← Chapters

နဂါးဘုရင်ထျန်း၏ ပြောင်းလဲမှု

Vol. 65 Ch. 854

နဂါးဘုရင်ထျန်း၏ ပြောင်းလဲမှု

Vol. 65 Ch. 854

ချင်မူ မဟူရာအခေါင်းဆီသို့ ပြန်သွားပြီး ရှင်းအန်းကလည်း သေတ္တာကြီးနှင့်အတူ လိုက်လာသည်။ သူက ဘေးမှ လိုက်လာသည့် ‘ကောင်းကင်နတ်အရှင်ယွီ’၊ ယန်ချီလင်းနှင့် မူချိုးပိုင်တို့ကို တစ်ချက်ကြည့်လိုက်၏။

မျက်မမြင်အဘိုးအိုက မည်သူ့ကိုမျှ မကြိုဆိုသောကြောင့် သူတို့အနေဖြင့် ထွက်သွားရုံအပြင် ရွေးချယ်စရာမရှိပေ။

ထိုစဉ် သွေးသံရဲရဲ နဂါးခေါင်းပြတ်ကြီးက ရေထဲမှ ဗွမ်းခနဲ မြောက်တက်လာကာ အခေါင်းထဲ ခုန်ဝင်လာသည်။ ယင်းကား နဂါးဘုရင်ထျန်းပင် ဖြစ်၏။ ဖုတ်ကောင်၏ အစားခံရပြီးနောက် သူ့တွင် ခေါင်းသာ ကျန်တော့သည်။

သို့သော် မသေသေးပေ။

နဂါးဘုရင်ထျန်း၏ ခေါင်းပြတ်ကြီးသည် သူတို့ကို ရက်စက်ကြမ်းကြုတ်စွာ ရန်စောင်ကြည့်ရင်း ထောင့်တစ်ထောင့်တွင် အမောဖြေနေ၏။ သူက အားလုံးကို သတိအနေအထားဖြင့် ကြည့်နေပြီး သူ့မျက်နှာမှ အပုပ်ငွေ့များ ထွက်လာသည်။

ဧကရာဇ်အလောင်းမှ ဆင့်ကဲပြောင်းလဲသွားခဲ့သော ဖုတ်ကောင် အတိုးထက်အလွန် ပြင်းထန်သော အလောင်းအဆိပ်ရှိ၏။ ထိုအဆိပ်က နဂါးဘုရင်ထျန်း၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွားပြီး မူလဝိညာဉ်ဆီ ကူးစက်နေသည်။

မဟူရာအခေါင်းသည် ဒုန်းခနဲ ပြန်စေ့သွားချေပြီ။

အခေါင်း၏အပြင်မှ ရေစီးသံများ ထွက်ပေါ်လာသည်။ အစတုန်းက ဤအခေါင်းထဲတွင် လူအတော်များများ ပါလာခဲ့သော်လည်း ယခုတွင် အနည်းစုသာ ကျန်တော့၏။ တချို့သည် မရဏနတ်တောင်ကြားတွင် လမ်းရှာရင်း သေဆုံးသွားကြပြီး တချို့က အချင်းချင်း သတ်၍ သေသွားကြသည်။ တချို့ကတော့ ဖုတ်ကောင်၏ အစာ ဖြစ်ခဲ့ရသည်။

ယန်ချီလင်ဘေးတွင် အခြွေအရံများစွာ ရှိခဲ့သော်လည်း ယခုမူ တစ်ယောက်သာ ကျန်၏။ ကျန်ခဲ့သည့်တစ်‌ယောက်မှာလည်း ဒဏ်ရာပြင်းထန်နေသည်။

သို့သော် ... အခေါင်းထဲ ပြန်ရောက်လာသော်လည်း ဇာတ်လမ်းကား မပြီးသေး။

နဂါးဘုရင်ထျန်းသည် ဧကရာဇ်အလောင်းဆီမှ အလောင်းအဆိပ် ကူးစက်ခံနေရသည်။ သူ့တွင် ခေါင်းသာ ရှိတော့သည့်အပြင် ထိုအခေါင်းသည် အလောင်းအငွေ့များကို ခပ်ပြင်းပြင်း ရှူထုတ်နေ၏။

“နဂါးဘုရင်ထျန်း၊ ခင်ဗျား အလောင်းဖြစ်တော့မယ်”

