← Chapters

ကောင်းကင်နတ်အရှင်လင်၏ သေဆုံးမှု

Vol. 65 Ch. 852

ကောင်းကင်နတ်အရှင်လင်၏ သေဆုံးမှု

Vol. 65 Ch. 852

ကျောက်စာတိုင်အပေါ်ရှိ စာလုံးများကို မြင်လျှင် ချင်မူ ခေါင်းထဲ မူးဝေသွားသလို ခံစားလိုက်ရသည်။

ကောင်းကင်နတ်အရှင်လင်၏ သင်္ချိုင်း

ကောင်းကင်နတ်အရှင်လင် သေသွားပြီလား။

သူ့မျက်ဝန်းများတွင် တွေဝေရှုပ်ထွေးနေမှုတို့ ပြည့်နေသည်။ သူ့အမြင်အရ ကောင်းကင်နတ်ဧကရာဇ် တစ်ယောက်ပြီးတစ်ယောက် သေသွားလျှင်ပင် ကောင်းကင်နတ်အရှင်လင်သည် သေဆုံးမည်မဟုတ်ပေ။ သို့သော် ဤနေရာတွင် ကောင်းကင်နတ်အရှင်လင်အတွက် သင်္ချိုင်း ရှိနေချေသည်။

ချင်မူ အသေအချာ ကြည့်ရှုရန် ကျောက်စာတိုင်ဆီသို့ အလျင်အမြန် လျှောက်သွားသော်လည်း တုံ့ခနဲ ရပ်သွားသည်။

ကျောက်စာတိုင်၏အနောက်၌ ရိုးရိုးရှင်းလင်း ကျောက်ခေါင်းတလားတစ်ခု သပ်သပ်ရပ်ရပ် ရှိနေသည်။ သို့သော် ဤသင်္ချိုင်း၏အနောက်တွင် ကျောက်စာတိုင်နောက်တစ်တိုင် ထူမတ်နေပြီး ထိုကျောက်စာတိုင်၏အနောက်၌ ကျောက်ခေါင်းတလားနောက်တစ်ခု ချထား၏။

ချင်မူ ရှေ့သို့ ဆက်ကြည့်လိုက်သည်။ မရေမတွက်နိုင်သော ကျောက်ခေါင်းတလားများ၊ ‌ကျောက်တိုင်များသည် ပြွတ်သိပ်ကြပ်နေပြီး ဤရှေးဟောင်းကင်နတ်ဘုံ၏ ကျောက်စိမ်းမြို့တော်ထဲ၌ ပြည့်နှက်နေ၏။

ချင်မူ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည့်အခါတွင်လည်း ကျောက်ခေါင်းတလားများနှင့် ကျောက်စာတိုင်များကိုသာ မြင်ရသည်။ တခြားအဆောက်အအုံများ မရှိပေ။

ကျောက်စာတိုင်တစ်တိုင်စီတွင် တူညီသော စာလုံးများသာ ရေးထားသည်။ “ကောင်းကင်နတ်အရှင်လင်၏ သင်္ချိုင်း”

သူ့အနောက်မှ ယန်ချီလင်း၊ မူချိုးပိုင်၊ နဂါးဘုရင်ထျန်းနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’ တို့က ခပ်သွက်သွက် လိုက်လာကြပြီး ဤမြင်ကွင်းကို မြင်လျှင် မှင်သက်သွားကြတော့သည်။

ဤနေရာတွင် ကောင်းကင်နတ်အရှင်လင်၏ အုတ်ဂူသင်္ချိုင်းများ များလွန်းသဖြင့် အားလုံး ကြက်သီးမွေးညင်း ထလာကြ၏။ အ‌ခေါင်းပေါင်း မရေမတွက်နိုင်အောင် ရှိနေရာ ဤအ‌ခေါင်းတစ်ခေါင်းစီတွင် ကောင်းကင်နတ်အရှင်လင်တစ်ယောက်စီ လဲလျောင်းနေသည်ဟု ဆိုလိုခြင်းလော။

“ဒီအခေါင်းတွေက အတုဖြစ်ဖို့များတယ်... တကယ့်ကောင်းကင်နတ်အရှင်လင်က နတ်ကောင်းကင်ခန်းမထဲမှာ မြှုပ်ခံထားရလောက်တယ်”

မူချိုးပိုင်က ရုတ်တရက် ပြောသည်။ “ကောင်းကင်နတ်အရှင်ကိုးပါးထဲက တစ်ယောက်အနေနဲ့ နတ်ကောင်းကင်ခန်းမထဲမှာပဲ မြှုပ်ခံသင့်တာ”

