟပ်ကြီးရဲ့လက်တစ်ဖက်က ဇီဝအမြောက်ကြီးအဖြစ်ကိုပြောင်းသွားပြီး အစိမ်းရောင်ဂလင်းအရည်တွေနဲ့ပြည့်လာနေတယ်။ မြို့ကြီးတစ်ခုလုံးကိုတောင် ပြာချနိုင်တဲ့ ပိုးဟပ်မျိုးနွယ်ရဲ့ဇီဝအမြောက်ပါ။

ဝေါ....

ရုတ်တရက် ပင်လယ်ဘက်ကနေ ဧရာမလှိုင်းကြီးတွေ မြင့်တက်လာတယ်။ ရေလှိုင်းတွေက ကမ်းခြေနားက ကျောက်ဆောင်တွေနဲ့ တိုက်မိပြီးတဲ့နောက်တော့ ရေမှုန်ရေမွှားတွေအဖြစ်ပြောင်းလဲသွားပြီး သူတို့တစ်ဖွဲ့လုံးပေါ်ကို မိုးအဖြစ်ရွာသွန်းတယ်။ ဒီလိုနဲ့ သူတို့တစ်ဖွဲ့လုံးလည်း ရွဲရွဲစိုကုန်ပါတော့တယ်။

“ဟိုမှာကြည့်။” ဂေါ်ဘလင်နှစ်ယောက်ထဲက တစ်ယောက်က လက်ညိုးထိုးပြလိုက်တယ်။ အီဂိုမော့ကြည့်တော့ ရေထဲကနေ ဧရာမလိပ်ကြီးတစ်ကောင်တက်လာပြီး ပိုးဟပ်ကြီးကို ဟိန်းဟောက်လိုက်တယ်။

“ဝေါ....” လိပ်နက်ကြီးရဲ့အော်သံက ကြောက်စရာကောင်းလောက်အောင် ကောင်းကင်တစ်ခုလုံး ဟိန်းထွက်နေပါတယ်။ ပြီးတော့ လိပ်ကြီးနဲ့ပိုးဟပ်က အရွယ်တူလောက်ပဲ။ ပိုးဟပ်ကလည်း အသစ်ရောက်လာတဲ့ လိပ်ကြီးကြောင့် အာရုံပြောင်းသွားပြီး အမြောက်ပြောင်းဝကို လိပ်ကြီးဘက် ပြောင်းလှည့်တယ်။ လိပ်ကလည်း ပါးစပ်ကိုဟလိုက်ပြီး ပိုးဟပ်ရဲ့ အမြောက်လက်ကို ရေခဲတန်းနဲ့ပစ်ပါတယ်။

“ဘု..ဘုရားရေ၊ ဒါကြီးကလည်း အယ်ဖာအဆင့်အကောင်ကြီးလား။ ပြီးတော့ သူ့ရေခဲတွေကြောင့် ဒီကျွန်းတစ်ခုလုံး နှင်းတွေကျလာပြီ။” နတ်သူငယ်အရာရှိမကြောင့် အီဂိုလည်း ကျွန်းပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ အခုကျွန်းကြီးတစ်ခုလုံးမှာ နှင်းတွေကျနေပြီဖြစ်ပြီး ရေခဲခေတ်ကိုပြန်ရောက်သွားသလိုခံစားရတယ်။

ဝူး....

ရေခဲတွေကြောင့် ပိုးဟပ်ကြီးရဲ့လက်က အေးခဲသွားပြီး လောလောဆယ် အမြောက်ပစ်ဖို့မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် လိပ်နက်ကို မာန်ဖီပြတယ်။ လိပ်နက်ကတော့ တုန့်နှေးမနေဘဲ သူ့အမြီးတွေကိုလှုပ်ရှားလိုက်ပါတယ်။ အမြီးသုံးချောင်းက ပိုးဟပ်ရဲ့ရင်ဘတ်ကို ထိုးဖောက်သွားတယ်။ အစိမ်းရောင်သွေးရည်ကြည်တွေ နေရာအနှံမှာ ပြန့်ကျဲကုန်ပြီ။