နဂါးချီလင်မှာ မကြည့်ရက်တော့သဖြင့် ခပ်တိုးတိုး သတိပေးလိုက်သည်။ “ဂိုဏ်းသခင်က ဆေးကုတတ်တယ်... ခင်ဗျားထဲက အလောင်းအဆိပ်ကို ဖယ်ရှားပေးနိုင်ကောင်း ပေးနိုင်လောက်တယ်”

“ဟီးဟီး ငါ့ကို သတ်ချင်နေတာလား”

နဂါးဘုရင်ထျန်း၏ ခေါင်းပြတ်ကြီးက မောဟိုက်ပင်ပန်းစွာ အသက်ရှူနေ၏။ အခိုးများမှာ သူ့ပါးစပ်နှင့် ပြတ်နေသည့် လည်ပင်းအသားမှ ထွက်လာနေသဖြင့် အစိမ်းရောင်အငွေ့များက သူ့ကို လွှမ်းခြုံနေတော့သည်။

ဤနတ်နဂါးကြီးသည် အလွန်သတိကြီးနေပြီး သရော်တော်သလို ပြောနေသည်။ “မင်းတို့ ငါ့ကို သတ်လို့မရတော့ ငါ့ကို အဆိပ်ခတ်မလို့မလား... အဲဒီလောက် လွယ်မယ်မထင်နဲ့ ဟီဟီး...”

နဂါးချီလင် မျက်မှောင်ကြုတ်သွားကာ ချင်မူ့ဆီသို့ လှည့်ကြည့်လိုက်သည်။

ချင်မူက ခေါင်းယမ်းလိုက်သည်။ “ငါ သူ့ကို မကယ်နိုင်ဘူး.. ငါတောင် ဧကရာဇ်အလောင်းရဲ့ အ‌လောင်းအဆိပ်ကို ဖြေမပေးတတ်ဘူး... ဘိုးဘိုးဆေးဆရာဆိုရင်တော့ မျှော်လင့်ချက် ရှိ‌လောက်သေးတယ်”

နဂါးချီလင် ဝမ်းနည်းလာသည်။ နဂါးဘုရင်ထျန်းသည် သူ့အပေါ် နွေးထွေးကြင်နာပေးခဲ့ပြီး သူ၏ကျင့်စဉ် ပြည့်စုံသွားအောင်လည်း ကူညီပေးခဲ့၏။ ဤနတ်နဂါးကြီးကို သူ အမှန်တကယ် ကယ်ပေးချင်သော်လည်း ချင်မူပင် မတတ်နိုင်လျှင် သူလည်း မည်သို့မျှ လုပ်မပေးတတ်တော့ပေ။

နဂါးဘုရင်ထျန်းက မှော်စွမ်းအင် ထုတ်လွှတ်၍ အလောင်းအငွေ့များကို ဖယ်ရှားရန် ကြိုးစားနေသော်လည်း တဖြည်းဖြည်း အစိမ်းရောင်သမ်းလာနေသော သူ၏ချီစွမ်းအင်ကို အားလုံး ရှင်းရှင်းလင်းလင်း မြင်နေရသည်။

သူ၏ကောင်းကင်နတ်သိုင်း သင်္ကေတအမှတ်အသားများလည်း အလောင်းအဆိပ်၏ ကူးစက်မှုကြောင့် တစ်ခုပြီးတစ်ခု ပြိုကွဲကုန်သည်။

ရှင်းအန်းမှာ ကျောရိုးထဲ စိမ့်အေးလာသဖြင့် သေတ္တာကြီးကို မ,ကာ အဆောင်ထဲမှ တိတ်ဆိတ်စွာ ထွက်သွားသည်။ ထို့နောက် အမှောင်ထုထဲ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

နဂါးဘုရင်ထျန်း၏ နဂါးမျက်လုံးကြီးနှစ်လုံးသည် ဖြူဆွတ်နေပြီဖြစ်၏။ သူငယ်အိမ်များ ပျောက်ကွယ်သွားသည့်တိုင် သူက ပတ်ဝန်းကျင်ကို မြင်နေသေးသကဲ့သို့ မျက်တောင်ခတ်နေသည်။

ယန်ချီလင်းနှင့် မူချိုးပိုင်လည်း အနည်းငယ် လန့်လာကြ၍ အမှောင်ထုထဲသို့ တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြသည်။

ချင်မူ နဂါးချီလင်ကို မျက်စပစ်ပြလိုက်ကာ နဂါးချီလင်လည်း သူ့နောက်မှ အလျင်အမြန် လိုက်လာသည်။ ယန်အာက အစိမ်းရောင်စာကလေးအသွင် ပြောင်း၍ နဂါးချီလင်၏ခေါင်းပေါ်၌ နားလိုက်ပြီး အမှောင်ထဲသို့ တိတ်ဆိတ်စွာ လျှောက်သွားကြသည်။

