← Chapters

ကောင်းကင်နတ်အရှင်လင်၏ သင်္ချိုင်း

Vol. 65 Ch. 851

ကောင်းကင်နတ်အရှင်လင်၏ သင်္ချိုင်း

Vol. 65 Ch. 851

“ကောင်းကင်နတ်အရှင်ယွီ” ယန်ချီလင်းက တအံ့တဩ ရေရွတ်လိုက်သည်။ သူမမှာ လမ်းလျှောက်လာနေသော လူကို မယုံကြည်နိုင်စွာ ကြည့်ပြီး ချင်မူ့ဘက်သို့ လှည့်ကြည့်၏။

ကောင်းကင်နတ်အရှင်ယွီကို သူမ မြင်ခဲ့ဖူးလေသည်။ ထိုကောင်းကင်နတ်အရှင်ယွီက ချင်မူနှင့်စာလျှင် ပြည့်ပြည့်ဖောင်းဖောင်း လူငယ်လေးပုံစံ ရှိခဲ့သည်။

‌ကောင်းကင်နတ်အရှင်ယွီကို ခေါ်သွားနိုင်ရန်အတွက် သူမသည် ချင်မူနှင့်ပင် တိုက်ခိုက်ခဲ့ပြီး ချင်မူ့ကို သတ်နိုင်လုဆဲဆဲ ဖြစ်ခဲ့၏။ အဆုံးသတ်တွင် ချင်မူ့ကြောင့် သူမ သေလုမျောပါး ဒဏ်ရာရခဲ့သည်။

ကောင်းကင်နတ်အရှင်ယွီက ချင်မူ့အနား၌ ရှိနေသင့်သည် မဟုတ်ပါ၏လော။

သို့ဖြစ်လျှင်... သူမအရှေ့တွင် ရပ်နေသော ‘ကောင်းကင်နတ်အရှင်ယွီ’ သည် မည်သူပေနည်း။

ရှင်းအန်းလည်း အူကြောင်ကြောင် ဖြစ်နေ၍ ချင်မူ့ဆီသို့ လှမ်းကြည့်သည်။ ရှင်းအန်းသည် ကောင်းကင်နတ်အရှင်ယွီနှင့် တွေ့ခဲ့ဖူးသော်လည်း ချင်မူ၏ အစေခံကောင်လေးဟုသာ ထင်ခဲ့သဖြင့် ထွေထွေထူးထူး မတွေးခဲ့ပေ။ ကောင်းကင်နတ်အရှင်ယွီ၏ သိုင်းအဆင့်က ရှင်းအန် သတိထားမိရန် နိမ့်ကျလွန်းသည် မဟုတ်ပါ၏လော။

သို့သော် အခေါင်းထဲမှ ကောင်းကင်နတ်အရှင်ယွီ ရုတ်တရက် ထွက်လာခြင်းက ရှင်းအန်းကို ထိတ်လန့်သွားစေပြီး အန္တရာယ်ကိုပင် ခံစားလာရစေသည်။

နဂါးဘုရင်ထျန်းလည်း ဇဝေဇဝါ ဖြစ်နေသောအမူအရာ ရှိသည်။ သူက ‘ကောင်းကင်နတ်အရှင်ယွီ’ ကိုတစ်လှည့်၊ ချင်မူ့ကိုတစ်လှည့် ကြည့်နေ၏။ ချင်မူ ကောင်းကင်နတ်အရှင်ယွီကို မြေကမ္ဘာနန်းတော်သို့ ခေါ်လာခဲ့တုန်းက ကောင်းကင်နတ်အရှင်ယွီသည် သူတို့၏မျက်နှာထဲ ဝင်တော့မတတ် စပ်စုခဲ့ဖူးသည် မဟုတ်ပါလော။

