ရွှေအစည်းအဝေး၏ အကြောင်းရင်း
Vol. 68 Ch. 943
“ဂါး...”
အဇူရာ သားရဲကြီးက နှာမှုတ်ထံကြီး တစ်ချက်ကို ထုတ်လွှတ်လိုက်၏။ ရွှယ်ရီဖေးက သိမ်မွေ့စွာ ပြုံးကာ သတ္တဝါကြီး၏ အကြေးခွံပေါ်မှ ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ လွန်ခဲ့သည့် လများ အတွင်း၌ အန်နုမှာ သူမနှင့် အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။
“မိန်းကလေးရွှယ်... တစ်ခုခု လိုအပ်တာ ရှိလား...”
ညင်သာသည့် မေးသံတစ်ခု ထွက်ပေါ်လာ၏။ ရွှယ်ရီဖေးက အသံလာရာကို နည်းနည်းလေးမျှ လှည့်ကြည့်ခြင်း မရှိပဲ ကောင်းကင်အတုကိုသာ ဆက်လက် မော့ကြည့် နေခဲ့သည်။
“တစ်ခုခု လိုအပ်တာ ဟုတ်လား...”
သူမ၏ လေသံက လှောင်ပြောင်လိုသည့် အရိပ်အငွေ့များနှင့် ပြည့်နှက် နေခဲ့၏။ သို့သော်လည်း... သူမက ဘာမှ ဆက်မပြောတော့ချေ။
“တကယ်လို့ တစ်ခုခု လိုအပ်တာများ ရှိခဲ့ရင် ရွှေရောင် အသက်နန်းတော်ရဲ့ ဂုဏ်အယူရဆုံး ဧည့်သည် တစ်ယောက် အနေနဲ့ အတတ်နိုင်ဆုံး ဖြည့်ဆည်ပေးဖို့ ကျွန်မ ဒီနေရာကို လာခဲ့တာပါ”
အသံပိုင်ရှင်က ယဉ်ကျေးနိုင်သမျှ ယဉ်ကျေးအောင် ပြောလိုက်၏။ ခြေသံများက တဖြည်းဖြည်း ပိုမို၍ နီးကပ် လာနေခဲ့သည်။ ရွှယ်ရီဖေး မျက်မှောင်ကြုတ်လိုက်ကာ အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်၏။ သူမက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် အသက်လတ် အရွယ် မိန်းမကြီး တစ်ယောက် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ အလွန် ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင် အော်ရာများ ထွက်ပေါ်နေကာ သေမျိုးတစ်ပိုင်း အရှင် အဆင့် ဖြစ်ကြောင်း ထင်ရှားစေသည်။
ရွှယ်ရီဖေးက အနည်းငယ် ပြုံးလိုက်၏။
“ရှင်တို့က တကယ်ပဲ ကျွန်မ တောင်းဆိုတာကို ပေးမှာလား...”
မိန်းမကြီးမှာ ထိုစကားအပေါ် အံ့အားသင့်သွားပုံ မရပါချေ။ သည်အတိုင်း တည်ငြိမ်စွာပင် ပြန်လည် ပြောလိုက်လေ၏။
“အရေးကြီးတဲ့ တောင်းဆိုချက် ဖြစ်မယ် ဆိုရင်တော့ အုပ်ချုပ်ရေးမှူးတွေ အားလုံးရဲ့ သဘောတူညီချက်ကို လိုအပ်ပါတယ်... နန်းတော် သခင်တွေ၊ ကိုင်းခွဲ အုပ်ချုပ်ရေးမှူးတွေနဲ့ ကောင်စီဝင်တွေ အားလုံးက ဒီနေ့မှာ ရွှေအစည်းအဝေး တစ်ခု အတွက် စပြီး စုစည်း နေကြပါပြီ... ဒီတော့ ကောက်ချက်တစ်ခု ထွက်လာဖို့ အချိန် အကြာကြီး စောင့်ရမှာ မဟုတ်ပါဘူး... မိန်းကလေးရွှယ်”
ရွှယ်ရီဖေးက အနည်းငယ် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အသက်လတ် မိန်းမကြီးထံမှ အကြည့်ကို ပြန်လွှဲကာ ကောင်းကင်ကိုသာ ပြန်လည် မော့ကြည့်လိုက်သည်။ မိန်းမကြီး ထွက်ခွာသွားသော အခိုက်တွင်မှ သူမက သက်ပြင်းတစ်ချက် ချလိုက်၏။
“နောက်ထပ် နည်းနည်းလေးပါပဲ...”
