ချန်ပီယံများ
Vol. 68 Ch. 948
တတိယ စံသတ်မှတ်ချက်၌ စိန်ခေါ်သူမှာ ချန်ပီယံ သုံးယောက်ကို ရွေးချယ်ရကာ နန်းတော် သခင် ရွေးချယ်ထားသည့် ချန်ပီယံ သုံးယောက်နှင့် တိုက်ခိုက်ရသည်။ ထိုကဲ့သို့ ချန်ပီယံများကို ရွေးချယ်ရာတွင် ကိုင်းခွဲ အုပ်ချုပ်ရေးမှူးများ၊ ရွှေကောင်စီဝင်များ မဖြစ်ရချေ။
မာ့ကျန်း၌ မည်မျှပင် အဆက်အသွယ်ကောင်းများ ရှိစေကာမူ ရှန်းကျီးကျီမှာ တတိယ စံသတ်မှတ်ချက် အတွက် ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်အဝ ရှိနေပေသည်။
မာ့ကျန်းက ဟုန်ယန်လျဲ့လန်ကို အနားသို့ ခေါ်လိုက်၏။ သူမက မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေတွင် အသန်မာဆုံး တိုက်ခိုက်ရေးသမားများထဲမှ တစ်ယောက် ဖြစ်သည်။ သူမက ပြိုင်ဘက်ကို နိုင်မည်မှာ မြေကြီး လက်ခတ် မလွဲချေ။ အကယ်၍ ဝူယုပါ တိုက်ခိုက်မည် ဆိုပါက နှစ်ပွဲစလုံး အနိုင်ရသွားလိမ့်မည် ဖြစ်သည်။ သူ တိုက်ခိုက်စရာပင် မလိုတော့ချေ။
“ကျုပ် ပထမဆုံး ရွေးချယ်တဲ့ လူက ဟုန်...”
“တစ်ဆိတ်လောက်... နန်းတော် သခင် တစ်ယောက် အနေနဲ့ အသွင်ကူးပြောင်းရေး ကောင်စီဝင် နေရာ အတွက် မဲပေးပွဲလေး တစ်ခု လုပ်ချင်ပါတယ်”
မာ့ကျန်း၏ စကား မဆုံးခင်မှာပင် ရှန်းကျီးကျိက ကြားဖြတ် ပြောလိုက်၏။
“အသွင်ကူးပြောင်းရေး ကောင်စီဝင်...”
မာ့ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ ရှန်းကျီးကျိက အပြုံး တစ်ခုကို ဆင်မြန်းလိုက်ကာ မာ့ကျန်းကို ရှင်းပြလိုက်သည်။
“တောင်းပန်ပါတယ်... ဒါက ခင်ဗျား အနားယူပြီးတဲ့ နောက်မှ ကျုပ်တို့ ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်း အသစ် တစ်ခုပါ... ကျုပ်တို့ ကိုင်းခွဲ လေးခုရဲ့ အုပ်ချုပ်ရေးမှူးတွေက အသွင်ကူးပြောင်းရေး ကောင်စီဝင် ထိုင်ခုံ အသစ် တစ်နေရာကို မဲပေးပြီး အတည်ပြုခဲ့ကြပါတယ်... အသွင် ကူးပြောင်းရေး ကောင်စီဝင် နေရာက ကျုပ်တို့ ရွှေရောင် အသက်နန်းတော် အသွင် ကူးပြောင်းမှုတွေ လုပ်တဲ့အခါမှာ အဓိက ပါဝင် လှုပ်ရှားပေးတဲ့ ပုဂ္ဂိုလ်ကို အထူးအခွင့်အရေး တစ်ခု ပေးလိုက်တဲ့ သဘောပါပဲ... ဒါပေမဲ့ အချိန်ကာလကတော့ အကန့်အသတ် ရှိပြီး တစ်ခဏလေး အတွင်းမှာပဲ သက်တမ်း ကုန်သွားမှာပါ... တကယ်လို့ မဲပေးရွေးချယ်မှုကို ငြင်းပယ်ခဲ့မယ် ဆိုရင် မယုံကြည်ရဘူးလို့ သဘောပိုက်ပြီး စာချုပ်ကိုလည်း ပြန် ဖျက်သိမ်းမှာပါ”
အားလုံး၏ အကြည့်များက ရှန်းကျီးကျိ အပေါ် စုပြုံကျရောက်သွား၏။ သူတို့အားလုံးက ဂျင်ဂျင်လည်သည့် စီးပွားရေးသမားများ ဖြစ်သည်။ နန်းတော်သခင် ဘာလုပ်ရန် ကြိုးပမ်းနေသည်ကို သူတို့ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။
“ဟုန်ယန်လျဲ့လန်ကို အသွင်ကူးပြောင်းရေး ကောင်စီဝင် အဖြစ် တစ်လ လက်ခံလိုတဲ့ လူတွေ လက်မြှောက် ပေးကြပါ...”