နဂါးဘုရင်ထျန်းက နတ်ကောင်းကင်ခန်းမဆီသို့ တရှိန်ထိုး ပြေးသွား၏။ ယန်ချီလင်းနှင့် မူချိုးပိုင်က သူ့အနောက်မှ အလျင်အမြန် လိုက်သွားကြပြီး ရှင်းအန်းနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’က ဖျတ်ခနဲ ပျောက်သွားသည်။

ချင်မူတစ်ယောက်သာ ဘေး၌ ရပ်နေသော နဂါးချီလင်၊ ပခုံး၌ နားနေသော အစိမ်းရောင်စာကလေး ယန်အာနှင့်အတူ ကျန်ရစ်ခဲ့သည်။

ချင်မူ စိတ်အားတင်းလိုက်သည်။ သူက အမွှေးတိုင်တစ်ချောင်းနှင့် ဖယောင်းတိုင်တစ်တိုင် ထုတ်ပြီး ကျောက်စာတိုင်အပေါ်တွင် ထွန်းလိုက်သည်။

တခဏကြာသော် သူက ကျောက်စာတိုင်၏ အနောက်သို့ သွား၍ အခေါင်းအဖုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဆွဲဖွင့်လိုက်သည်။

အခေါင်းထဲတွင် မည်သည့်ရုပ်အလောင်းများ မရှိပေ။ ကြည်လင်နေသော ရေတိမ်တိမ်ကိုသာ မြင်ရသည်။ ချင်မူမှာ မှင်သက်သွားပြီးနောက် အခေါင်းပြန်ပိတ်လိုက်၏။

သူက နောက်အခေါင်းတစ်ခေါင်းဆီ သွားကာ ဖွင့်ကြည့်ပြန်သည်။ ထိုအခေါင်းထဲတွင်လည်း ရေကြည်ကြည်သာ ရှိသည်။

ချင်မူ အခေါင်းများ လိုက်ဖွင့်ကြည့်သော်လည်း ကြည်လင်နေသော ရေကိုသာ မြင်ရသည်။ ကောင်းကင်နတ်အရှင်လင်၏ အရိပ်အယောင်ကိုပင် မတွေ့ရေပေ။

ထိုစဉ် နတ်ကောင်းကင်ခန်းမဆီမှ ပြင်းပြင်းထန်ထန် တုန်ခါသံ ထွက်လာသည်။ နဂါးဘုရင်ထျန်း၏ ကျယ်လောင်ပြတ်သားသော အသံကြီးက အော်ဟစ်နေ၏။ “မင်းတို့တွေ ကောင်းကင်နတ်အရှင်လင်ရဲ့ ရတနာတွေကို ယူဖို့ စိတ်မကူးနဲ့... ဒီရတနာတွေက အမိကမ္ဘာမြေရဲ့ အပိုင်တွေပဲ”

နဂါးချီလင် အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ နဂါးဘုရင်ထျန်းက နဂါးအိုကြီးအသွင် ပြောင်း၍ နတ်ကောင်းကင်ခန်းမကို အပြင်မှ ရစ်ပတ်ထားကြောင်း မြင်လိုက်ရသည်။ နတ်ဘုရားတစ်ပိုင်းများက သူ့ကိုယ်ပေါ်တွင် ရပ်ကာ ယန်ချီလင်းနှင့် အတူပါလာသည့် အခြွေအရံမိန်းကလေးများနှင့် တိုက်ခိုက်နေ၏။

ဤမိန်းကလေးတို့၏ သိုင်းအဆင့်ကား အံ့အားသင့်ဖွယ်ရာ မြင့်မားပြီး နဂါးဘုရင်ထျန်းကိုပင် ထိန်းထားနိုင်ကြလေသည်။

ခန်းမအတွင်း၌ လူရိပ်များက လျှပ်စီးလို တဖျတ်ဖျတ် ရွေ့လျားနေသည်။ ‘ကောင်းကင်နတ်အရှင်ယွီ’၊ ယန်ချီလင်း၊ ရှင်းအန်းနှင့် မူချိုးပိုင်တို့သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရင်း ကောင်းကင်နတ်အရှင်လင်၏ ရတနာများ လုနေကြ၏။

“ဂိုဏ်းသခင်”

နဂါးချီလင်က ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ “ကျွန်တော်တို့လည်း သွားကြည့်ရင် မကောင်းဘူးလား... သူတို့ကြည့်ရတာ တစ်ခုခု ရှာတွေ့ထားတဲ့ပုံပဲ”

