← Chapters

ဖုတ်ကောင်

Vol. 65 Ch. 853

ဖုတ်ကောင်

Vol. 65 Ch. 853

ချင်မူ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ပြင်ပကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်ဧကရာဇ်ကား ကောင်းကင်မဟာမိတ်အဖွဲ့တဲ့လော။

မျက်မမြင်အဘိုးအို၏စကားအရ ကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်မဟာမိတ်အဖွဲ့ထဲမှ တစ်ယောက်လား။ သို့မဟုတ် ကောင်းကင်မဟာမိတ်အဖွဲ့တစ်ဖွဲ့လုံး ဖြစ်နေသည်လား။

ဤသို့ဖြစ်လာမည်ဟု ချင်မူ တစ်ခါမှ မတွေးမိခဲ့ပေ။

ပြင်ပကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်ဧကရာဇ်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မဟုတ်ဘဲ အဖွဲ့တစ်ဖွဲ့ ဖြစ်နေပြီး၊ ထိုအဖွဲ့ထဲတွင် ကိုယ်ကျိုးစီးပွားနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေခြင်း ဖြစ်နိုင်မည်လား။

ဤခန့်မှန်းချက်ကိုသာ အတည်ပြုနိုင်လျှင် ချုံဧကရာဇ်၏ ကောက်ကြောင်းကို သူ ရေးဆွဲနိုင်ချေပြီ။

ချုံဧကရာဇ်ခေတ်ဆိုသည်မှာ အမိကမ္ဘာမြေ တည်‌ထောင်ခဲ့သော ခေတ် ဖြစ်မည်။

အမိကမ္ဘာမြေသည် သူမ၏ကလေးများကို ပျိုးထောင်ပေးပြီး ချုံဧကရာဇ်ခေတ် ထူထောင်ကာ ချုံဧကရာဇ်ကောင်းကင်နတ်ဘုံအား တည်ဆောက်ခဲ့ခြင်းဖြင့် မြောက်ပိုင်းချုံဧကရာဇ်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့၏။

အခြားတစ်ဖက်တွင် ကောင်းကင်နတ်ဘုံက လူတစ်စုကို ထောက်ခံ၍ တောင်ပိုင်းချုံဧကရာဇ်ကို ဖန်တီးကာ တောင်ပိုင်းချုံဧကရာဇ်ကောင်းကင်နတ်ဘုံ တည်ထောင်ခဲ့၏။ ဤသို့ဖြင့် တောင်ပိုင်းချုံဧကရာဇ်နှင့် မြောက်ပိုင်းချုံဧကရာဇ်ကား အပြိုင်အဆိုင် ဖြစ်လာခဲ့သည်။

ကောင်းကင်နတ်ဘုံနှစ်ဘုံအကြား ပြိုင်ဆိုင်တိုက်ခိုက်မှုများသည် နှစ်ပေါင်းသုံးသိန်းတိုင်တိုင် ကြာမြင့်ခဲ့၏။

ထိုအချိန်တွင် ပြင်ပကောင်းကင်နတ်ဘုံက ကျားနှစ်ကောင် တိုက်ခိုက်နေသော တိုက်ပွဲကို တောင်ပေါ်မှ ငုံ့ကြည့်နေသော မုဆိုးသဖွယ် ဘေးမှသာ ရပ်ကြည့်နေခဲ့လိမ့်မည်။

ထိုအချိန်တုန်းက ပြင်ကောင်းကင်နတ်ဘုံသည် နဂါးဟန်ကောင်းကင်နတ်ဘုံသာ ဖြစ်နေသေး၏။

နဂါးဟန်ကောင်းကင်နတ်ဘုံက ကောင်းကင်နဂါး ကောင်းကင်ဘုံနှင့် ကောင်းကင်ဟန် ကောင်းကင်ဘုံကို နှိမ်နင်းပြီးနောက်တွင် အင်အားကြီးမားလာသော မကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်လာခဲ့ပြီး ဤကောင်းကင်နတ်ဘုံ၌ နတ်ဘုရားဖြစ်လာခဲ့သည့် သက်ရှိမျိုးနွယ်၊ နတ်ဘုရားတစ်ပိုင်းများနှင့် ရှေးဟောင်းနတ်ဘုရားများ ယှဉ်တွဲနေထိုင်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်မဟာမိတ်အဖွဲ့က အင်အားကြီးထွားသထက် ကြီးထွားလာခဲ့ပြီး နည်းလမ်းပေါင်းစုံ သုံး၍ နဂါးဟန်ကောင်းကင်နတ်ဘုံ၏ ထောက်တိုင်များကို အစားထိုးရင်း နဂါးဟန်ကောင်းကင်နတ်ဘုံကို လက်ထဲတွင် ချုပ်ကိုင်လာနိုင်ခဲ့သည်။