ရှန်းကျီးကျိက သူ ကိုယ်တိုင် ဦးဆောင်ကာ လက်မြှောက်ရင်း ကြေညာလိုက်၏။ ဘန်မာ့က လိုက်လံ လက်မြှောက် လိုက်သည်။
“ဒါက အားလုံး သဘောတူထားတဲ့ စည်းမျဉ်းပဲ...”
ရွှေယုက သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက လိုက်လံ လက်မြှောက်လိုက်သည်။ ရှောင်ရှီကလည်း မြှောက်လိုက်၏။
အခြားလူများမှာလည်း အလားတူ လုပ်ဆောင် လိုက်ကြသည်။ ဟုန်ယန်လျဲ့လန်ကို အသွင် ကူးပြောင်းရေး ကောင်စီဝင် အဖြစ် အားလုံးက သဘောတူလိုက်ပြီ ဖြစ်လေသည်။
ဟန်ယုန်လျဲ့ယန်မှာ မျက်မှောင်ကြုတ်ကာ ရှန်းကျီးကျိကို ကြည့်လိုက်၏။ ရှန်းကျီးကျိက ဘာမှ မဖြစ်သလိုပင် အသာအယာ ပြန်လည် ပြုံးပြလိုက်သည်။
“စိတ်မပူပါနဲ့ မူလမီးတောက်ခြောက်ခု ဧကရီ... ဘယ်လို ရလဒ်ပဲ ထွက်လာထွက်လာ ခင်ဗျား သမီးရဲ့ အနာဂတ် ရာထူးအပေါ် ကျုပ် အာမခံပါတယ်”
သူ့လေသံထဲ၌ တောင်းပန်သည့် အငွေ့အသက်အချို့ ပါဝင်နေ၏။ ဟုန်ယန်လျဲ့လန်က သက်ပြင်း တစ်ချက် ချကာ စိတ်ကို ပြန်လျှော့လိုက်သည်။ အကယ်၍ မာ့ကျန်း ရှုံးနိမ့်ခဲ့လျှင်ပင် သမီးဖြစ်သူက ထိုစာချုပ်ကို ကိုင်တွယ်ခွင့် ရမည် ဖြစ်လေရာ သူမ အတွက် အရှုံးမရှိပါချေ။
“ခုနက နှောက်ယှက်ခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ် စီနီယာမာ့... စိန်ခေါ်မှုကို ဆက်ပါဦး”
ရှန်းကျီးကျိက မာ့ကျန်းကို ကြည့်ရင်း ပြောလိုက်၏။ သူ၏ နှုတ်ခမ်းထက်ရှိ အပြုံးက အပြစ် ကင်းစင်သည့် ယုန်သူငယ် တစ်ကောင်လိုပင်။
မာ့ကျန်းက အသာအယာပင် ပြုံးလိုက်၏။ ကြည့်ရသည်က သူ စိန်ခေါ်ပွဲကို သူ ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ကာ မြေကြီး ရှန့်ထို ဖြစ်ကြောင်း ကြေညာရတော့မည့်ပုံပင်။
“ကောင်းပြီလေ... ကျုပ် မာ့ကျန်း ဒီပုဂ္ဂိုလ်ကို ရွေးတယ်”
သူက ဘေးနားရှိ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်ကို ညွှန်ပြရင်း ပြောလိုက်၏။ ဝူယုက ရှေ့သို့ ထွက်လာခဲ့သည်။ အားလုံး၏ မျက်လုံးများက သူ၏ ခိုင်မာသည့် အော်ရာပေါ် စုပြုံ ကျရောက် သွား၏။ ကောင်စီဝင် အချို့က ဝူယုကို ဖင်တစ်ပြန် ခေါင်းတစ်ပြန် ကြည့်လိုက်ကြသည်။
“မြေကြီးရှန့်ထို...”