ချင်မူက အခေါင်းတစ်ခေါင်း၏ အဖုံးကို ဖွင့်ကြည့်နေပြီး ကြည်လင်နေသော ရေတိမ်တိမ်ကိုသာ မြင်ရသည်။

သူ ငေးငိုင်သွား၏။ ကျောက်စိမ်းမြို့တော်ထဲ၌ ကောင်းကင်နတ်အရှင်လင်၏ ကျောက်ခေါင်းတလားများ မရေမတွက်နိုင်အောင် ရှိသည်။ အခေါင်းတစ်ခေါင်းချင်းစီကို စစ်ဆေးနေလျှင် မည်မျှကြာမည်မသိပေ။

ရှင်းအန်း၊ ယန်ချီလင်းနှင့် ကျန်ရှိသူများက နတ်ကောင်းကင်ခန်းမဆီသို့ တန်းထွက်သွားခဲ့ကြ၏။ သူတို့၏ရွေးချယ်မှုမှာလည်း မထူးဆန်းပေ။ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်သည့်အလျောက် ကောင်းကင်နတ်အရှင်လင်သည် အလွန်အဆင့်အတန်းမြင့်မားချေရာ ထုံးစံအရဆိုလျှင် နတ်ကောင်းကင်ခန်းမ၌ မြှုပ်နှံခံထားရလိမ့်မည်။

ကျောက်စိမ်းမြို့တော်အတွင်းရှိ အ‌ခေါင်းများက အတုများသာ ဖြစ်ဖို့များပေသည်။

“ငါတို့လည်း နတ်ကောင်းကင်ခန်းမဆီ သွားသင့်တယ်ထင်တယ်”

ချင်မူ ခါးပြန်မတ်လိုက်သည့်အခါ ဒုတ်ခနဲ မြည်သံ ကြားလိုက်ရသည်။ သူ ဆတ်ခနဲ ဖြစ်သွား၏။ အသံက ကောင်းကင်နတ်သိုင်းဆီမှ အသံမဟုတ်ဘဲ၊ ဆောက်ဖြင့် ကျောက်သားကို ထွင်းလိုက်သကဲ့သို့ အသံထင်ရသည်။

နတ်ကောင်းကင်ခန်းမထဲ၌ တိုက်ပွဲဆက်ဖြစ်နေသော်လည်း ချင်မူက အသံလာရာဆီသို့သာ လျှောက်သွားသည်။ များစွာမကြာလိုက်ဘဲ ကျောက်စိမ်းမြို့တော်အပြင် ရောက်လာခဲ့ကာ နန်းတော်တစ်ခုအား ဖြိုချနေသော ဆံဖြူအဘိုးအိုတစ်ယောက်ကို မြင်လိုက်ရသည်။ အဘိုးအိုသည် ဆောက်ဖြင့် ကျောက်တုံးများကို ခွဲထုတ်ကာ ကျောက်အခေါင်းများ သွန်းလုပ်နေ၏။

ချင်မူက အဘိုးအို၏အနောက်၌ ရပ်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ အဘိုးအိုက သွက်သွက်လက်လက် အလုပ်လုပ်နေသည့်အတွက် ကျောက်အခေါင်းသွန်းလုပ်ပြီးရန် သိပ်မကြာလိုက်ပေ။ ထို့နောက် သူက ကျောက်စာတိုင်အပေါ်တွင် ‘ကောင်းကင်နတ်အရှင်လင်၏ သင်္ချိုင်း’ ဟူသော စာလုံးများ ထွင်းလိုက်သည်။

အဘိုးအိုမှာ ချင်မူ ရောက်လာသည်ကို သတိထားမိပုံမရဘဲ တိတ်ဆိတ်စွာသာ အလုပ်လုပ်နေသည်။ ယခုတွင် သူ့ပတ်ပတ်လည်၌ ကျောက်စာတိုင်များ၊ ကျောက်အခေါင်းများ ပုံနေချေပြီ။

အချိန်အနည်းငယ်ကြာသော် အဘိုးအိုက ရပ်လိုက်ပြီး ချင်မူ့ဘက်သို့ ကြည့်ကာ မေးသည်။ “ကောင်းကင်နတ်အရှင်မူလား”

ချင်မူ အဘိုးအို၏မျက်လုံးများကို ကြည့်လိုက်သည့်အခါ အဖြူရောင်သာ ရှိကြောင်း သတိထားမိလိုက်သည်။ အဘိုးအိုတွင် မျက်ဆံများ မရှိပေ။ သူကား မျက်မမြင်တစ်ယောက် ဖြစ်၏။