...
ယနေ...
အကြွင်းမဲ့ စည်းစိမ် တစ်ခုလုံးမှာ သက်ဝင် လှုပ်ရှားကာ တက်ကြွ နေခဲ့၏။ ကိုင်းခွဲ အုပ်ချုပ်ရေးမှူးများ၊ ကောင်စီ အဖွဲ့ဝင်များ အပါအဝင် ရွှေရောင် အသက်နန်းတာ်၏ အမျိုးမျိုးသော ထိပ်တန်း အဖွဲ့ဝင်များစွာမှာ ဟင်းလင်းပြင် ဂိတ်တံခါးများမှ တစ်ဆင့် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာနေခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ နန်းတော် သခင် ကိုယ်တိုင် ဦးစီးကာ ကျင်းပမည့် ရွှေအစည်းအဝေးပွဲ ရှိသောကြောင့်ပင်။
ရွှေအစည်းအဝေးပွဲ...
ရွှေရောင် အသက်နန်းတော်တွင် ရွှေလေလံပွဲ ကဲ့သို့ ရှားပါးသည့် ဖြစ်ရပ်များ၊ တရား ဥပဒေ စီရင်ထုံးများ ပြောင်းလဲသည့် အခါမျိုး၌ ရွှေဆိုသည့် နာမဝိသေသန တပ်ကာ ခေါ်ဝေါ်လေ့ ရှိသည်။ ရှန့်ထို ညီလာခံလို ပွဲတော်ကြီးက တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်လေရာ ပထမ တစ်ခုကတော့ ဖြစ်နိုင်ချေ မရှိပါချေ။ ရွှေရောင် အသက်နန်းတော် အတွင်း၌ လူနည်းစု သာလျှင် ထိုအစည်းအဝေး၏ ရည်ရွယ်ချက်ကို သိရှိထားပေသည်။
အလွန် အရွယ်အစား ကြီးမားသည့် သင်္ဘောကြီးများ၊ သေးငယ်သော်လည်း အထင်ကြီးစရာ ကောင်းသည့် သင်္ဘောများ အလင်းတံတားများမှ တစ်ဆင့် တစ်ဆင့် ဝင်ရောက်လာနေသည့် မြင်ကွင်းများက အားလုံး၏ သိချင်စိတ်ကို ပိုမို၍ နှိုးဆွပေးနေခဲ့၏။ ထိုကဲ့သို့ ဖြစ်ပွားခဲ့သည့် နောက်ဆုံးအကြိမ်က အာရုဏ်ဦး နေမီးတောက် ဆေးလုံး အကြောင်း ရွှေလေလံပွဲ ကျင်းပပြုလုပ်ခဲ့သည့် နေ့တွင် ဖြစ်သည်။
မကြာခင်မှာပင် ကောင်းကင် သင်္ဘောများ အားလုံးမှာ အကြွင်းမဲ့ စည်းစိမ်၏ ဗဟို၌ ရှိသည့် ရွှေရောင် အသက်နန်းတော်ကြီးတွင် စုစည်းမိသွားကြပြီ ဖြစ်သည်။ ၎င်းတို့အားလုံးမှာ ကိုင်းခွဲ လေးခု အတွက် နေရာချထားသည့် ကောင်းကင် လျှောက်လမ်းများတွင် သူ့နေရာနှင့် သူ ရပ်ထားလိုက်ကြ၏။ ထိုအရာကပင် ရွှေရောင် အသက်နန်းတော်၏ စနစ်ကျမှုပင် ဖြစ်လေသည်။