ရှန်းကျီးကျိ၏ မျက်ခုံးများက အပေါ်သို့ အနည်းငယ် မြင့်တက်သွားသည်။ ဟုန်ယန်လျဲ့လန်မှာ မာ့ကျန်း၏ အဓိက ဝှက်ဖဲ ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အခြား စိန်ခေါ်သူ နှစ်ယောက် အတွက်လည်း သူ ကြိုတင် ခန့်မှန်းကာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော်လည်း... ဤမျက်နှာဖုံးတပ် ပုဂ္ဂိုလ်ကတော့ လုံးဝ မျှော်လင့်မထားသည့် လှည့်ကွက်တစ်ခုပင်။
“စီနီယာမာ့... နန်းတော်သခင် ထိုင်ခုံ စိန်ခေါ်ပွဲက အခြား ပွဲတွေနဲ့ မတူဘူး ဆိုတာ ခင်ဗျားလည်း သိပြီးသားပဲ... တိုက်ပွဲ အတွင်း စည်းကမ်း မဖောက်တာ သေချာစေဖို့ အတွက် ချန်ပီယံတွေက ဘယ်သူ ဘယ်ဝါဆိုတာ ထုတ်ပြောဖို့ လိုအပ်ပါတယ်”
ရွှေယုက ပြောလိုက်၏။ မကြာသေးခင်က ရွှေရောင် အသက်နန်းတော်၏ ပြိုင်ပွဲ တစ်ခုတွင် မာ့ကျန်းမှာ လျှို့ဝှက် ဝိညာဥ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ခေါ်ဆောင်လာခဲ့ကာ ထိုပုဂ္ဂိုလ်က ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ယူခဲ့ဖူးသည်။
“ဒါပေါ့...”
ဝူယုက တုန့်ဆိုင်းခြင်း မရှိပဲ မျက်နှာဖုံးကို ချွပ်လိုက်၏။
“...”
“ခင်ဗျားက...”
“မဟာ သူရဲကောင်း...”
ရွှေကောင်စီဝင် အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ ရှန်းကျီးကျီ၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။
ဝူယု...
ထိုပုဂ္ဂိုလ်က ဝူယုပင် ဖြစ်သည်။ ထာဝရ သူရဲကောင်းများကို အနိုင်ယူခဲ့သည့် မြေကြီး ရှန့်ထို အသစ်စက်စက် ဖြစ်သည်။ ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် ဖြစ်သည်။
လူတိုင်း ထိတ်လန့် သွားကြ၏။ ဝေ့ဝူယင်က သူ၏ နောက်လိုက်ကို မာ့ကျန်း အတွက် ပို့လွှတ်ခဲ့သလော။ သူတို့ အကြားရှိ ဆက်စပ်မှုက မည်ကဲ့သို့နည်း။
ရှန်းကျီးကျိက အသက်ကို ခပ်ပြင်းပြင်းရှူကာ ဝူယုကို သုန်မှုန်သည့် မျက်ဝန်းများနှင့် ကြည့်လိုက်၏။
“ခင်ဗျားက ဝေ့ဝူယင်ကို ကိုယ်စားပြုပြီး ဒီနေရာကို ရောက်လာတာလား...”
လူတိုင်းမှာ ထိုမေးခွန်းကို စိတ်ဝင်စား နေကြ၏။ အကယ်၍ ဝေ့ဝူယင်က စေလွှတ်လိုက်ခြင်း ဆိုလျှင် ထိုအာရုဏ်ဦး အာဏာရှင် ဧကရာဇ်မှာ ရွှေရောင် အသက်နန်းတော် အပေါ် စိတ်ဝင်စားနေသည်ဟု ဆိုလိုပေသည်။ ထိုသို့ဆိုလျှင် မကြာခင် ရွှေရောင် အသက်နန်းတော် အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပေသည်။
ကံကောင်းထောက်မစွာပင် ဝူယုက ခေါင်းခါလိုက်၏။
“သခင်လေးနဲ့ မဆိုင်ပါဘူး... ကျုပ်သဘောနဲ့ကျုပ် လာတာ...”