“အဘိုး၊ ကျွန်တော်မှန်း ဘယ်လိုသိလဲ” ချင်မူက မေးလိုက်သည်။

“အရင်တုန်းက ကောင်းကင်နတ်အရှင်ချင် လာခဲ့ဖူးတယ်... လွန်ခဲ့တဲ့ နှစ်သုံးသောင်းဝန်းကျင်လောက်ပဲ... အချိန်တွေကြာခဲ့ပြီဆိုတော့ ငါလည်း သေသေချာချာ မမှတ်မိတော့ဘူး”

အဘိုးအိုက ဆောက်ကို ချသည်။ “ကောင်းကင်နတ်အရှင်ချင်က ဂါဝရလာပြုပြီး ပြန်သွားတယ်... ကောင်းကင်နတ်အရှင်လင်က ဒီသင်္ချိုင်းကို လူနှစ်ယောက်ပဲ ဝင်နိုင်အောင် တည်ဆောက်ပေးဖို့ ငါ့ကို ခိုင်းခဲ့တာလေ.... ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ချင်ဆိုတဲ့ လူနှစ်ယောက်ပေါ့... အဲဒီကောင်းကင်နတ်အရှင်နှစ်ယောက်အနေနဲ့ ကောင်းကင်နတ်အရှင်တံဆိပ်ပြားတွေ သုံးပြီး ဒီနေရာထဲ ဝင်လာနိုင်လိမ့်မယ်.... ကောင်းကင်နတ်အရှင်ချင်က လာပြီးပြီဆိုတော့ မင်းက ကောင်းကင်နတ်အရှင်မူပဲ ဖြစ်နိုင်တာပေါ့... ဒါပေမဲ့ မဖိတ်ထားတဲ့ ဧည့်သည်တွေကို ခေါ်လာခဲ့တဲ့ပုံပဲ”

ချင်မူ စိတ်အားတင်းလိုက်သည်။ “အဘိုး၊ ကောင်းကင်နတ်အရှင်လင် တကယ် သေသွားပြီလား”

မျက်မမြင်အဘိုးအိုက ပြန်ဖြေသည်။ “သေသွားပြီ ဒါပေမဲ့ အသက်ရှင်နေသေးတယ်... သူက ဒြပ်ထုတွေကို မပြောင်းလဲစေမယ့် ကောင်းကင်နတ်သိုင်းကို လက်စသတ်ရင်း သေသွားခဲ့တာ... ဒါပေမဲ့ အဲဒီကနေတစ်ဆင့် မသေနိုင်ခြင်းကိုလည်း ရသွားခဲ့တယ်”

ချင်မူ မှင်သက်သွားသည်။

အဘိုးအိုသည် ထရပ်ကာ ဆက်ပြော၏။ “ကေင်းကင်နတ်အရှင်ချင်က ဒီကို ရောက်လာပြီး သူ့ကို ကောင်းကောင်းမွန်မွန် မြှုပ်နှံရင်း ပူဆွေးပေးခဲ့တယ်... ကောင်းကင်နတ်အရှင်မူလည်း ရောက်လာပြီဆိုတော့ လိုက်ခဲ့ပါ”

အဘိုးအိုက သံကြိုးများသုံး၍ အခေါင်းများကို ဆွဲရင်း လမ်းလျှောက်သွားသည်။ ချင်မူလည်း နောက်မှ လိုက်သွားသည့်အခါ ဤအဘိုးအို ကောင်းကင်နတ်မြစ်ဆီသို့ သွားနေကြောင်း မြင်လိုက်ရ၏။

များစွာမကြာလိုက်ဘဲ သူတို့ ကောင်းကင်နတ်မြစ်ဆီသို့ ရောက်လာကြသည်။

မျက်မမြင်အဘိုးအိုက အခေါင်းများကို ချပြီး ပြောသည်။ “မကြာခင် သူ လာတော့မယ်”

ချင်မူ တသွင်သွင်စီးဆင်းနေသော မြစ်ဘေးတွင် ရပ်နေမိ၏။ တခဏကြာသော် အမျိုးသမီးတစ်ယောက်က ကောင်းကင်နတ်မြစ်နှင့်အတူ မျောလာသည်။

ချင်မူမှာ ရင်ထဲတွင် စူးအောင့်နာကျင်ကာ မွန်းကြပ်လာသည်။

မြစ်ရေနှင့်အတူ မျောလာသော အမျိုးသမီးသည် ကျားသစ်ကွက်စကပ်နှင့် မြက်ဖိနပ်ကို ဝတ်ထားပြီး‌ ခေါင်းတွင် မက်မွန်သစ်သားဆံထိုး ထိုးထား၏။