ရှေးဟောင်းနတ်ဘုရားအားလုံး အန္တရာယ်ထဲ ကျရောက်သွားသည်ကို ခံစားလာကြရသည်။ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်တို့လည်း အစားထိုးခံရတော့မည့် အန္တရာယ်ကို သိလာကြ၏။

ကောင်းကင်မဟာမိတ်အဖွဲ့မှာလည်း ကိုယ်ကျိုးစီးပွား၊ အကျိုးအမြတ်များအတွက် အဖွဲ့အတွင်းထဲတွင် လှိုက်စားယိုယွင်းလာခဲ့သည်။

နဂါးဟန်ကောင်းကင်နတ်ဘုံကို ထိန်းချုပ်ခဲ့သော ကောင်းကင်မဟာမိတ်အဖွဲ့သည်လည်း ညှိနှိုင်းမရသော အခြေအနေများ ဖြစ်လာခဲ့သည်။ တောင်ပိုင်းချုံဧကရာဇ်၏ ရည်ရွယ်ချက်သည် လူသားမျိုးနွယ်၏ အသက်များက ကောင်းကင်ဘုံထက် မြင့်မြတ်သည်၊ နတ်ဘုရားတို့သည် လူသားများအတွက် အမှုထမ်းရမည် ဟူ၍ ရှေ့ရှု၏။

အခြားတစ်ဖက်တွင် နဂါးဟန်ကောင်းကင်နတ်ဘုံရှိ ကောင်းကင်မဟာမိတ်အဖွဲ့က ပြိုင်ဘက်ကင်းသော ဩဇာအာဏာနှင့် လုပ်ပိုင်ခွင့်ကို ရသွားပြီးနောက် တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံကို မျက်စိဆံပင်မွှေး စူးလာခဲ့သည်။ သူတို့၏ အာဏာစက်အပေါ် ခြိမ်းခြောက်လာမည့် ဆူးညှောင့်အဖြစ် မြင်လာခဲ့သည်။

အမိကမ္ဘာမြေ ကောင်းကင်မဟာမိတ်အဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားသည့်အခါ သဘောထားချင်း မတိုင်ဆိုင်မှုများ ထိန်းသိမ်းမရတော့ပေ။ အမိကမ္ဘာမြေ၏ သေဆုံးမှုကြောင့် မြောက်ပိုင်းချုံဧကရာဇ်ကောင်းကင်နတ်ဘုံ ရှင်းလင်းခံလိုက်ရပြီး ကောင်းကင်မဟာမိတ်အဖွဲ့အတွက် ရှင်းလင်းပစ်ရန်မှာ တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံသာ ကျန်တော့သည်။

ဤသို့ဖြင့် ကောင်းကင်နတ်မြစ်ထက်တွင် ကောင်းကင်နတ်အရှင်လင် ကောင်းကင်နတ်သိုင်းကို စမ်းသပ်မည့်အချိန်က သူတို့အတွက် လှုပ်ရှားရန် အကောင်းဆုံးအခြေအနေ ဖြစ်လာခဲ့သည်။ ထိုတိုက်ပွဲတွင် ကောင်းကင်နတ်အရှင်လင် မသေခဲ့လျှင် တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံမှာ ရှုံးနိမ့်သွားမည်မဟုတ်ပေ။

ကြောက်မက်ဖွယ်ရာသိုင်းပညာရှင်က မြူခိုးထဲ တိုးဝင်ကာ ကောင်းကင်နတ်အရှင်လင်ကို သတ်ပစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် နဂါးဟန်ကောင်းကင်နတ်ဘုံ တဖြစ်လဲ ပြင်ပကောင်းကင်နတ်ဘုံက တောင်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံအား စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြင့် ချုံဧကရာဇ်ကောင်းကင်နတ်ဘုံတစ်ဘုံလုံး လုံးဝဥဿုံ ပျက်စီးသွားစေခဲ့၏။

ဤသည်မှာ ချင်မူ၏ခန့်မှန်းချက်သာ ဖြစ်လေသည်။

အဖြေမရှိသော မေးခွန်းများစွာ ရှိနေသေးသော်လည်း သူ၏ခန့်မှန်းချက်က အမှန်တရားနှင့် အနည်းနှင့်အများ နီးစပ်သည်ဟု ခံစားရသည်။

သူက မျက်မမြင်အဘိုးအိုနှင့်အတူ ကောင်းကင်နတ်မြစ်ကမ်းဘေးသို့ လိုက်သွားပြီး အဘိုးအိုသည် ရေစီးနှင့်အတူ မျောလာသည့် ‌ကောင်းကင်နတ်အရှင်လင်၏ ‘အလောင်း’များကို အခေါင်းများထဲ ဆက်ထည့်နေ၏။ ထုံးစံအတိုင်း ကောင်းကင်နတ်အရှင်လင်၏ ‘အလောင်း’ က ကြည်လင်နေသော ရေသာ ပြန်ဖြစ်သွားသည်။