“...”
အားလုံးမှာ စိတ်သက်သာရာ ရသွားကြ၏။ အကယ်၍ ဝေ့ဝူယင်က စေလွှတ်လိုက်ခြင်း ဆိုလျှင် မာ့ကျန်းမှာ နန်းတော် သခင်နေရာကို ကျိန်းသေ ရသွားလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် ကဲ့သို့သော ပုဂ္ဂိုလ်က မပိုင်လျှင် သူ့နာမည် အပျက်ခံကာ စေလွှတ်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ့တွင် မြေကြီးရှန့်ထိုက တစ်ယောက်သာ ရှိသည် မဟုတ်ချေ။ ထန်မျိုးနွယ်ကို အကြီးအကျယ် အထိနာစေခဲ့သည့် နယ်မြေခြား မြေကြီး ရှန့်ထို တစ်ယောက်လည်း ကျန်ရှိပေသေးသည်။
ပုံမှန်အားဖြင့် နန်းတော်သခင် နေရာကို မာ့ကျန်း ရသွားသည်က သူတို့ အတွက် အရေးမကြီးချေ။ မာ့ကျန်းမှာ သူတို့ထက်ပင် ရွှေရောင် အသက်နန်းတော် အပေါ် အကျိုးဆောင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်၏ စွက်ဖက်မှုကြောင့်သာ ဆိုပါက နောက်ကွယ်မှ လက်မည်းကြီးများ ပါလာလိမ့်မည် ဖြစ်သည်။ ထိုအခါ ရွှေရောင် အသက်နန်းတော်ပေါ် သူတို့၏ သြဇာအာဏာများ များစွာ လျော့ကျသွားပေလိမ့်မည်။
ထို့ကြောင့်ပင် ဝူယု၏ ကိုယ့်ဆန္ဒနှင့် ကိုယ်လာသည် ဆိုသည့် အဖြေက သူတို့ကို များစွာ စိတ်သက်သာရာ ရစေခဲ့ခြင်း ဖြစ်သည်။
“ဒီစိန်ခေါ်မှုက သေနိုင်တဲ့ အထိ ဦးတည်သွားနိုင်တယ် ဆိုတာကိုရော သိရဲ့လား...”
ရှောင်ရှီက မေးလိုက်၏။ ဝူယုက မတုန်မလှုပ်ပင်။ သို့သော်လည်း ထိုအမူအရာကပင် အားလုံးကို ရှင်းလင်းစေ၏။
“ဝူယုက ကျုပ်ရဲ့ ပထမ ချန်ပီယံပဲ...”
မာ့ကျန်းက ထပ်မံ၍ အတည်ပြုလိုက်၏။ ရှန်းကျီးကျိက ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာပင် ကြေညာလိုက်၏။
“ကျုပ် ရှန်းကျီးကျိဘက်က နန်စီယွမ်ကူးကို ရွေးတယ်”
ဝေါ...
အားလုံးထံမှ အာမေဋိတ်သံများ ရောနှောကာ ထွက်ပေါ်လာခဲ့၏။ နန်စီယွမ်ကူး... နန်စီမျိုးနွယ်၏ မြေကြီး ရှန့်ထို... ဒြပ်စင်နယ်မြေ ပြင်ပ အင်အားစုများ၏ ခေါင်းဆောင်...
