← Chapters

သာလွန်ခြင်း အဆင့်

Vol. 68 Ch. 940

သာလွန်ခြင်း အဆင့်

Vol. 68 Ch. 940

သို့သော်လည်း... သူမ၏ အတွေးက ရယ်စရာ ကောင်းလှပေသည်။ အကယ်၍ ဝေ့ဝူယင်ထံတွင် သူမတို့ ထင်နေသလို နောက်ခံမျိုး အမှန်တကယ် ရှိနေလျှင်ပင် လျှို့ဝှက် အဆင့် ထုတ်ကုန် တစ်ခုကိုတော့ သကြားလုံး ပေးသလို ပေးပစ်လိမ့်မည် မဟုတ်ပါချေ။

ဟူး... ဟူး...

ကျောက်စိမ်း သေတ္တာလေးမှာ ထျန်းလင်းယု အရှေ့သို့ ရောက်ရှိသွားခဲ့၏။ ထျန်းလင်းယု လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ညင်သာစွာပင် သေတ္တာလေးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမက ဝေ့ဝူယင်၏ ချောမောသည့် မျက်နှာကို သေးကြည့် လိုက်မိ၏။

“သူက ယင်လေးထက်တောင် ပိုတော်တယ်”

ဆွေမျိုးများထဲမှ အလွန် ပါရမီမြင့်မားလှသည့် တစ်စုံတစ်ယောက်ကိုပင် ထျန်းလင်းယု ပြန်လည် တွေးတောလိုက်မိ၏။

ထို့နောက် သူမက သေတ္တာကို သိမ်းဆည်းဖို့ ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် ထျန်းလင်းယုက သူမထံ ဝိညာဥ်အာရုံဖြင့် စကား အချို့ ပြောလိုက်ပုံ ရသည်။ ထျန်းလင်းယု နှုတ်ခမ်းကို အနည်းငယ် စူလိုက်ကာ ထျန်းမူယန်ကို လှည့်ကြည့်လိုက်၏။

နောက်ဆုံးတွင်တော့ သူမက သေတ္တာလေးကို သိမ်းဆည်းခြင်း မပြုတော့ချေ။ ထို့အစား ဂရုတစိုက်နှင့် အဖုံးကို ဖွင့်လိုက်၏။

ဘုန်း...

အသန့်စင်ဆုံး မြူနှင်းများနှင့် လျှို့ဝှက် အလင်းများမှာ သေတ္တာ အတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က ပတ်ဝန်းကျင်ကိုပင် ကူးလူးပျံ့နှံ့ကာ လျှင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။

ထျန်းလင်းယု စိတ်လှုပ်ရှားစွာပင် သေတ္တာအတွင်းကို ငုံ့ကြည့်လိုက်၏။

“ဒါက...”

သူမ၏ ခန္ဓာကိုယ်က တုန်ရီသွားခဲ့၏။ အနားမှ ကြည့်နေသည့် ထျန်းမူယန်၏ မျက်လုံးများမှာလည်း ပြူးကျယ်သွား၏။ အခြား မြေကြီး ရှန့်ထိုများမှာ အလွန် သိချင်နေကြရာ သူတို့၏ ဝိညာဉ်အာရုံများကို ဆန့်ထုတ်ကာ စစ်ဆေး ကြည့်လိုက်ကြ၏။ မကြာခင် သူတို့ အားလုံး၏ မျက်နှာ အမူအရာများက အံ့သြ ထိတ်လန့်မှုများနှင့် ပြည့်နှက် လာခဲ့ကြလေသည်။

“သာ... သာလွန်ခြင်း... အဆင့်...”

