မီးတောက်ခြောက်ခု ကိုင်းခွဲ စာချုပ်
Vol. 68 Ch. 947
“ကျွန်မ ဟုန်ယန်လျဲ့လန် မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေရဲ့ ဟုန်ယန် ကလန်ကို ကိုယ်စားပြုပြီး ကိုင်းခွဲ တစ်ခု တည်ဆောက်ဖို့ ကမ်းလှမ်းတယ်... နယ်မြေ ဝယ်ယူခွင့် အာကာသ ဖြတ်သန်း သွားလာခွင့်တွေပါ အပါအဝင်ပေါ့လေ”
“...”
ရွှေကောင်စီဝင်များမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။ ယင်ကျိရန်ရှီ၏ အမူအရာသည်ပင် ပြောင်းလဲ သွားသည်။
ကိုင်းခွဲ စာချုပ်၊ နယ်မြေ ဝယ်ယူခွင့်၊ အာကာသ ဖြတ်သန်း သွားလာခွင့်...
ထိုအရာက မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေတွင် ရွှေရောင် အသက်နန်းတော်ကို အပြည့်အဝ လည်ပတ်ခွင့် ပေးလိုက်ခြင်းပင် ဖြစ်သည်။ ပို့ကုန်၊ သွင်းကုန် မည်သည့် တင်းကြပ်မှုများမှ ရှိတော့မည် မဟုတ်ပါချေ။
ရှောင်ရှီက မာ့ကျန်းကို ကြည့်ကာ စကားလုံး တစ်လုံးကိုသာ ဆိုလိုက်၏။
“မာ့ကျန်း... ရှင်က မယုံကြည်နိုင်စရာပဲ...”
ဟုန်ယန်လျဲ့လန်၏ စကားထဲ၌ အရေး အကြီးဆုံး၌ နယ်မြေ ဝယ်ယူခွင့် ဆိုသော အရာ ဖြစ်သည်။ အကယ်၍ မီးတောက် ခြောက်ခု ကြယ်တာရာ နယ်မြေတွင်သာ သူတို့ နယ်မြေများကို ဝယ်ယူနိုင်ပါက ဒုတိယမြောက် အကြွင်းမဲ့ စည်းစိမ် နယ်မြေ တစ်ခုကိုပင် ဖန်တီး နိုင်လိမ့်မည် ဖြစ်သည်။ သူတို့တွင် လောကနယ်မြေ ရှစ်ဆယ့် တစ်ခု ရှိသော်လည်း အကျိုးအမြတ် အများစုမှာ ဂြိုဟ်များနှင့် စည်းစိမ်လများထံမှသာ လာခြင်း ဖြစ်သည်။ လောကနယ်မြေများမှာ အံ့အားသင့်စရာ ကောင်းသည့်တိုင် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်မှ စစ်ထုတ်ထားသည့် လျှို့ဝှက် အမတေများ ကင်းမဲ့ နေပေသည်။
ရှန်းကျီးကျိက မာ့ဆုကျင်ကို တစ်ချက် ကြည့်ကာ မာ့ကျန်းဘက်သို့ ပြန်လှည့်လိက်၏။
“အချိန် အကြာကြီး အလုပ် လုပ်ထားခဲ့တာပဲ... မွေးလာတဲ့ အချိန်တည်းက ကျားစေ့ တစ်စေ့လို အသုံးခံနေရတာ သိရင် သူ ဘယ်လို ခံစားရမလဲ သိချင်သား... နေဦး... မွေးကတည်းမဟုတ်ဘူး... မမွေးခင် အချိန်တည်းက”
ရှန်းကျီးကျိ၏ စကားက များစွာသော လူများကို အံ့အားသင့် သွားစေခဲ့၏။ သူတို့က မာ့ဆုကျင်းနှင့် ဟုန်ယန်လျဲ့လန်တို့ကို ကြည့်လိုက်ရင်း အတော်လေး ဆင်တူနေသည်ကို သတိထားမိလိုက်သည်။ သူတို့ အကြား၌ ချိတ်ဆက်မှု ရှိနေသည်ကို ရိပ်မိသွားကာ မာ့ကျန်းကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်မိကြ၏။
မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေမှာ ထိုခြေလှမ်းကို တိကျသည့် အစီအစဉ် မရှိပဲ လှမ်းမှာ မဟုတ်တာ အသေအချာပင် ဖြစ်သည်။ ကြယ်တာရာ နယ်မြေများတွင် တားဆီးထားသည့် လျှို့ဝှက် ကျိန်စာ များစွာ ရှိသည်။ မာ့ဆုကျင်းမှာ အဆုံးမဲ့ ကောင်းကင်သား တစ်ယောက် ဖြစ်သလို ရွှေရောင် အသက်နန်းတော်၏ လက်ထောက် အုပ်ချုပ်ရေးမှူး တစ်ယောက်လည်း ဖြစ်ခဲ့သည်။ ထို့အပြင်... မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေနှင့်လည်း တစ်နည်းတစ်ဖုံ ချိတ်ဆက်နေဟန် ရသည်။
