စိန်ခေါ်ပွဲ စတင်ခြင်း
Vol. 68 Ch. 950
“လူတွေကြည့်တဲ့ အကျိုးအမြတ်တွေကိုကျ ဘယ်သူက ရမှာလဲ...”
ဟုန်ယန်လျဲ့လန်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ မကြာခင် ရွှေရောင် အသက်နန်းတော်နှင့် ပူးပေါင်း လုပ်ဆောင်ရတော့မည် ဖြစ်လေရာ သူတို့၏ လည်ပတ်မှုများ အကြောင်း အတန်အသင့် သိထားသင့်သည်ဟု သူမ ခံစားရသည်။
“အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကိုကျ တိုက်ခိုက်သူတွေကို ပေးပါတယ်... ရှန်းကျီးကျိရဲ့ စီမံခန့်ခွဲမှုပေါ့လေ... တိတိကျကျ ပြောရရင် ၁၂ ရာခိုင်နှုန်းကို တိုက်ခိုက်တဲ့ လူတွေ အတွက်ပေးတယ်... အနိုင်ရတဲ့သူက ၁၀ ရာခိုင်နှုန်း ရှုံးနိမ့်တဲ့လူတွေက ၂ ရာခိုင်နှုန်းပေါ့... ၃၀ ရာခိုင်နှုန်းကိုတော့ တိုက်ပွဲမှာ ပျက်စီးသွားတဲ့ စည်းစိမ်ကွင်းပြင်ရဲ့ အစိတ်အပိုင်းတွေကို ပြန်ပြုပြင်ဖို့ သုံးတယ်... အလုပ်သမားခတွေပါ အပါအဝင်ပေါ့လေ... ကျန်တာတွေကိုတော့ ရွှေကောင်စီဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ နန်းတော်သခင်တို့က စည်းဝေးပြီး ဘယ်ဌာနစိတ်မှာ ရင်းနှီး မြှုပ်နှံသင့်တယ် ဆိုတာ ဆုံးဖြတ်တယ်”
ပထမကိုင်းခွဲ အုပ်ချုပ်ရေးမှူး စွန်းလီက တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။
“အဲဒီလိုလား...”
ဟုန်ယန်လျဲ့လန်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားမိ၏။ ထိုမျှ ကောင်းမွန်သည့် အခွင့်အရေး တစ်ခုကို သူမ လွဲချော်ခဲ့သည်လား။
‘သောက်ရှန်းကျီးကျိ...”
သူမ အံကို တင်းတင်း ကြိတ်ကာ မိုင်သောင်းပေါင်းများစွာ အကွာအဝေးမှ ရှန်းကျီးကျိကို ဒေါသတကြီး လှမ်းကြည့် လိုက်သည်။
“ဒီစိန်ခေါ်ပွဲကြောင့် အကျိုးအမြတ် ဘယ်လောက် အထိ ရနိုင်လဲ...”
မာ့ဆုကျင်းက တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးများဖြင့် စွန်းလီကို ကြည့်ရင်း မေးလိုက်၏။
“ရိုးရိုးသားသား ပြောရရင်...”
စွန်းလီက တွက်ချက်ဟန်ဖြင့် မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက် စက္ကန့်ပိုင်း အတွင်းမှာပင် သူမ မျက်လုံးများကို ပြန်လည် ဖွင့်လိုက်သည်။
“အကြမ်းဖျဉ်း ခန့်မှန်းရမယ် ဆိုရင်တော့ လျှို့ဝှက်ကျောက်တုံး လေးထောင်ကနေ ငါးထောင်လောက် အတွင်း ရှိနိုင်တယ်”
“...”
ဝူယု၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ ဟုန်ယန်လျဲ့လန်၏ တုန့်ပြန်မှုက ပိုမို၍ပင် ပြင်းထန်သေးသည်။ ထိုအရာက ဂြိုဟ်များ၊ လောကနယ်မြေများကိုပင် မျက်တောင် တစ်ချက် မခပ်ပဲ ဝယ်ယူနိုင်သည့် ကြွယ်ဝ ချမ်းသာမှုမျိုး ဖြစ်သည်။
သူတို့ အဖွဲ့မှာ ရောက်တတ်ရာရာ စကားများ ဆက်လက် ပြောဆို နေကြ၏။ မိနစ် အနည်းငယ် ကြာပြီးနောက် ဝူယုက မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ...”