ဤ’ကောင်းကင်နတ်အရှင်ယွီ’ က ချင်မူနှင့်အတူ ရှိခဲ့သော ကောင်းကင်နတ်အရှင်ယွီနှင့် ခန္ဓာကိုယ်အနေအထားချင်း မတူသော်လည်း အနည်းငယ်သာ ကွာခြားခြင်းဖြစ်၏။

အခေါင်းထဲတွင် အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။

‘ကောင်းကင်နတ်အရှင်ယွီ’က အပြုံးပန်းများ ဝေဆာနေပြီး ချင်မူ့ကို လှမ်းကြည့်နေသည်။ သူ့အကြည့်သည် ချင်မူ့လက်ပေါ် ကျရောက်လာ၏။

စောစော ချင်မူမှာ ခံစားချက်များ မထိန်းနိုင်လိုက်သဖြင့် လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ပေါက်ကွဲသွားစေခဲ့သည်။ ယန်အာက ပဝါစတစ်စထုတ်၍ သူ့မျက်နှာပေါ် စင်ထားသော အရည်များကို ညင်ညင်သာသာ သုတ်ပေးနေသည်။

တံဆိပ်ပြားတစ်ပြားက ချင်မူ့လက်ချောင်းထိပ်ဖျားတွင် လျင်မြန်စွာ လည်နေပြီး တစတစ အရှိန်သေသွားသည်။

‘ကောင်းကင်နတ်အရှင်ယွီ’၏ အာရုံကို ဆွဲဆောင်လိုက်သည်မှာ တံဆိပ်ပြား ဖြစ်လေသည်။

ချင်မူက အကြည့်များကို အရေးမစိုက်ချေ။

အခေါင်းထဲမှ ထွက်လာခဲ့သည့် ‘ကောင်းကင်နတ်အရှင်ယွီ’ကား လန်ယန်ထျန်းအစစ် မည်သို့မျှ မဖြစ်နိုင်ပေ။

လွန်ခဲ့သော နှစ်တစ်သန်းက လန်ယွီထျန်းသည် ဝိညာဉ်ပြိုကွဲသေဆုံးခဲ့ရ၏။ ချင်မူက သူ့ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်၍ ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို ပြုပြင်ကာ ဒဏ်ရာများ ကုသပေးခဲ့သည်။ ထို့နောက် အ‌ခေါင်းတစ်‌လောင်း ရိုက်ပြီး ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်အလောင်းကို ယိုတုအထဲရှိ လျှို့ဝှက်နေရာ တစ်နေရာတွင် သိမ်းထားရန် ကောင်းကင်နတ်အရှင်ရုံဆီ အပ်နှံခဲ့သည်။

ပြီးခဲ့သည့်နှစ်ပိုင်းကမှ ချင်မူမှာ ‌ကောင်းကင်နတ်အရှင်ယွီကို အသက်ပြန်သွင်းပေးခဲ့ခြင်း ဖြစ်၏။ လက်ရှိအချိန်တွင် ကောင်းကင်နတ်အရှင်ယွီက သားသတ်သမားကိုယ်တိုင်၏ လမ်းပြမှုအောက်တွင် လီမြစ်တက္ကသိုလ်၌ ပညာသင်ကြားနေသည်။

အခေါင်းထဲမှ ရုတ်တရက် ထွက်လာခဲ့သော ‘ကောင်းကင်နတ်အရှင်ယွီ’က လန်ယွီထျန်းထက် ပိန်သည်။ လန်ယွီထျန်းသည် စွမ်းအင်ဆေးလုံးများ ဖော်တတ်လာပြီးနောက်ပိုင်း ရေချီလင်၏ ခွဲတမ်းကို ခိုးစားတတ်လာကာ ဖက်တီးပေါက်စလေး ဖြစ်လာခဲ့သည်။ လယ်သမားအိုကြီးထံ သွား၍ လေ့ကျင့်သည့်အချိန်တုန်းကသာ ပုံမှန်အရွယ်အစား ပြန်ဖြစ်ခဲ့သည်။

