လက်ဆောင်
Vol. 68 Ch. 939
မြေကြီး ရှန့်ထို အဆင့်များ၏ တုန့်ပြန်မှုများကို ကြည့်ကာ ဝေ့ဝူယင် ကျေနပ်စွာ ပြုံးလိုက်သည်။
“ခင်ဗျားတို့ အားလုံးမှာ ကျုပ်နဲ့ ဆွေးနွေး စရာ ကိစ္စတွေ ရှိတယ် ဆိုတာ ကျုပ် သိပါတယ်... ဒါပေမဲ့ ခုက အချိန်ကောင်း အခါကောင်း မဟုတ်သေးဘူး... ဒီလိုလုပ်... ခင်ဗျားတို့ရဲ့ ဆက်သွယ်ရေး သလင်းကျောက်တွေ ကျုပ်ကို ပေးခဲ့လေ... နောက်ကျမှ ဒီကိစ္စကို အေးအေးဆေးဆေး ဆွေးနွေး ကြတာပေါ့... အခု ကျုပ်က ကျင့်ကြံခြင်း အခြေခံ အသစ်နဲ့ ရင်းနှီးအောင် လုပ်ရဦးမယ်...ခင်ဗျားတို့ကို ဆက်ပြီး ဧည့်မခံနိုင်တော့ဘူး... တောင်းပန်ပါတယ်”
ဝေ့ဝူယင်၏ စကားမဆုံးခင်မှာပင် ကျောက်စိမ်းပြားလေး တစ်ခုမှာ ဒြပ်စင် နယ်မြေ နယ်စပ် တစ်လျှောက် ညင်သာစွာ လွင့်မြောလာကာ သူ့အနားသို့ ရောက်ရှိလာသည်။ မွေးရနံ့ ခပ်သင်းသင်းကို ဝေ့ဝူယင် ရရှိလိုက်၏။ ဝေ့ဝူယင် အနည်းငယ် အံ့အားသင့်သွားကာ ယန်ချောင်ယွီကို လှမ်းကြည့်လိုက်သည်။ မိန်းကလေးက ဝေ့ဝူယင်ကို တစ်ချက် ပြုံးပြလိုက်၏။ ထို့နောက် သူမက စကားတစ်ခွန်းမှ မဆိုပဲ တိတ်တဆိတ် ပြန်လည် ထွက်ခွာ သွားခဲ့တော့သည်။
“...”
ဝေ့ဝူယင် အနည်းငယ် ဆွံ့အ သွား၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... ယန်ချောင်ယွီ၏ လှုပ်ရှားမှုများက သူ၏ အာရုံကို အကြိမ်ကြိမ် ဖမ်းစားနိုင်ခဲ့သည်တော့ အမှန်တကယ်ပင် ဖြစ်သည်။
ဝေ့ဝူယင် ကျောက်စိမ်းပြားကို ယူကာ စစ်ဆေး လိုက်၏။ ယန်ချောင်ယွီမှာ အစောကြီးတည်းကပင် ယင်းကျောက်စိမ်းပြားထဲ၌ သတင်းစကား တစ်ခု ထည့်သွင်းထားခဲ့ပြီးဖြစ်သည်။ ၎င်းကို စစ်ဆေးပြီးနောက် ဝေ့ဝူယင်မှာ မရှူနိုင်မကယ်နိုင် ယန်ချောင်ယွီထွက်ခွာသွားသည့် အရပ်ကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်မိသည်။ တံတွေး မြိုချချင်စိတ်ကို သူ အနည်း ချုပ်တီးထားရ၏။ ဘယ်လောက်တောင် သတ္တိရှိလိုက်သည့် မိန်းမနည်း။
“...”
