ရွှေအစည်းအဝေး၏ အကြောင်းရင်း (၂)
Vol. 68 Ch. 944
ရွှယ်ရီဖေး...
စားပွဲဝိုင်းရှိ လူအချို့မှာ ထိုနာမည်ကြောင့် အံ့သြသွားကြ၏။ သူတို့ ထိုနတ်ဂါး မင်းသမီးလေးကို သိထားပေသည်။ ထိုမိန်းကလေးမှာ အလွန် ထူးချွန်သည့် ပါရမီရှင် တစ်ယောက် ဖြစ်သည့် အပြင် ဝေ့ဝူယင်၏ ကိုယ်လုပ်တော် တစ်ယောက် အနေဖြင့်လည်း ကျော်ကြားပေသည်။ ရွှယ်ရီဖေးမှာ ဝေ့ဝူယင်နှင့် တရားဝင် ဆက်ဆံရေး ရှိသည့် တစ်ဦးတည်းသော မိန်းကလေးလည်း ဖြစ်သည်။ သတင်းစကားများ အရဆိုလျှင် သူမကို မာ့မျိုးနွယ် ကျင့်ကြံသူများက စောင့်ရှောက်ထားသည်ဟု သိရသည်။
ထို့အပြင်... ရွှယ်ရီဖေးမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးဖြင့် ထုဆစ်ထားသည့် လောကနယ်မြေ တစ်ခုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ ထို့အပြင် ၎င်းက မာ့လုလင် အသုံးပြုခဲ့သည့် ဆေးလုံးထက်ပင် ပိုမို အရည်အသွေး မြင့်မားကာ အဆင့်မြင့် ထုတ်ကုန် တစ်ခုဟု ဆိုကြသည်။ လွန်ခဲ့သည့် လပိုင်း အတွင်း မိန်းကလေး အကြွင်းမဲ့ စည်းစိမ်ကို ရောက်ရှိနေသည်ဆိုသည့် ကောလဟလများမှာ ပျံ့နှံ့ခဲ့သေး၏။
ရှန်းကျီကျိက တစ်ခဏမျှ ရပ်ကာ ရွှယ်ရီဖေး ဆိုသည့် နာမည်အပေါ် အားလုံး၏ တုန့်ပြန်မှုများကို အကဲခတ် လိုက်သည်။ ထို့နောက် ကျေနပ်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ကာ ဆက်ပြောလိုက်၏။
“မိန်းကလေးရွှယ်က အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းနဲ့ လဲလှယ်ဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်”
“ဘာကြီး...”
အားလုံး၏ အမူအရာများမှာ ပြောင်းလဲ သွား၏။
“အဲဒါက တကယ်ပဲလား...”
မုတ်ဆိတ်ဖြူများနှင့် လူအိုကြီး တစ်ယောက်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်၏။ သူက ရွှေရောင် အသက်နန်းတော်၏ အဂ္ဂိရတ် ဌာနတွင် အာဏာ အရှိဆုံး ပုဂ္ဂိုလ် တစ်ဖြစ်လည်း ရွှေယုပင် ဖြစ်သည်။ သူက ရွှေရောင် အသက်နန်းတော်၏ တစ်ဦးတည်းသော မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်ကာ လူငယ် အဂ္ဂိရတ် ပညာရှင်များကို ဦးဆောင် လေ့ကျင့်ပေးနေသူလည်း ဖြစ်သည်။ သူက ရွှေရောင် အသက်နန်းတော် အတွင်းတွင် များစွာသော လွှမ်းမိုးမှုများကို ဆုပ်ကိုင်ထားကာ ရွှေကောင်စီဝင် လူကြီး ထိုင်ခုံ တစ်နေရာကို အပိုင်စား ရရှိထားပေသည်။
ရွှေယု မေးခွန်း မေးလိုက်ချိန်တွင် အခြားလူများမှာလည်း ရှန်းကျီးကျိကို ကြည့်လိုက်ကြ၏။ ထိုအရာက အမှန်တကယ်လော။
မာ့မျိုးနွယ်မှာ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းကို ပိုင်ဆိုင်ထားကြောင်း အားလုံး သိကြပေသည်။ မာ့ကျန်း ရာထူးမှ ဆိုင်းငံ့ဖယ်ရှား ခံထားရသည့်တိုင် သူတို့မှာ ဆေးညွှန်းကို ဆက်လက် သိမ်းဆည်းထားဆဲ ဖြစ်သည်။ သူတို့မှာ အခြား အဆက်အသွယ်များမှ တစ်ဆင့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ရရှိကာ လေ့လာခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ပင်လျှင် ၎င်းအား မည်ကဲ့သို့ ပြုလုပ်ရမည်ကို မဝေခွဲနိုင်ခဲ့ကြချေ။
ရွှေယုမှာ ရာစုနှစ် အနည်းငယ် အတွင်း ဆေးညွှန်းကို လေ့လာဆန်းစစ် သုတေသန ပြုလုပ်ရန် ရည်ရွယ်ချက် ရှိသော်လည်း ရာစုနှစ် ဆိုသည့် အချိန်များက မသေးငယ်လှချေ။ အကယ်၍ ယခုချက်ချင်း ဆေးညွှန်းကို ရရှိနိုင်ပါက အကောင်းဆုံး ဖြစ်သည်။
“အမှန်ပါပဲ...”