သမိုင်းကြောင်း တစ်လျှောက်၌ ရွှေရောင် ရွှေရောင် အသက်နန်းတော်၏ ခေါင်းဆောင် နေရာမှာ အကြိမ်ပေါင်းများစွာ အပြောင်းအလဲ ဖြစ်ခဲ့သော်လည်း နည်းစနစ်ကျမှုနှင့် စည်းမျဉ်းစည်းကမ်းများကတော့ အမြဲတမ်း တသမတ်တည်း တည်တံ့ခဲ့သည်။ ထိုအရာကပင် ရွှေရောင် အသက်နန်းတော်၏ ဘုန်းတန်ခိုးကို နှစ်ကာလ ဘယ်လောက်ပင် ရှည်ကြာပါစေ တည်တံ့စေခဲ့ခြင်း ဖြစ်သည်။
အဆောက်အအုံကြီး အတွင်းရှိ ဘဲဥ ပုံသဏ္ဌာန် စားပွဲကြီး တစ်ခု၏ ပတ်လည်တွင်တော့ ဒါဇင်ပေါင်း များစွာသော ပုံရိပ်များမှာ စုစည်း နေခဲ့ကြလေသည်။ စားပွဲ၏ ဘေးဘက်နားများတွင်တော့ ပင်လယ်လှုံ့ဆော် အမွှေးတိုင်များကို ထွန်းထားခဲ့သည်။ ၎င်းက လျှို့ဝှက်မြေကြီး အဆင့်နိမ့် ဆေးတောင့် တစ်မျိုး ဖြစ်ကာ အသိစိတ်ပင်လယ်ကို လှုံ့ဆော်ပေးနိုင်သည့် မွှေးရနံ့ တစ်မျိုးကို ထုတ်လွှတ်ပေးနိုင်သည်။ ထိုနည်းဖြင့် ကျင့်ကြံသူများ၏ စိတ်စွမ်းအင်များက ပိုမို ထွက်ပေါ်လာလိမ့်မည် ဖြစ်ကာ ဆွေးနွေးနေသည့် ကိစ္စများ အပေါ် ပိုမို အာရုံစိုက်နိုင်လိမ့်မည် ဖြစ်သည်။
စားပွဲဝိုင်း၌ ထိုင်နေကြသည့် အဖွဲ့ဝင် အားလုံး၏ မျက်နှာများက အလွန်အမင်း လေးနက်နေကြသလို တစ်ချိန်တည်း၌ အံ့အားသင့်သည့် အငွေ့အသက်များကိုလည်း ထုတ်ဖော် နေကြသည်။ သူတို့၏ အမူအရာများက ထိုအစည်းအဝေးမှာ အလွန်ပင် အရေးကြီးကြောင်း ဖော်ပြနေသည်။
အခန်းအတွင်း၌ ကောင်စီဝင် လူကြီး ဆယ့်သုံးဦးနှင့် ကိုင်းခွဲ အုပ်ချုပ်ရေးမှူး လေးဦး စုစုပေါင်း ဆယ့်ခုနစ်ဦး ရှိနေခဲ့ကြ၏။ ရွှေကောင်စီဝင် လူကြီးများမှာ ရွှေရောင် နန်တော်၏ အရေးကြီးသည့် နေရာများတွင် တာဝန် လုပ်ကိုင်နေသည့် အုပ်ချုပ်ရေးမှူးများတော့ မဟုတ်ပါချေ။ သူတို့ထဲတွင် နောက်ကွယ်မှ ပံ့ပိုးနေသူများ ပါဝင်သလို ရင်းနှီး မြှုပ်နှံသူများထဲမှ မဲပေး ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များလည်း ပါဝင်ပေသည်။ ရွှေကောင်စီဝင်များမှာ နန်းတော်အတွင်း ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကြီးမားသည့် သြဇာအာဏာ တစ်ခုကို ဆုပ်ကိုင်ထားကြပေသည်။