သို့သော် ယခုရက်များအတွင်း အလိုက်သိတတ်လွန်းသော အစိမ်းရောင်စာကလေးကြောင့် လန်ယွီထျန်း ဖက်တီးပုတ် ပြန်ဖြစ်ပေတော့မည်။

သူ့အရှေ့ရှိ ‘ကောင်းကင်နတ်အရှင်ယွီ’တွင်မူ ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစား ရှိသည်။ လူသားဟု မထင်ရလောက်အောင် ပြည့်စုံလွန်း၏။ ချင်မူ နဂါးသွဲ့ရေကန်တွင် ပထမဆုံး ဆုံတွေ့ခဲ့သော ခံ့ညားထည်ဝါသည့် ကောင်းကင်နတ်အရှင်ယွီနှင့် ပိုမိုတူသည်။

ဤကမ္ဘာပေါ်တွင် ကောင်းကင်နတ်အရှင်ယွီတစ်ယောက်သာ ရှိသည်။ ဤကောင်းကင်နတ်အရှင်ယွီက အစောင့်ရှောက်အဆောင်၏ ထိပ်ဆုံးအထပ်ရှိ သင်္ကေတအမှတ်အသားများဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ကောင်းကင်နတ်ဘုံ၏ ဖန်ဆင်းကောင်းကင်လက်နက်ဖြင့် အသက်သွင်းပေးလိုက်သည့် ကောင်းကင်နတ်အရှင်ယွီသာ ဖြစ်လိမ့်မည်။

‘ဖြစ်နိုင်ခြေ နောက်တစ်ခု ရှိသေးတယ်... တစ်ယောက်ယောက်က ဗြဟ္မဗုဒ္ဓရဲ့ ကျင့်စဉ်နဲ့ ကောင်းကင်နတ်အရှင်ယွီအသွင် ပြောင်းထားတာများလား... ဒါပေမဲ့ အဲဒီကျင့်စဉ်ကို ကျင့်ကြံခဲ့တဲ့သူက သေသွားပြီမဟုတ်လား’

ချင်မူက တဖြည်းဖြည်း ငြိမ်သွားသော တံဆိပ်ပြားကို ကြည့်ရင်း တွေးနေသည်။ “အဲဒီတစ်ယောက် အသက်ပြန်ရှင်လာရင်တော့ သိပ်သတိထားနေမှာမဟုတ်ဘူး... သူကလည်း ကောင်းကင်နတ်အရှင်ပဲ မဟုတ်လား... ဒီ’ကောင်းကင်နတ်အရှင်ယွီ’ကို ကောင်းကင်နတ်ဘုံက သူတို့ကျင့်စဉ်ကို စမ်းသပ်ဖို့ ဖန်ဆင်းကောင်းကင်လက်နက်နဲ့ ဖန်တီးထားတာပဲ ဖြစ်မယ်... ဟီးဟီး ကောင်းကင်ရတနာကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်ကို တီထွင်ခဲ့တဲ့တစ်ယောက်က အစမ်းသပ်ခံ ဖြစ်လာရတယ်လို့...’

နောက်ဆုံးတော့ တံဆိပ်ပြားသည် သူ၏လက်ချောင်းထိပ်တွင် ငြိမ်သက်စွာ ထောင်နေ၏။ စာလုံးထွင်းထားသော အခြမ်းက ‘ကောင်းကင်နတ်အရှင်ယွီ’ဘက် လှည့်နေသည်။

‘ကောင်းကင်နတ်အရှင်ယွီ’၏ အကြည့်က တံဆိပ်ပြားအပေါ် ကျရောက်သွားသည်။ မျက်နှာပြင်ထက်တွင် ထွင်းထားသော စာလုံးကား ‘မူ’ ဟူသော စာလုံးတစ်လုံးတည်းသာ ဖြစ်၏။

သူ ၎င်းကို စိုက်ကြည့်နေရာမှ ပြန်မော့လိုက်သည့်အခါ ချင်မူ၏ ဒေါသထွက်နေသော အကြည့်စူးစူးနှင့် အကြည့်ချင်းဆုံသွားသည်။