ရှန်းကျီးကျိက အတည်ပြုလိုက်၏။ သူ၏ မျက်လုံးများက ဂုဏ်ယူမှု အငွေ့အသက်များနှင့် ပြည့်နှက် နေသည်။ ရွှေလေလံပွဲ ကျင်းပခဲ့စဉ်က ဆေးလုံးအား ရရှိသူမှာ ကြယ်ကွင်းပြင်၏ အနာဂတ် ခေါင်းဆောင် ဖြစ်လာလိမ့်မည် ဆိုသည့် စကားများ ပျံ့နှံ့ခဲ့သေးသည်။ ဤသို့ဆိုလျှင် ဆေးညွှန်းအား ကိုယ်တိုင် ဆုပ်ကိုင်ထားနိုင်မည့် သူတို့ကရော...။
ခပ်တိုတို ရွှေအိုရောင် ဆံပင်များနှင့် မိန်းကလေး တစ်ယောက်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ရှန်းကျီးကျိကို ကြည့်လိုက်၏။
“ဘာနဲ့ လဲရမှာလဲ... နန်းတော်သခင်ရှန်း...”
“…”
သူမ၏ မေးခွန်းက လူတိုင်းကို စိတ်ဝင်စားသွားစေခဲ့၏။ ရှန်းကျီးကျိ၏ အမူအရာက အပြောင်းအလဲ မရှိပါချေ။ တည်ငြိမ်စွာပင် အဖြေပေးလိုက်လေ၏။
“ထိုင်ခုံတစ်နေရာနဲ့...”
“ထိုင်ခုံတစ်နေရာနဲ့...”
လှပသည့် မိန်းကလေး၏ မျက်မှောင်က ပို၍ နက်ရှိုင်းသွားကာ ခရမ်းရောင် ခြယ်ထားသည့် လက်သည်းများနှင့် ခုံကို တဒေါက်ဒေါက် ခေါက်လိုက်၏။ အခြားလူများ၏ အမူအရာများမှာလည်း ပြောင်းလဲသွားကြကာ ဝိညာဥ် အာရုံများနှင့် အချင်းချင်း ဆက်သွယ် ဆွေးနွေး လိုက်ကြသည်။
“ဆေးညွှန်းလေး တစ်ခု အတွက်လား...”
မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ရွှေယုက သုန်မှုန်စွာဖြင့် မေးလိုက်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းကို ရရှိခြင်းဖြင့် သူတို့၏ ရာစုနှစ် အနည်းငယ် အချိန်များကို သက်သာ စေနိုင်သော်လည်း ထိုအရာက ဤစားပွဲ၏ ထိုင်ခုံတစ်နေရာနှင့် ယှဉ်လျှင် ပမွှားသာ ဖြစ်သည်။
ရွှေအစည်းအဝေးမှာ ဆွေးနွေးမှုများ၊ ညှိနှိုင်းမှုများကို အမြဲတမ်း တံခါးဖွင့်ထားသည်။ သူတို့ အားလုံးက စီးပွားရေး သမားများ ဖြစ်လေရာ မည်သည်က အကျိုးအမြတ် ရှိသည်၊ မရှိသည်ကို ကောင်းစွာ သိပေသည်။ ရှန်းကျီးကျိမှာ ရှစ်ဆယ့်ခုနစ်ကြိမ်မြောက် ရွှေအစည်းအဝေးကို ခေါ်ဆိုခဲ့ရာ သူ့ထံတွင် အကြောင်းပြချက်ကောင်း တစ်ခု ရှိမှာ သေချာသည်။
“ထိုင်ခုံကို ဘယ်သူက ထိုင်မှာလဲ...”
