စိန်ခေါ်ခြင်း
Vol. 68 Ch. 946
ရွှေကောင်စီဝင် လူကြီး တစ်ယောက်က မာ့ကျန်းကို တည်ငြိမ်စွာပင် ကြည့်လိုက်၏။
“မာ့ကျန်း... ခင်ဗျားက အခု ရွှေရောင် အသက်နန်းတော်ရဲ့ တတိယ အုပ်ချုပ်ရေးမှူး မဟုတ်တော့ဘူး ဆိုတာ သတိချပ်ပါဦး... ဒီနေရာကို လာဖို့ ခင်ဗျားမှာ အခွင့်အရေး မရှိတော့ဘူး... ဒီတော့ ကျုပ်တို အကာအကွယ် ဝင်္ကပါတွေ အစီအရင်တွေ မထုတ်ဖော်ရသေးခင် အေးအေးဆေးဆေးလေး ပြန်ထွက်သွားတာ ခင်ဗျား အတွက် အကောင်းဆုံးပဲ...”
သူ၏ ပထမ စကားက မာ့ကျန်းကိုသာ မက အခြား ကောင်စီဝင်များကိုပါ လူအိုကြီးထံတွင် သြဇာအာဏာ မရှိတော့ကြောင်း သတိပေးလိုက်ခြင်း ဖြစ်သည်။ ဒုတိယ စကားကတော့ မာ့ကျန်းကို တိုက်ရိုက် ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်လေ၏။
လက်ရှိ အချိန်အထိ ရွှေကောင်စီဝင် များစွာမှာ မာ့ကျန်းကို စကားပြောရန် ဝန်လေး နေကြဆဲ ဖြစ်သည်။ မာ့ကျန်းမှာ သူတို့ ဘိုးဘေးများ လက်ထက်ထဲ၌ ထိုထိုင်ခံ၌ ထိုင်လာခဲ့သူ ဖြစ်သည်။ သူက ထိုနေရာတွင် အမြဲတမ်း ရှိခဲ့သည်။ သူ၏ တည်ရှိမှုက ဘယ်တော့မှ အဆုံးမရှိသလိုပင် ဖြစ်ခဲ့၏။ နန်းတော်သခင် ထိုင်ခုံ နေရာ၌ လူများစွာ ပြောင်းလဲသွားခဲ့ချိန်တွင်ပင် သူက ထာဝရ တည်မြဲ နေခဲ့ပေသည်။
တည်ငြိမ်စွာ ပြုံးနေသည့် မာ့ကျန်းကို ကြည့်ရင်း များစွာသော ကောင်စီ အဖွဲ့ဝင်များမှာ ရှုပ်ထွေးသည့် ခံစားချက်များကို ခံစားနေရသည်။ ထိုလူအိုကြီးမှာ သူတို့ကို စီးပွားရေး၊ ရင်းနှီး မြှုပ်နှံမှုတို့နှင့် ပတ်သက်၍ အချို့ အရာများ သင်ကြားပေးခဲ့ဖူးသည်။ အချို့အချိန်များ၌ မာ့ကျန်းမှာ ရွှေရောင် အသက်နန်းတော်ကို ဦးစီးခဲ့သည်များပင် ရှိခဲ့သည်။ ထို့ကြောင့်ပင် မာ့ကျန်းက သူ ပိုင်ဆိုင်တာကို ပြန်ယူရန် လာသည်ဟု ပြောသော အခိုက်၌ သူတို့အားလုံး သူ့ ရည်ရွယ်ချက်ကို နားလည်လိုက်ကြပေသည်။
ရှန်းကျီးကျိက ခေါင်းခါလိုက်၏။
“မာ့ကျန်း... ခင်ဗျားခေတ်က ကုန်သွားပြီ... ဘာကိုမှ ပြန်ယူဖို့ အခွင့်အရေး မရှိတော့ဘူး... ကျုပ် ခင်ဗျားကို လေးစားတယ်... ဒါကြောင့်ထွက်သွားဖို့ နောက်ဆုံး အခွင့်အရေး ပေးနေတာ”
မာ့ကျန်းက မျက်ခုံးကို ပင့်လိုက်၏။ ထို့နောက် သူက ရွှင်မြူးစွာပင် ရယ်မောလိုက်သည်။
