အခန်း ၁၁၂၇
Vol. 81 Ch. 1127
“ရင်ဆိုင်ရတာ ငြီးငွေ့နေပြီ” ဝမ်ဝေ့က ငြီးတွားရင်း သူ့စိတ်ဝိညာဥ်ခန္ဓာက အလျင်အမြန် ပြိုလဲနေသည်ကို ခံစားမိလိုက်သည်။ သို့သော်လည်း သူက ဖိအားကို တောင့်ခံထားရင်း ငြီးတွားလိုက်သည်။ ဤတစ်ကြိမ်တွင် အချိန် မည်မျှကုန်ဆုံးသွားမှန်း မသိသော်လည်း ကုန်ဆုံးသွားသည့် မိနစ်ပိုင်းနှင့်အမျှ သူ့စိတ်ဝိညာဉ်က ပိုမိုအားနည်းလာ၏။ ဝမ်ဝေ့က ချွေးများပင် ထွက်လာကာ မျက်လုံးများပင် ပြာနှမ်းလာသည်။
ငါ မေ့လဲတော့မယ် ထင်တယ် …
သူက တွေးလိုက်မိသော်လည်း ထိုစကားတစ်ခွန်းကို စဉ်းစားခြင်းက အခြေအနေကို ပိုမို ဆိုးဝါးသွားစေသည်။ သို့သော် သူက စိတ်ကိုရှင်းကာ ခုခံဖို့သာ အာရုံထားလိုက်သည်။
ထာဝရကြာရှည်သည်ဟု ခံစားရပြီးသည့်နောက်တွင် ဝမ်ဝေ့က ရုတ်တရက် အသက်ရှူနိုင်သွားသလို ခံစားမိလိုက်သည်။ ပြင်းထန်းသည့် အင်အားက ပျောက်ကွယ်သွားသော်လည်း ရုတ်တရက် ဖြစ်လွန်း၍ နေသားမကျသည့်အလား သူ့ခြေထောက်များက ယိမ်းယိုင်သွားလေသည်။
သူ့ခန္ဓာကိုယ် သို့မဟုတ် စိတ်ဝိညာဉ်က စွမ်းအား ပြန်စုစည်းဖို့အတွက် အသက်ရှိုက်စာ အနည်းငယ် အချိန်ယူခဲ့ရသည်။ သို့သော်လည်း အားနည်းသည့် ခံစားချက်က လွှမ်းမိုးလာခဲ့သည်။ အကြောင်းအရင်းတစ်ချို့ကြောင့် ဝမ်ဝေ့က အန်ချင်လာမိသည်။
ဒါက ငါ နှစ်သန်းချီကြာ မခံစားခဲ့ရတဲ့ ခံစားချက်ပဲ…
သူက တွေးလိုက်သည်။ ဤတစ်ကြိမ် အတွေးကပင် သူ့ခေါင်းကို နာကျင်သလို ခံစားရစေသည်။ ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ ဧရာမမျက်လုံးကြီး ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။ အကယ်၍ သူသာ အားနည်းမနေပါက လက်ခလယ် ထောင်ပြမိလောက်သည်။
ဟာ ကျစ် အခုထိမပြီးသေးဘူးလား…
သူက သူ့ရှေ့တွင် ပေါ်ထွက်လာသည့် တံတားတစ်စင်းကို ကြည့်နေမိသည်။ သူ့တွက်ဆထားမှုအရ ထိုတံတားသည် ကောင်းကင်တာအိုမှ ခုခံမှု ဖြစ်၏။ အခု ဝမ်ဝေ့က သေချာပြင်ဆင်ထားသည့် စစ်ဆေးမှုကြောင့် တစ်စုံတစ်ယောက်က တူညီသည့် လမ်းစဉ်ကို လျှောက်လှမ်းပြီးပြီလားဟု စဉ်းစားနေမိသည်။ မဟုတ်ပါက အစစ်အမှန်ကောင်းကင်တာအိုသည် သူ လုပ်လိုသည့်အရာပေါ် မူတည်၍ စစ်ဆေးမှုကို ပြင်ဆင်ထားတာလားဟု သုံးသပ်နေ၏။
ဒီအဆင့်မြင့်သက်ရှိက စကြဝဠာရဲ့ ကဏ္ဍတိုင်းမှာ အုပ်စိုးနေတာ တော်တော်ငြီးငွေ့နေပြီ…
ဝမ်ဝေ့က ငြီးတွားလိုက်ပြီးသည့်နောက်တွင် တံတားပေါ် ဖြည်းဖြည်းချင်း လျှောက်လာ၏။ ပထမစစ်ဆေးမှုနှင့် တူညီသည့် မျက်နှာမဲ့၊ လိင်အမျိုးအစားမဲ့ စိတ်ဝိညာဉ်များက သူ့ဆီ ပြေးဝင်လာသည်။
