အကြွင်းမဲ့ စည်းစိမ်
Vol. 68 Ch. 942
အကြွင်းမဲ့ စည်းစိမ် နယ်မြေ အတွင်းရှိ ဂြိုဟ်သုံးလုံး ဗဟိုချက် ဆုံရာ နေရာတွ် ရွှေရောင် ငွေရောင်တို့ဖြင့် ခြယ်သထားသည့် ဂိတ်တံခါးကြီး တစ်ခု ရှိနေခဲ့သည်။ ၎င်း၏ မျက်နှာပြင် ထက်တွင်တော့ အသက် ဆိုသည့် စာလုံးကြီးကို ခန့်ညားစွာ ရေးထိုးထားသည်။ ထိုဂိတ်တံခါးကြီးမှာ အကြွင်းမဲ့ စည်းစိမ် နယ်မြေ၏ လောကနယ်မြေ ရှစ်ဆယ့် တစ်ခု အနက်မှ အရေးအကြီးဆုံး တစ်ခု ဖြစ်သည့် အကြွင်းမဲ့ စည်းစိမ် ဦးတည် နေပေသည်။
အကြွင်းမဲ့ စည်းစိမ်...
၎င်းက လောကနယ်မြေ တစ်ခု ဖြစ်သည့်တိုင် လောကနယ်မြေ ဟူသည့် နာမ်စားမျိုး မည်သူမှ မသုံးချေ။ သည်အတိုင်း အကြွင်းမဲ့ စည်းစိမ် ဟုသာ ခေါ်သည်။ ရွှေရောင် အသက်နန်းတော်၏ အမျိုးမျိုးသော မှတ်တမ်းများ အရ ဆိုလျှင် အကြွင်းမဲ့ စည်းစိမ်မှာ ရွှေရောင် အသက်နန်းတော် စတင် တည်ထောင်ပြီးနောက် ပထမဆုံး ဖန်တီးခဲ့သည့် လောကနယ်မြေဟု ဆိုသည်။ ၎င်းက အရာအားလုံး၏ အစဖြစ်ကာ နောင်အခါတွင် အကြွင်းမဲ့ စည်းစိမ် နယ်မြေ အဖြစ် မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ တဖြည်းဖြည်း နေရာယူလာခဲ့ပေသည်။
အကြွင်းမဲ့ စည်းစိမ်တွင် ဝင်ပေါက် တစ်ခုတည်းသာ ရှိပုံ ပေါ်သည့်တိုင် ထိုဝင်ပေါက်က လောကနယ်မြေ အတွင်းရှိ အမျိုးမျိုးသော နေရာများနှင့် ဆက်သွယ် ထားပေသည်။ ဆိုလိုသည်က ဝင်ရောက်သူများမှာ ထိုဝင်ပေါက် တစ်ခုတည်း ဖြတ်သန်း၍ နေရာ အနှံ့အပြားကို သွားလာနိုင်ပေသည်။
ဟူး... ဟူး...
