← Chapters

ဝူယုနှင့် နန်စီယန်ကူး

Vol. 68 Ch. 951

ဝူယုနှင့် နန်စီယန်ကူး

Vol. 68 Ch. 951

ဒင်...

ရွှေရောင် အသက် နန်းတော်၊ နန်းတော်သခင် နေရာ အတွက် တရားဝင် စိန်ခေါ်ပွဲကား စတင်ခဲ့ပြီ ဖြစ်လေသည်။

ရှန်းကျီးကျိမှာ စည်းစိမ်ကွင်းပြင်၏ ဗဟိုနေရာသို့ ပျံသန်းလာကာ လူတိုင်း၏ အာရုံစူးစိုက်မှု အားလုံးကို စုပြုံ သိမ်းပိုက် လိုက်၏။ အထက်ကောင်းကင်မှ ဝိညာဉ်အလင်း ရောင်စဉ်တန်းများ ဆင်းသက်ကျလာကာ သူ၏ ပုံရိပ်ကို ပိုမို ထင်ရှား ပေါ်လွင်အောင် မီး‌မောင်းထိုးပြလိုက်သည်။

“အားလုံးကို နှုတ်ခွန်းဆက်သပါတယ်... ဒီလို အခမ်းအနားမျိုးကို ပြုလုပ်ခွင့် ရတာ ကျုပ်တို့ ရွှေ‌ရောင် အသက်နန်းတော် အတွက် ဂုဏ်ယူစရာပါပဲ...”

ရှန်းကျီးကျိက နှုတ်ဆက်စကားဖြင့် အစချီလိုက်ရင်း ပါဝင်ပေးကြသူများ အားလုံးကို ကျေးဇူးတင်စကားများ ပြောဆို လိုက်သည်။ သူက ဝူယု၊ ဖေးယဲ့လီယင်တို့ကိုလည်း ချန်မထားခဲ့ပါချေ။ အထူးသဖြင့် ဖေးယဲ့လီယင်၏ နာမည်ကို ကြေညာရာ၌ ယခုလို ထပ်ဆောင်း ဂုဏ်ပုဒ်လေးပင် ထည့်ပေးလိုက်သေး၏။

“ကြယ်ကိုးပွင့် ရှန့်ထို ခန်းမရဲ့ နာမည်ကျော် ဝိညာဉ်မြှင့်တင်ခြင်း ရှန့်ထိုဟောင်း ဖေးယဲ့လီယင်ကိုလည်း ကျုပ်တို့ ရွှေရောင် အသက်နန်းတော်အနေနဲ့ အများကြီး ကျေးဇူးတင်ပါတယ်”

“ခစ်... ခစ်...”

ထိုကြေညာသံ ထွက်ပေါ်လာချိန်၌ ဖေးယဲ့လီယင်က ရယ်၏။ ရှန်းကျီးကျိက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ နာမည်ကို သုံးကာ ခြောက်လှန့်နေကြောင်း သူမ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ ကံကောင်းထောက်မစွာပင် ထိုအရာများက သူမအပေါ် အလုပ်မဖြစ်ပါချေ။

ကျေးဇူးတင်စကား ပြောဆိုပြီး နောက်တွင် ရှန်းကျီးကျိက စိန်ခေါ်ပွဲ၏ စည်းမျဉ်းများနှင့် အခြေအနေများကို ဆက်လက် ရှင်းပြလိုက်၏။ စိန်ခေါ်ခံရသူများ အနေဖြင့် ရှန်းကျီးကျီ လုပ်ရန် လိုအပ်သည့် တစ်ခုတည်းသော အရာက တစ်ပွဲ နိုင်ရုံသာ ဖြစ်သည်။ တစ်ပွဲနိုင်ရုံဖြင့် မာ့ကျန်း၏ စိန်ခေါ်မှု အားလုံးကို ရှင်းလင်းပြီးသား ဖြစ်သွား ပေလိမ့်မည်။ ထို့အပြင်... သရေပွဲကိုတော့ အရှုံးအဖြစ် သတ်မှတ်လိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း... သုံးပွဲလုံး သရေဆိုပါက ရှန်းကျီးကျိတို့ဘက်ကသာ အနိုင်ရရှိလိမ့်မည် ဖြစ်သည်။

ပြိုင်ပွဲ၌ ကန့်သတ်ထားသည့် အရာများ ရှိပေသည်။ ပထမဆုံး အနေဖြင့် လျှို့ဝှက်မြေကြီး အဆင့် ဆေးတောင့်များကို ခွင့်ပြုထားသော်လည်း... အများဆုံး ဆယ်ခုသာ သုံးခွင့် ရှိသည်။ သို့သော်လည်း မြေကြီး ရှန့်ထိုများ အတွက် လျှို့ဝှက်မြေကြီး အဆင့် ဆေးတောင့်များမှာ ခြိမ်းခြောက်မှု မရှိသလောက် ဖြစ်သည်။ အဆောင်များကိုတော့ လုံးဝ ခွင့်ပြု မထားပါချေ။ လက်နက်များကိုတော့ အားလုံး ခွင့်ပြုထား၏။

စိန်ခေါ်ပွဲနှင့် ပတ်သက်၍ အရေး အကြီးဆုံး အချက်က သေဆုံးနိုင်ချေ ရှိခြင်း ဖြစ်သည်။ ရှန်းကျီးကျိက ထိုအကြောင်းကို နှစ်ဖက် စလုံးထံ အသိပေး၏။ ပြိုင်ပွဲ၌ လက်နက်ချခြင်းကို ခွင့်ပြုထားပေသည်။ သို့သော်လည်း ပါဝင်သူ အများစုက မြေကြီး ရှန့်ထိုများ ဖြစ်လေရာ သူတို့က တိုက်ပွဲ အလယ်၌ လက်နက်ချလိမ့်မည်တော့ မဟုတ်ပါချေ။