ကောင်းကင်နတ်အရှင်ယွီက ခပ်ရေးရေးပြုံးပြလိုက်သည်။ “မတွေ့ရတာ ကြာပြီ”

ချင်မူ တဟားဟား ရယ်လိုက်သည့်အခါ သူ့မျက်လုံးထဲရှိ အမျက်ဒေါသများ ပျောက်ကွယ်သွားသည်။ သူက လက်ချောင်းကို ခပ်သာသာ လှုပ်လိုက်ပြီး တံဆိပ်ပြား ပျောက်သွား၏။

ချင်မူ ထရပ်ကာ ပြောလိုက်သည်။ “တကယ် မတွေ့ရတာကြာပြီပဲ... မင်းက ပြင်ပကောင်းကင်နတ်ဘုံကမလား... ငါ မင်းကို ဘယ်လိုခေါ်ရမလဲ... မင်းက ငါ့မိတ်ဆွေဟောင်းလားလို့ မေးခွင့်ရှိမလား”

‘ကောင်းကင်နတ်အရှင်ယွီ’က ပြုံးသည်။ “ငါတို့က မိတ်ဆွေဟောင်းတွေလို့ ပြောလို့ရပါတယ်”

သူက ဆက်မရှင်းပြပေ။

အခေါင်းက ကျနေဆဲ ဖြစ်ကာ အခြေအနေသည်လည်း တင်းမာနေ၏။

အားလုံး ‘ကောင်းကင်နတ်အရှင်ယွီ’ဆီသို့ ကြည့်ရင်း ယုန်ထင်ကြောင်ထင် ထင်နေကြသည်။ ရှင်းအန်း၏မျက်လုံးများက တဖျတ်ဖျတ် လက်နေ၏။ ‘ဒီလူငယ်က သိမ်းထားသင့်တဲ့ ခန္ဓာကိုယ်ပဲ... သူ့ရုပ်ခန္ဓာက ချင်မူ့ လောကသခင်ခန္ဓာထက်တောင် ပိုပြီးပြည့်စုံသေးတယ်’

ထိုစဉ် အခေါင်းက ယခုမှ ရေထဲ ကျသကဲ့သို့ သိမ့်ခနဲ လှုပ်သွားသည်။ ထို့နောက် ရေပေါ် ပြန်တက်သွားသည့်အလား ဖြည်းဖြည်းချင်း မြောက်တက်သွားကာ ရေထဲမှ ဗွမ်းခနဲ ထွက်သွား၏။

တဝေါဝေါ ရေစီးနေသံ ကြားရသည်။ ရေက အရှိန်ပြင်းပြင်း စီးဆင်းနေသောကြောင့် အခေါင်း မည်သို့နေရာသို့ စီးဆင်းသွားနေမှန်း မည်မျှမသိနိုင်ပေ။

အခေါင်းထဲရှိ အခြေအနေမှာ ဆက်လက်တင်းမာနေပြီး တစ်ယောက်မှ မလှုပ်ကြပေ။

မူချိုးပိုင်က ရုတ်တရက် ရယ်လိုက်သည်။ “ညီမတော်၊ ဒီအခေါင်းထဲက လူတွေကို ကြည့်စမ်း... ငါတို့က ရှေးဟောင်းကောင်းကင်နတ်ဘုံက လာတယ်... နဂါးဘုရင်ထျန်းက အမိကမ္ဘာမြေရဲ့နေရာက လာတယ်... ဒီလူတချို့ကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက လာတယ်... ဒီ’ကောင်းကင်နတ်အရှင်ယွီ’အတုကတော့ ကောင်းကင်ဘုံအတုကပဲ... ကဲ ဒါကြီးက မထူးဆန်းလွန်းဘူးလား... ဒါပေမဲ့ ဘယ်ဟာက ပိုလို့တောင် ထူးဆန်းလဲ သိလား”