ဝူယုနှင့် မာ့ကျန်းတို့မှာ ဂိတ်တံခါး အရှေ့ အမှောင် ဟင်းလင်းပြင်ထဲတွင် တိတ်တဆိတ် လွင့်မြော နေခဲ့ကြ၏။ တံခါးရွက်ထက်ရှိ ‘အသက်’ ဆိုသည့် ရွှေရောင် စကားလုံးကို ငေးမောကြည်ရင်း ဝူယု၏ မျက်လုံးများက စိတ်လှုပ်ရှားမှု အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
မာ့ကျန်းက ပင့်သက် တစ်ချက် ရှိုက်ကာ ရှုပ်ထွေးနေသည့် ခံစားချက်များကို ဖယ်ထုတ်ဖို့ ကြိုးစားလိုက်သည်။ ရွှေရောင် အသက်နန်းတော်၏ တတိယမြောက် အုပ်ချုပ်ရေးမှူး တစ်ယောက် အနေဖြင့် သူထံတွင် ဂိတ်တံခါးနှင့် ချိတ်ဆက်နိုင်သည့် သော့တစ်ခု ရှိပေသည်။ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် ရွှေရောင်သော့ တစ်ခုမှာ မာ့ကျန်း၏ လက်အတွင်း ပေါ်ထွက် လာခဲ့၏။
ဝူယုမှာ ထိုမြင်ကွင်းကို မြင်လိုက်ရာ ကိုယ့်ကိုယ်ကို အသင့်ပြင် ထားလိုက်၏။ အထဲကို ဝင်ရောက်ပါက ထောက်ချောက် တစ်ခုထဲကို တန်းပြီး ကျရောက်သွားလေမလား မပြောနိုင်ပါချေ။ သူ တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို တဒင်္ဂ အချိန်အတွင်း ဖော်ထုတ်နိုင်အောင် အဆင်သင့် ပြင်ထားလိုက်သည်။
သို့သော်လည်း မာ့ကျန်းမှာ ဂိတ်တံခါးကို ဖွင့်ရန် သော့ကို မသုံးခဲ့ပါချေ။ သူက ခေါင်းကို ခါယမ်းကာ အိုမင်းနေသည့် လေသံဖြင့် အနည်းငယ် ရယ်မောလိုက်၏။
“ကျုပ်က ဒီနည်းလမ်းကို သုံးဖို့ နှစ်တစ်သောင်းလောက် အသက်ကြီး နေပါပြီလေ...”
ထို့နောက် သူက လက်သီးကို ဆုပ်ကာ ရွှေရောင် သော့ကို အမှုန့်ချေ ပစ်လိုက်၏။ ဝူယုက အနည်းငယ် အံ့သြဟန်ဖြင့် သူ့ကို ကြည့်လိုက်သည်။
“သူတို့ရဲ့ သဘောထားတွေက အခု ရှင်းလင်းနေပြီပဲ...”
မာ့ကျန်းက ထူးမခြားနား လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူက အဝေး တစ်နေရာမှ ချဉ်းကပ်လာနေသည့် ငွေရောင် အလင်းတန်းကို လှမ်းကြည့်လိုက်၏။
“အချိန်ကိုက်ပဲ...”
ဝူယုက မာ့ကျန်း ကြည့်နေသည့် နေရာကို လှမ်းကြည့်လိုက်၏။ မြေကြီး ရှန့်ထို အဆင့် အမြင်အာရုံဖြင့် သူ ငွေရောင် အလင်းတန်းထဲမှ ပုဂ္ဂိုလ်ကို ရှင်းလင်းစွာပင် လှမ်းမြင်နိုင်ပေသည်။ သူမက ကြက်သွေးရင့်ရောင် ဝတ်ဆင်ထားသည့် အသက်လတ် အရွယ် မိန်းမကြီး တစ်ယောက် ဖြစ်ကာ ခိုင်မာသည့် မြေကြီး ရှန့်ထို အဆင့် အော်ရာကို ပိုင်ဆိုင်ထားသည်။ သူမ၏ မျက်လုံးများက မာနတရားနှင့် အတူ တဖျပ်ဖျပ် တောက်ပနေကာ တော်ဝင်ဆန်သည့် အငွေ့အသက်များကို သယ်ဆောင်ထား၏။
ထိုအမျိုးသမီး၏ ညာဘက်တွင်တော့ ရုပ်ရည်ချင်း အတော်အတန် ဆင်တူသည့် မိန်းကလေး တစ်ယောက် လိုက်ပါလာ၏။ သူမ၏ ဆံနွယ်များက အသက်လတ် မိန်းမကြီးလိုပင် မီးခိုးရင့်ရောင် ဖြစ်သည်။ သို့သော်လည်း မိန်းမကြီးနှင့် ခြားနားစွာပင် သူမထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်များက မာ့ကျန်းလို စီးပွားရေး သမား ဆန်လှသည်။
ထိုမိန်းကလေးမှာ မာ့ဆုကျင်းမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။
သူတို့ နှစ်ယောက်မှာ ငွေရောင် အော်ရာများ ထုတ်လွှတ်နေသည့် ဟင်းလင်းပြင် သင်္ဘော အသေး တစ်စင်းကို စီးနင်းကာ ခရီးနှင် လာကြခြင်းပင် ဖြစ်သည်။ ထိုသင်္ဘောကလေးမှာ ဟင်းလင်းပြင် ခုန်ကျော်မှု ပြုလုပ်နေသည့် အလား မိုင်ပေါင်းများစွာကို မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ရွေ့လျား ဖြတ်ကျော် သွားနေခဲ့၏။
စက္ကန့် အနည်းငယ် အတွင်းမှာပင် သူတို့မှာ ဝူယုတို့နှင့် မီတာ အနည်းငယ်ခန့် အကွာကို ရောက်ရှိလာကာ ရပ်လိုက်၏။ အသက်လတ် မိန်းမကြီးက မာ့ကျန်းကို တစ်ချက်ပင် မကြည့်ချေ။ ထို့အစား သူမက တည်ငြိမ်စွာပင် ပတ်ဝန်းကျင်ကိုသာ လှည့်ပတ် ကြည့်လိုက်၏။
“အဟန့်အတား မရှိတာလား...”