ချင်မူ မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။။ “အဘိုး၊ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက ဒြပ်ထုတွေကို မပြောင်းလဲ၊ မတက်၊ မကျစေဘူး.. သူ သေသွားရင်တောင် သူ့အလောင်းက ပျောက်ကွယ်သွားပြီး သူအဖြစ် ပြန်ပေါ်လာနိုင်သေးတယ်.... ဘာကြောင့်ဆို သူ့ကောင်းကင်နတ်သိုင်းက မပြောင်းလဲနိုင်တဲ့ ဒြပ်ထု ဖြစ်နေလို့ပဲ.. အဘိုး သူ့ရုပ်အလောင်းကို ဘယ်တော့မှ မြှုပ်နှံနိုင်မှာမဟုတ်ဘူး.. အလောင်းက မြစ်ထဲက ရေတွေပဲ ဖြစ်နေမှာ... သူအစစ်က ကောင်းကင်နတ်မြစ်နဲ့ တစ်သားတည်း ဖြစ်သွားပြီ... သူကိုယ်တိုင်က မြစ်ပေါ်က မြူခိုးတွေ ဖြစ်နေပြီ... အဘိုး ဘာလုပ်လုပ် သူ ဂရုစိုက်မှာမဟုတ်ဘူး... သူ့အတွက် သင်္ချိုင်းဆောက်ပေးတာပဲဖြစ်ဖြစ်၊ ကျောက်စာတိုင်ထူပေးတာပဲဖြစ်ဖြစ် သူ ဂရုစိုက်မနေဘူး”

ကောင်းကင်နတ်အရှင်လင်ကို နားလည်သည့် လူတစ်ယောက်အား ပြပါဆိုလျှင် ထိုလူက ချင်မူသာ ဖြစ်လိမ့်မည်။

သူက ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို အများဆုံး နားလည်သူ ဖြစ်သည့်အပြင် ကောင်းကင်နတ်အရှင်လင်အတွက် ရုပ်လုံးမပေါ်သေးသော ဖန်ဆင်းကောင်းကင်နတ်သိုင်းကို သင်ပေးခဲ့ကြသူများမှာ သူနှင့် ခိုင်ဧကရာဇ်ပင် ဖြစ်သည်။ အစပျိုးအဆင့်သာ ရှိနေခဲ့သည့် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းသည် ချင်မူနှင့် ခိုင်ဧကရာဇ်၏ လမ်းပြမှုအောက်တွင် ဆက်လက်တိုးတက်လာခဲ့ခြင်း ဖြစ်၏။

ချင်မူ တစ္ဆေသင်္ဘောထဲ ရောက်သွားစဉ်ကလည်း နတ်မင်းလေးပါး၏ စွမ်းအားကို ငှားယူ၍ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းအား ဖြိုခွဲနိုင်ခဲ့သည်။ သို့သော် ထိုစဉ်တုန်းက ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းမှာ မပြည့်စုံသေးပေ။

ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို သူ နားအလည်ဆုံး ဖြစ်ပေသည်။

သူ့အမြင်အရ မျက်မမြင်အဘိုးအို မြစ်ကမ်းဘေးတွင် ‌ထိုင်စောင့်ပြီး ကောင်းကင်နတ်အရှင်လင်၏ ရုပ်အလောင်းများကို မြှုပ်နှံပေးနေခြင်းမှာ လုံးဝမလိုအပ်သော အရာပင်။ ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်သိုင်းနှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့ပြီဖြစ်၏။ ကောင်းကင်နတ်အရှင်လင်သည် ကောင်းကင်နတ်သိုင်းပင် ဖြစ်သွားပြီဟု ဆိုရလိမ့်မည်။

သူမက ကောင်းကင်နတ်သိုင်းထဲတွင် ထာဝရ တည်ရှိနေကာ သေလိုက်၊ ရှင်လိုက်၊ ရှင်လိုက်၊ သေလိုက်ဖြင့် ထပ်ခါတလဲလဲ သံသရာလည်နေလိမ့်မည်။

မာန်ဟုန်မြစ်အစ၌ သူ ဆုံတွေ့ခဲ့ရသည့် မြူခိုးများကလည်း ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်း ဖြစ်မည်ဟု ချင်မူ ခန့်မှန်းမိသည်။ ကောင်းကင်နတ်အရှင်လင်က သူ့ကို ရှေးခေတ်သို့ ပြန်ခေါ်သွားပြီး ချုံဧကရာဇ်ခေတ်၏ အဆုံးသတ်ဆီသို့ ပို့ပေးလိုက်ခြင်းသာ ဖြစ်သည်။