“သောက်ကျိုးနည်း...” အီဂိုက သူ့ရှေ့မှာဖြစ်နေတာတွေကို မယုံနိုင်ဘူးဖြစ်နေတယ်။ ကောင်စစ်ဝန်တစ်ယောက်အနေနဲ့ အယ်ဖာအဆင့်တိုက်ပွဲတွေကို သူခုမှမြင်ဖူးတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအရွယ် အကောင်ကြီးနှစ်ကောင် အချင်းချင်းတိုက်တာကိုတော့ ပထမဆုံးမြင်ဖူးတာပဲ။

“ဝူး....” သူကြည့်နေတဲ့အချိန်မှာပဲ ပိုးဟပ်က လိပ်နက်ရဲ့အမြီးတွေကြောင့် ဆွဲမြှောက်ခံလိုက်ရတယ်။ အဲဒီနောက် ပင်လယ်ထဲကို ပစ်ထုတ်ခံလိုက်ရပါပြီ။ လိပ်နက်ကြီးက သူတို့ရဲ့တိုက်ပွဲကို လူတွေရှိနေနိုင်တဲ့ ကုန်းပေါ်မှာ ဆက်မတိုက်ချင်တဲ့ပုံပဲ။

“ပိုး... ပိုးဟပ်သေသွားပြီလား။” နတ်သူငယ်အရာရှိ မိန်းကလေးက မေးလိုက်တယ်။ အီဂိုက ခေါင်းခါပြလိုက်တယ်။

“မဟုတ်ဘူး။ မသေလောက်သေးဘူး၊ မာရီယာ။”

အီဂို့စကားမဆုံးသေးခင်မှာပဲ ပင်လယ်ရေပြင်က နောက်တစ်ကြိမ် ကြမ်းတမ်းစွာအသက်ဝင်လာပြန်တယ်။ သူတို့ပင်လယ်ရေပြင်ကို ကြည့်နေစဥ်မှာပဲ ပင်လယ်ရေထဲကနေ ပိုးဟပ်ကြီးက အတောင်ပျံဖြန့်ပြီး ကောင်းကင်ပေါ်ကိုပျံတက်တယ်။ လိပ်နက်ကြီးကတော့ နောက်ကနေလိုက်လို့ပေါ့။ သိပ်မကြာခင်မှာပဲ အယ်ဖာအဆင့်သားရဲနှစ်ကောင်လုံး သူတို့မြင်ကွင်းထဲကနေ ပျောက်သွားတယ်။ ဒီတော့မှ အီဂိုလည်း သက်ပြင်းချလိုက်မိလေရဲ့။

“ဟူး... အနည်းဆုံးတော့ ပိုးဟပ်ဗိုလ်ချုပ်နဲ့ ငါတို့ဆက်ပြီး ရင်ဆိုင်စရာမလိုတော့ဘူးပေါ့။”

ဒါပေမဲ့ မာရီယာကတော့ အဲဒီအတွက်ဝမ်းသာနေတဲ့ပုံမပေါ်ဘူး။ သူက အီဂိုကို သတိပေးတဲ့အနေနဲ့ပြောလိုက်တယ်။

“ဆရာ၊ ကျွန်မတို့ အခုသူများဝိုင်းတာ ခံထားရတာနော်။”

“ဟမ်...” အီဂိုက မာရီယာ့စကားကို နားမလည်နိုင်တဲ့ပုံစံနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူတို့တစ်ခါမှမမြင်ဖူးတဲ့ နည်းပညာဝတ်စုံဝတ် လူသားတချို့က သူတို့ကို သေနတ်တွေနဲ့ဝိုင်းချိန်ထားကြပါပြီ။

“ကြည့်ရတာ ပိုးကောင်တွေတော့ မဟုတ်ဘူးပဲ။ သူတို့ကို ဆက်သွယ်ကြည့်ပါလား။” အီဂိုရဲ့အမိန့်ကြောင့် မာရီယာက ခေါင်းညိတ်လိုက်ပြီး သူသိထားသမျှ ဘာသာစကားတွေနဲ့ ပြောကြည့်တယ်။ ဒါပေမဲ့ လူတွေက နားလည်တဲ့ပုံမပေါ်ဘူး။