‘ကောင်းကင်နတ်အရှင်ယွီ’လည်း ဤနေရာမှ ထွက်သွားပြီး တစ်နေရာ၌ ပုန်းနေ၏။

“ငါ မင်းတို့ကို မြင်တယ်နော်”

နဂါးဘုရင်ထျန်း၏ ပါးစပ်မှ အပုပ်ရည်များ စီးကျလာသည်။ သူက မျက်ဆံမရှိတော့သော မျက်လုံးများဖြင့် ဆက်၍ စိုက်ကြည့်နေကာ အော်ဟစ်နေသည်။ “ငါ မင်းတို့ကို မြင်တယ်... ငါ့ကို သတ်ဖို့ မစဉ်းစားကြနဲ့... ဟီးဟီး .... ငါ မင်းတို့ကို မြင်တယ်...”

သူ့တွင် အသက်ရှိတော့ပေ။ တခဏကြာသော် နဂါးခေါင်းကြီးသည် တိတ်ဆိတ်စွာ ပျံတက်လာ၏။ အစိမ်းရောင်အခိုးအငွေ့များက ခေါင်းကြီးကို လွှမ်းခြုံနေပြီး တဟီးဟီး ရယ်လျက် ထူးဆန်းသောအသံကြီးဖြင့် စကားပြောနေသည်။ “ငါ မင်းတို့ကို မြင်တယ်”

သူက အမှောင်ထုထဲသို့ ပျံသန်းသွားပြီး ရယ်နေသည်။ “ဟီးဟီး ငါ မင်းတို့ကို မြင်တယ်... ငါ့ခန္ဓာကိုယ်ကို မင်းတို့ ဘယ်မှာ ဖွက်ထားကြလဲ... မင်းတို့ကို ဖမ်းစားလိုက်တာနဲ့ ငါ့ခန္ဓာကိုယ်က ပြန်ထွက်လာလိမ့်မယ် ဟီးဟီး....”

မတ်တပ်အခေါင်း၏ အတွင်းနေရာမှာ အလွန်ကျယ်ဝန်းသည်။ သူတို့ အခေါင်းထဲ ကျလာခဲ့ကြသည့်အချိန်တုန်းက အောက်သို့ ရောက်ရန် အချိန်အတော်လေး ကြာခဲ့၏။

ချင်မူမှာ အမှောင်ထုထဲတွင် လျှောက်သွားနေသည့်အချိန်မှ အခေါင်း၏အတွင်းနေရာမှာ သူ ထင်ထားသည်ထက်ပင် ကျယ်ကြောင်း သဘောပေါက်သွားသည်။

အခေါင်းသည် သယ်ယူပို့ဆောင်ပေးသည့် ကိရိယာတစ်မျိုးဟု ဆိုရမည်။ ၎င်းက ကောင်းကင်နတ်အရှင်များကို ကောင်းကင်နတ်အရှင်လင် မြှုပ်နှံထားသော နေရာဆီ ခေါ်ဆောင်သွားပေး၏။ မတ်တပ်အခေါင်းမှာ မျက်ကန်းအဘိုးအို တည်ဆောက်ထားသော လက်ရာဖြစ်ချေရာ အဘိုးအို၏အစွမ်းအစများက မည်မျှအံ့ဩဖွယ်‌ကောင်းကြောင်း သိသာပေသည်။ အဘိုးအိုသည် အခေါင်းအတွင်းရှိ နေရာဟင်းလင်းပြင်ကို ကျယ်ဝန်းသော ဧရိယာတစ်ခုဖြစ်အောင် ဖန်တီးထားခြင်းဖြစ်၏။ ချင်မူ အမှောင်ထုထဲ၌‌ လျှောက်နေသည်မှာ အတန်ကြာပြီဖြစ်သော်လည်း အဆုံးသို့ မရောက်သေးပေ။

“ဖက်တီးနဂါး” ချင်မူ ခပ်တိုးတိုး ခေါ်လိုက်သည်။

သူ့အနောက်မှ မည်သည့်အသံမှ ထွက်မလာ။

ချင်မူ ရင်ထဲ ထိတ်သွားပြီး အလျင်အမြန် ရပ်လိုက်သည်။ သူ၏ချီစွမ်းအင်က အလင်းလုံးတစ်လုံးအသွင် ဖွဲ့တည်၍ ပတ်ဝန်းကျင်အား ထွန်းလင်းလိုက်၏။ နဂါးချီလင်နှင့် ယန်အာကား အမှောင်ထုထဲတွင် ပျောက်သွားခဲ့ချေပြီ။