အင်ပါယာ ဧကရာဇ် လူအိုကြီးက ထျန်းမူယန်တို့ အနားထိ ပျံသန်းလာကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်။

ဝေ့ဝူယင်မှာ မြေကြီး ရှန့်ထိုများ၏ တုန့်ပြန်မှုများကို တိတ်တဆိတ်ပင် အကဲခတ် နေခဲ့၏။ အမှန်အတိုင်း ဝန်ခံရပါက သာလွန်ခြင်း အဆင့် ထုတ်ကုန်များ၏ တန်ဖိုးကို သူ မသိသေးချေ။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း ရောင်းချနေသည့် အဂ္ဂိရတ် ထုတ်ကုန်များ စာရင်းတွင် သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို သူ တစ်ခါမှ မတွေ့ဖူးချေ။

မဟာစက်ဝန်း ကြယ်ကွင်းပြင်လို အဆင့်ကိုး အဂ္ဂိရတ် ပညာရှင်များ ပေါများသည့် နေရာတွင် သာလွန်ခြင်း အဆင့် ထုတ်ကုန်များ မရှိခြင်းမှာ နည်းနည်း အဓိပ္ပာယ် မရှိဟု ဝေ့ဝူယင် ခံစားရသည်။ ထို့အပြင်... သူတို့က လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများမှာ သာလွန်ခြင်း အဆင့် ထုတ်ကုန်များကို ဖော်စပ်ကာ ထိပ်တန်း ပါရမီရှင်များကို စျေးနှုန်း ကြီးမားစွာ ရောင်းချသင့်သည်ဟု သူ ခံစားရသည်။

“လောက ရေလွှမ်းမိုးခြင်း ဆေးလုံး...”

အသက်လတ် အရွယ် အခြား ကောင်းကင် ဧကရာဇ် တစ်ယောက်က ဆေးလုံးကို ကြည့်ရင်း အချက်အလက်ကို ထပ်ဖြည့်လိုက်သည်။ သူ၏ လေသံက အနည်းငယ် တုန်ရီနေ၏။

“သာလွန်ခြင်း အဆင့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်...”

ထျန်းလင်းယု၏ ပါးစပ်များက မယုံကြည်နိုင်မှုနှင့် အတူ ပွင့်ဟနေဆဲ ဖြစ်သည်။ သူမက အတည်ပြုသည့်နှယ် ထျန်းမူယန်ကို လှည့်ကြည့်လိုက်၏။ ထျန်းမူယန်က ဖြူရော်စွာ ပြုံးရင်း ခေါင်းညိတ် ပြလိုက်သည်။

“ချီးပဲ...”

အခြားတစ်ယောက်၌ ဝေ့ဝူယင်မှာ ကိုယ့်ကိုယ်ကို စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ ယခု၌ သူ သဘောပေါက် သွားခဲ့ပြီ ဖြစ်လေသည်။

ယနေ့ မတိုင်ခင် အချိန်အထိ... သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်များမှာ သိပ်မရှားလောက်ဟု သူ ယူဆထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မြေကြီး ရှန့်ထိုများ၏ တုန့်ပြန်မှုများ သူ့ကို အားလုံး ရှင်းပြ သွားခဲ့သည်။

အထူးသဖြင့်... ထျန်းမူယန်နှင့် ထျန်းလင်းယု.. သူတို့က သာမန် မြေကြီး ရှန့်ထိုများ မဟုတ်ချေ။ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ နံပတ်တစ်၊ အင်ပါယာ မျိုးနွယ်မှ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီးများထံမှ တုန့်ပြန်မှုများက အလွန်ပင် စကားပြောပေသည်။

“ဘုရားရေ... အထဲမှာ လျှို့ဝှက် အော်ရာ နှစ်ခုပါ ပါနေသေးတယ်...”

