မင်းကသေချင်နေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ပေးရတော့မှာပေါ့
Vol. 13 Ch. 181
အခန်း (၁၈၁) မင်းကသေချင်နေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ပေးရတော့မှာပေါ့
လှိုင်းနက်ဂေဟာ၏အစီအရင်၏စွမ်းအားမှ ဖြစ်တည်လာသောရောင်စဉ်တန်းများနှင့် ကြည်လင်လျှို့ဝှက်ရေကန်ထက်တွင် သိပ်သည်းနေသည့် တိမ်တိုက်များ ပေါင်းစပ်ကာ မိုးပျံကျွန်းကို တည်ဆောက်ထားခြင်း ဖြစ်သည်။
ယခု ကောင်းကင်ထက်တွင် အနက်ရောင်တိမ်တိုက်များနှင့် ပြည့်နက်နေပြီး ကြောက်မက်ဖွယ်ရာ ရောင်ဝါများက ဖုံးလွှမ်းထားရာ မိုးပျံကျွန်းသည် အနက်ရောင်အလွှာတစ်ခုပမာ စွန်းထင်းလျှက် ရှိသည်။
ထိုအနက်ရောင်ကျွန်း၏ အလယ်တွင် ထူးဆန်းပြီးကြောက်မက်ဖွယ်ရာကောင်းသော သွေးနီရောင်အလင်းတန်းများက အဆက်မပြတ် တဖျတ်ဖျတ်လက်လျှက် ရှိသည်။
အနီရောင်အလင်းတန်းများ လှုပ်ရှားသွားသည်နှင့် မိုးပျံကျွန်းသည်လည်း ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် အနီရောင်အလင်းတန်းများသည် ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးမျာပမာ အက်ကြောင်းကြီးများအဖြစ် ပြောင်းလဲသွားသည်။
ထိုအခါ မိုးပျံကျွန်း ချက်ချင်းပင် ပြိုကျသွားတော့၏။
မိုးပျံကျွန်း လေထဲသို့ ပြိုကျလာသည်နှင့် အောက်ဘက်ရှိ ကြည်လင်လျှို့ဝှက်ကျွန်းသည်လည်း ပြင်းထန်စွာ စဆင်လှုပ်ခါလာသည်။
ထို့နောက် ကြီးမားလှသောကျွန်းကြီးသည် ကန်ရေပြင်အတွင်းသို့ ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားပြီး နောက်ဆုံး ရေအောက်တွင် လုံးဝနစ်မြုပ်သွားသည်။
ကြည်လင်လျှို့ဝှက်ကျွန်းနစ်မြုပ်သွားသည်နှင့် ကြည်လင်လျှို့ဝှက်ရေကန် အလယ်ဗဟိုတွင် ရေများစုဝေးလာပြီး တွင်းနက်ကြီးပမာ နက်ရှိုင်းလွန်းသော ကြီးမားသည့် ရေဝဲကန်တော့ကြီးတစ်ခု ဖြစ်တည်လာသည်။
ထိုတွင်းနက်ကြီးက ကြောက်မက်ဖွယ်ရာ စုပ်ယူမှုစွမ်းအားများကို ထုတ်လွှတ်နေပြီး အနီးပတ်ဝန်းကျင်မှ အရာအားလုံးကို စုပ်ယူမြိုချလျှက် ရှိသည်။
မိုးပျံကျွန်းသည် ထိုတွင်းနက်ကြီးအထက်တွင် တည်ရှိလေသည်။ တွင်းနက်ကြီး၏ စုပ်ယူမှုစွမ်းအားများကြောင့် မိုးပျံကျွန်း၏ပြိုကျနေသောအပိုင်းအစများနှင့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင်ပါဝင်သည့် လူငယ်သိုင်းသမားများအားလုံး အရှိန်အဟုန်ဖြင့် အောက်သို့ ပြုတ်ကျသွားကြသည်။
“အစီအစဉ်ပြောင်းသွားပြီ”