ဤနေရာသည် မှောင်လွန်း၏။ အလင်းရောင်မရှိသောကြောင့် နဂါးချီလင် မည်သည့်အချိန်က ပျောက်သွားမှန်း ချင်မူ မသိခဲ့ပေ။ ချင်မူ့နဖူးမှ ချွေးများကျလာပြီး သူက သူ့ဘာသာသူ တွေးနေသည်။ ‘ယန်အာ သူ့ခေါင်းပေါ်မှာ ပါသွားတာပဲ... ဖက်တီးနဂါး အဆင်ပြေမှာပါ...’

ထိုစဉ် နဂါးဘုရင်ထျန်း၏ ကြက်သီးထဖွယ်အသံကြီး ထွက်လာသည်။ “ငါ မင်းတို့ကို မြင်တယ်နော်”

ချင်မူ အလင်းလုံးကို ကပျာကယာ ငြှိမ်း၍ တစ္ဆေအရိပ်ကျင့်စဉ် ထုတ်လွှတ်၍ အနက်‌ရောင်အရိပ်အသွင်ဖြင့် မြေပြင်ပေါ် ကပ်ထားလိုက်သည်။

ဝှစ်

နဂါးဘုရင်ထျန်း၏ ခေါင်းကြီးက သူ့အပေါ်မှ ဖြတ်သွားသည်။ ခေါင်းပြတ်ကြီး၏ မျက်လုံးများသည် အစိမ်းရောင်‌တောက်နေ၏။

ချင်မူ သက်ပြင်းချကာ ပြန်ထလိုက်သည်။ တစ်ချက် လှုပ်ခါလိုက်သည့်အခါ အထူမရှိသော အရိပ်က ပြန်ဖောင်းလာကာ အသွေးအသားကိုယ် ပြန်ဖြစ်သွားသည်။

“ငါ မင်းတို့ကို မြင်တယ်”

နဂါးဘုရင်ထျန်း၏ ထူးဆန်းသော ရယ်သံကြီးက အဝေးမှ ပျံ့လွင့်လာပြီး ရုတ်တရက် စူးခနဲ အော်လိုက်သံ ကြားလိုက်ရသည်။ မည်သူ အစားခံလိုက်ရမှန်း ချင်မူ မသိပေ။

ချင်မူ စိတ်အားတင်းလိုက်သည်။ နဂါးခေါင်းပြတ်ကြီးသည် ဝေးသထက် ဝေး၍ သွားပြီး ရယ်သံများ မကြားရတော့ပေ။

ပတ်ဝန်းကျင်တွင် တိတ်ဆိတ်နေ၏။

ချင်မူက ဓားစက်လုံးကို ထုတ်လွှတ်လိုက်သည်။ ဓားစက်လုံးက တမုဟုတ်ချင်း ကွဲထွက်သွားပြီး သေးသေးမျှင်မျှင် ဓားပျံ‌လေးများက ကိုက်သုံးရာပတ်ပတ်လည်တွင် သူ့ကို တိတ်ဆိတ်စွာ လှည့်ပတ်နေ၏။

ချင်မူ အမှောင်ထုထဲသို့ ဆက်လျှောက်သွားသည့်အခါ ဓားပျံများလည်း သူနှင့်အတူ လိုက်လာသည်။ ဤဓားပျံများသည် နိမ့်ချည်မြင့်ချည် ရွေ့လျားနေပြီး ဝင်္ကပါအခင်းအကျင်းလည်း အဆက်မပြတ် ပြောင်းလဲနေတတ်သည်။

ဤအခိုက်အတန့်တွင် လူရိပ်တစ်ခုက အဆောင်၏ဘေးဘက်မှ ထွက်လာပြီး အဆောင်ထဲ ဝင်သွားသည်။ မူချိုးပိုင်က ဟိုကြည့်သည်ကြည့် ကြည့်၍ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ “နဂါးဘုရင်ထျန်းက ဖုတ်ကောင် ဖြစ်သွားပြီး ငါ့အခြွေအရံနောက် လိုက်သွားပြီဆိုတော့ ပြန်လာမှာဦးမဟုတ်ဘူး... ဒီအဆောင်က အန္တရာယ်အကင်းဆုံးနေရာပဲ.. ဘယ်သူလဲ”