မာ့ဆုကျင်က နှုတ်ခမ်ကလေးကို အနည်းငယ် စူကာ မိန်းမကြီးကို မကျေနပ်ဟန်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း မိန်းမကြီးက သူမ၏ ခံစားချက်ကို ဂရုစိုက်ပုံ မပေါ်ချေ။
မာ့ကျန်းက မိန်းမကြီး၏ သဘောထားကို အလေးအနက်ထားဟန် မရပဲ တည်ငြိမ်စွာပင် ပြန်လည် အဖြေပေးလိုက်၏။
“သူတို့တွေက ဘယ်ဘက်ကို ရွေးချယ်မလဲ ဆိုတာ ဆုံးဖြတ် ပြီးသွားကြပြီ... ငါ့အမိန့်နဲ့ ဒီနေရာကနေ ထွက်ခွာ သွားကြပြီ”
ထိုအဖြေကို မျှော်လင့်ထားပြီး ဖြစ်သည့် အလား မိန်းမကြီးက ခေါင်းညိတ်လိုက်၏။ အစောင့် အဆင့်လောက်ကိုမှ မထိန်းချုပ်နိုင်လျှင် မာ့ကျန်းမှာ မာ့ကျန်း မပီသတော့ချေ။
“ဒါဆို ရှင် ဘာလို မဝင်သေးတာလဲ...”
နောက်ဆုံး၌ မိန်းမကြီးမှာ မာ့ကျန်း ရှိသည့် အရပ်ကို မျက်နှာမူလိုက်၏။ ဝူယုထံမှ ထွက်ပေါ်နေသည့် အလွန် သန်မာသည့် လျှို့ဝှက် အော်ရာကို သူမ ခံစားလိုက်ရသည်။ ထိုအခိုက်၌ ဝူယုမှာ ကိုယ်ရေးကိုယ်တာကို ဖုံးကွယ်ရန် မာ့ကျန်း ပေးထားသည့် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထား၏။
မာ့ကျန်းကတော့ သေမျိုးတစ်ပိုင်း အရှင်အိုကြီး တစ်ယောက်၏ အော်ရာကို ဆက်လက် ထုတ်ဖော်ထားဆဲ ဖြစ်လေသည်။
အသက်လတ် မိန်းမကြီး၏ မျက်လုံးများက ဝူယုကို ကြည့်ရင်း စိတ်ဝင်စားမှုများနှင့် တဖျပ်ဖျပ် တောက်ပသွား၏။ မာ့ကျန်းက မည်သည့် နေရာက မြေကြီး ရှန့်ထို တစ်ယောက်ကို ဖိတ်ခေါ်ထားသနည်း။ အပေါ်ယံ ကြည့်ရုံဖြင့်ပင် ထိုပုဂ္ဂိုလ်က သာမန် မဟုတ်သည်မှာ ထင်ရှားပေသည်။
“ဂိတ်တံခါးမှာ သံသယ ဖြစ်စရာ အချက်တွေ တွေ့ရတယ်... အထဲမှာ အန္တရာယ် ပေးနိုင်တဲ့ ဝင်္ကပါတွေ ပြောင်းတပ်ဆင်ထားတယ်လို့ ယူဆလို့ ရတယ်”
နောက်ဆုံး၌ ဝူယုမှာ မာ့ကျန်း သော့ကို ဖျက်ဆီးခဲ့သည့် အကြောင်းရင်းကို နားလည် သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများက ဝိညာဥ်အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပလာကာ ဂိတ်တံခါးကို လှမ်းကြည့် လိုက်သည်။ သို့သော်လည်း... သူ ထိုဂိတ်တံခါးကို ဖြတ်သန်း၍ ဘာကိုမှ တိတိကျကျ မမြင်နိုင်ပါချေ။ ဝူယု အနည်းငယ် အံ့သြ သွားမိ၏။ သူက အာကာသ လမ်းစဉ်ကို နားလည်ထားသည့် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ အနည်းဆုံး သံသယ ဖြစ်စရာ အချက် တစ်ချက်လောက်ကိုတော့ သတိထားမိသင့်သည် မဟုတ်ပါလား။
“ကျွန်မတော့ ဘာကိုမှ အာရုံခံလို့ မရဘူး...”