ဥပမာအားဖြင့် အချို့ ကောင်စီ အဖွဲ့ဝင် လူကြီးများမှာ ထိပ်တန်း အဆင့် ဖန်တီးခြင်း ပညာရှင်များ ဖြစ်ကြသည်။ သူတို့ထဲ၌ မူလနှင့် မဟာ သေမျိုး အဂ္ဂိရတ် ပညာရှင်များ၊ လျှို့ဝှက် အဆင့် ဗိသုကာ ပညာရှင်များ၊ ပန်းပဲ ဆရာကြီးများ ပါဝင်ပေသည်။ သူတို့က အမျိုးမျိုးသော ဌာနများကို ဦးစီးကာ အဂ္ဂိရတ် ထုတ်ကုန်များ၊ လက်နက်များ၊ အစီအရင် ဝင်္ကပါများ ထုတ်လုပ်သည့် အပိုင်းများကို တာဝန်ယူ ထားကြပေသည်။ ရွှေရောင် အသက်နန်းတော် စည်ပင် ကြီးပွားလာရခြင်းတွင် သူတို့၏ လုပ်အားက အလွန် အရေးပါသော ကဏ္ဍ တစ်ရပ်မှ ပါဝင်နေပေသည်။
စားပွဲ၏ ထိပ်ဆုံး ထိုင်ခုံတွင် ထိုင်နေသည့် ပုဂ္ဂိုလ်မှာ အရပ်ရှည်ရှည်၊ ခန့်ညားသည့် မျက်နှာနှင့် အသက်လတ် လူကြီး တစ်ယောက် ဖြစ်သည်။ သူက မုတ်ဆိတ်များကို သေသပ်စွာ ရှင်းလင်းထားကာ အနက်ရောင် ဆံပင်ကို အောက်၌ ခပ်လျော့လျော့ စည်းထားခဲ့သည်။ တစ်နည်းအားဖြင့် ထိုပုဂ္ဂိုလ်မှာ လူရည်သန့်ကာ ချောမောခန့်ညားသည်ဟု ဆိုရပေလိမ့်မည်။
အသက်လတ် လူကြီး၏ ခန္ဓာကိုယ်မှ အလွန် အစွမ်းထက်သည့် အော်ရာများ ထွက်ပေါ်နေကာ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထား၏။ သူ၏ အညိုရောင် မျက်လုံးများက အကြည့်တစ်ချက်ဖြင့်ပင် အရာအားလုံးကို အမိန့်ပေးနိုင်သလို တဖိတ်ဖိတ် တောက်ပနေသည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးမှာ ထိုပုဂ္ဂိုလ်ကြီးကို တွေ့သည်နှင့် ချက်ချင်းပင် တန်းကာ မှတ်မိလိမ့်မည် ဖြစ်သည်။
သူက ရွှေရောင် အသက်နန်းတော်၏ လက်ရှိ နန်းတော် သခင်၊ ပင်မ အသက်ကိုင်းခွဲ၏ အုပ်ချုပ်ရေးမှူးချုပ်၊ ရွှေရောင် အသက်နန်းတော်၏ မြေကြီးရှန့်ထို နှစ်ယောက် အနက်မှ တစ်ယောက် ဖြစ်သည့် ရှန်းကျီးကျိပင် ဖြစ်လေသည်။
ထိုအခိုက်၌ ကျန်လူ ဆယ့်ခြောက်ယောက်လုံး၏ အာရုံများမှာ ရှန်းကျီးကျိအပေါ်တွင် စုပြုံကာ ကျရောက် နေခဲ့ကြ၏။ လေထု၏ အခြေအနေက လေးနက်နေကာ ကြီးမားသော ဖိအားများနှင့် ပြည့်နှက် နေသည်။ သို့သော်လည်း... ကျန်းကျီးကျိက ထိုအခြေအနေကို အပြုံးတစ်ခုနှင့် ဖြိုခွဲလိုက်၏။
“ရွှေရောင် အသက်နန်းတော်ရဲ့ ရှစ်ဆယ့် ခုနစ်ကြိမ်မြောက် ရွှေအစည်းအဝေးကို မစတင်ခင် တတိယ ကိုင်းခွဲရဲ့ အုပ်ချုပ်ရေးမှူး အသစ် ဘန်မာ့ကို အရင်ဆုံး ကြိုဆိုချင်ပါတယ်...”
