ချန်ပီယံများ (၂)
Vol. 68 Ch. 949
“ကောင်းပြီလေ... ခင်ဗျားဘက်က သေချာနေတယ် ဆိုတော့လည်း...”
ရှန်းကျီးကျိက ခေါင်းညိတ်လိုက်၏။ မာ့ကျန်းနှင့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြ အကြားရှိ ဆက်ဆံရေးက သာမန် မဟုတ်ပါချေ။ စစ်မိစ္ဆာလောက နယ်မြေ အတွက် သူက ကြယ်ကိုးပွင့် ရှန့်ထိုခန်းမမှ ဓမ္မ ကာကွယ်သူများကို စာချုပ်ဖြင့် ခေါ်ခဲ့သေးသည်။
ထို့အပြင် မာ့ကျန်း ဦးစီးသည့် ရွှေလေလံပွဲကို ကျင်းပ အောင်မြင်သွားခဲ့သည်က ကြယ်ကိုးပွင့် ရှန့်ထို ဖြစ်သည်။ သို့ဖြစ်လေရာ သူတို့ အကြားရှိ ဆက်ဆံရေးကို ဘယ်တော့မှ လျှော့မတွက်သင့်ပါချေ။
မာ့ကျန်း အလှည့်ပြီးနောက်တွင် ရှန်းကျီးကျိက သူ့ ချန်ပီယံကို ကြေညာလိုက်၏။
“ကျုပ်က ယန်ချောင်ယွီကို ဒုတိယမြောက် ချန်ပီယံ အနေနဲ့ ရွေးချယ်တယ်”
“ဘာကြီး...”
ထိုအရာက နောက်ထပ် အံ့အားသင့်စရာ တစ်ခုပင် ဖြစ်သည်။ အားလုံး၏ မျက်လုံးများက ရှန်းကျီးကျိ အပေါ် ပြန်လည် ကျရောက် သွား၏။ ယန်ချောင်ယွီလို အင်ပါယာ မျိုးနွယ်၏ ကောင်းကင် ဧကရာဇ် တစ်ယောက်က အဘယ်ကြောင့် ရှန်းကျီးကျိ၏ ချန်ပီယံ တစ်ယောက် ဖြစ်လာရန် လက်ခံလိုက်ရသနည်း။
အင်ပါယာ မျိုးနွယ်၏ ကောင်းကင် ဧကရာဇ်များထဲ၌ ယန်ချောင်ယွီမှာ အသန်မာဆုံး မဟုတ်လျှင်ပင် အသန်မာဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။ သူမ၏ ခွန်အားနှင့် ဂုဏ်သတင်းက ဟုန်ယန်လျဲ့လန်ထက်ပင် ကျော်ကြားသည်။
ဖေးယဲ့လီယင်နှင့် ယန်ချောင်ယွီ...
ဒုတိယ ချန်ပီယံ အတွဲအဖက်ကတော့ မစသေးခင်ကပင် အတော်လေး စိတ်ဝင်စား ကောင်းနေခဲ့ပြီ ဖြစ်လေသည်။
တတိယ ချန်ပီယံ အလှည့်ကို ရောက်ခဲ့ပြီ ဖြစ်လေသည်။ အကြွင်းမဲ့ စည်းစိမ်၏ စည်းမျဉ်းများ အရ စိန်ခေါ်သူမှာ ပထမနှင့် ဒုတိယ်မြောက် ချန်ပီယံများကို အလျင် ရွေးချယ်ရသည်။ ထိုအရာက စိန်ခေါ်ခံရသူကို အားသာချက် ဖြစ်စေကာ သင့်တော်မည့်သူကို ကိုယ်တိုင် ချင့်ချိန် ရွေးချယ်နိုင်သည်။
တတိယမြောက် ချန်ပီယံကတော့ စိန်ခေါ်သူ အတွက် အားသာချက် ဖြစ်သည်။ သို့သော်လည်း... ၎င်းက နန်းတော် သခင် စိန်ခေါ်ပွဲ ဖြစ်လေရာ တစ်ပွဲရှုံးသည်နှင့် အားလုံး ရှုံးပေသည်။ အားလုံးက နန်းတော်သခင်၏ အကြိုက် ဟုပင် ဆိုနိုင်ပေသည်။
“ကျုပ် ရှန်းကျီးကျိ... ကျုပ်ကိုယ်ကျုပ် တတိယမြောက် ချန်ပီယံ အဖြစ် ရွေးတယ်”
ထိုအရာကို အားလုံး မျှော်လင့်ထားပြီးသား ဖြစ်လေရာ မည်သည့် အုံကြွမှုမျှ မရှိပါချေ။ သို့သော်လည်း... မာ့ကျန်း ကြေညာလိုက်သည့် နောက်ဆုံး ချန်ပီယံကတော့ အားလုံးကို ဗုံးတစ်လုံးလို ပေါက်ကွဲ သွားစေခဲ့လေ၏။
“ကျုပ် မာ့ကျန်း ကျုပ်ကိုယ်ကျုပ် တတိယမြောက် ချန်ပီယံ အဖြစ် ရွေးတယ်...”