ရန်ကျောက်ကဲနှင့် အခြားသူများ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အားလုံး၏မျက်လုံးများတွင် တူညီသည့်အတွေးများ ရှိနေကြသည်။
ကံကောင်းသည်မှာ အနက်ရောင်တိမ်တိုက်များ တစ်ဖန်ပြန်လည်ထွက်ပေါ်လာကတည်းက သူတို့အားလုံး ကိစ္စတစ်ခုကို ခန့်မှန်းမိကြသည်။
အောက်ဘက်မှ ကြည်လင်လျှို့ဝှက်ကျွန်း နစ်မြုပ်သွားပြီး ကန်ရေပြင်ထက်တွင် တွင်းနက်ကြီးတစ်ခု ဖြစ်တည်လာသည့်တိုင် လူငယ်သိုင်းသမားအားလုံးက သတိထားကာ အသင့်ပြင်ဆင်ထားသူများ ဖြစ်ကြလေရာ ကူရာကယ်ရာမဲ့သည့်အခြေနေသို့ ရောက်မသွားကြပေ။
ရန်ကျောက်ကဲက မိုးပျံကျွန်းအပိုင်းအစတစ်ခုပေါ်သို့ ညင်သာစွာ ခြေချလိုက်ပြီး ခန္ဓာကိုယ်ကို လေထဲသို့ ခုန်ပျံကာ ပန်ပန်၏ ကျောပေါ်သို့ ဆင်းသက်လိုက်သည်။ အားဟူကလည်း သူ့နောက်မှ တပ်ကြပ်မကွာ လိုက်ပါလာ၏။
လှည့်ကြည့်လိုက်တော့ ကျွန်းအပိုင်းအစတစ်ခုထက်တွင် ခြေချမိသွားသည့် ရွှီဖေးက စစ်ခုန်ချင်းလက်ကို ဖမ်းဆွဲကာ အဝေးသို့ ခုန်ပျံသွားသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှ ရန်ကျောက်ကဲ စိတ်သက်သာရာရသွားသည်။
အဆုံးမဲ့တောင်တန်းမှ တပည့်အုပ်စုကိုတော့ ကျိဟန်ရူက ဦးဆောင်ခေါ်ထုတ်သွားပြီး လှိုင်းနက်ဂေဟာမှ တပည့်များကိုတော့ ရှဲ့ယိုချန်နှင့် ရွမ်ပင်းတို့က ဦးဆောင်သွားကြသည်။ ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်များကိုတော့ စုန့်ချောင်နှင့် ရဲ့ကျုန်းကျိုးတို့က ခေါ်ထုတ်သွားကြ၏။
ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ရှန်ထျန်းအဆင့် သိုင်းပညာရှင်များက သူတို့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော ဂိုဏ်းတူညီအစ်ကိုမောင်နှမများကို စောင့်ရှောက်ပြီး ခေါ်ဆောင်သွားကြသည်။
မိုးပျံကျွန်း၏ အပိုင်းအစများကို အသုံးပြုကာ အောက်ဘက်မှ သူတို့အားလုံးကို စုပ်ယူနေသည့် တွင်းနက်ကြီးအန္တရယ်မှ အစွမ်းကုန်ကြိုးစား ရုန်းထွက်ခဲ့ကြသည်။
မိုးပျံကျွန်းက အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီဖြစ်ရာ အောက်သို့အရှိန်အဟုန်ပြင်းပြင်းဖြင့် လျှင်မြန်စွာကျဆင်းနေသည်။ တွင်းနက်ကြီး၏ စုပ်ယူမှုစွမ်းအားကြောင့်လည်း မြန်မြန်ဆန်ဆန် အောက်သို့ကျဆင်းနေသည်။
အတွင်းပိုင်းကြယ်တာရာချီအဆင့်နှင့် အပြင်ပိုင်းကြယ်တာရာချီအဆင့် တပည့်ငယ်များသည် တွင်းနက်ကြီး၏စုပ်ယူမှုမှ လွတ်မြောက်ရန် စွမ်းအားမရှိကြသဖြင့် ရှန်ထျန်းအဆင့် သိုင်းပညာရှင်များက ကူညီကြရသည်။