ထိုအချိန်တုန်းက ချင်မူ မသိခဲ့ခြင်းသာ ရှိသည်။

မျက်မမြင်အဘိုးအိုက ကျောက်အခေါင်းအကုန် သုံးပြီးသွား၍ နေရာချရန် ပြန်ဆွဲလာသည်။ “ဘယ်သူ့မှ သူ့ကို ဂရုမစိုက်ဘူး... သူကိုယ်တိုင်တောင် သူ့ကိုယ်သူ ဂရုမစိုက်ဘူး... ဆရာက တာအိုအတွက်ပဲ ရှင်သန်နေတာ... အင်မတန်မှ ရိုးသားဖြူစင်တဲ့သူ... ရင်ထဲမှာ တာအိုပဲ ရှိတဲ့အထိ အပြစ်ကင်းလွန်းတယ်... မင်းတို့တွေလို အတွေးမျိုး သူ့မှာ မရှိဘူး... မာယာမများဘူး၊ အကောက်မကြံတတ်ဘူး... အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ ဘာကိုမှ ဂရုမစိုက်ဘူး... ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူး... ဒါဆို သူ ဘာကြောင့် သေခဲ့ရတာလဲ... ဘာလို့ သူ့ကို အသက်ရှင်ခွင့်မပေးကြတာလဲ”

မျက်မမြင်အဘိုးအိုသည် ‌ဒေါသထွက်နေပြီး အနာပေါ် တုတ်ကျသွားသော သားရဲသဖွယ် ခေါင်းမော့ကာ အော်ဟစ်လိုက်၏။

“အဲဒီလောက် ရိုးသားဖြူစင်တဲ့သူက ဘာကြောင့် သေခဲ့ရတာလဲ... မင်းတို့ကောင်းကင်နတ်အရှင်နှစ်ယောက်က ဘာကြောင့် တာဝန်မယူခဲ့တာလဲ... မင်းတို့က သူနဲ့ တွေ့တဲ့နေ့မှာပဲ ပြန်သွားကြပြီး ကြီးလေးလှတဲ့ တာဝန်ကြီးကို သူ့အပေါ် ပစ်ချပေးခဲ့ကြတာလဲ”

ဒေါသကြောင့် သူ့ဆံပင်များ ဖွာလန်ကြဲနေပြီး သူက ဒေါသတကြီး အော်ဟစ်နေသည်။ “ဘာကြောင့် မင်းတို့ နှစ်ယောက်လုံး တာဝန်မယူခဲ့ကြတာလဲ.... ဘာကြောင့် ထွက်သွားကြတာလဲ.... သူနဲ့အတူ ရှိနေပေးလို့ မရဘူးလား... ဘာလို့ သူ့ကို တစ်ယောက်တည်း ထားခဲ့ပြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်စေခဲ့တာလဲ”

“သူ နားမလည်ဘူး ကောင်းကင်နတ်အရှင်မူ... သူ တကယ် နားမလည်ဘူး”

သွေးမျက်ရည်များသည် မျက်မမြင်အဘိုးအို၏ တွန့်ခေါက်နေသော ပါးတစ်လျှောက် စီးကျလာ၏။ သူက အခေါင်းများကို ဆွဲလျက် ရှေ့ဆက်လျှောက်နေပြီး သူ့အသံမှာ တိုး၍တိုး၍ သွားသည်။

“ငါ ဘာကြောင့် သူ့ကို မြှုပ်နေလဲ သိလား... ဒီမှာ ဘာကြောင့် အမြဲလာစောင့်နေတာလဲ သိလား... ကောင်းကင်နတ်အရှင်မူ မင်း နားမလည်ဘူးလား... သူ သေနေရတာကွာ... သူ့ရဲ့ ကောင်းကင်နတ်သိုင်းထဲမှာ သူ ခဏခဏ သေနေရတယ်ကွာ... သေနေရတဲ့ နာကျင်မှုကို မင်း မသိဘူးလား”

“သူ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သေနေရတာမလို့ ငါ သူ့ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် မြှုပ်နှံပေးမှ ဖြစ်မယ်... သူ သေတိုင်း သိပ်နာကျင်ရမှာ... အဲဒီခံစားချက်က တကယ့်အစစ်တွေပဲ... သူ အဲဒီလိုမျိုး အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သေရနေတာလေ မင်း စဉ်းစားကြည့်ပါလားကွာ...”