ထို့ကြောင့်ပင် သူမမှာ လျှို့ဝှက် ကျိန်စာများကို ရှောင်လွှဲကာ မီးတောက် ခြောက်ခု ကြယ်တာရာ နယ်မြေ ကိုင်းခွဲ၏ အုပ်ချုပ်ရေးမှူး ရာထူးကို ရယူနိုင်စွမ်း အပြည့် ရှိပေသည်။ ဂရုတစိုက် ကြိုတင် ပြင်ဆင်ထားသည့် လှုပ်ရှားမှု တစ်ခုပါပင်။
မာ့ဆုကျင်းမှာ ရှန်းကျီးကျိ၏ စကားကြောင့် တုန်လှုပ်သွားခြင်း မရှိပါချေ။ သူမက ထိုအခြေအနေများကို ကြိုတင် သိရှိပြီးတာ ထင်ရှားပေသည်။ သူမက မြေကြီး ရှန့်ထို တစ်ယောက်နှင့် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ပေါင်းဖက် ရရှိလာသည့် ကလေး ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းကို တစ်ချိန်လုံး မာ့ကျန်း တစ်ယောက်တည်းသာ ပံ့ပိုးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ မီးတောက် ခြောက်ခု ကြယ်တာရာ နယ်မြေနှင့် ရွှေရောင် အသက်နန်းတော် နှစ်ခုစလုံး၏ ပံ့ပိုးမှုကိုပါ ရရှိနိုင်တော့မည် ဖြစ်သည်။
မာ့ဆုကျင်းမှာ ရွှေရောင် အသက်နန်းတော် အခြား ကြယ်တာရာ နယ်မြေ တစ်ခုတွင် ခြေဆန့်နိုင်ရန် ရည်ရွယ်၍ မွေးထုတ်ထားသည့် ကာလရှည်ကြာ ထုတ်ကုန် တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း သူမမှာ ငယ်ရွယ်စဉ် အချိန်တည်းက ဖခင် ဖြစ်သူထံမှ ချစ်ခြင်း မေတ္တာကို အပြည့်အဝ ခံစားခဲ့ရပေသည်။ အကယ်၍ ထိုကဲ့သို့ မခံစားခဲ့ရပါက အသက်အင်အား နှစ်ထောင်ချီကို ဖခင်ဖြစ်သူ အပေါ် သူမ သုံးခဲ့လိမ့်မည် မဟုတ်ချေ။ ဝေ့ဝူယင်ထံတွင် ငိုယိုကာ မာ့ကျန်းကို ကယ်တင်ပေးဖို့ တောင်းပန်ခဲ့လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း မိခင်ဖြစ်သူ အပေါ်တွင်တော့ လေးစားမှုမှ တစ်ပါး အခြား ခံစားချက် မရှိသလောက်ပင် ဖြစ်ပေသည်။
“မာ့ဆုကျင်းက သူ့ဘဝ သူ ပိုင်တယ်... တကယ်လို့ သူ မလုပ်ချင်ရင်တောင် ကျုပ် အခြား နည်းလမ်း တစ်ခုကို ရှာတွေ့မှာပါ”
မာ့ကျန်းက ညင်သာစွာပင် ပြောလိုက်၏။ မာ့ဆုကျင်းက သူ၏ သွေးရင်းသားရင်း ဖြစ်သည်။ မာ့ဆုကျင်း မလုပ်ချင်သည့် အရာကို သူ ဘယ်တော့မှ အတင်းအကြပ် လုပ်ခိုင်းလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ လုပ်ခဲ့သမျှက သမီးဖြစ်သူ အတွက်သာ ဖြစ်သည်။ အကယ်၍ လွန်ခဲ့သည့် လေးလက သူ သေဆုံးခဲ့လျှင်ပင် မာ့ဆုကျင်းကို မာ့မျိုးနွယ်နှင့် အတူ မီးတောက် ခြောက်ခု ကြယ်တာရာ နယ်မြေဆီ ရွှေ့ပြောင်းကာ အင်အားစု တစ်ခု အသစ် ထူထောင်ဖို့ သူ စီစဉ်ခဲ့ပြီး ဖြစ်ပေသည်။
“ကျုပ် နားလည်ပြီ...”