ကောင်းကင်နတ်အရှင်လင် မှန်ပါသော်လည်း အသက်မရှူတော့ပေ။

“ဆရာ၊ အို ဆရာရဲ့ဝိညာဉ် ပြန်လာပါလော့... ဆရာ့ရဲ့တပည့် ကျွန်တော် ဆရာကို ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးဖို့ ဒီမှာ ရှိပါတယ်”

မျက်မမြင်အဘိုးအိုက မြစ်ထဲ ဆင်း၍ ကောင်းကင်နတ်အရှင်လင်၏ အလောင်းကို တားလိုက်သည်။ ချင်မူလည်း မြစ်ထဲ ဆင်းကာ အဘိုးအိုကို ကူညီပြီး ကောင်းကင်နတ်အရှင်လင်၏ အလောင်းအား ကမ်းစပ်သို့ ခေါ်လာသည်။

နှစ်ယောက်သား ကောင်းကင်နတ်အရှင်လင်၏ အလောင်းကို ကျောက်အခေါင်းထဲ ထည့်လိုက်ကြသည်။ များမကြာခင် ကောင်းကင်နတ်အရှင်လင်မှာ ကြည်လင်နေသော‌ ရေဖြစ်သွား၏။

မျက်မမြင်အဘိုးအိုက သတိထားမိပုံမရပေ။ အခေါင်းကို ပြန်ပိတ်ပြီး မြစ်ကမ်းဘေးတွင်သာ ထိုင်စောင့်နေသည်။

အချိန်တစ်ခုကြာသည့်အခါ ကျားသစ်ကွက်စကပ်၊ မြက်ခြေနင်းနှင့် ကောင်းကင်နတ်အရှင်လင်နောက်တစ်ယောက်သည် မြစ်ရေစီးနှင့်အတူ မျောလာပြန်၏။

ချင်မူ တောင့်တင်းသွားသည်။ မျက်မမြင်အဘိုးအိုက မြစ်ထဲ ထပ်ဆင်းကာ ထပ်ခေါ်နေသည်။ “ဆရာ၊ အို ဆရာရဲ့ဝိညာဉ် ပြန်လာပါလော့... ဆရာ့ရဲ့တပည့် ကျွန်တော် ဆရာကို ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးဖို့ ဒီမှာ ရှိပါတယ်”

ချင်မူလည်း အလျင်အမြန် လိုက်သွားသည်။ ကောင်းကင်နတ်အရှင်လင်၏ အလောင်းသည် အခေါင်းထဲ ရောက်သည့်အခါ ကြည်လင်နေသော ရေပြန်ဖြစ်သွား၏။

“ဒီမှာ ဘာတွေဖြစ်နေတာလဲ” ချင်မူ နားမလည်တော့ပေ။

မျက်မမြင်အဘိုးအိုက တိတ်ဆိတ်စွာ ထိုင်နေပြီး အချိန်တစ်ခုကြာသည့်အခါ ကောင်းကင်နတ်အရှင်လင် နောက်တစ်ယောက် မျောလာပြန်သည်။ သူတို့ သူ့ကို အခေါင်းထဲ ထည့်လိုက်ကြပြီး ကောင်းကင်နတ်အရှင်လင်၏ အလောင်းမှာ ကြည်လင်နေသော ရေဖြစ်သွားပြန်၏။ သူတို့ မြစ်ထဲမှ သယ်လာသည်မှာ ကောင်းကင်နတ်အရှင်လင်မဟုတ်ဘဲ မြစ်ရေများသာ ဖြစ်နေသည့်အလား ထင်ရသည်။

ဤသို့ဖြင့် ကျောက်ခေါင်းတလားများတွင် ကောင်းကင်နတ်အရှင်လင်တစ်ယောက်စီ ရှိနေချေပြီ။ မျက်မမြင်အဘိုးအိုက ကျောက်အခေါင်းများကို ဆွဲလျက် ကျောက်စိမ်းမြို့တော်ဆီ လျှောက်သွားသည်။

မြို့တော်ထဲတွင် ကျောက်အခေါင်းများ၊ ကျောက်စာတိုင်များ ပြည့်နေပြီဖြစ်သည်။ အဘိုးအိုက အခေါင်းများကို သပ်သပ်ရပ်ရပ် နေရာချပြီးနောက် ကျောက်စာတိုင်များကို မြေကြီးထဲသို့ ဒေါင်လိုက် ရိုက်သွင်းလိုက်သည်။