လှပသော မိန်းကလေးက ရှန်းကျီးကျိကို ကြည့်ရင်း မေးလိုက်၏။ အားလုံးမှာလည်း စိတ်ဝင်တစားဖြင့် ကြည့်လိုက်လေသည်။ ရှန်းကျီးကျိက ချက်ချင်း အဖြေမပေးသေးပဲ ပြုံးလိုက်၏။
၎င်းက အားလုံးကို ပိုမို၍ စိတ်ဝင်စားသွားစေခဲ့သည်။ ဖြစ်နိုင်ချေက သုံးခု ရှိပေသည်။ ပထမတစ်ခုက နဂါး မင်းသမီးလေး ရွှယ်ရီဖေး ကိုယ်တိုင် ထိုင်ခုံကို ရယူခြင်း ဖြစ်နိုင်သည်။ ဒုတိယ တစ်ခုက ရွှယ်ရီဖေးမှာ ခင်ပွန်း ဖြစ်သူ ဝေ့ဝူယင် အတွက် ကြိုးစားပေးခြင်း ဖြစ်နိုင်သည်။ ထိုဖြစ်နိုင်ချေကတော့ ဖြစ်ဖို့ရန် အတော်လေး ခက်ခဲပေသည်။
သတင်းများ အရဆိုလျှင် ဝေ့ဝူယင်မှာ လျှို့ဝှက် ဆန်းကြယ်သည့် နောက်ခံ အင်အားစု တစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထို့အပြင် သူက မြေကြီး ရှန့်ထို အဆင့် နှစ်ယောက်ကိုလည်း အိပ်ကပ်ထဲ ထည့်ထားနိုင်သူ ဖြစ်သည်။ ထန်မျိုးနွယ်နှင့် တိုက်ခိုက်ခဲ့သည့် မြေကြီး ရှန့်ထို ဆိုလျှင် သူ၏ မူလဇစ်မြစ်ကိုပင် မသိရချေ။ နောက်တစ်ယောက် ဖြစ်သည့် အာရုဏ်ဦး မဟာ စစ်သည်တော် ဝူယုကတော့ လူတိုင်း သိပြီးသား အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် ဖြစ်ပေသည်။
တတိယမြောက် ဖြစ်နိုင်ချေကတော့ လူတိုင်း မြင်ရန် ဆန္ဒ မရှိသည့် အလားအလာ တစ်ခုပင် ဖြစ်သည်။ အထူးသဖြင့် ရွှေရောင် အသက်နန်းတော်၏ ခေါင်းဆောင်ပိုင်းများပင်။
တစ်ခေတ်တစ်ခါတုန်းက ဆေးနတ်ဘုရား အစည်းအရုံး၏ အဖြစ်အပျက်မှာ လူတိုင်း နမူနာ ယူစရာ ကောင်းလှသည်။ ထာဝရ ဧကရာဇ် ရောက်မလာခင်အချိန်ကဆိုလျှင် ဆေးနတ်ဘုရား အစည်းအရုံးမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အဂ္ဂိရတ် နယ်ပယ်တွင် သြဇာအကြီးမားဆုံး အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ခဲ့သည်။ သူတို့ကို နာမည်ကျော် ထာဝရ နတ်ဘုရား ကိုယ်တိုင်က ဦးစီးခဲ့၏။
သို့သော်လည်း ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး ဖြစ်သည့် ထာဝရ ဧကရာဇ် ရောက်ရှိလာခဲ့ချိန်တွင်တော့ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ သမာရိုးကျ စည်းမျဉ်းများမှာ ပြောင်းလဲ သွားခဲ့ကာ ဆေးနတ်ဘုရား အစည်းအရုံးမှာလည်း သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ နာမည်သည်ပင် ထာဝရ အစည်းအရုံး အဖြစ် ပြောင်းလဲ သွားခဲ့ကာ ထာဝရ နတ်ဘုရားမှာလည်း လက်ထောက် အစည်းအရုံးသခင် ရာထူးကို လျော့ကျသွားခဲ့ရသည်။ ထာဝရ ဧကရာဇ် ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ထောင်ဂဏန်း ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် သူ၏ ထိုအဆင့်အတန်းက နောက်တစ်ဖန် ပြန်လည် တိုးတက်လာခြင်း မရှိတော့ချေ။ ထိုအရာက အတော်လေး ခံပြင်းစရာ ကောင်းသည်ဟု ဆိုရပေလိမ့်မည်။