သူက ချာခနဲ လည့်၍ စိုးရိမ်ထိတ်လန့်စွာဖြင့် အမှောင်ထုထဲသို့ ကြည့်လိုက်သည်။

အမှောင်ထဲမှ ခြေသံတရှပ်ရှပ် ထွက်လာသည်။ သေတ္တာကြီးတစ်လုံး မ,ထားသည့် လူငယ်တစ်ယောက် သူ့အရှေ့တွင် ပေါ်လာ၏။

မူချိုးပိုင်မှာ ဟင်းခနဲ သက်ပြင်းချပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူဘေးက သိုင်းပညာရှင်ကိုး... ခင်ဗျားလည်း ကျုပ်လို အနီးနားမှာ ပုန်းနေတာဆို‌တော့ အန္တရာယ်အများဆုံးနေရာက အန္တရာယ်အကင်းဆုံးနေရာမှန်း တွေးမိတာပဲ ဖြစ်မယ်... ခင်ဗျားရဲ့ တွေးခေါ်နိုင်စွမ်းက ဘယ်ဆိုးလို့လဲ”

“မင့်ရဲ့ခန္ဓာကိုယ်က သိပ်ကောင်းတယ်... ငါ အင်မတန် သဘောကျတယ်”

ရှင်းအန်းက သေတ္တာကြီးကို ချကာ ပန်းချီကားတစ်ချပ်အား ရှုစားနေသကဲ့သို့ သူ့ကို စိုက်ကြည့်နေသည်။

သေတ္တာကြီးက ဗြုန်းခနဲ ပွင့်လာပြီး ရှင်းအန်းသည် မူချိုးပိုင်ဆီမှ အကြည့်မခွာသေးပေ။ သူ့မျက်လုံးများက ပိုမိုစူးရဲလာလေသည်။

မူချိုးပိုင်မှာ သူ့အကြည့်ကြောင့် အနေရအထိုင်ရခက်လာပြီး သရော်တော်တော် ပြောလိုက်သည်။ “ခင်ဗျားနဲ့ ကျုပ် နတ်ကောင်းကင်ခန်းမထဲမှာ တိုက်ခိုက်ခဲ့တုန်းက ခင်ဗျား သိပ်အစွမ်းထက်ခဲ့တာ ကျုပ် ဝန်ခံရမယ်... ဒါပေမဲ့ ကျုပ်က ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်ရဲ့ တပည့်ဖြစ်နေမယ် မထင်ထားဘူးမလား... ကျုပ်က ငယ်ငယ်ကတည်းက အရှင်မင်းကြီးရဲ့ဘေးမှာ ကျင့်ကြံခဲ့ရတာ... ကမ္ဘာပေါ်မှာ ရှိတဲ့ မဟာတာအိုမှန်သမျှ အကုန်သိတယ်... ကျုပ်ကို စိန်ခေါ်နေတာက သေမင်းကို စိန်ခေါ်နေတာနဲ့ တူတူပဲ”

ရှင်းအန်းက သူ့ကို စိုက်ကြည့်နေရင်း ခေါင်းညိတ်သည်။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ တပည့်လား.. မင့်ခန္ဓာကိုယ်က ဒီလောက်ကောင်းနေတာ အံ့ဩစရာမရှိဘူးပဲ... မင်းရဲ့ မူလဝိညာဉ်ကလည်း သိပ်သန်မာတယ်... မင်းကို တိုက်ခိုက်ဖို့ ငါ့ ဝှက်ဖဲတောင် ထုတ်သုံးခဲ့ရတယ်... ဂိုဏ်းသခင်ချင်က မသေနိုင်ဖို့အတွက် သူများတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ယူတဲ့ လမ်းစဉ်က သိပ်မှားတဲ့လမ်းစဉ်လို့ အမြဲပြောတယ်... ငါ ဘယ်နေရာသွားသွား အော်ဟစ်ကြိမ်းမောင်းခံရပြီး လိုက်ဖမ်းခံခဲ့ရတယ်... ဒါပေမဲ့ သူတို့ ငါ့ကို နားမလည်ဘူး”

သေတ္တာထဲတွင် သူ သိမ်းထားသောအစိတ်အပိုင်းများ သိပ်မရှိတော့ပေ။ အများစုကို မရဏနတ်တောင်ကြားတွင် ဆုံးရှုံးခဲ့ရသော်လည်း ဤအခိုက်အတန့်၌ သေတ္တာထဲမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။