ချင်မူမှာ အဘိုးအိုထွက်သွားသည်ကို ကြည့်ရင်း ငေးငိုင်လျက် ကျန်ခဲ့သည်။

ယန်အာက သူ့ပခုံးပေါ်မှ ဆင်း၍ မိန်းမလှလေးအသွင် ပြောင်းလိုက်သည်။ သူမက လက်ကိုင်ပဝါတစ်ထည် ထုတ်၍ သူ့မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးနေသည်။

ချင်မူ အားတင်းကာ ပြုံးပြလိုက်သည်။ “ရပါတယ်... ကျေးဇူးပါပဲ မမကြီးယန်အာ”

ကျောက်စိမ်းမြို့တော်ဆီမှ ပြင်းပြင်းထန်ထန် ပေါက်ကွဲသံများ ကြားလိုက်ရပြီး နဂါးဘုရင်ထျန်း၏ ကျယ်လောင်စွာ ရယ်သံကြီး ထွက်လာသည်။ သူက အားလုံးကို တွန်းဖယ်ပြီးနောက် အပြေးထွက်လာကာ ဆိပ်ကမ်းဘေးရှိ မဟူရာခေါင်းတလားအပေါ်သို့ ဘုန်းခနဲ ခုန်တက်လိုက်၏။ “ကောင်းကင်နတ်အရှင်လင်ရဲ့ ရတနာတွေ အခု ငါ့အပိုင် ဖြစ်သွားပြီ... အမိကမ္ဘာမြေကို ပြန်အသက်သွင်းနိုင်တော့မယ်”

ဤနဂါးအိုကြီးသည် ပခုံးပေါ်တွင် အခေါင်းတစ်လုံး သယ်ထားပြီး အဟူရာခေါင်းတလားထဲသို့ ဝင်သွား၏။

“ကောင်းကင်နတ်အရှင်လင်ရဲ့ ရတနာတွေက ဒီအခေါင်းထဲမှာပဲ...”

နဂါးဘုရင်ထျန်း၏ ရယ်သံများ မဟူရာခေါင်းတလားထဲမှ ထွက်လာသော်လည်း ရုတ်တရက် ရယ်သံများသည် ကြောက်လန့်တကြား အော်ဟစ်သံများအဖြစ် ပြောင်းလဲသွား၏။ မဟူရာခေါင်းတလားမှာ ကောင်းကင်နတ်မြစ်အပေါ်တွင် ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားကာ လှိုင်းလုံးကြီးများ မြောက်တက်လာသည်။

မကြာမီ သွေးများ အခေါင်းထဲမှ စီးကျလာပြီး မဟူရာခေါင်းတလားသည် ပြန်လည်ငြိမ်သက်သွား၏။

ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူက မြစ်ပြင်ထက်၌ မျောနေသော မဟူရာခေါင်းတလားဆီသို့ လှမ်းကြည့်လိုက်သည်။

ကျောက်စိမ်းမြို့တော်၏ နတ်ကောင်းကင်ခန်းမမှာ ပျက်စီးပြိုကျနေပြီဖြစ်သည်။ နဂါးဘုရင်ထျန်း ခေါ်လာခဲ့သော နတ်ဘုရားတစ်ပိုင်းမှာ သေဆုံးသွားကြပြီး ယန်ချီလင်းနှင့် မူချင်းပိုင်တို့နှင့် အတူပါလာခဲ့သည့် အခြွေအရံမိန်းကလေးများလည်း နဂါးဘုရင်ထျန်းကြောင့် ဒဏ်ရာအပြင်းအထန် ရထားကြ၏။ အားလုံး မြေပြင်ပေါ်တွင် အတုံးအရုံး လဲနေကြလေသည်။

နတ်ကောင်းကင်ခန်းမ၏ အပျက်အစီးများထဲမှ လူရိပ်များ ပျံထွက်လာသည့်အခါ ကောင်းကင်နတ်မြစ်ရေများ နီစွေးနေသည်ကိုသာ မြင်လိုက်ရသည်။ အခေါင်းထဲမှ စီးကျလာသည့် သွေးတို့သည် မြေရေအား ရဲပလောင်းခေတ်နေစေ၏။

အားလုံး ထိတ်လန့်သွားကြသည့်အချိန် ခေါင်းတလားက ကျွီခနဲ ပွင့်လာသည်။ မတ်မတ်ထောင်နေသည့် မဟူရာအခေါင်းထဲ၌ နဂါးဘုရင်ထန်း သယ်လာခဲ့သော အခေါင်းသည် ရုတ်တရက် ထောင်လာ၏။

ဤအခေါင်းကား ပွင့်နေပြီဖြစ်ပြီး အထဲတွင် မည်းမှောင်နေသည်။ ‌အကောင်တစ်ကောင်ကောင်က တစ်ခုခုကို ကိုက်စားနေသကဲ့သို့ ထွက်လာသည့် တကျွက်ကျွက် ဝါးသံများမှာ သည်းထိတ်ဖွယ်ရာကောင်းနေသည်။