သူက ပထမဆုံး တိုက်ခိုက်ရမည့်သူ ဖြစ်သည်။ အချိန်စာရင်း အရဆိုလျှင် တိုက်ပွဲမှာ လွန်ခဲ့သည့် တစ်နာရီလောက် ကတည်းက စတင်ရမည် ဖြစ်သည်။ သို့သော်လည်း... အလဟသတ် နောက်ထပ် တစ်နာရီလောက် ထပ်စောင့် နေရသည်။ အဘယ်ကြောင့်နည်း။
မာ့ကျန်းကလည်း မျက်မှောင်ကြုတ်လိုက်၏။ သူတို့ဘက်က အစစ အရာရာ အဆက်သင့် ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုသည်ပင် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ဖေးယဲ့လီယင်မှာ ယခင်ကထက် ပိုမို နုပျိုလာခဲ့၏။ ယခင်က သူမမှာ အသက်လတ် မိန်းမကြီး အရွယ် ရှိသော်လည်း ယခုတွင်တော့ အသက် နှစ်ဆယ်ကျော် သုံးဆယ်ခန့်ဟုသာ ထင်ရသည်။
မာ့ကျန်းက အကြောင်းပြချက်ကို စုံစမ်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ကြယ်အလင်း တစ်ခုမှာ ရှန်းကျီးကျိတို့ အုပ်စုထံမှ ပျံတက်လာကာ သူတို့ အနားသို့ ရောက်ရှိလာ၏။ ထိုအလင်းမှာ ဒုတိယ ကိုင်းခွဲ အုပ်ချုပ်ရေးမှူး ယင်ကျိရန်ရှီမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။ ယင်ကျိရန်ရှီက ဝူယုတို့နှင့် မီတာ ဒါဇင် အနည်းငယ်ခန့် အကွာအဝေးတွင် ရပ်လိုက်၏။
အမှန်ကတယ်အားဖြင့် မြေကြီးရှန့်ထို လေးယောက်ရှေ့တွင် ရပ်နေရသည်ကို သူ သက်တောင့်သက်သာ မရှိသလို ခံစားနေရ၏။ ကံကောင်းထောက်မတာ တစ်ခုက ထိုကျင့်ကြံသူများထဲမှ မည်သူနှင့်မှ သူ တိုက်ခိုက်စရာ မလိုခြင်း ဖြစ်သည်။
“ဘာလို့အချိန်ကြာ နေတာလဲ...”
မာ့ကျန်းက တည်ငြိမ်စွာဖြင့် မေးလိုက်၏။ ယင်ကျိရန်ရှီက ဝူယုကို မသိမသာ တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူက ရှင်းပြလိုက်၏။
“ယန်ချောင်ယွီက နောက်ကျလိမ့်မယ် တဲ့... သူက ကျင့်ကြံသူ တစ်ယောက် ကပ်ဘေး ဖြတ်ကျော်နေတာကို စောင့်နေတယ် ပြောတယ်”
“သူက လက်လျှော့လိုက်တာလား...”
ဖေးယဲ့လီယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ယင်ကျိရန်ရှီက ဖေးယဲ့လီယင်ကို လှမ်းကြည့် လိုက်သည်။ သူမလို လှပ ကျက်သရေရှိသည့် မိန်းကလေးက ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ အလိုရှိနေသည့် ရာဇဝတ်သား တစ်ယောက်ဆိုလျှင် မည်သူ ယုံပါမည်နည်း။
“မဟုတ်ပါဘူး... စည်းမျဉ်းအရ အရေးကြီးတဲ့ ကိစ္စရှိရင် စိန်ခေါ်ပွဲ စမယ့် အချိန်ကို နောက်ဆုတ်လို့ ရပါတယ်”
ယင်ကျိရန်ရှီက ရှင်းပြလိုက်၏။ သူ၏ အမူအရာက ထိုကြေညာချက် အပေါ် အလွန် ယုံကြည်ချက် ရှိနေသည့်ပုံပင်။
“ဘာကိစ္စ မလို့ပဲ... ဆိုစမ်းပါဦး...”
စွန်းလီက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ ရွှေရောင် အသက်နန်းတော်၏ စိန်ခေါ်ပွဲထက် ပိုအရေးကြီးသည့် ကိစ္စ ရှိနိုင်သေး၍လော။
ယင်ကျိရန်ရှီက ပင့်သက် တစ်ချက် ရှိုက်လိုက်၏။
“သူက ဝေ့ဝူယင် လောကသခင် အဆင့် ကပ်ဘေး ကျော်ဖြတ်တာကို ကြည့်နေတယ်လို့ ပြောပါတယ်”
“ဟမ်...”