ရှင်းအန်းက ပြုံး၍ ပြောသည်။ “ငါ မသေမျိုးဖြစ်နိုင်ဖို့ အဲဒီလိုလုပ်တယ်လို့ သူတို့ ထင်ကြပေမယ့် အဲဒါက ငါ နတ်ဘုရား မဖြစ်နိုင်တုန်းက အိပ်မက်လေးသာသာပဲ ရှိသေးတယ်... အခု ငါ့မှာ ပိုမြင့်မားတဲ့ အိပ်မက် ရှိနေပြီ”

သေတ္တာထဲမှ ဧရာမခန္ဓာကိုယ်ကြီးတစ်ခု တွားသွားထွက်လာသည်။ ခန္ဓာကိုယ်ကြီးသည် အစစ်အမှန်နတ်ဘုရားတို့၏ လက်များ၊ ခေါင်းများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသော အကောင်ကြီးတစ်ကောင် ဖြစ်၏။ အကောင်ကြီးက တွားသွားရင်း မူချိုးပိုင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

ရှင်းအန်းက ဤမိစ္ဆာ‌ကောင်ကြီးအ‌ပေါ်၌ တက်ရပ်၍ မူချင်းပိုင်ဆီသို့ ကြည့်သည်။ “ငါ မင့်ခန္ဓာကိုယ်ကို သိမ်းထားတော့မယ်”

မိစ္ဆာကောင်ကြီးသည် မူချိုးပိုင်ထံ ခုန်အုပ်လိုက်၏။

မူချိုးပိုင် ထိတ်လန့်သွားသည်။ ‘ဒါ ဘာတာအိုလဲ... ဒီလိုတာအိုမျိုးကို ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရတနာတိုက်ထဲမှာ မှတ်တမ်းတင်မထားဘူး’

အမှောင်ထုထဲတွင် ချင်မူသည် အဆောင်ရှိရာဘက်မှ လာနေသော ကောင်းကင်နတ်သိုင်းအခိုးအငွေ့များကို ခံစားလိုက်ရ၍ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွား၏။ လှိုင်းများ ဖြာဆင်းလာနေသော ဘက်သို့ သူ ချက်ချင်း ဦးတည်လိုက်သည်။

ရုတ်တရက် သူက ခြေလှမ်းများကို ရပ်လိုက်သည်။ သူ့အရှေ့တွင်လည်း ကောင်းကင်နတ်သိုင်းများ တလက်လက် ပေါက်ကွဲနေလေသည်။

“အမိကမ္ဘာမြေရဲ့ တာအိုသုံး”

ယန်ချီလင်း၏အသံ ထွက်လာသည်။ “မဟာနေဧကရာဇ်ရဲ့ တာအိုတစ်... ကောင်းကင်နတ်ဧကရီရဲ့ တာအိုနှစ်... ကောင်းကင်တာအိုရဲ့ တာအိုဆယ့်ခြောက်... နင်က ဘယ်သူလဲ၊ ဘယ်လိုလုပ်ပြီး ဒီမဟာတာအိုတွေကို ထိန်းချုပ်နိုင်တာလဲ”

အလင်းတန်းများက အမှောင်ကို ဖြတ်ခွင်းသွား၍ ချင်မူ လှမ်းကြည့်လိုက်သည့်အခါ ယန်ချီလင်းနှင့် ကောင်းကင်နတ်အရှင်ယွီကို မြင်လိုက်ရသည်။

ယန်ချီလင်း၏ သိုင်းအခြေခံသည် အလွန်ခိုင်မာ၏။ သူနှင့် ယန်ချီလင်း တိုက်ခိုက်ခဲ့စဉ်တုန်းက သူမကြောင့် သေလုမျောပါး ဖြစ်ခဲ့ရလေသည်။

ယန်ချီလင်းက ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်ဆီမှ သင်ယူခဲ့ရပြီး တာအိုဘိုးဘေးကြီးသည် ကမ္ဘာပေါ်ရှိ မဟာတာအိုများကို နံပါတ်စဉ်တပ်ကာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ထံ ပေးအပ်ခဲ့၏။ ထို့ကြောင့် ယန်ချီလင်းက ဤမဟာတာအိုများနှင့် ရင်းနှီးနေခြင်း ဖြစ်သည်။