ထိပ်သီးသိုင်းဂိုဏ်းကြီး (၅) ဂိုဏ်းက အဆင်ပြေပြေရှိကြသော်လည်း ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များကတော့ အခြေအနေဆိုးရွားသည်။ ရှဲ့ကျစ်ယီ ဒဏ်ရာရထားသည့်အပြင် စိတ်အခြေအနေကလည်း မတည်မငြိမ်ဖြစ်နေလေရာ ချန်လင်းနှင့် အခြားသူများကို ကူညီရန်အသာထား သူ့ကိုယ်သူပင် မကယ်တင်နိုင်သေးပေ။
ကံကောင်းသည်မှာ နေသူတော်စင်ဂိုဏ်းမှ ထန်ယုံဟောင်က ထိုပြဿနာကို သတိပြုခဲ့မိပြီး ရှဲ့ကျစ်ယီ ၊ ချန်လင်းနှင့် အခြားသူများကို ကယ်ထုတ်သွားခဲ့သည်။
ထိုသို့ဖြင့် လူငယ်တပည့်များအားလုံး တွင်းနက်ကြီးစုပ်ယူခံရမည့်ဘေးအန္တရယ်ကို ရှောင်ရှားကာ အလျှင်အမြန် ထွက်ခွာသွားနိုင်ခဲ့ကြသည်။
သို့တိုင် တွင်းနက်ကြီး အနီးပတ်ဝန်းကျင်နေရာများတွင် စုပ်ယူမှုစွမ်းအားများကို ခံစားနေရသေးသည်။ ပတ်ဝန်းကျင်တစ်ခုလုံး သဲနုန်းများကဲ့သို့အမှောင်ထုက ဖုံးလွှမ်းနေပြီး ထိုသဲနုန်းများအတွင်းတွင် စွဲငင်အားတစ်ခု ရှိနေသည်။
ကြီးမားသည့်အစီအရင်ကြီးအပေါ် အနက်ရောင်အလင်းတန်းများ၏သက်ရောက်မှုကြောင့် ယခင်က လှပသည့်ရှုမျှော်ခင်းများကိုပိုင်ဆိုင်ပြီး ကြည်လင်သာယာသည့် ကန်ရေပြင်မြင်ကွင်းက ပြောင်းလဲသွားခဲ့သည်။
အဝေးတစ်နေရာတွင် အနက်ရောင်ရေဗွက်များက ဆူပွက်နေသည့်ပမာ ပွက်ပွက်ထနေသည်။
ရေကန်အလယ်ဗဟိုတွင် တွင်းနက်ကြီးက အရာအားလုံးကို စုပ်ယူနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင်တော့ ရေကန်ကို ဖုံးကွယ်ထားသည့် သဲနုန်းများ ရွှံ့များပမာ အမှောင်ထုတည်ရှိနေသည်။
ရန်ကျောက်ကဲ ၊ အားဟူနှင့် ပန်ပန်တို့ အနက်ရောင်နုန်းမြေများထက်တွင် လမ်းလျှောက်နေကြသည်။ ထိုသဲနုန်းများအောက်တွင် အသက်ဝင်နေသည့်အရာတစ်ခုရှိနေသလို ခံစားကြရပြီး ထိုအရာက သူတို့ခြေထောက်များကို ဆွဲငင်နေသည်။
လူသားများ၏စိတ်ကို ပြောင်းလဲစေသော ကြောက်မက်ဖွယ်ရာရောင်ဝါက တဖြည်းဖြည်းပိုမိုအားကောင်းလာသည်။
ရန်ကျောက်ကဲတို့အုပ်စုက သူတို့၏ ပြင်ပကြယ်တာရာချီစွမ်းအားများကို ထိန်းချုပ်ပြီး နုန်းမြေများနှင့် ဝေးကွာစေရန် ကြည်လင်လျှို့ဝှက်ရေကန်အစွန်းဘက်သို့ ဆက်သွားနေကြသည်။
အစီအရင်အလယ်ဗဟိုမှဝေးကွာလေ စိတ်ကိုပြောင်းလဲစေသောရောင်ဝါ၏လွှမ်းမိုးမှု အားနည်းလေပင် ဖြစ်သည်။
ခြေလှမ်းကို ဖော့လိုက်ဖိလိုက်ဖြင့် သွားနေကြရင်း ရန်ကျောက်ကဲနောက်မှ ထပ်ကြပ်မကွာလိုက်လာသည့်အားဟူက မေးခွန်းထုတ်သည်။
“သူတို့ပြောတော့ အခြေအနေကို ထိန်းချုပ်နိုင်နေပြီဆို ၊ အခုတော့ဘာလို့ အသက်တွေနဲ့ကစားရတာလဲ”
ရန်ကျောက်ကဲက တွင်းနက်ကြီးရှိရာသို့ လည်ပြန်လှည့်ကြည့်လိုက်ရင်း...