အင်ပါယာ မျိုးနွယ် လူအိုကြီးထံမှ နောက်ထပ် အာမေဋိတ်သံ ထွက်ပေါ်လာပြန်၏။ သူ ရည်ညွှန်းသည့် လျှို့ဝှက် အော်ရာ နှစ်ခုက လျှို့ဝှက် တာရာ သတ္တုရိုင်းနှင့် နိဗာန မီးတောက်များကို ရည်ညွှန်ကြောင်း ဝေ့ဝိုက် စဉ်းစားနေစရာ မလိုပါချေ။

အားလုံး အံ့အားသင့် ထိတ်လန့် နေကြစဉ်မှာပင် ဝေ့ဝူယင်က အားလုံး ကြားနိုင်လောက်သည့် လေသံဖြင့် ကြေညာလိုက်၏။

“အားလုံးပဲ... ကျုပ်ကို ခွင့်ပြုကြပါဦး... ခင်ဗျားတို့ရဲ့ ဝိညာဉ် ကျောက်စိမ်းတွေကို ကာကွယ်သူဟန်က လက်ခံထားပါလိမ့်မယ်”

ဂီး...

ဝေ့ဝူယင် ထိုနေရာတွင် ဆက်လက် မနေလိုတော့ကြောင်း သဘောပေါက်လိုက်လေရာ... ပိုင်လင်က အော်ဟစ်သံ တစ်ခုနှင့် အတူ နိဗာန မီးတောက်များကို ထုတ်လွှတ်လိုက်၏။ ထို့နောက် မြေကြီး ရှန့်ထိုများ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် မူလဂြိုဟ်ထံ ပြန်လည် ပျံသန်း သွားခဲ့တော့သည်။

သို့သော်လည်း... ဝေ့ဝူယင် မသိလိုက်သည့် အချက်ကား ထိုသာလွန်ခြင်း အဆင့် ထုတ်ကုန် တစ်ခုကြောင့် သူ၏ တကယ် မရှိသော နောက်ခံက မြေကြီး ရှန့်ထိုများ အကြားတွင် အတိကျဆုံးသော ယုံကြည်မှုနှင့် အတူ ပျံ့နှံ့သွားခဲ့ပြီ ဆိုခြင်းပင် ဖြစ်လေသည်။ အဘယ်ကြောင့်နည်း။

အဂ္ဂိရတ် လောက၌ လျှို့ဝှက် အဆင့် ထုတ်ကုန်များမှာ မကြာခဏ ဆိုသလို အဂ္ဂိရတ် ရှန့်ထိုများ၏ ဖော်စပ်မှု၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ စုပေါင်း အားထုတ်မှုတို့နှင့် အတူ ပေါ်ထွက်လာလေ့ ရှိသည်။

သို့သော်လည်း သာလွန်ခြင်း အရည်အသွေးနှင့် အဆင့်ကိုး ထုတ်ကုန်များကိုတော့ လူနှစ်ယောက်တည်းကသာ ဖန်တီးနိုင်ပေသည်။ သူတို့က မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုနှင့် ထာဝရ ဧကရာဇ်တို့ပင်။

...

အကြွင်းမဲ့ စည်းစိမ် နယ်မြေ...

အကြွင်းမဲ့ စည်းစိမ် နယ်မြေမှာ ရွှေရောင် အသက်နန်းတော်၏ အုပ်ချုပ်မှု အောက်၌ တည်ရှိကာ အလွန် စည်ပင် ဝပြောသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။ နယ်မြေ အတွင်း၌ အကြီးစား ဂြိုဟ်ကြီး သုံးလုံး တည်ရှိကာ ၎င်းတို့ကို ဂြိုဟ်ရံလ လေးဆယ့် ငါးစင်းက ဝန်းရံလှည့်ပတ်နေသည်။

၎င်းတို့ကို စည်းစိမ်လများဟု ခေါ်ကာ ဂြိုဟ်သုံးလုံးကို ကြီးစဉ်ငယ်လိုက် ဆယ့်ခုနစ်စင်း၊ ဆယ့်ငါးစင်း၊ ဆယ့်သုံးစင်း စသည်ဖြင့် အစဉ်လိုက် လှည့်ပတ်နေသည်။ စည်းစိမ်လများမှာ ကျင့်ကြံသူများ အိမ်ပြု နေထိုင်ကြသည့် နေရာများလည်း ဖြစ်ကာ စိုက်ခင်းများ၊ မိုင်းတွင်းများ၊ ယာခင်းများ အလွန်ပင် ပေါကြွယ်ဝလှသည်။