အရေးအကြီးဆုံးက ယန်ချီလင်းသည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အစစ်အမှန်ပညာရပ်များကို လက်ခံခဲ့ရသည့်အပြင် ပြိုင်ဘက်ကင်းအောင် ကြောက်စရာကောင်းသည့် ကောင်းကင်နတ်ဧကရာဇ်၏ တာအိုတစ် ကောင်းကင်နတ်သိုုင်းကိုလည်း ကျင့်ကြံထားသူ ဖြစ်၏။

သို့သ်ော သူမအရှေ့ရှိ ‘ကောင်းကင်နတ်အရှင်ယွီ’က ပို၍ပင် ကြောက်စရာကောင်းသေးသည်။ ယန်ချီလင်းက မဟာတာအိုအားလုံး၏ ကောင်းကင်နတ်သိုင်းများနှင့် ရင်းနှီးရုံသာ ရင်းနှီးသော်လည်း ‘ကောင်းကင်နတ်အရှင်ယွီ’သည် မဟာတာအိုအားလုံးမှ ကောင်းကင်နတ်သိုင်းများကို လွတ်လပ်စွာ အသုံးပြုနိုင်၏။ သိုင်းကွက်တိုင်းက အလွန်အနုစိတ်ပြီး တုန်လှုပ်ဖွယ်ရာ စွမ်းအား ကိန်းဝပ်နေသည်။ ရှေးဟောင်းနတ်ဘုရားကိုယ်တိုင် ထုတ်လွှတ်နေသည့်အလား ထင်ရပေသည်။

ယန်ချီလင်း အရေးနိမ့်လာသည်နှင့် နောက်ဆုံးတွင် မာန်သွင်းဟိန်းဟောက်ကာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ တာအိုတစ် ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်လိုက်ရတော့သည်။

ဤအခိုက်အတန့်တွင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ကိုယ်တိုင်ဆင်းသက်လာသကဲ့သို့ တာအိုဥပဒေများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များက ‘ကောင်းကင်နတ်အရှင်ယွီ’ဆီ ဖြာဆင်းသွားသည်။

တစ်ချိန်တည်းမှာပင် ‘ကောင်းကင်နတ်အရှင်ယွီ’ကလည်း ထိုတာအိုတစ် ကောင်းကင်နတ်သိုင်းကိုပင် ထုတ်လွှတ်လိုက်သည်။ ယန်ချီလင်း၏ ကြောက်ရွံ့နေသော မျက်ဝန်းများအရှေ့တွင် တာအိုတစ်ကောင်းကင်နတ်သိုင်းနှစ်ခု ဝင်တိုက်သွား၏။ တခဏအတွင်း ကောင်းကင်နတ်သိုင်းများဆီမှ အလင်းတန်းများ ထွက်‌ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။

ယန်ချီလင်းမှာ သွေးအန်၍ နောက်ဆုတ်သွား၏။ သူမခန္ဓာကိုယ်က ဝမ်းဗိုက်ဖြူနှင့် အနက်ရောင်စာကလေးအသွင် ပြောင်းကာ တောင်ပံတဖျတ်ဖျတ် ခတ်လျက် ထွက်ပြေးသွားတော့သည်။

‘ကောင်းကင်နတ်အရှင်ယွီ’က သူမနောက် လိုက်ဖမ်းရန် ခြေနှစ်လှမ်း လှမ်းလိုက်သော်လည်း ချင်မူ့ကို မြင်လျှင် တုံ့ခနဲ ရပ်သွားသည်။

ချင်မူနှင့် သူ အကြည့်ချင်း ဆုံသွားသည့်အခါ မမြင်ရသော လက်သီးနှစ်လုံး ပြေးတိုက်သွားကဲ့သို့ လှိုင်းများ ထသွား၏။

“ငါ မင်းတို့ကို မြင်တယ် ဟီးဟီး...” ခေါင်းပြတ်ကြီးက လျင်မြန်စွာ ပျံသန်းလာသည်။

ချင်မူက လက်ယပ်ခေါ်လိုက်၍ ‘ကောင်းကင်နတ်အရှင်ယွီ’က ပြုံးလိုက်သည်။ နှစ်ယောက်သား ရှေ့ဆက်လျှောက်သွားကြ၏။

တာအိုတစ်ကောင်းကင်နတ်သိုင်းဆီမှ အလင်းရောင်တို့ မှေးမှိန်သွားသည့်အခါ သူတို့နှစ်ယောက်လုံး အမှောင်ထုထဲ၌ နစ်မြုပ်သွားကြသည်။ သို့သ်ော နှစ်ယောက်စလုံး ရှေ့ဆက်လျှောက်နေဆဲပင်။