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သူလျိုအချို့ရဲ့ အချက်အလက်တွေ ကောင်းကင်မိုးကြိုးခန်းမက သတင်းပို့ထားပေမယ့်... သူတို့ဘက်ကလည်း သူလျိုတွေအားလုံးကို သိနိုင်မှာ မဟုတ်ဘူးလေ ၊ သူတို့ရတဲ့သတင်းကလည်း အကန့်အသတ်ရှိမှာပဲ”
“အကြီးအကဲတွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်ဆိုပေမယ့် သိရသလောက် သတင်းအချက်အလက်အပေါ်မူတည်ပြီး ပြုလုပ်ကြရတာ ၊ မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့အခြေအခြေအနေတွေကို တွက်ချက်ပြီး ပြင်ဆင်ထားကြပေမယ့် အစီအစဉ်အားလုံးက ရှေးရိုးဆန်ကြတယ်”
ရန်ကျောက်ကဲ၏မျက်နှာက ရှားရှားပါးပါး တည်ကြည်လေးနက်နေသည်။
“ဘာပဲဖြစ်ဖြစ် တစ်ခုခုမှားနေတာတော့ အမှန်ပဲ ၊ ဒါက ဘာကိုပြလဲဆိုရင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ၊ ဒါမှမဟုတ် ငရဲကိုးထပ်လို့ ပြောရမလား ၊ သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ ဝါဒတောင်အပါအဝင် သိုင်းဂိုဏ်းကြီး (၆)ဂိုဏ်း အတွင်းထဲအထိ ခန့်မှန်းထားတာထက်ပိုပြီး စိမ့်ဝင်နေပြီဆိုတာကို ပြသတာပဲ”
“ဒီနေ့ အဖြစ်အပျက်ကိုရင်ဆိုင်ဖို့ ထိပ်သီးသိုင်းဂိုဏ်းအသီးသီးက အယုံကြည်ရဆုံးသိုင်းဆရာသခင်တွေကိုယ်တိုင် အစီအစဉ်ဆွဲကြတာပဲ မဟုတ်လား”
ပြောရင်း ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ အခု အစီအစဉ်ပျက်သွားတာကိုကြည့်ရင် အဲဒီလူတွေထဲမှာ သူလျိုတွေ ရှိနေလို့ပဲ ၊ အရေအတွက်များများစားစား ရှိမနေဖို့ဘဲမျှော်လင့်ပါတယ် ၊ မဟုတ်ရင် ဒီအချိန် ငါတို့အတွက် ကျားပါးစပ်ထဲဝင်သွားတဲ့ သိုးသူငယ်လိုဖြစ်မှာပဲ”
အားဟူမျက်နှာအမူအရာက ခါးသက်သွားပြီး...
“ဒါဖြင့် သူလျိုက ဘယ်သူဖြစ်နိုင်မလဲ ၊ ထပ်သီးသိုင်းဂိုဏ်း (၆)ဂိုဏ်းမှာ ဒီလောက်ရာထူးကြီးကြီးရထားပါလျှက် ဘာလို့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းရတာလဲ”
ရန်ကျောက်ကဲက စကားမဆိုပေ။ သူ့မျက်ဝန်းများက တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေဟန် တည်ကြည်လေးနက်နေသည်။
“အခု အရံအစီအစဉ်အတိုင်းသွားနေတာဖြစ်ရမယ် ၊ ဒါပေမဲ့ ရန်သူဘယ်သူလဲဆိုတာတော့ တိတိကျကျ ပစ်မှတ်မထားနိုင်သေးဘူး ၊ ဒီနေ့ကိစ္စက ဖြေရှင်းဖို့ အတော်လေး ခက်ခဲလိမ့်မယ်”
အဝေးတစ်နေရာရှိ အရပ်မျက်နှာအားလုံးမှ ပြင်းထန်သောစွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လျှက်ရှိသည်။ နေရာအနှံ့သို့ရောက်ရှိနေသည့် ထိပ်တန်းသိုင်းကျင့်ကြံသူ အကြီးအကဲများသည် တိုက်ပွဲတွင် ပိတ်လှောင်ခံထားရသည်မှာ ထင်ရှားသည်။
တစ်ချိန်တည်းမှာပင် ကြည်လင်လျှို့ဝှက်ရေကန်ကို ဖုံးလွှမ်းထားသည့် ကြောက်မက်ဖွယ်ရာရောင်ဝါကလည်း ပိုမိုထူထပ်လာသည်။
အစီအရင်မှထွက်ပေါ်နေသည့် အနက်ရောင်အလင်းတန်းများက တံခါးတစ်ချပ်ကို ဖွင့်လှစ်ပြီး ငရဲကိုးထပ်ကို ဤနေရာသို့ ဆွဲခေါ်ရန် ကြိုးစားနေသည်။
အစီအရင်က အဆက်မပြတ်လှည့်ပတ်နေလေရာ သူတို့ခြေထောက်အောက်မှ ညစ်ညမ်းသည့်အနက်ရောင်နုန်းမြေများတွင် ထူးခြားမှုဖြစ်ပေါ်လာသည်။
နုန်းမြေများထက်တွင် ဖယောင်းတိုင်မီးတောက်လေးများပမာ တဖျတ်ဖျတ်ခတ်နေသည့် လူငယ်သိုင်းကျင့်ကြံသူများသည် အနက်ရောင်နုန်းမြေများ၏ စုပ်ယူခြင်းကိုခံရပြီး တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။
“သခင်လေး...”