ယန်ချီလင်း ပြုံးလိုက်သည်။ “ကျေးဇူးပြုပြီး ရှင်းပြပါဦး အစ်ကိုတော်”

မူချိုးပိုင်၏ မျက်လုံးများက တောက်ပနေ၏။ “ပိုလို့တောင် ထူးဆန်းတာက ဒီအခေါင်းထဲမှာ လူရှင်တွေအများကြီး ရှိပြီး လူသေတစ်ယောက်မှ မရှိတာပဲ... လူသေမရှိဘဲ လူရှင်တွေ ပြည့်နေတဲ့ အခေါင်းတဲ့ မထူးဆန်းဘူးလား” သူက တဟားဟား ရယ်လိုက်သည်။

နဂါးဘုရင်ထျန်းက အေးစက်စက် ပြန်ဖြေသည်။ “ဒီအခေါင်းထဲမှာ လူသေ ဘယ်‌လောက် ရှိစေချင်လို့လဲ... ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်လေ”

မူချိုးပိုင် ပြုံးလိုက်ပြီး သူ့အနောက်ရှိ အခြွေအရံများက သူ့အရှေ့သို့ ပြိုင်တူထွက်လာကြကာ နဂါးဘုရင်ထျန်းထံ မျက်နှာမူလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် အခေါင်းဆီမှ ကျွီခနဲအသံ ထွက်လာ၍ အားလုံး ထိတ်လန့်သွားကြသည်။ အခေါင်းအဖုံးက ရုတ်တရက် ဟ,သွားကာ အပြင်မှ အလင်းတန်းများ ဝင်လာ၏။

အခေါင်း၏အတွင်းနေရာက အလွန်ကြီးမားကျယ်ဝန်းလွန်းသည့်အတွက် အဟ မှာ သိပ်မကျယ်သော်လည်း သူတို့အားလုံး ချောင်ချောင်ချိချိ ထွက်နိုင်လေသည်။

သူတို့အပေါ် ဖြာကျလာသော အလင်းတန်းများက သိပ်မစူးသော်လည်း သူတို့ကို အံ့အားသင့်သွားစေသည်မှာ အလင်းတန်းများ၏ အရင်းအမြစ်ကား စကြဝဠာတစ်ခုလုံး ဖြစ်နေခြင်းပင်။

စကြဝဠာသည် အခေါင်းအထက်၌ ပျံဝဲနေပြီး ကြယ်တာရာများ တဖျတ်ဖျတ် လင်းလက်နေ၏။

နဂါးဘုရင်ထျန်းက အလျင်အမြန် ခုန်ကာ အပြင်သို့ ခေါင်းပြူကြည့်သည်။ မြင်ကွင်းက သူ့ကို မှင်သက်သွားစေသည်။

ကျန်ရှိသူများလည်း နောက်မှ လိုက်လာကြပြီး အဟမှတစ်ဆင့် ထွက်ကာ အခေါင်းအဖုံးပေါ် တက်လိုက်ကြသည်။

ယန်အာက ချင်မူ့ပခုံးအပေါ် ပျံတက်လိုက်သည်။ ချင်မူ၊ ရှင်းအန်းနှင့် နဂါးချီလင်တို့လည်း အခေါင်းအပြင် ပျံထွက်လိုက်ကြ၏။ အားလုံး ခေါင်းတလားအပေါ်တွင် ရပ်နေကြချေပြီ။ သူတို့၏ခေါင်းပေါ်တွင် တောက်ပလင်းလက်နေသော စကြဝဠာတစ်ခု ရှိပြီး သူတို့အောက်၌မူ အ‌ခေါင်းကြီးသည် မြစ်‌‌ရေစီးကြောင်းအတိုင်း မျောနေ၏။

ချင်မူ အောက်ငုံ့ကြည့်လိုက်သည်။ မြစ်ကြီးက စကြဝဠာ၏ အလယ်တွင် အရှိန်ပြင်းပြင်း စီးဆင်းလျက် အဝေးသို့ ဦးတည်နေလေသည်။