အလောင်းပုပ်နံ့နှင့်အတူ နဂါးဘုရင်ထျန်း၏ ခေါင်းပြတ်ကြီး ပျံသန်းလာသည်။ သူက တဟီးဟီး ရယ်လျက် ပြောနေ၏။ “ငါ မင်းတို့ကို မြင်တယ်”

ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’က ရှေ့သို့သာ ဆက်လျှောက်နေကြပြီး ‘ကောင်းကင်နတ်အရှင်ယွီ’သည် ကျောနောက်လက်ပစ်လျက် လျှောက်နေရာမှ အေးအေးလူလူ ပြော၏။ “အဲဒီအချိန်တုန်းက နဂါးသွဲ့ရေကန်တိုက်ပွဲမှာ မင်းက ပြိုင်ဘက်ကင်းကောင်းကင်နတ်သိုင်းနဲ့ တစ်လောကလုံး တုန်လှုပ်သွားစေခဲ့တာနော်... အင်မတန် လေးစားစရာကောင်းတယ်... အခု ပြန်တွေးကြည့်တော့ မင်းရဲ့ ကောင်းကင်နတ်သိုင်းက အခုထိ မဆိုးသေးဘူး... ငါ ကောင်းကင်နတ်အရှင်ချင်နဲ့ တွေ့ပြီးပြီ... သူက သူ့ကျင့်စဉ်သိုင်းကွက်တွေနဲ့ ကမ္ဘာလောကအပေါ် ဖိအားပေးနိုင်တယ်.. ဒါပေမဲ့ သူ ကျင့်ကြံခဲ့တဲ့ အချိန်က တိုလွန်းတာ နှမြောစရာပဲ”

ချင်မူ့ခြေလှမ်းများသည် ဖြေးဖြေးမှန်မှန်သာ ရှိ၏။ “မင်းက မပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ငှားပြီး အပြင်ထွက်လာတာဆို‌တော့ မင်းရဲ့ သိုင်းအခြေခံနဲ့ အစွမ်းအစတွေက အားမ‌ကောင်းသေးဘူး... မင်းကို သတ်ဖို့က ငါ့အတွက် ပြဿနာမဟုတ်ဘူး”

‘ကောင်းကင်နတ်အရှင်ယွီ’က တဟားဟား ရယ်ကာ ပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်သိုင်းတွေက ရပ်တန့်နေတယ်၊ မတိုးတက်ဘူး ထင်တယ်ပေါ့... မင်း တော်တော်တုံးအတာပဲ... ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်သိုင်းတွေက မင်း စိတ်ကူးမကြည့်နိုင်တဲ့ အတိုင်းအတာအထိ တိုးတက်နေပြီ... နှစ်တစ်သန်း ကြာခဲ့ပြီ ကောင်းကင်နတ်အရှင်မူ... မင်း နဂါးသွဲ့ရေကန်မှာ သူရဲကောင်းဖြစ်လာခဲ့တဲ့ အချိန်ကစလို့ နှစ်တစ်သန်း ကြာသွားပြီ... အဲဒီနှစ်တစ်သန်းအတွင်း ကောင်းကင်နတ်သိုင်းတွေ ဘယ်လောက်တိုးတက်လာခဲ့လဲ မင်း မသိပါဘူး”

သူက သရော်သလို ပြောသည်။ “မင်းက လွန်ခဲ့တဲ့နှစ်တစ်သန်းက အောင်မြင်မှုကို အရသာခံနေတုန်းပဲ... ရေတွင်းထဲက ဖားဆိုတာ မင်းအစစ်ပဲ”

ဝှစ်

နဂါးခေါင်းပြတ်ကြီးသည် အစိမ်းရောင်အခိုးများ တထောင်းထောင်း ထလျက် သူတို့နှစ်ယောက်အကြားသို့ ရောက်လာ၏။ မျက်လုံးကြီးတစ်လုံးက ဘယ်သို့ ကြည့်နေပြီး တစ်လုံးက ညာသို့ ကြည့်နေသည်။ သူ ရယ်လိုက်သည့်အခါ ပါးစပ်ထဲမှ နံစော်နေသော အလောင်းအပုပ်ရည်များ စီးကျလာ၏။ “ငါ မင်းတို့ကို မြင်ရတယ်”

ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’က ခေါင်းပြတ်ကြီးကို ဖြတ်၍ တစ်ယောက်ကိုတစ်ယောက် ပြိုင်တူတိုက်ခိုက်လိုက်ကြသည်။

All Chapters