ရုတ်တရက် ဤအခေါင်းထဲမှ သွေးများက ဖွားခနဲ ပန်းထွက်လာသည်။ နီရဲနေသော ကောင်းကင်နတ်မြစ်မှာ ပို၍ပင် ရဲစွေးသွားတော့သည်။

ဘုန်း

ဧရာမနဂါးခေါင်းကြီးသည် ထောင်နေ‌သော အခေါင်းထဲမှ ထွက်လာပြီး မြစ်ထဲသို့ ဗွမ်းခနဲ ကျကာ ဖြည်းဖြည်းချင်း နစ်မြုပ်သွား၏။ ယင်းကား နဂါးဘုရင်ထျန်း၏ ခေါင်း ဖြစ်၏။

ကမ်းစပ်ပေါ်တွင် ရှင်းအန်း၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး သူက သေတ္တာကြီးကို မ၍ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။ ‘‌ကောင်းကင်နတ်အရှင်ယွီ’၊ ယန်ချီလင်းနှင့် မူချိုးပိုင်တို့လည်း တိတ်ဆိတ်စွာ ဆုတ်သွားသည်။

စောစောက တိုက်ပွဲတွင် သူတို့၏အစွမ်းအစများမှာ နဂါးဘုရင်ထျန်းတို့အောက် နိမ့်ကျနေခဲ့သော်လည်း အသက်ရှင်ခဲ့ကြ၏။

သို့သော် သူတို့ ဝိုင်းလုနေခဲ့ကြသော ခေါင်းတလားက သူတို့ကို ကြက်သီးမွေးညင်းထလာစေသည်။

ရုတ်တရက် အစိမ်းရောင်အမွှေးများ ဖုံးနေသော လက်သည်းများက အခေါင်းထဲမှ ထွက်လာသည်။ အစိမ်းရောင်အမွှေးများအောက်ရှိ လက်သည်းများသည် ရွှေသားကြေးထည်ဖြင့် သွန်းလုပ်ထားသည့်အလား ပြောင်လက်နေရ၏။ အားလုံး၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်မှာပဲ အခေါင်းထဲမှ အရိပ်တစ်ခု ပျံထွက်လာပြီး စုတ်ပြဲနေသော ခြုံထည်သည် ကောင်းကင်နတ်မြစ်အပေါ်ရှိ ကောင်းကင်တခွင် ခြုံလွှမ်းသွား၏။

ယင်းကား တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သန်မာအားကောင်းသော ဧကရာဇ်တစ်ပါး၏ အလောင်းဖြစ်ပါသော်လည်း... ဖုတ်ကောင် ဖြစ်နေချေပြီ။ ဖုတ်ကောင်၏ ပါးစပ်တွင် အလွန်ချွန်ထက်သော သွားစွယ်များ ပြည့်နေပြီး နဂါးဘုရင်ထျန်း၏ အသားစများ ပေကျံနေသည်။

အပုပ်ငွေ့များက သုဿန်တစပြင်ပမာ တိတ်ဆိတ်နေသည့် ကောင်းကင်နတ်ဘုံတစ်လျှောက် ပျံ့နှံ့သွားသည်။ ဖုတ်ကောင်သည် လျှပ်စီးတန်းသဖွယ် ပျံသန်းလာကာ သူတို့ဆီ ဦးတည်နေ၏။

ယန်ချီလင်း ကြောက်လန့်တကြား အော်ဟစ်လိုက်မိလိုက်သည်။ သူတို့ဘေးရှိ အခြွေအရံမိန်းကလေးများက ဧကရာဇ်အလောင်းနှင့် ရင်ဆိုင်ရန် ကောင်းကင်ထဲသို့ ပျံတက်သွားကြသည်။

ဤအခြွေအရံမိန်းကလေးများသည် နဂါးဘုရင်ထျန်းနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့၏။ ဒဏ်ရာအပြင်းအထန် ရခဲ့ကြသော်လည်း အသက်ရှင်ခဲ့ကြသေးသည်။ သူတို့၏အစွမ်းအစများက ထူးချွန်ပြောင်မြောက်သည့်တိုင် ဖုတ်ကောင်က တစ်‌ယောက်ပြီးတစ်ယောက် ဖမ်းလျက် သူ့ပါးစပ်ထဲ ထိုးထည့်နေသည်။

အားလုံး ကြောက်လန့်တုန်လှုပ်ကုန်ကြပြီး ခြေဦးတည့်ရာ ထွက်ပြေးကြတော့သည်။

ဖုတ်ကောင်သည် ချောက်ချားစရာကောင်းသော အပြုံးဖြင့် ကောင်းကင်ထက်မှ ဆင်းသက်လာ၏။ ၎င်း၏ အနီရောင်ခြုံထည်က လေထဲတွင် တဖတ်ဖတ် လွင့်လျက် ကျောက်စိမ်းမြို့တော်၏ ဧရိယာတစ်ခုအား အုပ်မိုးထားသည်။ ၎င်းသည် ထွက်ပြေးနေသော အခြွေအရံမိန်းကလေးတစ်ယောက်ကို ဖမ်းလိုက်၏။