အခြားတစ်ဖက်၌ မြေကြီး ရှန့်ထို အဆင့်များစွာမှာ ဝူယု၏ လျှို့ဝှက် အာဏာရှင် အဆင့် အခြေခံကို နားထောင်ကာ အံ့အားသင့် နေကြဆဲ ဖြစ်သည်။ ဝူယုက လမ်းစဉ် ရှစ်ခု အထိကို ပိုင်ဆိုင်ထားသည်လား။ ကောင်းကင် ဧကရာဇ်များ၊ အင်ပါယာ ဧကရာဇ်များ ဖြစ်သည့်တိုင် သူတို့ ကိုယ့်အကန့်အသတ်ကို နားလည်ပေသည်။
ဝေ့ဝူယင်ကို ကြည့်နေကြသည့် သူတို့၏ မျက်လုံးများက တုန်လှုပ် ချောက်ချားမှုများဖြင့် ပိုမို၍ ပြည့်နှက် လာခဲ့ကြ၏။ ထိုလူငယ်လေးက မည်သူနည်း။
သူတို့ ကြားသိဖူးသလောက် ဆိုလျှင်... ဝူယုမှာ တတိယ ခြေချခြင်း၌ ကျရှုံးခဲ့သည်ဟု ဆိုသည်။ ထိုကဲ့သို့သော အရှုံးသမား တစ်ယောက်က မြေကြီး ရှန့်ထို အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့သည့် အပြင် လမ်းစဉ် တစ်ခုကိုပင် တိုး၍ ပိုင်ဆိုင်လာခဲ့သည်။ မာ့ကျန်းအား ကူညီရန် ဝေ့ဝူယင် အသုံးပြုခဲ့သည့် လျှို့ဝှက် လောကအဆင့် ဆေးရည်ကို အားလုံး ပြန်လည် သတိရလိုက်မိ၏။ ဝူယုသည်လည်း အလားတူ ထုတ်ကုန် တစ်မျိုးကို သုံးစွဲခဲ့ရသည်လား။
ဝေ့ဝူယင်မှာ ရှန့်ထို ဖန်ဆင်းရှင် ဆိုသည့် နာမည်နှင့် အမှန်တကယ် ထိုက်တန်သည့် အရည်အချင်း၊ နောက်ခံများကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်သည်။ သို့တိုင်အောင် ဝူယုနှင့် မာ့ကျန်းတို့မှာ သူ တရားဝင် ထုတ်ဖော်ပြသထားသည့် မြေကြီး ရှန့်ထိုများသာ ဖြစ်သည်။ သူ့နောက်ကွယ်တွင် နယ်မြေခြား မြေကြီး ရှန့်ထို ကဲ့သို့ ကျင့်ကြံသူ ဘယ်နှစ်ဦး ရှိနေဦးမည် မသိပါချေ။
ထိုလူငယ်လေးက အမှန်တကယ် ထာဝရ ဧကရာဇ်၏ မျိုးဆက်လော။ သို့တည်းမဟုတ်... တစ်စုံတစ်ရာ ဆက်စပ် ပတ်သက်နေခြင်းလော။
တဖြည်းဖြည်း ဝေးကွာသွားသည့် ယန်ချောင်ယွီ၏ နောက်ကျောကို လှမ်းကြည့်ရင်း ထျန်းလင်းယု အောက်နှုတ်ခမ်းကို ဒေါသတကြီး ကိုက်လိုက်မိသည်။ သူမ၏ မျက်လုံးထဲ၌ ယန်ချောင်ယွီမှာ အမြဲတမ်း အလွန်အကျွံ သရုပ်ဆောင်နေသည်ဟု ခံစားရသည်။ ထိုမိန်းမမှာ ဆက်သွယ်ရေး သလင်းကျောက်ကိုသာ မက ကြိုတင် စီစဉ်ထားသည့် ဝိညာဥ် ကျောက်စိမ်းကိုပါ ပေးခဲ့သေးသည်။
“ခွေးမ...”
ထျန်းလင်းယု စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်၏။ သို့သော်လည်း... လက်ရှိ၌ ပိုမို အရေးကြီးသည့် အရာက ဝေ့ဝူယင် ဖြစ်ကြောင်း သူမ သိပေသည်။ ထျန်းလင်းယု အပြုံးတစ်ခုကို ပြန်လည် ဆင်မြန်းလိုက်ကာ ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်ရင်း...
“အဲဒီ မိန်းမက ဆူးတွေနဲ့ နှင်းဆီဆိုတဲ့ အကြောင်း ကျွန်မ ဝေ့ဝူယင်ကို သတိပေးထားချင်ပါတယ်... သူ ဘယ်လို ကတိပေးမျိုးပဲ ပေးပေး... သေမျိုးတစ်ယောက်က မသန့်စင်တဲ့ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နဲ့ အတူတူ နေလို့ မရပါဘူး... ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်... အဲဒီ ချိုက်လျှို့ယန်က မသန့်စင်ဘူး ဆိုတာ ကျွန်မ အာမခံတယ်”
“...”