“နောက်ဆုံး အခွင့်အရေး ဟုတ်လား... ကျိကလေး... ငါ အဲဒီ အခန်းထဲကို ခြေချလိုက်တာနဲ့ မင်းရဲ့ အစပြုမှုတွေက ပြီးသွားလိမ့်မယ်... ငါ့ကို အတင်းအကြပ် ဖယ်ထုတ်ဖို့ ကြိုးစားမယ့် အစား ကိုယ့်ဘာကို ဘာလုပ်သင့်တယ်ဆိုတာကို အရင်တွေးထားဦး”
မာ့ကျန်း၏ အမူအရာ ထိုမျှ ရွှင်မြူးနေသည်ကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ စွန်းလီ၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ မာ့ကျန်း၏ လက်ရှိ အခြေအနေကို တိတ်တဆိတ် အကဲခတ် နေခဲ့၏။
ရှန်းကျီးကျိ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
“ကျုပ်ကို တွန်းအား မပေးနဲ့...”
သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူ့လေသံထဲတွင် နေရာယူနေ၏။ မာ့ကျန်းက ကြိုဆိုသည့် သဘောမျိုးဖြင့် လက်ဝါးကို ဖြန့်လိုက်သည်။
“ဒါဆိုလည်း လုပ်လေ... မင်းတစ်ခါ ကြိုးစားပြီး ကျရှုံးပြီးပြီ... ဒုတိယ အခွင့်အရေးကို မလွဲချော်စေနဲ့ ကျိကလေး... မဟုတ်ရင် မင်းက အရည်အချင်း မပြည့်ဘူးလို့ အချို့တွေ ထင်သွားကြလိမ့်မယ်”
ရှန်းကျီးကျိ၏ မျက်လုံးများက ပိုမို အေးစက်လာကာ အခန်း၏ အပူချိန် ပင်လျှင် ကျဆင်း သွားခဲ့၏။ သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြသည်။
အချိန်တစ်မိနစ်ခန့် ကြာမြင့်သွား၏။ မာ့ကျန်းက သက်တောင့်သက်သာပင် လက်ပိုက်လိုက်သည်။
“မင်း ပြီးပြီလား...”
အားလုံးမှာ ထိုစကားကြောင့် သံသယ ဖြစ်သွားကြ၏။ သူတို့က ရှန်းကျီးကျိကို ကြည့်လိုက်ကြသော်လည်း သူက တုန့်ပြန်ခြင်း မရှိချေ။ အနည်းဆုံး တိုက်ခိုက်သင့်သည်ဟု သူတို့ ခံစားရသည်။ ဤသည်က ရွှေရောင် အသက်နန်းတော် ဖြစ်သည်။ ဟုန်ယန်လျဲ့လန်မှာ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေမှ မြေကြီး ရှန့်ထို တစ်ယောက် ဆိုလျှင်ပင် အကြွင်းမဲ့ စည်းစိမ်တွင် မြေကြီးရှန့်ထို တစ်ယောက်ကို ဖိနှိပ်နိုင်သည့် ဝင်္ကပါများစွာ ရှိသည်။
သို့သော်လည်း ဘာမှ ဖြစ်မလာခဲ့ချေ။ ရှန်းကျီးကျိက လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်၏။
“ခင်ဗျားရဲ့ ယုံကြည်ချက်တွေက ဘယ်ကနေ လာတာလဲ မာ့ကျန်း... ခင်ဗျား အတွက် အချိန် သုံးမိနစ် ရမယ်... ခင်ဗျား ဘာလိုချင်လဲ”
အခြေအနေကို လက်ခံသည့် အလား ရှန်းကျီးကျိက မာ့ကျန်းလိုချင်သည့် အရာကို တိုက်ရိုက်ပင် မေးလိုက်၏။ မာ့ကျန်းက လက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါကမှ ပိုကောင်းသေးတယ်...”