ဒါက နောက်ထပ် တိုက်ပွဲတစ်ခုလား…
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ တိုက်ခိုက်ဖို့ရာအတွက် ပြင်ဆင်လိုက်သည်။ သူက ယခုအခါ နှစ်ပတ်တာမျှ အစာမစားရသည့် အရက်သမားတစ်ယောက်ထက်ပင် ပိုမို အားနည်းကောင်း အားနည်းနေနိုင်သည်။ သို့သော် သူ့ခန္ဓာကိုယ်နှင့် စိတ် မပြိုလဲသေးသရွေ့ တိုက်ခိုက်နေဦးမည်သာ ဖြစ်၏။
ကံကောင်းစွာဖြင့် သူက တိုက်ခိုက်စရာ မလိုလိုက်ပေ။ အနည်းဆုံးတော့ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်၏။ ထိုစိတ်ဝိညာဉ်က သူ့ကို မတိုက်ခိုက်ဘဲ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခဲ့သည်။ ဝမ်ဝေ့က သူ့စိတ်ဝိညာဥ်ခန္ဓာတွင် အနက်ရောင်အစက်အပြောက် တစ်ခုကို ချက်ချင်း ခံစားမိခဲ့သည်။
ဟင် ဒါကဘာလဲ…
ပုံမှန်အားဖြင့် သူသည် ထိုသို့သောအရာမျိုးကို ချက်ချင်း ကောက်ချက်ချနိုင်မည်ဖြစ်သော်လည်း သူ့စိတ်က အကောင်းဆုံး အခြေအနေတွင် ရှိမနေခဲ့ပေ။ သိပ်မကြာခင် ဒုတိယစိတ်ဝိညာဥ်ကလည်း သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာစဉ် ဝမ်ဝေ့၏ စိတ်ထဲ တစ်စုံတစ်ခု ပေါ်ထွက်လာခဲ့သည်။
အံဝင်ခွင်ကျ ဖြစ်ခြင်း
သူက သုံးသပ်လိုက်သည်။
တကယ်လို့ ပထမစစ်ဆေးမှုက ဒီခေတ်ကာလရဲ့ အင်အားကို တောင့်ခံနိုင်ဖို့ စမ်းသပ်တာဆိုရင် ဒီတစ်ခုက အံဝင်ခွင်ကျဖြစ်မှုကို တောင့်ခံဖို့ စမ်းသပ်တာပဲ။ ငါ့ရဲ့ ရည်မှန်းချက်က ငါ့ရဲ့တည်ရှိမှုကို ကောင်းကင်ဧကရာဇ်ခေတ်ကာလထဲမှာ အံဝင်ခွင်ကျဖြစ်စေဖို့။ ဒါပေမဲ့ ငါက အံဝင်ခွင်ကျဖြစ်အောင် လုပ်ရင်းနဲ့ အဲဒီအရာကလည်း ငါ့အပေါ် အံဝင်ခွင်ကျ ဖြစ်အောင် ဖိအားပေးလာနိုင်တယ်…
သူက ထိုအခြေအနေ၏ ပြင်းထန်မှုကို နားလည်သွားခဲ့သည်။ အကယ်၍ သူသာ ကျရှူံးသွားပါက သူ့အစီအစဉ် ကျရှူံးသွားရုံသာမကပဲ သူ့တည်ရှိမှုက ထိုအရာဖြင့် အံဝင်ခွင်ကျ ဖြစ်မည့်အစား သက်ရောက်ခံလိုက်ရ၍ သေဆုံးသွားနိုင်သည်။
ငါက အပြင်ရုပ်ခန္ဓာနဲ့ ဝိညာဉ်ကို ဆုံးရှုံးကောင်းဆုံးရှူံးသွားနိုင်တယ်။ ပြောရမယ်ဆိုရင် မပြီးမပြတ်အခြေအနေမှာ ရှိနေတဲ့သူတွေနဲ့အတူတူလိုမျိုးပေါ့…