ဝေ့ဝူယင်မှာ ထျန်းလင်းယု၏ ပွင့်ပွင့်လင်းလင်း စကားကြောင့် အနည်းငယ် အံ့အားသင့်မိသွား၏။ သူ အနည်းငယ် ပြုံးလိုက်ရင်း လက်ထဲရှိ ဝိညာဉ် ကျောက်စိမ်းကို ငုံ့ကြည့်လိုက်သည်။ သန့်စင်သည့် မိန်းကလေး တစ်ယောက်က ယခုလို အမှာစကားမျိုး ချန်ထားမှာ မဟုတ်ကြောင်း သူ အစောကြီးတည်းကပင် ကောက်ချက် ချပြီး ဖြစ်ပေသည်။
သို့သော်လည်း သူ နားမလည်သည့် စကားတစ်ခု ရှိပေသေးသည်။
“သေမျိုးတစ်ယောက်က မသန့်စင်တဲ့ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နဲ့ အတူတူ နေလို့ မရသေးဘူး ဆိုတဲ့ စကားက ဘာကို ဆိုလိုတာလဲ... အင်ပါယာ ဧကရီ လင်းယု... ကျုပ်က တစ်ခုခု ချို့ယွင်းနေလို့လား”
“ဒါက ဝေ့ဝူယင်နဲ့ မဆိုင်ပါဘူး...”
ထျန်းလင်းယုက အလျှင်အမြန်ပင် ခေါင်းခါလိုက်၏။
“သေမျိုးတွေနဲ့ လျှို့ဝှက် အာဏာရှင် အဆင့်တွေက လုံးဝ မတူဘူး ဆိုတာ ဝေ့ဝူယင်လည်း သိထားပြီးသား ဖြစ်မှာပါ... တကယ်လို့ နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံလိုက်မယ် ဆိုရင် စွမ်းအင်တွေ ရှုပ်ထွေးပြီး ကမောက်ကမ ဖြစ်ကုန်လိမ့်မယ်... ပိုပြီးဆိုးမယ် ဆိုရင်...”
ထျန်းလင်းယု၏ ရှင်းပြမှု မပြီးဆုံးခင်မှာပင် ထျန်းမူယန်က ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ကာ တားဆီးလိုက်၏။ ဝေ့ဝူယင်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် နောက်ခံမျိုးကို ပိုင်ဆိုင်ထားလေရာ ထိုအခြေခံ အကြောင်းအရာများကို သိရှိပြီး ဖြစ်နိုင်ပေသည်။ သူ၏ တောင်းဆိုမှု မပါပဲ တမင်သက်သက် လျှာရှည်၍ ရှင်းပြနေခြင်းမှာ ဆရာလုပ်နေခြင်းနှင့် အတူတူပင် ဖြစ်သည်။
အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာ လှိုင်းစီးနေရသလိုပင် ခံစားလိုက်ရ၏။ ထိုအကြောင်းရင်း ကြောင့်ပင် သူ တွေ့ဆုံခဲ့သည့် လျှို့ဝှက် အာဏာရှင် အဆင့် မိန်းကလေးတိုင်းက သေမျိုး အဆင့်ကို ကျော်လွန်သည် အထိ စောင့်ဆိုင်းစေခဲ့သည်လား။ ပထမ၌ အဆင့်အတန်းချင်း မတူသောကြောင့် ဟုသာ သူ ယူဆခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ် ဆိုးကျိုးများ ရှိလိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့ချေ။
“ဆက်ပြီး ရှင်းပြပါဦး...”