ရှန်းကျီးကျိက သားအဖ နှစ်ယောက်ကြား ဆက်လက်၍ သွေးခွဲ မရနိုင်တော့ကြောင်း သိရှိလိုက်၏။ ဟုန်ယန်လျဲ့လန်ကတော့ တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။ သူမက မာ့ဆုကျင်းကို မွေးဖွားခဲ့သူ ဖြစ်သည်။ အရာအားလုံးက ထိုရည်ရွယ်ချက် အတွက် မဟုတ်ကြောင်း သူမ ကိုယ်တိုင် အသိဆုံး ဖြစ်သည်။ အကယ်၍ မာ့ဆုကျင်းတွင်သာ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်သည့် ပါရမီ မပါပါက ဘယ်သူမှ မသိသည့် ကလေး တစ်ယောက်အနေဖြင့် အဆုံးသတ် သွားရလိမ့်မည်သာ ဖြစ်သည်။
သက်တမ်း သုံးသောင်းရှိသည့် မိခင် တစ်ယောက် အနေဖြင့် သူမဘဝတွင် ကလေးပေါင်းများစွာ မွေးဖွားခဲ့ပြိး ဖြစ်သည်။ သူမ၏ ကလေးပေါင်း မြောက်များစွာမှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချရန် ကျရှုံးခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ အတွေ့အကြုံများနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်တွင် သူမ၏ နှလုံးသားက မာကြော လာခဲ့သည်။
အချို့က သူမကို အေးစက်သည်၊ နှလုံးသားမဲ့သည်ဟု ယူဆကောင်း ယူဆနိုင်သော်လည်း တကယ်တမ်းတွင် ဟုန်ယန်လျဲ့လန်မှာ ကျင့်ကြံခြင်း အခက်အခဲများနှင့် သက်တမ်း မညီမျှမှု၏ သားကောင် တစ်ယောက်သာ ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်များမှာ အလွန်ဆုံး အသက် နှစ်ထောင်လောက်သာ ရှည်လျားလေရာ သူမက ထိုထက် ဆယ့်ငါးဆလောက် နေထိုင်ခဲ့ပြီးပြီဟု ဆိုရပေမည်။
သေမျိုး သက်တမ်းနှင့် နှိုင်းယှဉ် ဖော်ပြရပါက... သူမက အသက် နှစ်ဆယ် အရွယ် ရှိသည့် မိခင် တစ်ယောက် ဆိုပါစို့။ သူမက အသက် နှစ်ဆယ့် လေးနှစ် ပြည့်သွားချိန်တွင် သူမ၏ ကလေးသည်လည်း သက်တမ်း ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ ဤသည်က ကျင့်ကြံခြင်း လောက၏ ရက်စက်မှု ပုံမှန် ပြကွက် တစ်ခုပင်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ဟုန်ယန်လျဲ့လန်မှာ မာ့ဆုကျင်း အတွက် ကောင်းမွန်သော အရာများ ဖြစ်လာစေရန် ဆန္ဒ ရှိနေသေးဆဲ ဖြစ်ပေသည်။ အနည်းဆုံး သူမက မိခင် တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
မာ့ကျန်းက တိတ်ဆိတ်ငြိမ်သက်နေသည့် ရွှေကောင်စီ အဖွဲ့ဝင်များနှင့် ကိုင်းခွဲ အုပ်ချုပ်ရေးမှူးများကို တစ်ချက် ကြည့်ကာ ပြုံးလိုက်၏။
“ခင်ဗျားတို့ ဘယ်လို သဘောရကြလဲ... ကျုပ်ရဲ့ မီးတောက်ခြောက်ခုကိုင်းခွဲ စာချုပ်က ဒီစိန်ခေါ်မှု အတွက် လုံလောက်ရဲ့လား...”