မာ့ကျန်းက ရှန်းကျီးကျိ၏ မျက်လုံးများကို သေချာ စိုက်ကြည့်ကာ ကြေညာလိုက်လေသည်။
“ဘာကြီး...”
အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။ ထိုလူအိုကြီးက အသက်ကြီးလာ၍ ဦးနှောက်ပျက်စီး သွားသည်လား။
မာ့ကျန်းမှာ ကြယ်ကွင်းပြင် တစ်ခုလုံး၏ အစွမ်းအထက်ဆုံး သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်ကြောင်း သူတို့ သိရှိပြီး ဖြစ်သည်။ သို့သော်လည်း သေမျိုးတစ်ပိုင်း အရှင်များနှင့် မြေကြီး ရှန့်ထိုများ အကြားတွင် ရူးသွပ်လောက်စရာ ကွာဟချက်များ ရှိပေသည်။ ထို့အပြင် သူက သက်တမ်း အကန့်အသတ်ကို ရောက်ရှိနေသူ ဖြစ်သည်။ မည်ကဲ့သို့ ရှန်းကျီးကျိကို ယှဉ်နိုင်ပါမည်နည်း။
“စိတ်ဝင်စားစရာပဲ...”
ရှန်းကျီးကျိက မှတ်ချက်ချလိုက်၏။ ကြည့်ရသည်က မာ့ကျန်း၏ တတိယမြောက် ချန်ပီယံက ဟုန်ယန်လျဲ့လန် ဖြစ်ဟန် ရသည်။ ရွေးချယ်စရာ မရှိတော့သောကြောင့် သူက ကိုယ်တိုင် ဝင်ပါလိုက်ခြင်း ဖြစ်သည်။ သူ မာ့ကျန်းကို အထင်မသေးချေ။ ထိုလူအိုကြီးမှာ မပိုင်လျှင် ခြင်တောင် မရိုက်တတ်သည့် လူမျိုး မဟုတ်ပါချေ။ သို့သော်... သူကလည်း သာမန် မြေကြီးရှန့်ထို တစ်ယောက် မဟုတ်ချေ။ ထိပ်တန်း အဆင့် မဟုတ်လျှင်ပင် အလယ်အလတ် မကသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
“...”
ဟုန်ယန်လျဲ့လန် ပင်လျှင် မာ့ကျန်းကို နားမလည်စွာ ကြည့်လိုက်မိ၏။ ထိုလူအိုကြီးထံတွင် မည်သည့် အကြံအစည်များ ရှိနေသနည်း။
“ချန်ပီယံ ရွေးချယ်မှုတွေတော့ ပြီးပြီ... ဆိုတော့ကာ နှစ်ဖက် စိန်ခေါ်သူတွေက ချန်ပီယံတွေကို စည်းစိမ် ကွင်းပြင်ကို ဆင့်ခေါ်ဖို့ပဲ ကျန်တော့တယ်”
ရှန်းကျီးကျိက ကြေညာလိုက်လေရာ အားလုံးမှာ စိတ်လှုပ်ရှား သွားခဲ့ကြ၏။ တစ်သက်မှာ တစ်ခါ ကြုံရခဲသည့် စိန်ခေါ်ပွဲကြီးမှာ စတင်တော့မည် မဟုတ်ပါလား။
...