ကောလဟလများ အရဆိုလျှင် နန်စီယွမ်ကူးမှာ ဒြပ်စင်နယ်မြေမှ ပျောက်ဆုံးနေကာ ဒဏ်ရာများကို တိတ်တဆိတ် ပြန်လည် ကုစားနေသည်ဟု သိရသည်။ သူ ဒဏ်ရာရသည့် အကြောင်းရင်းကို မည်သူမှ မသိကြရပဲ အသေးစား ကျင့်စဉ် ဖောက်ပြန်မှု ဟု ကောလဟများသာ ထွက်ပေါ်နေသည်။ ရှန်းကျီးကျိမှာ ပထမ ချန်ပီယံ အဖြစ် နန်စီယန်ကူးကို ရွေးချယ်လိမ့်မည်ဟု မည်သူမှ ထင်မှတ် မထားခဲ့ကြချေ။
အားလုံးမှာ ရှန်းကျီးကျိကို ထူးဆန်းစွာ ကြည့်လိုက်မိကြ၏။ ဝူယု၏ အမူအရာသည်ပင် အနည်းငယ် ပြောင်းလဲ သွားသည်။ နန်စီယန်ကူးက ဒဏ်ရာရနေသည် မဟုတ်ပါလား။ ဝေ့ဝူယင်က နန်စီယန်ကူးမှာ ကျန့်ကျန့်ကြောင့် ဒဏ်ရာရ ထွက်ပြေးသွားသည့် သုံးယောက်မြောက် မြေကြီးရှန့်ထို ဖြစ်နိုင်ကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။
ရှန်းကျီးကျိက ဒဏ်ရာရနေသည့် ကျင့်ကြံသူ တစ်ယောက်ကို ရွေးလိုက်သည်လား။ သို့တည်းမဟုတ် နန်စီယန်ကူးမှာ ဒဏ်ရာမှ အချိန်မှီ ပြန်လည် ကောင်းမွန်လာသည်လား။
‘မကြာခင် ငါ ရှာတွေ့မှာပါ...’
ဝူယု တွေးလိုက်မိ၏။ အကယ်၍ အခွင့်အရေးသာ ရပါက... ဝူယု၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် လာခဲ့၏။
မာ့ကျန်းနှင့် ရှန်းကျီးကျိတို့က သူတို့၏ ရွေးချယ်မှုများကို ဆက်လက် လိုက်ကြ၏။ သို့သော်လည်း... မာ့ကျန်း၏ နောက်တစ်ကြိမ် ရွေးချယ်မှုက အားလုံး၏ မျက်လုံးများကို မယုံကြည်နိုင်မှုများနှင့် ပြူးကျယ် သွားစေခဲ့လေသည်။ အများစုက မာ့ကျန်း ရူးနေသည်ဟုပင် တွေးလိုက်မိ၏။ အဘယ်ကြောင့်နည်း။ သူ၏ ဒုတိယမြောက် ချန်ပီယံက ဖေးယဲ့လီယင် ဖြစ်နေသောကြောင့်ပင်။
ဘုန်း...
ယင်ကျိယန်ရှီက စားပွဲကို ရိုက်လိုက်၏။
“မာ့ကျန်း... ခင်ဗျား ရူးနေလား...”
ရှောင်ရှီ၊ ရွှေယု၊ စွန်းလီနှင့် အခြားလူ အားလုံးမှာလည်း မာ့ကျန်းကို စိုက်ကြည့်လိုက်ကြ၏။
ရှန်းကျီးကျိကတော့ တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။ သူက မာ့ကျန်းကို ကြည့်ကာ မေးလိုက်၏။
“ခင်ဗျား သေချာရဲ့လား...”
“သေချာလား ဆိုတဲ့ မေးခွန်း လိုသေးလို့လား... နန်းတော်သခင်... အဲ့တစ်ယောက်က ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုနော်... ဝိညာဉ် မြှင့်တင်ခြင်း ရှန့်ထို... ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံးက လိုချင်နေတဲ့ ရာဇဝတ်သား... ကျုပ်တို့ ခွင့်ပြုလို့ ဖြစ်မလား...”
ယင်ကျိယန်ရှီက အပြင်းအထန်ပင် ကန့်ကွက်လိုက်၏။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ ထိုမိန်းမကို အမဲလိုက်နေခြင်း ဖြစ်သည်။ ထို့အပြင်... ဖေးယဲ့လီယင် လက်ခံထားသည့် မည်သူမဆို သူတို့က စစ်ကြေညာ ထားသေးသည်။
သို့သော်လည်း မာ့ကျန်းက မတုန်မလှုပ်ပင် ကြေညာလိုက်လေ၏။
“သူက ဒုတိယမြောက် ချန်ပီယံ အဖြစ် ကျုပ်ကို ကိုယ်စားပြုပါလိမ့်မယ်”
***