အကယ်၍ ဝေ့ဝူယင်၏ လျှို့ဝှက် ဆန်းကြယ်သည့် နောက်ခံက ရွှေရောင် အသက်နန်းတော်ကို ထိုကဲ့သို့ ဝါးမြိုရန် ဆုံးဖြတ်ခဲ့လျှင်... ရွှေရောင် အသက်နန်းတော်မှာ မကြာခင် ရွှေရောင် အာရုဏ်ဦး နန်းတော် အဖြစ် ပြောင်းလဲ သွားရလိမ့်မည် ဖြစ်သည်။ ထိုအရာက ကျားတစ်ကောင်ကို အိမ်လည်ခေါ်လိုက်ခြင်းမျိုးနှင့် အတူတူပင် ဖြစ်သည်။ ဆေးနတ်ဘုရား အစည်းအရုံးလို အဖြစ်မျိုး သူတို့ မကြုံလိုကြချေ။
ရှန်းကျီးကျိမှာ ကောင်စီဝင် လူကြီးများနှင့် ကိုင်းခွဲ အုပ်ချုပ်ရေးမှူးများ၏ စိုးရိမ်စိတ်များကို ကောင်းစွာ ခံစားနိုင်၏။ သူက အသာအယာပင် ပြုံးလိုက်သည်။
“နဂါး မင်းသမီးလေးက ထိုင်ခုံကို သူ ကိုယ်တိုင် ယူမှာပါ... ဝေ့ဝူယင် အတွက် မဟုတ်သလို သူ့နောက်က လူတွေ အတွက်လည်း မဟုတ်ပါဘူး”
ရွှေကောင်စီဝင် လူကြီးအားလုံး၏ အမူအရာများက အမျိုးမျိုး ကွဲပြားနေကြ၏။ အများစုက သဘော မတူသည့်ဘက်ကို ယိမ်းနေကြသည်။ ရွှယ်ရီဖေးမှာ အလွန် ထူးချွန်သည့် ပါရမီရှင် တစ်ယောက် ဖြစ်သည်မှာ မှန်သည်။ သိ့သော်လည်း သူမက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းမှာ ထူးခြားကာ သူတို့အားလုံး သေမတတ် လိုချင်သည့်တိုင် တောင်းဆိုမှုကတော့ မြင့်မားလွန်းသည်။
“အဲဒါက တို့တွေ အတွက် အကျိုးအမြတ် ရှိနိုင်ပါတယ်”
လှပသည့် မိန်းကလေးက စားပွဲကို တဒေါက်ဒေါက် ဆက်ခေါက် နေခဲ့၏။ သူမ၏ အစိမ်းဖျော့ရောင် မျက်လုံးများက ရှန်းကျီးကျိကို စိုက်ကြည့် နေခဲ့သည်။
“ရွှယ်ရီဖေးက အခုလောလောဆယ် နိမ့်ကျသေးပေမဲ့ တိုးတက်လာနိုင်တဲ့ အလားအလာတွေ အများကြီး ရှိတယ်... အရေးကြီးတာက သူ့ကို စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ပံ့ပိုးပေးဖို့ပဲ... ဒီလိုဆိုရင် သူ့နေရာက တို့ အတွက် ခြိမ်းခြောက်မှု ဖြစ်လာမှာ မဟုတ်ဘူး... နောက်ပြီးတော့ သူက...”
ရွှေယုက ကြားဖြတ်ကာ ဆက်ပြောလိုက်၏။
“နောက်ပြီးတော့ ရွှယ်ရီဖေးက ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာနိုင်တဲ့လူ တစ်ယောက်နဲ့ ဆက်စပ်နေတယ် လို့ တွေးနေတာမလား... မိန်းကလေး ရှောင်...”
အခြားလူများမှာလည်း အလားတူပင် တွေးနေကြခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာရန် ကြီးမားသည့် အခွင့်အရေးကို ဆုပ်ကိုင်ထားသူ ဖြစ်သည်။ ခန့်မှန်းရန် စောသေးသည့်တိုင် သူ့နောက်ခံနှင့် ဆိုပါက ဘာမဆို ဖြစ်နိုင်ချေ ရှိသည်။
ရှန်းကျီးကျိကတော့ တိတ်တဆိတ်သာ ပြုံးနေခဲ့လေ၏။
***