ခြုံထည် အုပ်မိုးထားသည့် ဧရိယာမှ သွေးပျက်ဖွယ် အော်ဟစ်သံများ ဆူညံသွားပြီးနောက် တိတ်ဆိတ်သွားသည်။

ခြုံထည်က ကောင်းကင်သို့ ပျံ့လွင့်သွားကာ ကောင်းကင်တစ်လျှောက် လွှမ်းခြုံလိုက်သည်။ ဖုတ်ကောင်ကား ကောင်းကင်ထဲတွင် အသက်ရှိနေသည့် လူသားများအား လိုက်ရှာနေသည်။

“အစ်ကိုကြီး”

မျက်မမြင်အဘိုးအိုက တူနှင့်ဆောက်ကို ချကာ ကျယ်လောင်စွာ လှမ်းအော်သည်။ “အစ်ကိုကြီး၊ အစ်ကိုကြီးက သေနေပြီ... အစ်ကိုကြီး ရှိသင့်တဲ့ နေရာကို ပြန်ပါတော့”

ချုံဧကရာဇ်မှ ဆင့်ကဲပြောင်းလဲသွားခဲ့သည့် ဖုတ်ကောင် မျက်မမြင်အဘိုးအို၏ အသံကို ကြားလျှင် အသံလာရာသို့ လှမ်းခုန်အုပ်သည်။ ဧကရာဇ်တစ်ပါး၏ ရာဇမာန်က ဧကရာဇ်ပလ္လင်အဆင့် ချုံဧကရာဇ်တစ်ပါး ဖြစ်ကြောင်း သက်သေထူနေ၏။

မျက်မမြင်အဘိုးအိုက လက်တစ်ဖက်ဖြင့် တူ၊ ကျန်တစ်ဖက်ဖြင့် ဆောက်ကို မြှောက်လိုက်သည်။ ဒုတ်ခနဲ တူသည် ဆောက်ပေါ် ထုလိုက်သည်။

ဆောက်ဆီမှ အလင်းတန်းတစ်တန်း ထွက်လာကာ ဖုတ်ကောင်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်သွားသည်။ အလောင်းမိစ္ဆာမှာ ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသကဲ့သို့ ကောင်းကင်နတ်မြစ်အထက်ရှိ ဧကရာဇ်အခေါင်းထဲသို့ ပြန်ဝင်သွားလေသည်။

ဧကရာဇ်ခေါင်းတလား၏ အခေါင်းဖုံး ပိတ်သွားသည်။

မျက်မမြင်အဘိုးအို တူနှင့် ဆောက်ကို သိမ်း၍ သံကြိုးတစ်ချောင်းအား လွှဲယမ်းလိုက်သည်။ သံကြိုးသည် ရှည်သထက် ရှည်လာပြီး ဧကရာဇ်၏အခေါင်းကို ရစ်ပတ်သွား၏။ မျက်မမြင်အဘိုးအိုက အခေါင်းကို လွှဲ၍ နတ်ကောင်းကင်ခန်းမဆီသို့ ပစ်လွှတ်လိုက်သည်။

ဧကရာဇ်အခေါင်း မြေပြင်ပေါ် ကျသွားသည့်အခါ အုတ်ခဲစများ မြောက်တက်လာသည်။ ကျိုးကျနေသော ထုတ်တန်းများ၊ တိုင်လုံးများသည် အလိုလိုပြန်တည်ဆောက်ကာ ကျောက်အခေါင်းများ၊ ကျောက်စာတိုင်များ ပြည့်နေသည့် ကျောက်စိမ်းမြို့တော်ထဲတွင် ထီးထီးရပ်နေသည့် နတ်ကောင်းကင်ခန်းမတစ်ခု ပြန်ဖြစ်သွား၏။

ထွက်ပြေးနေသူများမှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွားကြသော်လည်း ကြောက်စိတ်မပြေသေးပေ။

ချင်မူ မျက်မမြင်အဘိုးအိုဆီသို့ ကြည့်ကာ အံ့အားသင့်နေသည်။ ဤအဘိုးအိုသည် သာမန်အဘိုးကြီးတစ်‌ယောက်သာ ထင်ရသော်လည်း သိုင်းအဆင့်က တိုင်းထွားမရအောင် နက်ရှိုင်းနေ၏။ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်အောက် မနိမ့်ကျချေ။