ရှန်းကျီးကျိက လေးနက်ကာ သြဇာ အာဏာ ပြည့်ဝသည့် အသံဖြင့် ကြေညာကာ လက်ခုပ် တီးလိုက်လေ၏။ အခြားလူများမှာလည်း နောက်မှ လိုက်လံကာ လက်ခုပ် တီးလိုက်လေသည်။
ဘန်မာ့မှာ ငယ်ရွယ်ပုံ ပေါ်သည့် ယောက်ျား တစ်ယောက် ဖြစ်ကာ စာသင်သား ကုန်သည် တစ်ယောက်၏ အငွေ့အသက်ကို သယ်ဆောင်ထားသည်။ သူက အရမ်းကြီး ချောမောခြင်း မရှိသည့်တိုင် ရုပ်ဆိုးသည့် လူတစ်ယောက်တော့ မဟုတ်ပါချေ။ ဘန်မာ့က မျက်မှန်ကိုင်းကို လက်ဖြင့် မတင်လိုက်ရင်း မတ်တက်ရပ်ကာ ရှန်းကျီးကျိကို ဦးညွှတ်လိုက်၏။ ထို့နောက် သူက ရှည်လျားသည့် ကျေးဇူးတင်စကားနှင့် ရာထူး အသစ်ကို လက်ခံကြောင်း စကားများ ပြောဆိုလိုက်သည်။
ဘန်မာ့မှာ တတိယ ကိုင်းခွဲ၏ အဓိက ကလန်များ အနက် တစ်ခု ဖြစ်သည့် ဘန်ကလန်မှ ဖြစ်သည်။ သူတို့က တတိယကိုင်းခွဲ အတွင်း သတ္တုရိုင်း ကဏ္ဍကို တာဝန်ယူရကာ အဆင့်မြင့် မိုင်းတွင်းများ၊ ၎င်းတို့နှင့် ပတ်သက်သည့် စာချုပ်စာတမ်းများကို ကိုင်တွယ်ရသည်။ ဘန်မျိုးနွယ်မှာ တတိယ ကိုင်းခွဲ အတွင်း အုပ်ချုပ်ရေးမှူးကို အဓိက ယှဉ်ပြိုင်ခွင့် ရှိသည့် မျိုးနွယ် တစ်ခုလည်း ဖြစ်သည်။
မာ့ဆုကျင်း ရာထူးဖြုတ်ခံရပြီး နောက်တွင် ဘန်မာ့မှာ မာ့ကျန်း၏ လက်ထောက် အုပ်ချုပ်ရေးမှူး တစ်ယောက် ဖြစ်လာခဲ့သည်။ ဘန်မာ့မှာ ငယ်ရွယ်သည့် အပြင် ကုန်သည် တစ်ယောက် အနေဖြင့် စွမ်းဆောင်ရည်ပိုင်းတွင်လည်း မြင့်မားလှရာ အချို့သော ကဏ္ဍများတွင် မာ့ကျန်းကိုပင် ယှဉ်ပြိုင်နိုင်ခဲ့သည်။
ဘန်မာ့မှာ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်သာ ဖြစ်သည့်တိုင် သေမျိုးတစ်ပိုင်း အရှင် အဆင့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူ၏ လျှို့ဝှက် အာဏာရှင် ကျရှုံးခြင်း အဆင့်က တတိယ အုပ်ချုပ်ရေးမှူး ရာထူးကို ပေးအပ်ရန် ပြီးပြည့်စုံပေသည်။ ၎င်းအား ကောင်းမွန်သည့် ယာယီ အစားထိုးမှု တစ်ခုဟု ဆိုနိုင်ပေသည်။
အချို့ကတော့ ရှန်းကျီးကျိမှာ ဘန်မျိုးနွယ်ကို တတိယ အုပ်ချုပ်ရေးမှူး ဖြစ်သင့် မဖြစ်သင့် ဘန်မာ့ဖြင့် ယာယီ အစားထိုးကာ လေ့လာခြင်း ဖြစ်ကြောင်း သိကြပေသည်။ အကယ်၍ သင့်တော်ခြင်း မရှိပါက အခြား ကလန် တစ်ခုနှင့် လွယ်လွယ်ကူကူ အစားထိုးနိုင်ပေသည်။
ရွှေကောင်စီဝင်များမှာ ပြုံးရယ်ကာ လက်ခုပ်တီးနေကြေသော်လည်း ကိုယ်စီ ရည်မှန်းချက် ကိုယ်စီကို ဆုပ်ကိုင်ထားကြပေသည်။ အကယ်၍ တတိယ အုပ်ချုပ်ရေးမှူးကို ဆုပ်ကိုင်နိုင်ပါက သူတို့၏ သြဇာ အာဏာနှင့် ကြွယ်ဝ ချမ်းသာမှုများမှာ များစွာ တိုးတက် သွားလိမ့်မည် ဖြစ်သည်။