သူက ထိုစိတ်ဝိညာဉ်များ၏ အံဝင်ခွင်ကျဖြစ်မှုကို ခုခံရင်းဖြင့် သူတို့ကို အနိုင်ယူပြီး အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားနေရသည်။ သို့သော်လည်း ထိုဖြစ်စဉ်က ထင်ထားသလို မလွယ်ကူလှပေ။ ထိုတိုက်ပွဲ၏ အဓိကအရေးပါသည့်ကဏ္ဍက စိတ်ဝိညာဉ်၏ အသုံးပြုမှု မဟုတ်သလို စိတ်စွမ်းအားလည်း မဟုတ်ဘဲ တည်ရှိမှုအပေါ် နားလည်နိုင်စွမ်းနဲ့ ထိန်းချုပ်မှုသာ ဖြစ်၏။ ဝမ်ဝေ့က အရူးကြီးချူးဆီမှ သူ သိထားသည့် တည်ရှိမှုသဘောတရားအားလုံးကို ထုတ်သုံးကာ ထိုတံတားကို ဖြည်းဖြည်းချင်း ဖြတ်ကျော်ပြီး ထိုစိတ်ဝိညာဉ်အားလုံးကို လွှမ်းမိုးဖို့ ကြိုးစားနေရသည်။
နောက်ထပ် ထာဝရကြာရှည်သည်ဟု ခံစားပြီးသည့်နောက်တွင် ဝမ်ဝေ့က တံတားကို ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော် သူက မေ့လဲလုနီးပါး ဖြစ်နေလေသည်။ သူက ကန့်သတ်ချက်သို့ ရောက်ရှိနေ၏။
ထို့နောက် သူ့အနေနှင့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက သူ့စိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးနေသည်ကို ခံစားမိလိုက်သည်။ သူက ခုံရုံအတွင်း မျက်လုံးပွင့်လာစဉ် မှော်စက်ဝန်းအလယ်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိနေသည်ကို တွေ့လိုက်ရသည်။
“ဘာတွေဖြစ်နေတာလဲ” ဝမ်ဝေ့က ဘေးပတ်လည်ကို နားမလည်နိုင်စွာ ကြည့်နေမိသည်။ သူက ထက်မြက်သည့် ဦးနှောက်လုပ်ငန်းစဉ်များက ပြန်လည်ရောက်ရှိလာပြီး ချက်ချင်းဆိုသလို ကိစ္စများစွာကို သဘောပေါက်သွားခဲ့သည်။
သူ သတိထားမိသည့် ဒုတိယအရာက သူ့ဝိညာဉ်တာအို တိုးမြင့်လာခြင်း ဖြစ်၏။ ထိုအရာက မဟာတာအို အရင်းအမြစ် ၇ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်သွားခဲ့သည်။ သူ့ကံကြမ္မာတာအိုဖြင့်ပင် ယှဉ်နိုင်၏။
ဒါကစိတ်ဝိညာဉ်နဲ့ ဝိညာဉ် ဆက်နွယ်နေမှုအရာဆိုရင်တော့ အဓိပ္ပာယ်ရှိပါတယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ တတိယအနေဖြင့် သူ သတိထားမိသည့်အရာက သူ့စိတ်စွမ်းအားသည် သိသိသာသာ တိုးမြင့်လာ၏။
“ဒါက…”
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ အဓိကအပြောင်းအလဲများကို ခံစားမိလိုက်၍ ရေရွတ်လိုက်သည်။ ယခင်က သူ့ [ခန္ဓာကိုယ်၊ ဝိညာဉ်၊ စိတ်ဝိညာဉ်]၊ [မှတ်ဉာဏ်]၊ [နာမည်]၊ [သမိုင်းကြောင်း]၊ [သက်ရောက်မှု] အားလုံးပါဝင်နေသည့် တည်ရှိမှုထဲ ယခုအခါ ကောင်းကင်ဧကရာဇ်ခေတ်ကာလပါ ပါဝင်လာခဲ့သည်။ ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြုံးလိုက်မိ၏။ သူက သူနှင့် ဆက်နွယ်နေသည့် ကံကြိုးမျှင်မြောက်များစွာကို ခံစားမိလိုက်သည်။ အများစုက အနာဂတ်ဖြစ်ရပ် သို့မဟုတ် ဖြစ်နိုင်ချေရှိသည့်အရာများကို ဖော်ပြနေသည့်အတွက် ပုံရိပ်ယောင်များသာ ဖြစ်နေသည်။