မိန်းမကြီးက ပျံသန်းလာကာ ဂိတ်တံခါးကို အနီးကပ် စစ်ဆေး လိုက်၏။ မာ့ကျန်း၏ ပြောစကားက သက်သေ အထောက်အထား မရှိသယောင် သူမ ခံစား ရသည်။
မာ့ကျန်းကတော့ မိန်းမကြီး ယုံယုံ၊ မယုံယုံ ဂရုမစိုက်ပါချေ။
“ငါတို့တွေ ခြောက်မြှောင့်ကြယ်ကို သုံးမယ်”
ခြောက်မြှောင့်ကြယ် ဆိုသည်မှာ မိန်းမကြီးနှင့် မာ့ဆုကျင်းတို့ စီးနင်း ရောက်ရှိလာသည့် ဟင်းလင်းပြင် သင်္ဘောကိုပင် ရည်ညွှန်းခြင်း ဖြစ်ပေသည်။ ၎င်းက စစ်ပွဲ အတွက် ရည်ရွယ်တည်ဆောက်ထားသည့် လက်နက် တစ်ခု ဖြစ်ကာ ထိပ်တန်း အဆင့် ထိုးဖောက်ဝင်ရောက်နိုင်စွမ်းနှင့် ကိုယ်ဖျောက် စွမ်းရည်တို့ကို ပိုင်ဆိုင်ထားပေသည်။ သို့သော်လည်း... အကြွင်းမဲ့ စည်းစိမ်၏ အတားအဆီးနှင့် အကာအကွယ် ဝင်္ကပါများကို ထိုးဖောက်နိုင်ပါမည်လား ဆိုသည်ကတော့ မသေချာ မရောရာသော အချက်တစ်ခု ဖြစ်သည်။
“အရမ်း အန္တရာယ်များမှာ သေချာတယ်”
အသက်လတ် မိန်းမကြီးက ပြောလိုက်၏။ အကယ်၍ ကံဆိုးပါက ထိုးဖောက်ရန် ကျရှုံးကာ အမျိုးမျိုးသော ဝင်္ကပါများ၏ ချုပ်နှောင်မှု အတွင်းကိုပင် ကျရောက်သွားနိုင်သည်။
“ဟုတ်တယ်... ဒါပေမဲ့ ငါတို့ လုပ်မှ ရမယ်... အစည်းအဝေးက ဒီနေ့ပဲ”
မာ့ကျန်းက ပြုံးရင်း ခြောက်မြှောင့်ကြယ်ထံ ပျံသန်းသွားလိုက်သည်။ ဝူယုက သူ့နောက်မှ လိုက်လာခဲ့၏။
“အစည်းအဝေးက ဒီနေ့လား...”
အသက်လတ် မိန်းမကြီး၏ လေသံက ပထမဆုံး အကြိမ် အဖြစ် ပြောင်းလဲ သွားကာ အံ့အားသင့်သည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့၏။
“ရှင် ဘယ်လိုသိလဲ... သူတို့က ရှင့်ရာထူးကို ယာယီ ဖယ်ရှားထားကြတာ မဟုတ်ဘူးလား... နောက်ပြီး အချက်အလက် ပေါက်ကြားမယ့် ကိစ္စမျိုးကို သူတို့ တင်းကြပ်ထားမှာ သေချာတယ်... သိသမျှလူတိုင်းကို လျှို့ဝှက် ကျိန်စာတောင် ကျိန်ဆိုခိုင်းထားလောက်တယ်...”