အခြားတစ်ဖက်၌ အဓိက ဂြိုဟ်ကြီး သုံးစင်းကတော့ လူနေထိုင်မှု မရှိသလောက်ပင် ဖြစ်သည်။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်က နေထံမှ စွမ်းအင်များကို စုပ်ယူကာ ဂြိုဟ်ရံလများကို ပံ့ပိုးပေးဖို့ ဖြစ်သည်။ လဂြိုဟ်များ၌ နေထိုင်သည့် ထရီလျံပေါင်း များစွာသော ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ ဘီလျံ ဂဏန်းခန့် လူဦးရေမှာ အလွန်ပင် နည်းပါးလှပေသည်။

စည်းစိမ်လများမှာလည်း တစ်ခုနှင့် တစ်ခု အလွန် ကွဲပြားလှ၏။ အချို့က တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်း နေတတ်သည့် ပတ်ဝန်းကျင်မျိုးကို ပိုင်ဆိုင်ထားကာ အချို့ကလည်း ကန္တာရ ကြီးများလိုပင် ဖြစ်သည်။ သားရဲမျိုးစုံ မှီတင်း နေထိုင်ကြသည့် စည်းစိမ် သားရဲလ တစ်ခုပင်လျှင် အကြွင်းမဲ့ စည်းစိမ် နယ်မြေကြီး အတွင်း၌ ရှိ၏။

ထိုကဲ့သို့ အမျိုးမျိုး အဖုံဖုံ ကွဲပြားလှသည့် လများထဲ၌ လောကညီမျှခြင်းလ ဟု ခေါ်သည့် လဂြိုဟ် တစ်ခုလည်း ရှိနေပေသည်။

လောကညီမျှခြင်း...

လောကညီမျှခြင်းမှာ အကြွင်းမဲ့ စည်းစိမ် နယ်မြေ အတွင်း ကျင့်ကြံသူများ အများဆုံး မှီတင်း နေထိုင်ကြသည့် နေရာ တစ်ခု ဖြစ်ကာ နာမည်ကျော် ထိပ်သီး ကျင့်ကြံခြင်း ကုန်းမြေတစ်ခုလည်း ဖြစ်သည်။ နှစ်ပေါင်း မရေမတွက်အောင် အကြွင်းမဲ့ စည်းစိမ် နယ်မြေ အတွင်းရှိ ထိပ်သီး အင်အားစုများမှာ သူတို့၏ ပါရမီရှင်များကို ပြုစု ပျိုးထောင်ရန် ထိုနေရာကို စေလွှတ်လေ့ ရှိသည်။

လောကညီမျှခြင်းလမှာ အလွန်တရာ ကြွယ်ဝသည့် ကြယ်တာရာ အမတေများကို ပိုင်ဆိုင်ထားသည်။ အကြမ်းဖျဉ်းအားဖြင့် ၎င်း၏ ကြယ်တာရာ အမတေမှာ အခြား စည်းစိမ်လများထက် ၈၀ ရာခိုင်နှုန်း ပိုမို ထူထပ်သည့် အပြင် ၂၅၀ ရာခိုင်နှုန်း ပိုမို သန့်စင်သည်။

ထိုနေရာ၌ သဘာဝ အတိုင်း ကျင့်ကြံရုံဖြင့်ပင် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများမှာ ချီအမတေ အရေအတွက်ကို တိုးမြှင့်နိုင်လိမ့်မည် ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်များမှာ သူတို့၏ အမြုတေ အရွယ်အစားကို ချဲ့ထွင်နိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် အမျိုးမျိုးသော စွမ်းအင်များ အပေါ် နားလည်နိုင်စွမ်းများမှာလည်း ပိုမို တိုးတက်လာပေလိမ့်မည်။