မြစ်သည် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် ကျယ်ဝန်းလှသည့်အတွက် ချင်မူမှာ ကောင်းကင်နတ်ဘုံရှိ ကောင်းကင်နတ်မြစ်ကို သတိရမိသွားသည်။

ကမ္ဘာဦးဘုံ ပွင့်လာသည့်အချိန်တွင် မာန်ဟုန်မြစ်သည် ကောင်းကင်နတ်မြစ် ဖြစ်လာခဲ့၏။ သို့သော် ချင်မူ မှတ်မိရသလောက် ကောင်းကင်နတ်မြစ်က ကောင်းကင်ထဲတွင် စီးဆင်းခြင်းဖြစ်သည်။ မာန်ဟုန်မြစ်ကမူ မြေပြင်ထက်၌ စီးဆင်းနေချေရာ ကမ္ဘာဦးဘုံထဲ၌ ကောင်းကင်နတ်မြစ် စီးဆင်းနေသော နေရာတွင် မကျိုးပျက်သေးသည့် အတားအဆီးအစီအရင်များ ရှိနေလိမ့်မည်။

အတားအဆီးအစီအရင်များသာ ဖယ်ရှားခံလိုက်ရလျှင် ကောင်းကင်နတ်မြစ်သည် ကောင်းကင်ထက်သို့ မုချမြောက်တက်သွားလိမ့်မည်။

အားလုံးကို အံ့အားသင့်သွားစေသည်မှာ ရှေးဟောင်းရေတွင်းက ကောင်းကင်နတ်မြစ်နှင့် ဆက်သွယ်နေသည့်အချက် ဖြစ်သည်။ အခေါင်းကလည်း ကောင်းကင်နတ်မြစ်ထဲသို့ တည့်တည့် ကျလာခဲ့သည်။

သို့သော် အားလုံး အခေါင်း၏အပေါ်တွင် ရပ်လျက် ပတ်ဝန်းကျင်ကို ကြည့်နေကြသော်လည်း ကမ္ဘာဦးဘုံကို မမြင်ရပေ။ ကောင်းကင်နတ်မြစ်၏ ရေစီးကြောင်းနှင့်အတူ သူတို့အားလုံး ကမ္ဘာဦးဘုံ၏ အပြင်သို့ ရောက်လာကြခြင်း ဖြစ်လိမ့်မည်။ ဤဆန်းကြယ်အခေါင်း သူတို့ကို မည်သည့်နေရာသို့ ခေါ်သွားမည်မှန်း မည်သူမှ မသိနိုင်ပေ။

ကောင်းကင်နတ်မြစ်က အပြာရောင်နေကြီးတစ်စင်းဆီသို့ ဦးတည်နေပြီး နေကို ကွေ့ဝိုက်ကာ စီးဆင်းသွားသည်။

ချင်မူ အ‌ဝေးမှ လှမ်းကြည့်လိုက်သည့်အခါ နေအပေါ်တွင် တည်ဆောက်ထားသော နန်းဆောင်အစုအဝေးများ မြင်ရသည်။ သို့သော် နန်းဆောင်များမှာ ပျက်စီးနေပြီဖြစ်သည့်အတွက် ထိုနေရာတွင် စံမြန်းနေသည့် နတ်ဘုရားတစ်ပါးမှ မရှိတော့ဟု ဆိုလိုသည်။

များစွာမကြာလိုက်ဘဲ အရောင်အဝါ တဖျပ်ဖျပ် တောက်ပနေသော ရှေးဟောင်းကောင်းကင်နတ်ဘုံတစ်ဘုံအား လှမ်းမြင်လိုက်ရ၏။