ချင်မူက သူနှင့်အတူ ကျောက်အခေါင်းများကို ဂါဝရပြုပြီးနောက် အဘိုးအို‌ ကျောက်အခေါင်းသွန်းနေသည့် နေရာသို့ ပြန်သွားသည်။ အဘိုးအိုက ဆောက်ကို မြှောက်ကာ တချွင်ချွင် ထွင်းရင်း အလုပ်ဆက်လုပ်နေသည်။

တခဏကြာသော် ချင်မူ မချုပ်တည်းနိုင်တော့ဘဲ မေးလိုက်မိ၏။ “အဘိုး၊ ဒီမှာ ဘာတွေဖြစ်နေတာလဲဟင်”

မျက်မမြင်အဘိုးအိုသည် ဆောက်ကို ချလိုက်ပြီး သူ၏မျက်ဝန်းများမှာ ငိုင်တွေနေသောအမူအရာ ရှိသည်။ “ဆရာက သူ့တစ်ဘဝလုံး ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်တွေကို ‌လေ့လာရင်းပဲ အချိန်ကုန်နေခဲ့တာ... အမြဲတမ်း တစ်ယောက်ထဲ နေပြီး အပေါင်းအသင်းလည်း နည်းတယ်... ငါ့ကို သူ့တပည့်အဖြစ် လက်ခံလိုက်တာလည်း ပျင်းပြီး အထီးကျန်လို့ရယ် နေမှာ... ငါက ချုံဧကရာဇ်ခေတ်ကလူ... သူ့တပည့်ဖြစ်လာတော့ သူနဲ့အတူ သိုင်းကျင့်ပြီး သူ့မှာ မိတ်ဆွေသိပ်မရှိတာ သတိထားမိခဲ့တယ်... ဒါပေမဲ့ သူက လူနှစ်ယောက်အကြောင်းတော့ အမြဲပြောတယ်... အဲဒီနှစ်ယောက်က နဂါးဟန်ခေတ်ရဲ့ ပထမနှစ်မှာ ပေါ်လာခဲ့ပြီး သူ့ကို ကူညီပေးခဲ့တာတဲ့လေ”

ချင်မူ ရင်ထဲတွင် နွေးထွေးသွားသည်။

ထိုလူနှစ်ယောက်မှာ ခိုင်ဧကရာဇ်နှင့် သူကိုယ်တိုင်ပင် ဖြစ်၏။

“ကောင်းကင်နတ်အရှင်ချင်နဲ့ ကောင်းကင်နတ်အရှင်မူက သူ အမြဲပြောနေတတ်တဲ့ လူနှစ်ယောက်ပဲ... သူတို့ကို လိုက်ရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူးတဲ့”

မျက်မမြင်အဘိုးအိုက ဆောက်ကို ပြန်မြှောက်လိုက်ပြီး တူဖြင့် ဆက်ထုသည်။ “ချုံဧကရာဇ်ခေတ်က အင်မတန်ကို ကြာရှည်ခဲ့တယ်... ချုံဧကရာဇ်ခေတ်မှာလည်း သူတို့နှစ်ယောက်ကို ရှာမတွေ့တော့ သူ သည်းမခံနိုင်တော့ဘူး.... သူ့ကောင်းကင်နတ်သိုင်းက ပြီးမြောက်ခါနီးနေပြီဖြစ်သလို၊ ကောင်းကင်မဟာမိတ်အဖွဲ့ ထောက်ခံမှုနဲ့အတူ ချုံဧကရာဇ်ကောင်းကင်နတ်ဘုံကလည်း အနိုင်ရခဲ့တယ်... အဲဒီနေ့ကို ငါ မှတ်မိပါသေးတယ်.. အမိကမ္ဘာမြေ‌ သေသွားပြီးတဲ့အချိန်မှာပဲ သူက ကောင်းကင်နတ်မြစ်ရဲ့ အပိုင်းတစ်ပိုင်းကို ဖြတ်တောက်ခဲ့ပြီး သူရဲ့ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်ပြသခဲ့တာ... အဲဒီနေ့မှာပဲ...”