လောက ညီမျှခြင်းလ၏ တစ်နေရာ၌ အမျိုးမျိုးသော မျိုးနွယ်ကွဲများ ပေါင်းစပ်ထားသည့် ကျင့်ကြံသူ တစ်စု ရှိနေခဲ့၏။ သူတို့ထဲ၌ အယ်ဗန်များ၊ နတ်ဆိုးများ၊ ရှို့ရန်များ၊ လူသားများ ပေါင်းစပ် ပါဝင်နေပေသည်။ သူတို့ထဲမှ အများစုက တစ်ယောက်နှင့် တစ်ယောက် စကားပြောနေကြကာ အချို့ကတော့ ကျောက်ဖြာကဲ့သို့ နေရာများတွင် ထိုင်ကာ ကြယ်တာရာ အမတေများကို စုပ်ယူ ကျင့်ကြံ နေကြသည်။

သူတို့က မိုင်ပေါင်း ဒါဇင်နှင့်ချီ၍ ဖြန့်ကျက် နေရာယူထားကြကာ ထိုဧရိယာ တစ်ဝိုက်၌ နန်းတော်များ အပြင် ကြည်လင် သန့်ရှင်းသည့် ရေကန်တစ်ကန်ပင် ရှိနေခဲ့သည်။ မလှမ်းမကမ်းတစ်နေရာတွင်တော့ ကုန်းမြင့်လေး တစ်ခု ရှိနေ၏။

“ယား...”

အော်ဟစ် မာန်သွင်းသံများမှာ ကုန်းမြင့်ထက်ရှိ စင်မြင့်တစ်ခုထက်တွင် ထွက်ပေါ်လာ၏။ ပုံရိပ်နှစ်ခုမှာ အသံထက် မြန်သည့် နှုန်းဖြင့် တိုက်ခိုက် နေကြသည်။ ပေါက်ကွဲမှုများက နေရာအနှံ့ ဖြစ်ပေါ်နေကာ မန်နာများမှာ စီးချက်ညီစွာ ဝေ့ဝဲ လှုပ်ရှား နေကြ၏။

ဘုန်း... ဘုန်း...

မိနစ် အနည်းငယ် ကြာပြီးနောက်၌ ပုံရိပ် နှစ်ခုမှာ နောက်သို့ ပြန်လည် ခွာသွားကြ၏။ လှုပ်ရှားမှုများ ရပ်တန့် သွားသည်နှင့် အမျှ သူတို့၏ ပုံရိပ်များက ထင်ရှားစွာပင် ပေါ်လွင်လာကြသည်။

ပထမ တစ်ယောက်က အသက် နှစ်ဆယ်ကျော်ခန့်သာ ရှိမည့် လူသား မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက ငယ်ရွယ်နုနယ်သည့် အပြင် နတ်မိမယ် တစ်ပါးလို လှပသည့် မျက်နှာနှင့် ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ် ကောက်ကြောင်းများကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း... သူမကို ကြည့်မိသူတိုင်း ထိုအလှတရားများထက် သူမ၏ အော်ရာကိုသာ အလျင် သတိထားမိလိမ့်မည် ဖြစ်သည်။

ထိုအော်ရာက သန့်စင်သည်။ တစ်ချိန်တည်း၌ မွန်မြတ်သည်။ ကြီးကျယ် ခမ်းနားသည်။ လောကနှင့် မရေမတွက်နိုင်သည့် လူများအား အုပ်စိုးနေသည့် အရှင်သခင်များသာ ပိုင်ဆိုင်နိုင်သည့် အော်ရာမျိုး ဖြစ်သည်။ အကယ်၍ သင်သာ သေမျိုး တစ်ယောက်ဆိုပါက သူမကို တွေ့မြင်သည်နှင့် အလိုလို ကြည်ညို လေးစားကာ ဦးခိုက်လိုစိတ်များ ဖြစ်ပေါ်လာလိမ့်မည်ည ဖြစ်သည်။

ထိုမိန်းကလေးမှာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းမှ မဟာ မင်းသမီး ဝူပိုင်ကျိုးမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။

***

All Chapters