အကယ်၍ မလုံလောက်ဟု ငြင်းဆိုလျှင် ထိုစာချုပ်ကိုပါ တစ်ပါတည်း ငြင်းဆိုပြီးသား ဖြစ်သွားပေလိမ့်မည်။ ရွှေရောင် အသက်နန်းတော်မှာ ထိုဖြစ်စဉ်ကြောင့် ရရှိလာမည့် အကျိုးအမြတ်များကို ဆုံးရှုံးသွားပေလိမ့်မည် ဖြစ်သည်။
အကယ်၍ လက်ခံခဲ့လျှင်တော့ နောက်ထပ် စံနှုန်းတစ်ခုတွင် ကျဆုံးခဲ့လျှင်ပင် စာချုပ်က ဆက်လက် တည်မြဲနေလိမ့်မည် ဖြစ်သည်။ ထိုအရာက အကြွင်းမဲ့ စည်းစိမ် စတင် ဖြစ်ပေါ်လာသည့် နေ့ကတည်းက တည်မြဲခဲ့သည့် စည်းမျဉ်းများပင် ဖြစ်သည်။
ရှန်းကျီးကျိက အားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်၏။
“ဒီစာချုပ်က စိန်ခေါ်မှု အတွက် ပံ့ပိုးဖို့ မလုံလောက်ဘူးလို့ ထင်တဲ့လူတွေ လက်ကို မြှောက်ပေးကြပါ”
“...”
အားလုံးမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ငြိမ်သက် နေကြ၏။ ထိုအရာက ရွှေရောင် အသက်နန်းတော် အတွက် နောက်ထပ် ကြယ်တာရာ နယ်မြေ တစ်ခုကို ခြေဆန့်နိုင်မည့် အခွင့်အရေး ဖြစ်သည်။ မည်သူက ငြင်းဆိုရန် ခွန်အား ရှိမည်နည်း။
ဘန်မာ့က ရှန်းကျီးကျိ လက်မြှောက်လျှင် လိုက်မြှောက်ရန် အကဲခတ် နေ၏။ သို့သော်လည်း ရှန်းကျီးကျိ တုတ်တုတ်မျှ မလှုပ်လေရာ သူ ကိုယ်တိုင်လည်း ငြိမ်သက် နေလိုက်သည်။
အချိန်တစ်မိနစ် တိတိ ကြာမြင့် သွား၏။
“ဒါဆို ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီ...”
ရှန်းကျီးကျိက ဟုန်ယန်လျဲ့လန်ကို ကြည့်ရင်း ပြောလိုက်သည်။ ဟုန်ယန်လျဲ့လန်က ခေါင်းတစ်ချက် ညိတ်ကာ ကြိုတင် ပြင်ဆင်ထားသည့် စာချုပ်နှင့် လျှို့ဝှက် ကျိန်စာတို့ကို ထုတ်ယူလိုက်၏။
သူမက မီးတောက် ခြောက်ခုကို ကိုယ်စားပြုနေသူ ဖြစ်လေရာ လျှို့ဝှက်ကျိန်စာက ကြယ်တာရာ နယ်မြေ တစ်ခုလုံး အပေါ် သက်ရောက်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ကျိန်စာ အတွင်း၌ ကြယ်တာရာ နယ်မြေကို ထိခိုက်နစ်နာစေမည့် အချက်အလက်များ မပါဝင်ပါချေ။ အားလုံးက နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် အကြောင်းအရာများသာ ဖြစ်ပေသည်။
မိနစ် အနည်းငယ်ကြာမြင်ပြီးနောက် လျှို့ဝှက်ကျိန်စာ ကျိန်ဆိုမှုများ အားလုံး ပြီးစီး သွား၏။ ဒုတိယမြောက် စံသတ်မှတ်ချက်က ပြီးမြောက် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း တတိယ တစ်ခုက အခက်အခဲဆုံးနှင့် အကြမ်းတမ်းဆုံး ဖြစ်၏။
၎င်းက တိုက်ပွဲပင် ဖြစ်လေသည်။
ရှန်းကျီးကျိက တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးများဖြင့် မာ့ကျန်းကို မော့ကြည့်လိုက်၏။
“အကြွင်းမဲ့ စည်းစိမ်ရဲ့ ဥပဒေ အရ ခင်ဗျား ကိုယ်စား တိုက်ခိုက်ပေးဖို့ ချန်ပီယံ သုံးယောက်ကို ရွေးချယ် နိုင်တယ်... သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်က စိန်ခေါ်ခံရတဲ့ ထိုင်ခုံ ပိုင်ရှင်ရဲ့ ကျင့်ကြံခြင်း အဆင့်အောက် လျော့ကျနိုင်သလို တန်းတူလည်း ဖြစ်လို့ ရတယ်”
ရှန်းကျီးကျိ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခုက ဖြည်းညင်းစွာ ပေါ်လာခဲ့လေသည်။
“အဘိုးကြီး... ခင်ဗျားမှာ ဘယ်လို အံ့အားသင့်စရာတွေ ရှိလဲ ကြည့်ရသေးတာပေါ့...”
***