အခြားလူများ နားမလည်နိုင်သေးသည်ကို ကြည့်ကာ ရှန်းရှီက ရှင်းပြပေးဖို့ ဆုံးဖြတ်လိုက်သည်။
“ခြောက်မြှောင့်ကြယ်က ငါတို့ကို သီးခြား ခွဲထုတ်လိုက်ပြီ... အခု ငါတို့က အကြွင်းမဲ့ စည်းစိမ်ထဲမှာ ရှိနေတယ် ဆိုပေမဲ့ မရှိတော့ဘူးလို့လည်း ပြောလို့ရတယ်... ငါတို့ကို အပြင်ဘက် ပြန်ပို့နိုင်တဲ့ ဝင်္ကပါသော့ မရှိဘူး... ဒါပေမဲ့ ဒီအစီအရင်က ကြာရှည်ခံမှာ မဟုတ်ဘူး... အပြင်ဘက်က လူတွေက ဒီသီးခြား နယ်မြေကို သတိထားမိပြီး ဖျက်ဆီးဖို့ ကြိုးစားကြလိမ့်မယ်”
“အဲဒီလိုလား...”
ရွှေကောင်စီဝင် လူကြီးများထံမှ အာမေဋိတ်သံများ ကိုယ်စီ ထွက်ပေါ်လာခဲ့၏။ ရှန်းရှီက ဖြူရော်စွာ ပြုံးလိုက်သည်။
“ခြောက်မြှောင့်ကြယ်က အာကာသ ဝေဟင်ဂိုဏ်းရဲ့ မဟာ ဟင်းလင်းပြင် သင်္ဘောသုံးစင်း ပြီးရင် အသန်မာဆုံး အာကာသ ဟင်းလင်းပြင် သင်္ဘောဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီပါတယ်... တစ်နေ့ကျရင် အဲဒီ အထဲက ဝင်္ကပါတွေကို လေ့လာခွင့် ရပါစေလို့ မျှော်လင့်မိတယ်”
ဟုန်ယန်လျဲ့လန်က ပြုံးလိုက်၏။ ခြောက်မြှောင့်ကြယ်က သူမအပိုင် ဖြစ်သည်။ အခြားလူများကို လေ့လာခွင့် ပေးလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း... လုံလောက်သည့် ငွေကြေး တစ်ခုဖြင့် ဆိုပါက သူမ စဉ်းစားကောင်း စဉ်းစားနိုင်ပေသည်။
မာ့ကျန်း၏ မျက်နှာထက်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူက အိုမင်း ရင့်ရော်နေသည့် မျက်လုံးများဖြင့် ရှန်းကျီးကျိကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့၏။
“နန်းတော်သခင် ရှန်းကျီးကျိ... အကြွင်းမဲ့ စည်းစိမ်ရဲ့ ဥဒေသ အရ နန်းတော် ပိုင်ဆိုင်ခွင့် အတွက် ကျုပ်ဘက်က စိန်ခေါ်တယ်”
မာ့ကျန်း၏ ပြတ်သားသည့် စိန်ခေါ်သံက အားလုံး၏ ကျောရိုးများကို အေးစက်သွား စေခဲ့၏။ ရှန်းကျီးကျိ၏ မျက်လုံးများက ပိုမို၍ ကျဉ်းမြောင်းလာခဲ့သည်။
သို့သော်လည်း တဖြည်းဖြည်းနှင့် သူ၏ အမူအရာက ပြန်လည် ပြေလျော့လာကာ အပြုံးတစ်ခုနှင့် အစားထိုး သွားခဲ့၏။ သူ၏ အော်ရာနှင့် အကြည့်တို့မှ သတ်ဖြတ်လိုစိတ်များက တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားသည်။