အားဟူက စိုးရိမ်စွာဖြင့် ခေါ်လိုက်သည်။
ရန်ကျောက်ကဲက...
“ငါ့အတွက် စိတ်မပူနဲ့ ၊ မင်းအန္တရယ်ကင်းဖို့ကိုပဲ အာရုံစိုက် ၊ အထူးသဖြင့် မင်းစိတ်ကို မိစ္ဆာချီစွမ်းအားတွေ ဖုံးလွှမ်းမသွားအောင် သတိထားပါ”
သူက ဆက်ပြောသည်။
“လက်ရှိမှာတော့ မဟာငရဲကိုးထပ်တံခါးပွင့်လာဖို့ မဖြစ်နိုင်သေးဘူး ၊ တံခါးထဲကနေ သေးငယ်တဲ့ မိစ္ဆာချီစွမ်းအားကြိုးမျှင်လေးတစ်ခုလောက်ပဲ ထွက်လာနိုင်သေးတာ ၊ ငါတို့ရဲ့ ကျင့်ကြံခြင်းအနှစ်သာရနဲ့ အမြုတေကို မထိခိုက်အောင် စိတ်တည်ငြိမ်ဖို့လိုအပ်တယ်”
သူ့စကားဆုံးသွားသည်နှင့် (၂)ယောက်လုံး နုန်းမြေများ၏ စုပ်ယူခြင်းကိုခံလိုက်ရလေတော့၏။
အောက်ဘက်သို့စုပ်ယူခံလိုက်ရသည်နှင့် ရန်ကျောက်ကဲမျက်လုံးများ မှောင်မိုက်သွား၏။ နုန်းမြေများက ရွှံ့နွံများအလား ပိတ်ခဲပြီး အသက်ရှူကြပ်သွားခြင်းမျိုးမရှိဘဲ မိစ္ဆာချီစွမ်းအားများကဲ့သို့ ထူထပ်သောမြူခိုးများပမာ ဖြစ်သည်။
ပန်ပန်က ရန်ကျောက်ကဲနောက်သို့ ကပ်လိုက်လာပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။
ရန်ကျောက်ကဲက စမ်းတဝါးဝါးလမ်းလျှောက်ရင်း ဖြည်းဖြည်းချင်း ရှေ့တိုးလာ၏။
ရုတ်တရက်...
သူ့ရှေ့မှ မြင်ကွင်းက ခရမ်းရောင်လျှပ်စီးများ တဖျတ်ဖျတ်တောက်ပနေသည့် မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မိုးခြိမ်းသံများကြားမှ ပုံရိပ်တစ်ခု ပေါ်လာပြီး ထိုသူမှာ အတိအကျပင် “ရှဲ့ကျစ်ယီ” ဖြစ်သည်။
ရှဲ့ကျစ်ယီမှာ ဒဏ်ရာများအားလုံး ပြန်လည်ကောင်းမွန်နေပြီး သူ၏စွမ်းအားနှင့် အငွေ့အသက်များက ယခင်ကထက်ပိုမိုပြင်းထန်နေသည်။ သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံးက တစ်ခုခုမူမမှန်သလို ပုံပျက်ပန်းပျက် ဖြစ်နေ၏။
ရန်ကျောက်ကဲကိုတွေ့တော့ သူ့မျက်လုံးများတောက်ပသွားပြီး မျက်နှာထက်တွင် ထူးဆန်းသည့်အပြုံးတစ်ခု ပေါ်လာသည်။
ထို့နောက် ရှဲ့ကျစ်ယီ ရုတ်ချည်းပင် သဲလွန်စမရှိ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည့်အခါမှာတော့ ခရမ်းရောင်ဓားအလင်းတန်းတစ်ခုက ရန်ကျောက်ကဲရှေ့သို့ ရောက်နေပြီ ဖြစ်သည်။
“ဒီကောင် အမှောင်ထုဝါးမြိုတာကိုခံရပြီး အမှောင်ဘက်ခြမ်းကိုရောက်သွားပြီလား”
ရန်ကျောက်ကဲ မျက်ခုံးများကို တွန့်ချိုးရင်းတွေးလိုက်သည်။
“မင်းကသေချင်နေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ပေးရတော့မှာပေါ့”