“ငါ့ကို သတ်ဖို့ ကြိုးစားရင် ဘယ်လောက်တောင် အိမ်မက်ဆိုးဖြစ်သွားမလဲဆိုတာကို သိနေပြီ” သူက လှောင်ပြုံး ပြုံးလိုက်သည်။
“ခေတ်ကာလ ကြာရှည်လေလေ သက်ရောက်မှုက ပိုမိုပြင်းထန်လေလေဖြစ်ပြီးတော့ ငါ့ကို သတ်ဖို့ ပိုပြီးခက်ခဲလေလေပဲ”
ယခုမှစ၍ သူ့ကို သတ်ဖို့ ကြိုးစားသည့်သူတိုင်းက ဒိုင်မေးရှင်းနိမ့်တစ်ခုလုံးရှိ ခေတ်တစ်ခုလုံးကို ပြန်ဖျက်ဖို့ လိုအပ်လာသည်။ ထိုအရာက ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့်အတွက် ဘာမှမဟုတ်သော်လည်း စံပြများအတွက်မူ အချိန်နှင့် အားစိုက်ထုတ်မှုတို့ လိုအပ်သည်။ ထိုသို့ဆိုလျှင်ပင် သူတို့က အစစ်အမှန်ကောင်းကင်တာအို၏ ဒိုင်မေးရှင်းအနိမ့်အပေါ် တင်းကြပ်ထားမှူကြောင့် မအောင်မြင်နိုင်ခြေ များနိုင်သည်။
ငါက ကံအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာကို ဖန်တီးခဲ့တာ တော်သေးတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ ထိုနည်းလမ်း၏ ဆိုးကျိုးတစ်ခုက သူ့နှင့် ဆက်နွယ်ထားသည့် နည်းပါးလွန်းသော ကံကြိုးမျှင်များ ဖြစ်၏။ ကံတာအို ဆရာသခင်များအတွက် ထိုအရာသည် ဟာကွက် ဖြစ်၏။ ကံကောင်းစွာဖြင့် ဝမ်ဝေ့သည် ကံတာအိုဆရာသခင်တစ်ယောက် ဖြစ်နေခဲ့ပြီး ကံအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာကို လေ့ကျင့်ထားခဲ့သည်။
နောက်ထပ် သတင်းကောင်းတစ်ခုက အစစ်အမှန်ကိုယ်ရဲ့ နောက်ထပ် ကဏ္ဍတစ်ခုကို နားလည်သွားခဲ့ပြီ။ အဲဆိုတော့ ထာဝရလမ်းစဉ်က ပိုပြီး လွယ်ကူလာလိမ့်မယ်…
သူ့အပြုံးများက ပိုမိုနက်ရှိုင်းလာလေ၏။ အဓိကဖြစ်ရပ် သို့မဟုတ် ရည်မှန်းချက်များကို အောင်မြင်ခြင်းထက် ကျေနပ်ဖို့ကောင်းသည့်အရာ မရှိပေ။
အဖေနဲ့အမေရော ဒီအခမ်းအနားကို သုံးလို့ရပါ့မလား မသိဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။
သူတို့က စစ်ဆေးမှုကို အောင်မြင်မှာတော့ မဟုတ်ပေမဲ့ သူတို့ရဲ့ တည်ရှိမှုကို ခေတ်ကာလတစ်ခုလုံးကို လွှမ်းမိုးတာထက် လျော့နည်းတဲ့ တည်ရှိမှုထဲ အံဝင်ခွင်ကျ ဖြစ်သွားစေနိုင်မယ်ဆိုရင် မဆိုးဘူး။ အဖေ့အတွက်ဆိုရင်တော့ အကြွင်းမဲ့ဓားရေးလမ်းစဉ်ပေါ့။ ဒီစစ်ဆေးမှုရဲ့ ခက်ခဲနှုန်းက အတော်လေး လျော့ကျသွားလောက်တယ်…
ဝမ်ဝေ့က ဖြစ်နိုင်ချေကို စတင်တွက်ချက်နေသည်။ သူ့အမေနှင့် အဖေက ပထမနှင့် တတိယ စစ်ဆေးမှုကို ကျော်ဖြတ်ဖို့ ပြဿနာမရှိပေ။ တကယ့်ပြဿနာက ဒုတိယစစ်ဆေးမှု ဖြစ်၏။