အချိန် တစ်နာရီမှာ လျှင်မြန်စွာပင် ကုန်ဆုံး သွား၏။ အကြွင်းမဲ့ စည်းစိမ် တစ်ခုလုံးမှာ မကြုံစဖူး ထူးထူးခြားခြား လှုပ်ရှား တက်ကြွနေခဲ့၏။ နန်းတော် သခင် နေရာကို စိန်ခေါ်သည် ဆိုသည့် သတင်းက လောကနယ်မြေကို ဖြတ်သန်း၍ ကြယ်တာရာ နယ်မြေ အပြင်ဘက်ကိုပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုသတင်းကို ဘယ်လိုနည်းနှင့်မျှ တားဆီးရန် မဖြစ်နိုင်ခဲ့ချေ။
အထူးသဖြင့် စိန်ခေါ်သူမှာ တတိယ အုပ်ချုပ်ရေးမှူးဟောင်း မာ့ကျန်း ဖြစ်လေရာ လူအများစု အာရုံ စူးစိုက်မှုကို ပိုမို စွဲဆောင်နိုင်ခဲ့သည်။ မာ့ကျန်းမှာ ရွှေရောင် အသက်နန်းတော်၏ တော်ရုံတန်ရုံ အဖွဲ့ဝင် တစ်ယောက် မဟုတ်ချေ။ သူက စတင် တည်ထောင်ခဲ့သူများထဲမှ တစ်ဦး ဖြစ်သည်။ ရွှေရောင် အသက်နန်းတော်ကို လက်ရှိ အခြေအနေထိ ရောက်ရှိအောင် ဦးဆောင် ကြိုးပမ်းခဲ့သူ ဖြစ်သည်။
ထို့အပြင် စိန်ခေါ်ပွဲ၌ မြေကြီးရှန့်ထို အဆင့် ငါးယောက် ပါဝင် တိုက်ခိုက်လိမ့်မည် ဖြစ်ကာ မာ့ကျန်းနှင့် ရှန်းကျီးကျိတို့မှာ အဆုံးအဖြတ် တိုက်ပွဲကို တိုက်ခိုက်လိမ့်မည်ဟု ဆိုသည်။ ရွှေရောင် အသက်နန်းတော်မှာ စီးပွားရေး အဖွဲ့အစည်း တစ်ခု ဖြစ်လေရာ ထိုဖြစ်စဉ်မှ အကျိုးအမြတ်များ ရရှိအောင် တစ်ခဏ အတွင်း စီစဉ် နိုင်ခဲ့သည်။ သူတို့က စည်းစိမ်ကွင်းပြင်၏ ပတ်လည်တွင် အမျိုးမျိုးသော ပုံရိပ်ဖမ်း ဝင်္ကပါများကို တပ်ဆင်ခဲ့ပြီး ဖြစ်ကာ ကြယ်ကွင်းပြင် တစ်ခုလုံးနှင့် ချိတ်ဆက်ခဲ့ပြီး ဖြစ်၏။
တစ်နာရီမျှ အတွင်းမှာပင် တစ်လောကလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် အုံကြွ နေခဲ့ပြီ ဖြစ်သည်။ မြေကြီး ရှန့်ထိုများ အဆင့်များ အကြားမှ တိုက်ပွဲများမှာ အလွန်ပင် မြင်ရခဲကာ တိုက်ဆိုင်ပါက ဉာဏ်အလင်း ပွင့်သည့် ဖြစ်စဉ်မျိုးကိုပင် ယူဆောင် လာနိုင်ပေသည်။ တစ်ခဏ အတွင်းမှာပင် ရွှေရောင် အသက်နန်းတော် ကိုင်းခွဲများစွာရှိ ကြည့်ရှုခွင့် လက်မှတ်များမှာ ရောင်းကုန် သွားကြပြီ ဖြစ်သည်။
များစွာသော ထိပ်တန်း ကျင့်ကြံသူများမှာ တံခါးပိတ် ကျင့်ကြံသည့် နေရာများမှ ထွက်ခွာလာခဲ့ကြကာ ဝိညာဥ် ပုံရိပ်ဖမ်း ကျောက်တိုင်များ အရှေ့သို့ ရောက်ရှိခဲ့ကြပြီး ဖြစ်၏။
နန်စီယန်ကူး... ယန်ချောင်ယွီ... ဝူယု... ဖေးယဲ့လီယင်