အဆိုပါရှေးဟောင်းကောင်းကင်နတ်ဘုံမှာ သူတို့ဆီမှ အလွန်ဝေးကွာနေပြီး ရွှေရောင်ရွှေဝါများဖြင့် ခံ့ညားထည်ဝါနေသည်။ ကောင်းကင်နတ်မြစ်အတိုင်း အခေါင်း ဆက်မျောသွားသည်နှင့်အမျှ ကောင်းကင်နတ်ဘုံသည်လည်း တစတစ နီးကပ်လာ၏။ ထိုအခါမှ အဝေးကြည့်လျှင် ခမ်းနားတင့်တယ်လှသော ဤကောင်းကင်နတ်ဘုံ၏ အလယ်ဗဟိုတွင် အရှိန်အဝါတစ်ခု အုံ့ဆိုင်းနေကြောင်း ခံစားလိုက်ရသည်။

ယင်းကာ သေခြင်းတရား၏ အရှိန်အဝါ ဖြစ်သည်။

ကောင်းကင်နတ်မြစ်က ဤကောင်းကင်နတ်ဘုံကို ဖြတ်သန်းသွားပြီး ရုတ်တရက် ညာဘက်သို့ ကွေ့သွားသည်။ သေခြင်းအရှိန်အဝါကား ပိုမိုအားကောင်းလာ၏။

ပျက်စီးနေသော တောင်ကောင်းကင်မုခ်ဝတစ်ခု သူတို့အရှေ့တွင် ပေါ်လာသည်။ မုခ်ဝအပေါ်တွင် ဧရာမမိစ္ဆာနတ်ဘုရားတစ်ပါး၏ အလောင်းတစ်လောင်း ချိတ်နေသည်။ နတ်ဘုရားမှာ ခါးအောက်ပိုင်း ပြတ်ထွက်နေပြီး သံချေးတက်နေသော လှံတစ်လက်က ဦးခေါင်းခွံထဲ စိုက်ဝင်နေသည်။

လှံက နတ်ဘုရား၏ ဦးခေါင်းခွံကို ထိုးဖောက်ကာ တောင်ကောင်းကင်မုခ်ဝတွင် ချိတ်ထားခြင်း ဖြစ်ပေသည်။

“ဒါ ဘယ်လိုကောင်းကင်နတ်ဘုံလဲ” နဂါးဘုရင်ထျန်းဆီမှ အက်ကွဲကွဲအသံ ထွက်လာသည်။

ယန်ချီလင်းနှင့် ကျန်ရှိသူများက တောင်ကောင်းကင်မုခ်ဝအနောက်သို့ ငေးကြည့်နေကြသည်။ မုခ်ဝ၏အနောက်၌ မိစ္ဆာနတ်ဘုရားတို့၏ အရိုးဖြူဖြူများ ပြန့်ကြဲနေ၏။

အခေါင်း ကောင်းကင်နတ်ဘုံထဲသို့ ဝင်လာသည့်အခါ ဘေးနှစ်ဖက်နှစ်ရံတွင် အလောင်းများ၊ အရိုးများ တောင်လိုပုံနေသည်ကို မြင်ရသဖြင့် သူတို့ တုန်လှုပ်လာကြသည်။

နဂါးချီလင်မှာ ချင်မူအနောက်၌ ပုန်းနေပြီး အခေါင်းပေါ်တွင် ဝပ်ကာ လက်သည်းများဖြင့် မျက်နှာအပေါ် အုပ်ထားသည်။ သူက မကြည့်ရဲသော်လည်း လက်ကြားထဲမှ တစ်ချက်တစ်ချက် ချောင်းကြည့်တတ်ပြီး တဆတ်ဆတ် တုန်ရီသွားတတ်၏။

သူ့အနောက်တွင် သေတ္တာကြီးမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေသည်။ ၎င်းက အရိုးများကို စုထားချင်သဖြင့် ခုန်ဆွခုန်ဆွ ဖြစ်နေတော့သည်။