သူတို့က အစစ်အမှန်ကောင်းကင်တာအိုကို ဘယ်လောက်ရင်ဆိုင်နိုင်မလဲဆိုတာကိုတော့ မခန့်မှန်းနိုင်ဘူး။ သူတို့လုပ်ဆောင်နိုင်တယ်ဆိုရင်တောင် ဒုတိယစစ်ဆေးမှုက စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးပြီးရင်တဲ့နောက်မှာ တတိယစစ်ဆေးမှုက အောင်မြင်နိုင်ဦးမှာလား…
သူက ကျင့်ကြံရေးအခန်းအတွင်း ပလ္လင်ကို ဆင့်ခေါ်ကာ ထိုင်လိုက်သည်။ ထိုနေရာက သူ့ကို ပိုမိုကောင်းမွန်ဖို့ စဉ်းစားခွင့်ပြုထားသလို ခံစားနေရသည်။
အဓိကပြဿနာက သူတို့ရဲ့ စိတ်စွမ်းအားပဲ …
သူတို့၏ စိတ်စွမ်းအားကို လက်ရှိအနေအထားထက် ကျော်လွန်အောင် လေ့ကျင့်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ သူတို့ကို ဘယ်လိုလုပ်ပေးရမလဲ။ လေဟာနယ်ထဲက ငါ့ရဲ့အတွေ့အကြုံကို လေ့ကျင့်ရေး လျှို့ဝှက်နယ်မြေ အဖြစ် ဖန်တီးပေးရမလား။ ဒါပေမဲ့ ငါ့ရဲ့ဝိညာဉ်က စံပြအဆင့် မရောက်မချင်း စိတ်စွမ်းအားက အဲဒီအနေအထား ရောက်မှာ မဟုတ်ဘူး။ အဲဆိုတော့ သူတို့ရဲ့ ဝိညာဉ်ကို ကောင်းကင်ဘုံအဆင့်ရောက်အောင် ပစ္စည်းတွေကို ရှာဖွေပေးရမှာလား…
ဝမ်ဝေ့က ထိုအတွေးကို ပစ်ပယ်လိုက်သည်။
ဒိုင်မေးရှင်းအနိမ့်တွင် ကောင်းကင်ဘုံအဆင့် ၂ ယောက်ကို ပြုစုပျိုးထောင်ဖို့ အရင်းအမြစ် မလုံလောက်ပေ။ အထူးသဖြင့် အရင်းအမြစ်အများစုက သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့လိုအပ်နေသည့် အခါတွင် ဖြစ်၏။
ငါ သမာရိုးကျမဟုတ်တဲ့ အမြင်ကနေ တွေးကြည့်ဖို့ လိုတယ်။ ငါ့ရဲ့ ကိုယ်ပိုင် စိတ်စွမ်းအားကနေ စိတ်စွမ်းအားသတ္ထုလုံးလို အရာမျိုးကို စုစည်းပြီးတော့ ငါရဲ့စိတ်စွမ်းအားတချို့ ဆုံးရှုံးသွားတယ်ဆိုရင်တောင် ပမာဏက နည်းပါးနေဦးမှာဆိုတော့ ကာမိအောင် လုပ်နိုင်လောက်တယ်…
အစီအစဉ်ကို ပုံကြမ်းချပြီးသွားလေပြီ။ သူက သူ့မိဘများအတွက် စိတ်စွမ်းအားကို လေ့ကျင့်ပေးဖို့ နည်းလမ်းကို စဉ်းစားပြီး ကောင်းကင်ဘုံအဆင်နှင့် ယှဉ်နိုင်သည့် စိတ်စွမ်းအားကို ရယူဖို့အတွက် စိတ်စွမ်းအားသတ္ထုလုံးကို ချန်ထားခဲ့မည်။ ထို့နောက် သူတို့က တည်ရှိမှုအခမ်းအနားကို စမ်းသပ်ကြည့်နိုင်၏။
ဒီလိုဆုံးဖြတ်လိုက်တော့မယ်…
ဝမ်ဝေ့က သူ့မိဘများသည် ဒိုင်မေးရှင်းအမြင့်ရှိ စစ်ပွဲအတွင်း သေချာပေါက် ပါဝင်ဆင်နွှဲမည် ဖြစ်ကြောင်း သိလေသည်။ သူတို့က နောက်မျိုးဆက် ပြီးသည့်နောက်တွင် တက်လှမ်းလာနိုင်လောက်၏။
ထို့ကြောင့် ထိုအခမ်းအနားက သူတို့၏ ဘေးကင်းမှုကို အာမခံပေးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်လေသည်။
ဘန်း
ဝမ်ဝေ့ ဝန်းကျင်ရှိ ကမ္ဘာကြီးက ရုတ်ချည်း တုန်ခါသွားလေ၏။