အားလုံး၏ အမူအရာများက ပြောင်းလဲ သွားကြ၏။ ဟုန်ရန်လျဲ့လန်က ဝူယုကို နားမလည်စွာဖြင့် လှည့်ကြည့်လိုက်သည်။
သူက ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်သည်။ တကယ်ဆိုလျှင် ထိုနေရာ၌ ရှိနေသင့်သူက ယန်ချောင်ယွီ မဟုတ်ပဲ ဝူယုသာ ဖြစ်သင့်သည် မဟုတ်ပါလော။ မည်သည့် အရာများ ဖြစ်နေသနည်း။
ဝူယု၏ အမူအရာက အပြောင်းအလဲ မရှိချေ။ သူက ဝေ့ဝူယင်၏ လုံခြုံရေး အပေါ် နည်းနည်းလေးမျှ မစိုးရိမ်ပါချေ။ ဝေ့ဝူယင်မှာ သူ မရှိခင်ကတည်းက ကိုယ့်ကိုယ်ကို လုံခြုံအောင် စီမံနိုင်သူ ဖြစ်သည်။ ဝေ့ဝူယင်၏ နည်းလမ်း တစ်ခုချင်းစီတိုင်းက အလွန်ပင် လျှို့ဝှက်ကာ ဆန်းကြယ်သည်။ ဟင်းလင်းပြင် ပေါ်တယ် ဖန်တီးနိုင်သည့် စွမ်းရည် တစ်ခုတည်းကပင် ထိပ်တန်း ကျင့်ကြံသူများစွာ၏ လက်မှ လွတ်မြောက်ရန် လုံလောက်ပေသည်။ ထို့အပြင်... ဝေ့ဝူယင်မှာ အရေးကြုံပါက သူ့ကို လှမ်းခေါ်လိမ့်မည် ဖြစ်သည်။ သူက မပိုင်နိုင်သည့် ကိစ္စကို လှုပ်ရှားလိမ့်မည် မဟုတ်ပါချေ။
“အဲဒီ အကြောင်းပြချက်က လုံလောက်တယ် မလား...”
ယင်ကျိရန်ရှီက မေးလိုက်၏။ သို့သော်လည်း မာ့ကျန်းက ခေါင်းခါလိုက်သည်။
“မလုံလောက်ဘူး... အချိန်ကျတဲ့ အထိ ယန်ချောင်ယွီ မလာနိုင်ရင် စည်းမျဉ်းတွေ အရ သူ့ကို ဖယ်ရှားမယ်... မင်းတိုဘက်က အဲဒီပွဲကို အရှုံးပေးရမယ်... ရှန်းကျီးကျိဆီကို ပြန်သွားပြီး ပြောလိုက်... နောက်တစ်ခါ ကျရင် ပိုပြီး ယုံလို့ရတဲ့ ချန်ပီယံကို ရှာခဲ့လို့”
“ဟမ်...”
ယင်ကျိရန်ရှီမှာ မာ့ကျန်းကို နားမလည်စွာ ကြည့်လိုက်မိ၏။ မာ့ကျန်းက နှောင့်နှေးမှုကို ငြင်းဆို လိုက်သည်လား။ ပထမ၌ ဝေ့ဝူယင်နှင့် မာ့ကျန်းတို့ အကြားရှိ ဆက်ဆံရေးကြောင့် ဝေ့ဝူယင် ဆိုသည့် နာမည်ကို သုံးလိုက်သည်နှင့် မာ့ကျန်းတို့ လက်ခံလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
“မင်း နားပင်းနေလား သွားတော့...”
ဝူယုက မျက်မှောင်ကြုတ်ကာ ယင်ကျိရန်ရှီကို ကြည့်လိုက်၏။ ယင်ကျိရန်ရှီ အံကို တင်းတင်းကြိတ် လိုက်မိသည်။ သူ့ဘဝ တစ်လျှောက်လုံး ထိုကဲ့သို့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံ မခံခဲ့ဖူးချေ။ အကယ်၍ ဝူယုသာ မြေကြီး ရှန့်ထို တစ်ယောက် မဟုတ်ပါက သူ တစ်စစီ ဆွဲဖဲ့ ပစ်လိုက်ပြီ ဖြစ်သည်။
သို့သော်လည်း ကံမကောင်းစွာပင် အမှန်တရားက တစ်ခုသာ ရှိပေသည်။ သူက အားနည်းသည်။ ဝူယုမှာ သူ့ထက်ပို အားကောင်းသည်။ ထို့အပြင် ဝူယုမှာ မည်သည့် လျှို့ဝှက်ကျိန်စာများ၏ ချည်နှောင်မှုကိုမှ ခံမထားရချေ။ အကယ်၍ သူသာ ဆန္ဒ ရှိပါက သူ့ကို မျက်တောင် တစ်ခပ်စာ အတွင်း သတ်ဖြတ် ပစ်နိုင်သည်။ အားမတန်သည့် အခြေအနေ ဖြစ်လေရာ မာန်လျှော့ရုံသာ ရှိပေတော့သည်။
“ကောင်းပြီလေ...”
ယင်ကျိရန်ရှီ သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက လျှို့ဝှက် အော်ရာကို ထုတ်လွှတ်ကာ ရှန်းကျီးကျိတို့ အုပ်စုထံ ပြန်လည် ပျံသန်း သွားတော့သည်။
နောက်ထပ် မိနစ် အနည်းငယ် ထပ်မံ ကြာမြင့် သွား၏။
ဒင်...
ရုတ်တရက် အသံသာသည့် ခေါင်းလောင်းသံ တစ်ချက် ထွက်ပေါ်လာကာ အားလုံး၏ အာရုံများကို ဆွဲဆောင် သွား၏။ ရွှေရောင် အသက်နန်းတော် နန်းတော်သခင် နေရာ အတွက် တရားဝင် စိန်ခေါ်ပွဲကား စတင်ခဲ့ပြီ ဖြစ်လေသည်။
***