တူထုသံ ရပ်သွားသည်။

ချင်မူ့ ဆံပင်မွှေးများ ထောင်သွား၏။

ကောင်းကင်မဟာမိတ်အဖွဲ့ ထောက်ခံသော ချုံဧကရာဇ်ကောင်းကင်နတ်ဘုံက အနိုင်ရသွားသည်တဲ့လော။

မည်ကဲ့သို့အနိုင်ရမှုမျိုးနည်း။

မြောက်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံ၏ ပျက်သုဉ်းသွားမှုလော။

ကောင်းကင်မဟာမိတ်အဖွဲ့မှ ထောက်ခံသည့် ကောင်းကင်နတ်ဘုံသည် တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံလော။

“အဲဒီနေ့မှာပဲ ကောင်းကင်နတ်မြစ်က ဖြတ်တောက်ခံလိုက်ရတယ်... ဆရာက ကောင်းကင်နတ်မြစ်အပေါ်မှာ ရပ်ပြီး သူ့ရဲ့ကောင်းကင်နတ်သိုင်းနဲ့ ကောင်းကင်နတ်မြစ်ထဲက ဒြပ်ထုတွေ ရပ်တန့်သွားအောင် လုပ်ခဲ့တယ်... သူက ကောင်းကင်နတ်မြစ်ကို ရှေးတုန်းက အခြေအနေ ပြန်‌ရောက်သွားအောင်တောင် လုပ်ခဲ့တဲ့အပြင် အနာဂတ်အခြေအနေဆီ ရောက်သွားအောင်လည်း လုပ်ခဲ့သေးတယ်... ငါ မှတ်မိပါသေးတယ်.. ငါ မြစ်ဘေးကနေ ရပ်ကြည့်နေတုန်း မြူခိုးတွေက ကောင်းကင်နတ်မြစ်ထဲကနေ ရုတ်တရက် ထလာတာ... ဆရာက မြူခိုးတွေကြားမှ ရပ်နေရင်း အဲဒီမြူခိုးတွေနဲ့ တစ်သားတည်း ဖြစ်သွားတယ်”

ထိုနေ့တွင် ကမ္ဘာဦးဘုံသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ အဆုံးမဲ့သော ကောင်းကင်နတ်မြစ်မှာ ဖြတ်တောက်ခံလိုက်ရပြီး မြစ်ပျံကြီး၏ အစိတ်အပိုင်းတစ်ပိုင်း ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။

ဤဖြစ်ရပ်ကြောင့် တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံမှာ မငြိမ်မသက်ဖြစ်လာခဲ့ကာ ပြင်ပကောင်းကင်နတ်ဘုံ၏ တိုက်ခိုက်ခြင်းခံခဲ့ရ၏။ ထိုစစ်ပွဲက သူတို့ကို အပြတ်ရှင်းပစ်ခဲ့သည်။

“ဒါဆို အခု ကျွန်တော်တို့ ရောက်နေတဲ့ ကောင်းကင်နတ်ဘုံက တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံလား”

ချင်မူက ကြားဖြတ်ပြောကာ မေးလိုက်သည်။ “နတ်ကောင်းကင်ခန်းမမှာ မြှုပ်ခံထားရတဲ့တစ်ယောက်က ဘယ်သူလဲ”

“သူက ချုံဧကရာဇ်ခေတ်ရဲ့ ကောင်းကင်နတ်ဧကရာဇ်မဟုတ်လို့ ဘယ်သူဖြစ်မလဲ... တောင်ပိုင်းချုံဧကရာဇ်က ကောင်းကင်နတ်အရှင်လင်ကို ကာကွယ်ရင်း တိုက်ပွဲကျသွားတာ... ငါကိုယ်တိုင် သူ့ကို နတ်ကောင်းကင်ခန်းမထဲမှာ မြှုပ်ထားတာပဲ”

မျက်မမြင်အဘိုးအိုက ဆက်ပြောသည်။ “အဲဒီကောင်းကင်နတ်ဧကရာဇ်ကလည်း ကောင်းကင်မဟာမိတ်အဖွဲ့ဝင်တစ်ယောက်ပဲ.... ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ တပည့်လည်း ဟုတ်တယ်... ချုံဧကရာဇ်ဟောင်းတွေအားလုံးက ကောင်းကင်နတ်အရှင်တွေရဲ့ တပည့်တွေ... ဒါပေမဲ့ တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံ ပျက်စီးရတာဟာ ဆရာ့ရဲ့ ကောင်းကင်နတ်သိုင်းကြောင့် မဟုတ်ဘူး... ကောင်းကင်မဟာမိတ်အဖွဲ့ သစ္စာဖောက်လို့”