ရှင်းအန်းလည်း ယိုးတိုးယွတ ဖြစ်လာသည်။ မရဏနတ်တောင်ကြားက ရတနာသိုက်ကြီးဆီသို့ ဦးတည်နေမည့် တံခါးဝ ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းမိခဲ့သော်လည်း ယခုလို ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြီး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့‌ပေ။

ရုတ်တရက် ယန်ချီလင်းက ပြောသည်။ “ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်ယွီ၊ ဒီမရဏနတ်တောင်ကြားအကြောင်း တစ်ခုခု သိထားလား”

အားလုံး ‘ကောင်းကင်နတ်အရှင်ယွီ’ဆီသို့ လှည့်ကြည့်လိုက်ကြပြီး ‘ကောင်းကင်နတ်အရှင်ယွီ’က ရယ်လိုက်သည်။ “ငါလည်း သိပ်မသိပါဘူး... ဒါက ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ သင်္ချိုင်းလို့ မင်းတို့ပဲ ပြောခဲ့တာမဟုတ်လား... မင်းတို့ကမှ ငါ့ထက် ပိုသိသင့်တာပါ”

“မင့်ပါးစပ်က စကားအမှန်တစ်ခွန်းမှ ထွက်မလာဘူး”

မူချိုးပိုင်က အေးစက်စက် ရယ်သည်။ “မင်းက ကောင်းကင်နတ်အရှင်ယွီအစစ် မဟုတ်ပါဘူး... ဘယ်သူများ ဖြစ်နေမလဲ... မင်း မပြောရင် ငါတို့ မင်းကို ဖမ်းပြီး ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေ ထွက်လာအောင် ဖိအားမပေးနိုင်ဘူး ထင်နေလား”

နဂါးဘုရင်ထျန်း မျက်မှောင်ကြုတ်သွားကာ ပြောသည်။ “ကောင်းကင်နတ်ဘုံက မိတ်ဆွေလေး၊ မင်း သိထားတာတွေ ငါတို့ကို ပြောပြရင် အကောင်းဆုံး ဖြစ်လိမ့်မယ်”

‘ကောင်းကင်နတ်အရှင်ယွီ’က ပြုံးလိုက်၏။ “မရဏနတ်တောင်ကြားမှာ ကောင်းကင်နတ်အရှင်ယွီတစ်ယောက် မြှုပ်ထားတယ်လို့ပဲ ငါ သိတာပါ... ကောင်းကင်နတ်မြစ်က မြောက်နတ်မင်း ရွှမ်းဝူရဲ့ မွေးဖွားရာဇာတိ ဆိုပေမယ့် မြစ်တစ်ပိုင်းကို လူတစ်စုက ခွဲထုတ်သွားပြီး ပုန်ကန်သူတို့ရဲ့ အခြေစိုက်စခန်းအဖြစ် လုပ်ခဲ့တယ်... အဲဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့တဲ့လူတွေက ကောင်းကင်မဟာမိတ်အဖွဲ့ပဲ”

ချင်မူ ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။ ဤနေရာတွင် မြှုပ်နှံထားသော တစ်ယောက်က ကောင်းကင်မဟာမိတ်အဖွဲ့မှ ကောင်းကင်နတ်အရှင်တစ်ယောက်များလော။

သို့ဆိုလျှင် ဤကောင်းကင်နတ်အရှင်ကား မည်သူနည်း။

ရုတ်တရက် အခေါင်းက ခပ်သာသာ လှုပ်ကာ ရပ်သွားသည်။

အခေါင်းသည် ဆိပ်ကမ်းအသေးလေးတစ်ခု၌ ကပ်သွား၏။

အားလုံး ဆိပ်ကမ်းအပေါ် ဆင်း၍ လှေကားထစ်များအတိုင်း တက်သွားသည်။ လှေကားထစ်၏ အပေါ်တွင် ကျောက်စာတိုင်တစ်တိုင် ထူထားပြီး ‘ကောင်းကင်နတ်အရှင်လင်၏ သင်္ချိုင်း’ ဟူသော စာလုံးများ ရေးထားချေသည်။

All Chapters