သူတို့ အားလုံးမှာ အလွန် ကျော်ကြားသည့် မြေကြီး ရှန့်ထိုများ ဖြစ်သည်။ ထိုလေးယောက်ထဲ၌ အားလုံး၏ အာရုံကို အဖမ်းစားနိုင်ဆုံးက ဖေးယဲ့လီယင်ပင် ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် သူမ၏ နာမည် အရင်းကို သိသူ သိပ်မရှိလှချေ။ အများစုက ဝိညာဉ်မြှင့်တင်ခြင်း ရှန့်ထိုဟုသာ သိထားကြသည်။ သူမက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ သစ္စာဖောက် တစ်ယောက် အဖြစ် ကျော်ကြားကာ အမဲလိုက်ခံနေရသူလည်း ဖြစ်၏။
နန်စီယန်ကူးနှင့် ယန်ချောင်ယွီတို့ကိုလည်း မသိသူ သိပ်မရှိလှချေ။ အထူးသဖြင့် ရှန်းကျီးကျီဘက်မှ ယန်ချောင်ယွီ ပါဝင်လာခြင်းက အံ့အားသင့်စရာ ဖြစ်သည်။ သူမက အင်ပါယာ မျိုးနွယ်မှ ကောင်းကင် ဧကရာဇ် တစ်ယောက် ဖြစ်သည်။ အင်ပါယာ မျိုးနွယ်မှာ ရွှေရောင် အသက်နန်းတော်၏ ကိစ္စရပ်များတွင် စွက်ဖက်ရန် ကြိုးပမ်းနေလေသလား လူအများမှာ သိုလောသိုလော ဖြစ်နေကြ၏။
ဖေးယဲ့လီယင်နှင့် တန်းတူ တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည့် နောက်ထပ် နာမည် တစ်ခုကတော့ အာရုဏ်ဦး စစ်သည်တော် ဝူယုပင် ဖြစ်လေသည်။ သူက ဝေ့ဝူယင်၏ အဂ္ဂိရတ် စစ်သည်တော် တစ်ယောက် ဖြစ်ကာ မြေကြီး ရှန့်ထို အဆင့်ကို လတ်တလောကမှ တက်လှမ်းထားသူ ဖြစ်သည်။ သူနှင့် ပတ်သက်သည့် သတင်းများက အမျိုးမျိုးကွဲပြားနေကာ ဝေ့ဝူယင်၏ နောက်ခံထံမှ ပံ့ပိုးမှုများ ရရှိထားသည် ဟုလည်း ကောလဟလများ ထွက်ပေါ်နေသည်။
ဝူယုမှာ သူ့ဆန္ဒနှင့်သူ စိန်ခေါ်ပွဲတွင် ပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်တိုင် အများစုကတော့ ဝေ့ဝူယင် သဘောအတိုင်း လှုပ်ရှားခြင်းဟု ကောက်ချက်ချ နေကြသည်။ မည်သို့ပင် ဆိုစေ... ဝူယုမှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်သည်။ အချို့က ထိုစိန်ခေါ်ပွဲ၏ နောက်ကွယ်တွင် ဝေ့ဝူယင်၏ လက်မည်းကြီး ပါဝင်နေသည်ဟု အတိအကျပင် ပြောဆိုနေကြသည်။
အချိန် သုံးနာရီ တိတိ ကုန်လွန်သွား၏။
စည်းစိမ် ကွင်းပြင်မှာ သာမန် ကွင်းပြင် တစ်ခု မဟုတ်ပါချေ။ ရွှေရောင် အသက်နန်းတော်နှင့် သက်ဆိုင်သည့် စိန်ခေါ်ပွဲများ အတွက် ရည်ရွယ်၍ ဖန်တီးထားသည့် သီးခြား လောကနယ်မြေ တစ်ခု ဖြစ်သည်။ ၎င်းက လျှို့ဝှက် အာဏာရှင် အဆင့်များ၏ စစ်မြေပြင် ဖြစ်သလို ပါရမီရှင်များကို လေ့ကျင့်ပေးရာ နေရာလည်း ဖြစ်ပေသည်။
စည်းစိမ် ကွင်းပြင်မှာ မြေပြင် တစ်ခု မဟုတ်သလို ဝိညာဉ် စင်မြင့် တစ်ခုမှလည်း မရှိပါချေ။ ၎င်းက သည်အတိုင်း ဟင်းလင်းပြင်ကျယ်ကြီးသာ ဖြစ်၏။ သို့သော်လည်း ထိုနေရာ၌ လေထု၊ အလင်းနှင့် အပူချိန်တို့ ရှိပေသည်။ သို့သော်လည်း ထိုစွမ်းအင်များမှာ ကြွယ်ဝခြင်း မရှိလှပဲ အသက်ဓာတ်ကို ထိန်းသိမ်းနိုင်ရုံ အခြေခံ အကျဆုံး သေမျိုး အဆင့်တွင်သာ ရှိပေသည်။