သူမသည်လည်း ခြောက်မြှောင့်ကြယ်ထံ ပြန်လည် ပျံသန်းလာခဲ့၏။ မာ့ကျန်းက အပြုံးဖြင့်သာ တုန့်ပြန် လိုက်သည်။ မာ့ဆုကျင်း၏ မျက်လုံးများက ဖခင် ဖြစ်သူ အတွက် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်လာခဲ့၏။
မာ့ကျန်းက ယခု လောလောဆယ် ဘာကိုမှ ဖွင့်ပြောဦးမည် မဟုတ်ကြောင်း အသက်လတ် မိန်းမကြီး သဘောပေါက် သွားခဲ့သည်။ သူမက မာ့ကျန်းကို မကျေမနပ် တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် မာ့ဆုကျင်းကိုပါ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
သူတို့ နှစ်ယောက်မှာ သားအမိများ ဖြစ်ကြကြောင်း တကူးတက အကဲဖြတ်စရာ မလိုပါချေ။ ကွဲပြား ခြားနားပုံ ပေါ်သည့်တိုင် သူတို့ အကြားတွင် တူညီမှုများ ရှိကြပေသည်။
“သွားကြမယ်...”
မာ့ကျန်းက ခြောက်မြှောင့်ကြယ် သင်္ဘောကို ထိန်းချုပ် လိုက်သည်။ ထို့နောက် ဟင်းလင်းပြင်နှင့် ပေါင်းစပ်လိုက်ကာ ရုတ်ချည်းပင် ပျောက်ကွယ် သွားခဲ့တော့သည်။ အကယ်၍ ဝေ့ဝူယင်သာ ထိုမြင်ကွင်းကို တွေ့ပါက အလွန် အံ့အားသင့်သွားလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်... ထိုအရာက သူ အာကာသ ဆုံမှတ်လှိုင်းကို ပိုင်ဆိုင်ပြီးနောက် ရရှိလာသည့် အာကာသ ပေါင်းစပ်ခြင်း စွမ်းအင် ဖြစ်နေသောကြောင့်ပင်။
...
အကြွင်းမဲ့ စည်းစိမ် လောကနယ်မြေ အတွင်း၌...
လောကတစ်ခုလုံးမှာ ရွှေရောင်၊ အဖြူရောင် အလင်းတန်းများဖြင့် ပြည့်လျှံနေသည်။ ထိုအလင်းရောင်များမှာ လောကနယ်မြေ၏ ကောင်းကင်ထက်ရှိ တိုက်တန် အရွယ် ရွှေရောင် နေကြယ်ကြီးထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုနေကြယ်ကြီး၌ စက်ဝိုင်း သဏ္ဌာန် ထီးနှစ်စင်း ရှိကာ တစ်ခုက ရွှေရောင်၊ တစ်ခုက အဖြူရောင် ဖြစ်ပေသည်။
ထိုရောင်စဉ်ထီးကြီး နှစ်ခုမှာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်များနှင့် ဆင်တူသော်လည်း... ၎င်းတို့ထံတွင် ထူးခြားမှု တစ်ခု ရှိပေသည်။ ၎င်းတို့မှာ နေကြယ်မှ ကြယ်တာရာ အမတေများကို သန့်စင်ထားသည့် လျှို့ဝှက် အမတေနှင့် အလင်းများကို လောကနယ်မြေထံ ဖြန့်ကျက်နေခဲ့သော်လည်း အားလုံးတော့ မဟုတ်ပါချေ။
လောကကြီးအတွင်း ဖြန့်ကျက်နေသည့် အလင်းတန်း နှစ်ခု အနက် ရွှေရောင်မှာ ကြယ်တာရာ အလင်းများကို ကိုယ်စားပြုကာ အဖြူရောင်ကတော့ လျှို့ဝှက် အလင်းကို ကိုယ်စားပြုသည်။ ထို့ကြောင့်... ၎င်းထံတွင် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်များနှင့် နှိုင်းယှဉ်နိုင်သည့် တသမတ်တည်း ရှိမှု ကင်းမဲ့နေကြောင်း ပေါ်လွင်စေသည်။