ရွှေယု၊ ရှောင်ရှီ၊ ဟုန်ယုန်လျဲ့လန်၊ စွန်းလီနှင့် အခြားလူများ၏ အမူအရာများကတော့ အမျိုးမျိုး ကွဲပြားနေ၏။ သူတို့က ရှန်းကျီးကျိထံမှ တုန့်ပြန်မှုကို စောင့်ဆိုင်း နေကြပေသည်။
ရှန်းကျီးကျီ၏ အပြုံးက ရွှင်မြူးမှုများနှင့် ပြည့်နှက်လာကာ မာ့ကျန်းကို အရူး တစ်ယောက်လိုမျိုး ကြည့်လိုက်၏။ အတိမ်အနက်ကို မသိပဲ ပင်လယ်ပြင်ကို ဖြတ်ကူးရန် ကြိုးပမ်းသည့် ဖားသူငယ် တစ်ကောင်ကို မြင်နေရသလိုမျိုး သူ ခံစားနေရသည်။
သူက မာ့ကျန်း လုပ်သကဲ့သို့ပင် လက်ဝါးကို ဖြန့်၍ ကြိုဆိုဟန် အမူအရာ ပြလိုက်၏။
“စိန်ခေါ်ဖို့ အတွက် စံသတ်မှတ်ချက်တွေကို ခင်ဗျား အရင် တင်ပြပါ”
မာ့ကျန်းက ခေါင်းတစ်ချက် ညိတ်လိုက်၏။ အကြွင်းမဲ့ စည်းစိမ်၏ ဥပဒေ အရ စိန်ခေါ်မှု တစ်ခု ပြုလုပ်ရန် စံသတ်မှတ်ချက် သုံးခု လိုပေသည်။
ပထမ တစ်ချက် အနေဖြင့် စိန်ခေါ်သူမှာ အဖွဲ့အစည်း အပေါ် သိသာ ထင်ရှားသည့် အကျိုးပြုမှုများ ရှိရမည် ဖြစ်သည်။ မာ့ကျန်းမှာ ရွှေရောင် အသက်နန်းတော် စတင် တည်ထောင်ခဲ့ချိန်ကတည်းက ပါဝင်ခဲ့သူ တစ်ယောက် ဖြစ်လေရာ ထိုကဏ္ဍ၌ မည်ကဲ့သို့ လစ်ဟင်းမှု ရှိပါမည်နည်း။
သူက ဝိညာဉ်ကျောက်စိမ်းများကို ထုတ်ယူကာ အချက်အလက်များကို နန်းတော်သခင် အပါအဝင် ကိုင်းခွဲ အုပ်ချုပ်ရေးမှူးများနှင့် ကောင်စီဝင်များထံ ပေးပို့လိုက်၏။
ဝှစ်... ဝှစ်...
အားလုံးက ဝိညာဉ်ကျောက်စိမ်းများကို လက်ခံကာ ဝိညာဉ်အာရုံကို အထဲသို့ ပို့လွှတ်၍ အချက်အလက်များကို စစ်ဆေး လိုက်ကြသည်။ တစ်ခဏ ကြာပြီးနောက် ဘန်မာ့နှင့် အချို့ အဖွဲ့ဝင်များ၏ အမူအရာများက အနည်းငယ် တုန်ရီသွားကြကာ မာ့ကျန်းကို ထိတ်လန့်စွာ မော့ကြည့် လိုက်မိကြသည်။
ရှန်းရှီပင်လျှင် မှတ်တမ်းများကို ဖတ်ရှုပြီးနောက် မာ့ကျန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။ ထိုလူအိုကြီးနှင့် နှိုင်းယှဉ်ပါက သူမ၏ အောင်မြင်မှုများမှာ ဆယ်ပုံတစ်ပုံပင် မရှိပါချေ။
“ကန့်ကွက်စရာ ရှိလား...”