မာ့ကျန်း၏ လမ်းကတော့ ဆုံးသွားပြီဟု ဆိုနိုင်ပေသည်။ ရွှေရောင် အသက်နန်းတော်၏ မူလ အသက်ကိုင်းခွဲနှင့် ဒုတိယက ကိုင်းခွဲတို့မှာ မာ့မျိုးနွယ်ကို တတိယ အုပ်ချုပ်ရေးမှူး နေရာမှ ဖယ်ရှားပစ်ရန် အမြဲတမ်း ကြိုးစားနေခဲ့ကြသည်။ သို့သော်လည်း... မာ့မျိုးနွယ်၏ အဆက်အသွယ်၊ အဆက်မပြတ် တိုးပွားနေသည့် အကျိုးအမြတ်များ၊ နှစ်စဉ်စာချုပ် အသစ်များကြောင့်ပင် မာ့မျိုးနွယ်ကို ဖယ်ရှားရန်မှာ အမြဲတမ်း ခက်ခဲခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... ကံကောင်းထောက်မစွာပင် လွန်ခဲ့သည့် နှစ်များ၌ မာ့မျိုးနွယ်မှာ မာ့ဆုကျင်း၏ ရာထူး အလျှော့ခံရမှု၊ မာ့ကျန်း၏ သက်တမ်း အကန့်အသတ်ကို ရောက်ရှိလာမှု၊ ဆက်ဆံသူ ကင်းမဲ့မှုတို့ ကဲ့သို့သော အဓိက ပြဿနာများကို ရင်ဆိုင်လာခဲ့ရသည်။ ထိုပြဿနာများကပင် မာ့ကျန်းကို အတင်းအကြပ် အနားယူစေရန် အကြောင်းရင်းများ ဖြစ်လာစေခဲ့သည်။
ကြားရသည်မှာ ရိုးရှင်းပုံ ပေါ်သော်လည်း ထိုကဲ့သို့ ပြုလုပ်ရန် အတွက် ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့သည့် ဥပဒေများ ရှိပေသေးသည်။ ထိုဥပဒေသ အရ လုံလောက်သည့် မဲပေး ရွေးချယ်ခွင့် မရှိပဲ မာ့ကျန်းကို ဖယ်ရှားဖို့ မဖြစ်နိုင်ချေ။
ရွှေကောင်စီဝင် အများစုမှာ ကိုင်းခွဲများမှ ရရှိသည့် အကျိုးအမြတ်များ အပေါ် မှီခိုကာကြွယ်ဝ ချမ်းသာ နေကြသူများ ဖြစ်သည်။ ကိုင်းခွဲလေးခုထဲ၌ တတိယ ကိုင်းခွဲထံမှ အကျိုးအမြတ်မှာ အခြား ကိုင်းခွဲများအောက် လျော့ကျသည်ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ ထိုကဲ့သို့ အကျိုးအမြတ် များစွာ ပေးနေသည့် မာ့မျိုးနွယ်ကို သူတို့က အဘယ်ကြောင့် ဖယ်ရှားပစ်ရမည်နည်း။
မာ့ကျန်းမှာ ရာထူးတည်မြဲရေး အတွက် မည်ကဲ့သို့ ကြံဖန်ရမည်ကို သေချာသိသည့် မြေခွေးအိုကြီး တစ်ယောက် ဖြစ်သည်။ သူက တစ်ကောင်ကျွေးကာ နှစ်ကောင်စားသည့် နည်းလမ်းကို အမြဲတမ်း လက်ကိုင်ထားသူ တစ်ယောက် ဖြစ်သည်။
ဘန်မာ့၏ နှုတ်ဆက်စကား ပြောပြီးနောက်တွင် ရှန်းကျီးကျိက ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက လေးနက်သည့် အမူအရာဖြင့် ပြောလိုက်လေသည်။
“ဒီနေ့ ရှစ်ဆယ့် ခုနစ်ကြိမ်မြောက် ရွှေအစည်းအဝေးကို ခေါ်ရတဲ့ အကြောင်းရင်းကတော့ ရွှယ်ရီဖေး ကြောင့်ပါပဲ...”
***