‘ကောင်းကင်နတ်အရှင်ယွီ’က မျက်မမြင်အဘိုးအိုဆီသို့ လျှောက်သွားပြီး အကြည့်များ လှုပ်ခတ်နေသည်။ “မင်းက ... ကောင်းကင်နတ်အရှင်လင်ရဲ့ တပည့်၊ ရီရှစ်ရှန်းပဲ... ဒီနေရာမှာ ဒီတစ်ချိန်လုံး စောင့်ရှောက်ရင်း အသက်ရှင်နေခဲ့တာလား”

အဘိုးအိုက သူ့ကို လျစ်လျူရှု၍ တူနှင့်ဆောက်ကို ပြန်ကောက်လိုက်သည်။

‘ကောင်းကင်နတ်အရှင်ယွီ’ ပြုံးလိုက်ကာ ပြော၏။ “မင်းမှာ အစွမ်းအစရှိရဲ့သားနဲ့ ဘာကြောင့် ဒီလိုတိတ်ဆိတ်ခြောက်ကပ်နေတဲ့ နေရာမှာ ဇာတ်မြှုပ်နေတာလဲ... ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်မြစ်ရဲ့ အပိုင်းတစ်ပိုင်းကို ဖြတ်တောက်ပြီး အဲဒီနေရာမှာ သူ့ကိုယ်သူ အစားထိုးခဲ့ရင်း ကောင်းကင်နတ်မြစ်နဲ့ တစ်သားတည်း ဖြစ်သွားခဲ့တယ်... သူ့ကောင်းကင်နတ်သိုင်းက အင်မတန် အသေးစိတ်လွန်းလို့ ငါတောင် လေးစားမိတယ်... မင်းက သူ့တပည့်ဆို‌တော့ သူ့ကောင်းကင်နတ်သိုင်းကို နည်းနည်းပါးပါးတော့ သင်ထားရမှာပေါ့... ကောင်းကင်နတ်ဘုံက မင်းလို ပါရမီရှင်တွေကို လိုအပ်နေတယ်”

မျက်မမြင်အဘိုးအိုက ဆောက်ထွင်းနေသည်ကို ရပ်၍ သူ့ဆီသို့ လှည့်’ကြည့်’သည်။ “ခင်ဗျားက ကျုပ်ရဲ့ ဘယ်ဆရာဦးလေးလဲ... ကျုပ်ဆရာက ကောင်းကင်နတ်မြစ်နဲ့ တစ်သားတည်း ဖြစ်သွားမှန်း သိနေရင် ဘာလို့ ဒီကို လာခဲ့သေးတာလဲ”

‘ကောင်းကင်နတ်အရှင်ယွီ’က အပြုံးတစ်ခုဖြင့် ပြောသည်။ “သူ တကယ် သေသွားပြီလား ကြည့်ဖို့ လာတာ”

“အခု စိတ်အေးပြီလား” မျက်မမြင်အဘိုးအိုက ပြောသည်။

‘ကောင်းကင်နတ်အရှင်ယွီ’က ဖြေသည်။ “အေး,တာပေါ့”

မျက်မမြင်အဘိုးအိုသည် တူကို တင်းတင်းဆုပ်လိုက်ပြီး ပြန်ဖြေလျှော့ကာ မှင်သေသေ ပြော၏။ “ဆရာဦး‌လေး၊ ပြန်တော့... ကျုပ်တို့ အေးအေးချမ်းချမ်း နေ,နေတာကို လာမနှောင့်ယှက်နဲ့”

‘ကောင်းကင်နတ်အရှင်ယွီ’က ကျယ်လောင်စွာ ရယ်လိုက်သည်။

မျက်မမြင်အဘိုးအိုက ချင်မူ့ကို ကြည့်ကာ အေးစက်စက် ပြော၏။ “ကောင်းကင်နတ်အရှင်မူလည်း ပြန်တော့... သူတို့ကိုပါ ခေါ်သွား... မင်းတို့ကို ဒီမှာ မလိုအပ်ဘူး”

ချင်မူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်ပြီး အလေးအနက် ပြောလိုက်သည်။ “စိတ်မပူပါနဲ့ အဘိုး... ကျွန်‌တော် ကောင်းကင်နတ်အရှင်လင်ကို သေချာပေါက် ကယ်တင်ပေးပါ့မယ်... ကတိပေးတယ်”

သူက လှည့်၍ ကောင်းကင်နတ်မြစ်ထက်တွင် မျောနေသော မတ်တပ်အခေါင်းဆီသို့ ပြန်လျှောက်သွားသည်။ သူ့အနောက်မှ တချွင်ချွင် ထုသံများ ထွက်လာ၏။ မျက်မမြင်အဘိုးအို သူ့စကားကို ကြားရဲ့လား ချင်မူ မသိပေ။

All Chapters