အကြွင်းမဲ့ စည်းစိမ်မှာ လူပေါင်း ဘီလျံချီ၏ နေအိမ် ဖြစ်၏။ သို့သော်လည်း အရွယ်အစားအားဖြင့် ၎င်းမှာ ထရီလျံနှင့်ချီ နေထိုင်နိုင်သည် အထိ ကြီးမားလှသည်။ လောကနယ်မြေကြီး၏ နေရာ အစိတ်အပိုင်း များစွာမှာ ဧရာမ ကောင်းကင် နန်းတော်ကြီးများ၊ စံအိမ်များ၊ မိုင်းတွင်းများ၊ လယ်ယာခင်းများနှင့် ပြည့်နှက် နေ၏။ အကြွင်းမဲ့ စည်းစိမ် ဆိုသည့် နာမည် အတိုင်း ၎င်းမှာ အဆုံးမဲ့သော ကြွယ်ဝ ချမ်းသာခြင်းများကို ပိုင်ဆိုင်ထားပေသည်။
လောကနယ်မြေ အတွင်းရှိ ကောင်ကင် နန်းတော်များ၊ စံအိမ်များကို အလင်း တံတား ကွန်ယက်များနှင့် ချိတ်ဆက်ထားသည်။ နေရာတိုင်း၌ ကုန်ပစ္စည်းများ သယ်ဆောင်ထားသည့် ဟင်းလင်းပြင် သင်္ဘောများမှာ လှုပ်ရှား သွားလာနေကြ၏။ ၎င်းတို့မှာ အလင်း တံတားများမှ တစ်ဆင့် အမျိုးမျိုးသော ဟင်းလင်းပြင် ဂိတ်တံခါးများထံ ဝင်ထွက် သွားလာနေကြကာ အခြား လောကနယ်မြေများ၊ ရွှေရောင် အသက်နန်းတော်၏ ကိုင်းခွဲများထံ ဝင်ရောက်ခြင်းများကို ပြုလုပ် နေကြသည်။
အကြွင်းမဲ့ စည်းစိမ်မှာ ရွှေရောင် အသက်နန်းတော်၏ ဗဟို နယ်မြေပိုင်နက် တစ်ခုသာ မကချေ။ အကြွင်းမဲ့ စည်းစိမ် နယ်မြေကြီး တစ်ခုလုံး၏ ပိုင်နက်လည်း ဖြစ်သည်။ ထို့အပြင်... စီးပွားရေး အချက်အချာ အကျဆုံး ဆိပ်ကမ်းနေရာ တစ်ခုလည်း ဖြစ်၏။
ထိုကဲ့သို့ ကျယ်ပြန့်သည့် ပိုင်နက်ကြီး အတွင်း၌ အလွန် ကြီးကျယ် ခမ်းနားလှသော နန်းတော်ကြီး တစ်ခုလည်း ရှိနေခဲ့လေသည်။ ထိုနန်းတော် အတွင်းတွင် ကောင်းကင်တု တစ်ခုနှင့် အတူ အလွန် ကြီးမား ကျယ်ပြန့်သည့် မြက်ခင်း ကွင်းပြင်ကြီး တစ်ခု ရှိနေခဲ့၏။
လှပသည့် မိန်းမငယ်လေး တစ်ယောက်မှာ အဇူရာ အကြေးခွံများနှင့် သားရဲကြီး တစ်ကောင်၏ကျောထက်၌ ထိုင်ရင်း ကောင်းကင်ကို ငေးကြည့် နေခဲ့၏။ သူမက အနက်ရောင် နောက်ခံတွင် ခရမ်းရောင် နဂါးများ ခြယ်သထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ မိန်းမငယ်လေး၏ အမူအရာက တည်ငြိမ်နေကာ သူမ၏ ဟေဇယ်ရောင် မျက်ဝန်းများက အလင်းရောင် အောက်တွင် တဖျပ်ဖျပ် တောက်ပနေသည်။
ထိုမိန်းကလေးမှာ ရွှယ်ရီဖေးမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။
***