စည်းစိမ် ကွင်းပြင်ကြီး တစ်ခုလုံးက လေးထောင့် ဖြစ်ကာ လေးလက် လေးတန်မှာ ဟင်းလင်းပြင် နံရံများဖြင့် ကာဆီးထား၏။ ထိုနေရာ၌ ကျင့်ကြံသူများမှာ မည်သည့် စိတ်ကြိုက် စွမ်းအားကို အတားအဆီး မရှိ ဆင့်ခေါ် နိုင်ပေသည်။ ၎င်းက မျှတသည့် တိုက်ပွဲများ တိုက်ခိုက်ရန် အလွန် သင့်လျော်သည့် နေရာ တစ်ခုလည်း ဖြစ်ပေသည်။
စည်းစိမ် ကွင်းပြင်မှာ မိုင်ပေါင်း ၁၈၀၀၀၀ မိုင် ကျယ်ဝန်း၏။ ၎င်းက အလွန် ကျယ်ပြန့်ပုံ ရသော်လည်း မြေကြီး ရှန့်ထိုများ အတွက်တော့ သေးငယ်၍ပင် နေပေသေးသည်။ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ထိုအကွာအဝေးလောက်ကို မျက်တောင် တစ်ခပ်စာ အတွင်း ခုန်ကူးနိုင်စွမ်း ရှိကြပေသည်။
စည်းစိမ်ကွင်းပြင်၏ ထောင့်တစ်နေရာ၌ ဝူယု၊ မာ့ကျန်း၊ ဟုန်ယန်လျဲ့လန်၊ မာ့ဆုကျင်း၊ စွန်းလီနှင့် ဖေးယဲ့လီယင်တို့မှာ မတ်တပ်ရပ် နေခဲ့ကြ၏။ သူတို့က မျက်နှာချင်းဆိုင် ထောင့်တစ်နေရာ၌ ရပ်နေသည့် ရှန်းကျီးကျိတို့ အုပ်စုကို လှမ်းကြည့် နေကြခဲ့ကြခြင်း ဖြစ်သည်။ ထိုအုပ်စု၏ အရေအတွက်က သူတို့ထက် နှစ်ဆမျှ အထိ ရှိပေ၏။
“ရွှေရောင် အသက်နန်းတော်က အကျိုးအမြတ်ရမယ့် အခွင့်အရေးဆို ဘယ်တော့မှ လွဲချော် မခံဘူးပဲ...”
နှစ်နာရီခန့် အတွင်းမှာပင် မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးမှာ ထိုစိန်ခေါ်ပွဲကြောင်း သိရှိကြပြီး ဖြစ်ကာ စောင့်ကြည့်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ ရှန်းကျီးကျိမှာ ယနေ့ အတွက် အစောကတည်းကပင် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ဟန် တူသည်။ လက်မှတ်တစ်စောင်၏ တန်ဖိုးကို ကြားသိခဲ့ရချိန်၌ ဝူယု ပင်လျှင် အလွန် အံ့အားသင့်ခဲ့ရ၏။
“ဒါပေါ့ဗျာ...”
မာ့ကျန်းက ဂုဏ်ယူဟန်ဖြင့် ပြုံးရင်း ဆိုလိုက်သည်။ ထိုအရာကပင် သူတို့ ရွှေရောင် အသက်နန်းတော် လည်ပတ်နေသည့် ပုံစံဖြစ်သည်။ နန်းတော်သခင် နေရာ ဘယ်နှစ်ကြိမ် ပြောင်းစေကာမူ ရွှေရောင် အသက် နန်းတော်က ထိုပုံစံအတိုင်းပင် ဖြစ်၏။ သူ ရှန်ကျီးကျိ အတွက် ဂုဏ်ယူမိပေသည်။ ထိုကောင်လေးမှာ အသက်ကိုင်းခွဲ အုပ်ချုပ်ရေးမှူး၊ နန်းတော်သခင် နေရာနှင့် ထိုက်တန်သူ ဖြစ်ပေသည်။
အကယ်၍ သူသာ ဒုက္ခများကို သယ်ဆောင် မလာပဲ ကိုယ့်အလုပ်ကို အာရုံစိုက်ခဲ့လျှင် မည်မျှ ကောင်းလိုက်မည်နည်း။
***