ဝေ့ဝူယင် ရိုးသားစွာပင် ပြောလိုက်၏။ ထျန်းလင်းယုမှာ အနည်းငယ် ကြောင်အအ ဖြစ်နေခဲ့သည်။ ပထမ၌ ဝေ့ဝူယင်က ရွဲ့ပြောနေသည်ဟု သူမ ထင်မှတ်မိသေးသော်လည်း လူငယ်၏ လေးနက်သည့် အကြည့်များကို မြင်လိုက်ရသော အခိုက်၌ အလေးအနက်ထား ပြောနေခြင်း ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။
ထျန်းလင်းယု အတွေးများကို စုစည်းလိုက်ကာ ဝေ့ဝူယင် မေးသည် အရာကို ဖြေဖို့ ဆုံးဖြတ်လိုက်၏။ ထို့နောက် သူမက လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် သေမျိုးများ ပိုင်ဆိုင်ထားသည့် စွမ်းအင် ကွာခြားချက်မှ စတင်ကာ ရှင်းပြလိုက်တော့သည်။
လင်းထျန်းယု၏ ရှင်းလင်းချက်များက စေ့စပ်သေချာ လေရာ ဝေ့ဝူယင် နောက်ထပ် မေးစရာပင် မလိုခဲ့ချေ။ မိန်းကလေး၏ အဆိုအရဆိုလျှင်... သေမျိုး တစ်ယောက်နှင့် လျှို့ဝှက် အာဏာရှင် တစ်ယောက် လိင်ဆက်ဆံသည်နှင့် သူတို့၏ စွမ်းအင်များက တစ်ယောက်ထံ တစ်ယောက် အပြန်အလှန် စီးဝင် သွားကြလိမ့်မည် ဖြစ်သည်။
သေမျိုး ခန္ဓာကိုယ်များမှာ လျှို့ဝှက်အဆင့် စွမ်းအင်များကို လုံးဝ လက်ခံနိုင်စွမ်း မရှိချေ။ ၎င်းက သေဆုံးခြင်း သို့မဟုတ် လမ်းစဉ် သွေဖည်မှုများကို ဦးတည် သွားစေနိုင်သည်။ အကယ်၍ တစ်နည်းနည်းဖြင့် လွတ်မြောက်ခဲ့လျှင်ပင် လျှို့ဝှက် စွမ်းအင်များမှာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ကပ်ပါးကောင်များကို တတိတိ တိုက်စားနေလိမ့်မည် ဖြစ်သည်။
ထိုကဲ့သို့ လိင်ဆက်ဆံခြင်းက သေမျိုးများ အတွက်သာ ကြောက်ဖို့ကောင်းသည် မဟုတ်ချေ။ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်လည်း အန္တရာယ် များပေသည်။ လျှို့ဝှက် အဆင့် စွမ်းအင်များက သေမျိုးများ အတွက် အစွမ်းထက်လွန်းသည်ဟု ဆိုလျှင် သေမျိုး အဆင့် စွမ်းအင်များမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် မသန့်စင်လွန်းသည်ဟု ဆိုနိုင်သည်။ အကယ်၍ ထိုအညစ်အကြေးများကို အချိန်မှီ ပြန်လည် မစွန့်ထုတ် နိုင်ပါက လျှို့ဝှက် အာဏာရှင် အဆင့်များ၏ ခန္ဓာကိုယ်၊ သွေးကြောနှင့် လျှို့ဝှက် ဝိညာဥ်တို့မှာ ဆိုးရွားသည့် ထိခိုက် ပျက်စီးမှုများနှင့် ကြုံလာနိုင်ပေသည်။ ပို၍ဆိုးလျှင် ကျင့်ကြံခြင်း သွေဖီမှုများကိုပင် ဦးတည် သွားစေနိုင်စွမ်း ရှိသည်။
သို့သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်တော့ ချွင်းချက်များ ရှိပေသည်။ အတူမနေခင် ကျင့်ကြံခြင်း အခြေခံကို ကြိုတင် ချိပ်ပိတ်ထားခြင်း၊ နေပြီးပါက အထူးနည်းလမ်းများကို သုံးကာ အညစ်အကြေးများကို ဖယ်ရှားပစ်ခြင်း စသည့် နည်းလမ်းများကို သုံးကာ သေမျိုးများနှင့် အတူတူ အိပ်နိုင်ပေသည်။
သို့သော်လည်း... သေမျိုးများ အတွက်ကတော့ ဘာချွင်းချက်၊ ဘာကောင်းကျိုးမှ မရှိပါချေ။ ဆိုးရွားသည့် အကျိုးဆက်များဖြင့် ကျိန်းသေ ကြုံတွေ့ရလိမ့်မည်သာ ဖြစ်သည်။