“ဆရာရေ၊ ဖက်ဒရေးရှင်းမှာသုံးသမျှ ဘာသာစကားခြောက်မျိုးလောက်ကိုသုံးပြီး သူတို့ကိုပြောပြီးပြီးနားမလည်ကြဘူး။ ဒီဂြိုဟ်ရဲ့ဘာသာစကားကို ဖက်ဒရေးရှင်းဆီ မတင်ပြခဲ့တဲ့ ဆိုဖီယာကိုပဲ အပြစ်တင်ရတော့မယ်ထင်တယ်။”

တစ်ဖက်မှာတော့ သူတို့ပြောသမျှ နားလည်ပုံမရတဲ့ လူသားတွေကတော့ ဒေါသထွက်ပြီး နီမြန်းနေတဲ့မျက်နှာတွေနဲ့ အနားကိုကပ်လာကာ လူစိမ်းဂြိုဟ်သားတစ်သိုက်ကို ဝင်ဖမ်းပါတော့တယ်။

“မင်းတို့ဘယ်ကကောင်တွေလဲ။ ငါတို့မြို့ကို မင်းအမေလင်မြို့မလို့ ဓားနဲ့ခုတ်တာလားကွ။ ဆုတ်မိန့်ထုတ်ထားလို့ မြို့ထဲလူမရှိပေမဲ့ ငါတို့နိုင်ငံကမြို့ပဲကွ။” လူသားတွေက အီဂိုနားမလည်နိုင်တဲ့စကားနဲ့ အော်ဟစ်ပြီး ပြေးဝင်လာတယ်။

“ဟေးဟေး၊ ငါက ကောင်စစ်ဝန်နော်။” အီဂိုက သူ့ကိုလူတွေမဖမ်းခင် သတိပေးလိုက်ပေမဲ့ ကမ္ဘာပေါ်ကလူတွေက သူ့စကားနားမလည်နိုင်တာ မေ့နေတယ်။

နောက်တော့ ပိုးဟပ်နဲ့ရင်ဆိုင်ရပြီးနောက် ပင်ပန်းနေကြပြီဖြစ်တဲ့ နတ်သူငယ်တွေနဲ့ဂေါ်ဘလင်နှစ်ကောင်ကို လူအင်အားအသာနဲ့လူသားတွေက ဖမ်းဆီးပြီး စတင်ရိုက်နှက်တော့တာပဲ။ အားရအောင်ရိုက်ပြီးမှ သူတို့လေးယောက်ကို စခန်းခေါ်သွားကြတယ်။

စခန်းရောက်တော့ ဘာသာဗေဒပညာရှင်တစ်ယောက်က သူတို့ကို ဒီကမ္ဘာက ဘာသာစကားတွေလို့ ယူဆရတဲ့ စကားသံတွေကို ကွန်ပျူတာတစ်လုံးနဲ့ဖွင့်ပြတယ်။ ဒါပေမဲ့ အဲဒီစကားတွေကို တစ်လုံးမှ နားမလည်မှန်း သတိထားမိပြီးတဲ့နောက်တော့ အဲဒီဘာသာဗေဒပညာရှင်က သူတို့အရာရှိကို လှမ်းပြောလိုက်တယ်။

“ဒီလူတွေကြည့်ရတာ ကမ္ဘာကမဟုတ်ဘူးထင်တယ်။မဟာမိတ်မစ်ရှင်ဌာနချုပ်ဆီ ပို့ကြမလား။”

ဒါပေါ့၊ အီဂိုကတော့ ဒီလူတွေပြောနေတာ ဘာနားလည်မှာလဲ။ အရိုက်ခံထားရလို့ ခုထိနှာခေါင်းကနေ သွေးတွေစီးကျနေဆဲဖြစ်ပြီး မျက်နှာပေါ်မှာလည်း ဖိနပ်ရာကြီးရှိနေဆဲပါ။ ဒေါသထွက်နေတဲ့အတွက် မျက်နှာကြီးကလည်း မာထန်နေသေးတယ်။

"ဒီကောင်တွေ ငါလိုဖက်ဒရေးရှင်း အဆင့်မြင့်အရာရှိတစ်ယောက်ကို ရိုက်နှက်ရဲတယ်ပေါ့လေ။ အိမ်ကိုပြန်ရောက်တာနဲ့ ဒီတစ်ဂြိုဟ်လုံးကို ပြာချပစ်ခိုင်းမယ်။"

All Chapters