ကောင်းကင်နတ်အရှင်လင် သူမ၏ကောင်းကင်နတ်သိုင်းအား ထုတ်ဖော်ပြသရင်း မြူခိုးများနှင့် တစ်သားတည်း ဖြစ်သွားသည့်အချိန်တွင် ကောင်းကင်မဟာမိတ်အဖွဲ့က သစ္စာဖောက်ခဲ့သည့်အတွက် ရန်သူများ တောင်ပိုင်းချုံဧကရာဇ်ကောင်းကင်နတ်ဘုံဆီသို့ ကျူးကျော်လာနိုင်ခဲ့၏။ အမှောင်ထု ကျရောက်လာသည့်အခါ ကောင်းကင်နတ်အရှင်လင်က မြူခိုးများအလယ်၌ ပြန်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ရပ် ပေါ်ထွက်လာခဲ့ပြီး လူရိပ်တစ်ခုက မြူခိုးများကို ခွင်းလျက် ကောင်းကင်နတ်အရှင်လင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။

ထို့နောက် တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံ ပျက်သုဉ်းကာ အပျက်အစီးများသာ ကျန်ရစ်ခဲ့၏။

“နောက်ပိုင်း ဆရာ့အလောင်း ဒီမြစ်ပြင်ပေါ်မှာ မျောလာတာ မြင်ခဲ့ရတယ်”

မျက်မမြင်အဘိုးအိုသည် တံဆိပ်ပြားတစ်ပြား ထုတ်လိုက်၏။ ၎င်းက ကောင်းကင်နတ်အရှင်လင် ပိုင်ဆိုင်သော တံဆိပ်ပြားဖြစ်လေသည်။ သူက ဆက်ပြောသည်။ “ငါက ဒီသင်္ချိုင်းကို တည်ဆောက်ခဲ့ပြီး ကောင်းကင်နတ်အရှင်ချင်နဲ့ ကောင်းကင်နတ်အရှင်မူပဲ ဝင်လာနိုင်အောင် ယန္တရားတစ်ခု ထားခဲ့တာ”

ချင်မူ ကောင်းကင်နတ်အရှင်လင်၏ တံဆိပ်ပြားဆီသို့ ကြည့်လိုက်သည်။ တံဆိပ်ပြားသည် သူ၏တံဆိပ်ပြားနှင့် တစ်ရွယ်စားတည်း ဖြစ်ရာ မျက်မမြင်အဘိုးအိုက ဤတံဆိပ်ပြားအပေါ် အခြေခံ၍ အံခွက်ထဲ ထည့်လိုက်သည်နှင့် ပွင့်သွားမည့် ယန္တရားကို တီထွင်ခဲ့သူဖြစ်သည်ဟု ဆိုလို၏။

“ဒါဆို သူ အသက်ရှင်နေသေးတယ်လို့ အဘိုး ဘာကြောင့် ပြောတာလဲ” ချင်မူ ရုတ်တရက် မေးလိုက်သည်။

မျက်မမြင်အဘိုးအိုသည် ဆောက်ကို ချလိုက်ပြီး သံကြိုးများဖြင့် အခေါင်းများကို မြစ်ကမ်းစပ်သို့ ဆွဲသွား၏။ သူက ဆွဲနေရင်း ပြန်ဖြေသည်။ “ကောင်းကင်နတ်အရှင်ချင် ဒီကို ရောက်လာတုန်းက ကောင်းကင်နတ်အရှင်လင်နဲ့ တွေ့ခဲ့ရတဲ့အကြောင်း ပြောတယ်... ကောင်းကင်နတ်အရှင်လင်က သူ့ကို လာရှာပြီး အများကြီး ပြောပြခဲ့တယ်တဲ့”

ချင်မူ အတန်ကြာ မှင်သက်သွားသည်။ သူက အဘိုးအိုနောက် အလျင်အမြန် လိုက်သွားကာ မေးလိုက်သည်။ “ပြင်ပကောင်းကင်နတ်ဘုံက ဘယ်ကနေ အစပြုတာလဲ.... ဘယ်သူက ပြင်ပကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ်လဲ... ဘယ်သူမှ မသိရင်တောင် ကောင်းကင်နတ်အရှင်လင် သေချာပေါက် သိမှာပဲ”

မျက်မမြင်အဘိုးအိုက သူ့ဘက် လှည့်လာသည်။ ပါးရေတွန့်နေသော သူ၏မျက်နှာသည် ပြုံးနေသယောင် ထင်ရသော်လည်း ပြုံးနေသည်နှင့်မတူ၊ ငိုနေသယောင် ထင်ရသော်လည်း ငိုနေသည်နှင့်လည်း မတူပေ။ “ကောင်းကင်မဟာမိတ်အဖွဲ့ပဲ ကောင်းကင်နတ်အရှင်မူ.... မင်း တည်ထောင်ခဲ့တဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ပဲ”

All Chapters