လျှို့ဝှက် အာဏာရှင် အဆင့်များတွင်... မူလယင် မပျက်စီးသေးသည့် အပျိုစင် မိန်းကလေးများကတော့ သေမျိုးများနှင့် နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံ၍ ရပေသည်။ သို့သော်လည်း ကျင့်ကြံပြီးသည်နှင့် မိန်းကလေး၏ ကျင့်ကြံခြင်း အခြေခံက လုံးဝ ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
အခြားတစ်ဖက်၌ သူမနှင့် အတူ ကျင့်ကြံသည့် သေမျိုး ယောက်ျားကတော့ မခန့်မှန်းနိုင်လောက်သည့် အကျိုးအမြတ်များကို ရရှိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ကို ချက်ချင်း လက်ခံ ရရှိမည်တော့ မဟုတ်ချေ။ လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်ခင် အထိ ထိုစွမ်းအင်များက သူ့ ခန္ဓာကိုယ်ထဲတွင် ချိပ်ပိတ်ခံထားရလိမ့်မည် ဖြစ်သည်။
ဆက်စပ်မှု စစ်မြေပြင်တွင် တွေ့ခဲ့ရသည့် လျှို့ဝှက် ဆန်းကြယ်သော အမျိုးသမီးက အပြင်သို့ ထွက်ခွာရန် မျှော်လင့်ချက် ရှိသည်နှင့် အဘယ်ကြောင့် ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ကြောင်း ဝေ့ဝူယင် သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။
“တကယ်ပဲ အမြင်ကျယ်ရပါတယ်... ကျေးဇူးပါပဲ...”
ဝေ့ဝူယင် လင်းထျန်းယုကို ရိုးသားစွာပင် ကျေးဇူးတင်စကား ဆိုလိုက်၏။ ထိုမိန်းကလေး၏ စကားက တကယ် မှန်ပေသည်။ မည်သို့ပင် ဆိုစေ... လက်ရှိ၌ သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ လျှို့ဝှက် တာအိုမှာ သူ၏ အကန့်အသတ်ကို ကျော်လွန်နေသည်။ ၎င်းအား လောဘတကြီး ထိတွေ့ရန် မစဉ်းစားသင့်သေးချေ။
‘ဒါပေမဲ့ ငါ့မှာ နောက်ထပ် ချွင်းချက် တစ်ခု ရှိသေးတယ်မလား’
ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိ၏။ သူ၏ လောကနယ်မြေမှာ လျှို့ဝှက် အဆင့် စွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်း ရှိသည့် အပြင် သူ၏ ခန္ဓာကိုယ်မှာလည်း လျှို့ဝှက် အလင်းများကို ထိန်းသိမ်းထားနိုင်သည်။ ထိုချွင်းချက်ဖြင့် ဆိုပါက သူ့အတွက် လျှို့ဝှက် အာဏာရှင် အဆင့် မိန်းကလေးများနှင့် အတူနေရန် ဖြစ်နိုင်ချေ ရှိပေသည်။
ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လေးထောင့် သဏ္ဌာန် ကျောက်စိမ်း သေတ္တာကလေး တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူက ထျန်းလင်းယုကို ကြည့်လိုက်သည်။
“ဒါက ကျုပ်ကို အလင်းပြပေးတဲ့ အတွက် လက်ဆောင် သေးသေးလေးပါ... ကျေးဇူးပြုပြီး လက်ခံပေးပါဦး...”
ဝေ့ဝူယင် သေတ္တာကလေးကို ထျန်းလင်းယုထံ တွန်းပို့ ပေးလိုက်၏။ ၎င်းက ဖြည်းညင်းစွာပင် ဒြပ်စင်နယ်မြေ နယ်စပ်မျဉ်းကို ဖြတ်ကျော်ကာ ရွေ့လျား သွားခဲ့၏။ ၎င်းက အဂ္ဂိရတ် စွမ်းအင်များဖြင့် ထုံလွှမ်းနေကာ ဆန်းကြယ်သည့် အလင်းတန်းများကို ထုတ်လွှတ်နေသည်။
“လျှို့ဝှက် အလင်း...”
ထျန်းလင်းယုမှာ ထိုအလင်းကို ချက်ချင်းပင် မှတ်မိလိုက်လေရာ ရင်တဒိတ်ဒိတ် ခုန်သွားခဲ့၏။ ထိုအရာက လျှို့ဝှက် အဆင့် ထုတ်ကုန်တစ်ခု လေလော။
***