မာ့ကျန်းက မေးလိုက်၏။
ရွှေယုက ခေါင်းခါလိုက်သည်။
“ကျုပ်ထက်တောင် များနေတာပဲ...”
သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို မွေးထုတ်ပေးခဲ့သည့် ဆရာ တစ်ယောက် အနေဖြင့် ရွှေယုမှာ ရွှေရောင် အသက်နန်းတော်တွင် သူ၏ အကျိုးပြုမှုက အကြီးကျယ်ဆုံး ဖြစ်လိမ့်မည်ဟု တစ်ချိန်လုံး ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... မာ့ကျန်းမှာ ဖန်တီးခြင်း စွမ်းရည် တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားခြင်းပင် မရှိပဲ ထိုမျှ စွမ်းဆောင်ခဲ့လေရာ သူ တကယ် အံ့အားသင့် နေခဲ့မိသည်။
“ရှင်က လျူမျိုးနွယ်နဲ့ သားရဲစပ်တူ စာချုပ်ကို ချုပ်ဆိုခဲ့တာပေါ့ ဟုတ်လား...”
ရွှေကောင်စီဝင် မိန်းမကြီး တစ်ယောက်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။ ထိုစာချုပ်မှာ လျူမျိုးနွယ်ကို သားရဲ အထူးပြု တော်ဝင်မျိုးနွယ် တစ်ခု အနေဖြင့် ပြန်လည် ရပ်တည်နိုင်အောင် ကူညီပေးခဲ့သည့် စာချုပ် ဖြစ်သည်။ စစ်ကြီး အပြီး ကြီးစွာသော ထိခိုက် ဆုံးရှုံးမှုများနှင့် ကြုံတွေပြီး နောက်တွင် ထိုစာချုပ်ကပင် လျူမျိုးနွယ်ကို အသက်ဆက် စေခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်အထိ သူတို့က ခိုင်မာသည့် မဟာမိတ်များ ဖြစ်နေကြဆဲ ဖြစ်ပေသည်။
မာ့ကျန်း၏ အကျိုးပြုမှု စာရင်းထဲ၌ အာရုဏ်ဦး နေမီးတောက် စာရင်းလည်း ပါဝင်ပေသည်။ ထိုစံနှုန်းနှင့် ပတ်သက်၍ ငြင်းချက်ထုတ်စရာ တစ်ခုမှ မရှိပါချေ။ အားလုံးမှာ လက်ခံကြ၏။
ရှန်းကျီးကျိပင်လျှင် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ကျုပ်ဘက်ကလည်း ငြင်းစရာ မရှိဘူး”
မာ့ကျန်းမှာ သေချာ ပြင်ဆင်လာခဲ့ပြီး ဖြစ်သည်။ ထိုစံသတ်မှတ်ချက်နှင့် ပတ်သက်၍ ငြင်းဆိုရန် ကြိုးပမ်းခြင်းက သက်သက် အချိန်ဖြုန်းခြင်းသာ ဖြစ်သည်.
နောက်ထပ် စံသတ်မှတ်ချက် တစ်ခုကား...
အတိတ်ရှိ အောင်မြင်မှုများက အတိတ်တွင်ပင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ နန်းတော် သခင် နေရာကို စိန်ခေါ်လိုသူများမှာ နန်းတော်ကို နောက်တစ်ဆင့်သို့ မြှင့်တင်နိုင်သည့် စာချုပ်၊ အလားအလာများကို ပြသဖို့လည်း လိုပေသေးသည်။ ထိုအရာကပင် ဒုတိယမြောက် စံသတ်မှတ်ချက်ပင် ဖြစ်လေသည်။
အားလုံး၏ အကြည့်များက ဟုန်ယန်လျဲ့လန် အပေါ်သို့ ကျရောက် သွားကြ၏။ ထိုအသက်လတ် မိန်းမကြီးက အလိုက်သင့်ပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေသည်။
“ကျွန်မ... ဟုန်ယန်လျဲ့လန်...”
***