ပြင်ပ ဝင်ရောက် နှောက်ယှက်မှုကိုတော့ လက်နက် ချပြီးသည့် အခါ ကယ်တင်ဖို့ တစ်ခုသာ ခွင့်ပြုထားပေသည်။ အကယ်၍ တစ်ဖက်ဖက်မှ လက်နက် မချခင် ဝင်နှောက်ယှက်ဖို့ ကြိုးပမ်းပါက အနိုင် ရရှိထားလျှင်ပင် ထိုဘက်ကို အရှုံးအဖြစ် သတ်မှတ်မည် ဖြစ်သည်။

“စိန်ခေါ်ပွဲရဲ့ ပထမဆုံး အတွဲအဖက်ကို ကျုပ် ဂုဏ်ယူစွာနဲ့ ကြေညာပါရစေ... သူတို့ကတော့ ဒြပ်စင်နယ်မြေ နန်စီမျိုးနွယ်ရဲ့ ဘိုးဘေးနဲ့ ဝေ့ဝူယင်ရဲ့ အဂ္ဂိရတ် အာရုဏ်ဦး မဟာ စစ်သည်တော် ဖြစ်တဲ့...”

“နန်စီယန်ကူးနဲ့ ဝူယုတို့ပဲ ဖြစ်ပါတယ်...”

ရှန်းကျီးကျိက လေသံကို မြှင့်ကာ ကြေညာလိုက်လေ၏။ ဝိညာဥ်အလင်းများက စည်းစိမ်ကွင်းပြင် အတွင်း တဖျပ်ဖျပ် လှုပ်ခါသွားကာ ဝင်္ကပါများက သူ့တာဝန်သူ အပြီးပြည့်စုံဆုံး လုပ်ဆောင် နေကြ၏။ နန်းတော် သခင်က ဖျပ်ခနဲ ပျောက်ကွယ်သွားကာ မူလ နေရာကို ပြန်လည် ရရှိသွားသည်။

ဂျိန်း... ဒလိမ်း...

ရုတ်တရက်.. မိုးကြိုး ထစ်ချုန်းသံများနှင့် အတူ ထွင်းဖောက် မြင်နိုင်သည့် အလွှာ တစ်ခု ဖြစ်ပေါ်လာကာ စည်းစိမ် ကွင်းပြင်၏ ထောင့်စွန်းများကို ဖုံးအုပ်သွား၏။ ၎င်းတို့က စိန်ခေါ်ခံရသူနှင့် စိန်ခေါ်သူ နှစ်ဖက် စလုံးမှ လူများကို မြေကြီး ရှန့်ထိုများ၏ တိုက်ပွဲမှ ကင်းလွတ်အောင် တားဆီးပေးလိမ့်မည် ဖြစ်သည်။

ဝူယုက တည်ငြိမ်သော ခြေလှမ်းများနှင့် အတူ အကာအကွယ် အလွှာ အပြင်ဘက်ကို ထွက်လာခဲ့၏။ ထို့နောက် သူက တည်ငြိမ်စွာပင် လက်ပိုက်ကာ ရင်ဘတ်ကို ကော့ထားလိုက်သည်။ သူ၏ အမူအရာက သေ‌ရေးရှင်ရေး တိုက်ပွဲ တစ်ခု တိုက်ရမည့် လူနှင့် မတူပဲ တည်ငြိမ်လှ၏။

ဝှစ်...

အခြားထောင့်စွန်း တစ်ဖက်မှ နောက်ထပ် ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။ သူ၏ မျက်လုံးများက စစ်ပွဲ ဆာလောင်စိတ်ဖြင့် လောင်ကြွမ်းနေသည်။ သူက အရပ် မရှည်၊ မပုသည့် ယောက်ျား တစ်ယောက် ဖြစ်သည်။ သူက ခပ်တိုတို အနက်ရောင် ဆံပင်များကို ပိုင်ဆိုင်ထားကပာ နှာတံက ပေါ်လွင်၏။ သူ၏ ခန္ဓာကိုယ်က ပိန်လှီခြင်း မရှိသလို တောင့်တင်း ကြံ့ခိုင်ခြင်းလည်း မရှိချေ။ သူက အစိမ်းရင့်ရောင် ကိုယ်ကြပ် ဓားသမား ဝတ်စုံကို ဝတ်ဆင်ထား၏။

ထိုပုဂ္ဂိုလ် ပိုင်ဆိုင်ထားသည့် သွင်ပြင် လက္ခဏာရပ်များထဲတွင် အထင်ရှားဆုံး အရာက အနီ၊ အပြာနှင့် အစိမ်းရောင် သုံးခုရှိသည့် မျက်လုံးများပင် ဖြစ်လေသည်။ ထိုအရာက ထူးခြားသည့် မျက်လုံး ကျင့်စဉ် တစ်ခုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ချေ ရှိပေသည်။

နန်စီယန်ကူး...

သူက ဒြပ်စင် နယ်မြေအတွင်းရှိ ကပ်ပါး အင်အားစုများ အဖြစ် ကျော်ကြားသော ပြင်ပ ကလန် ခေါင်းဆောင် တစ်ယောက်ပင် ဖြစ်သည်။

အကယ်၍ လင်းရှန်းရှန်းသာ နန်စီယန်ကူးကို မြင်ပါက အစိမ်းလိုက် ဝါးစားချင်စိတ်များ ဖြစ်ပေါ်လာမှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော်... ထိုပုဂ္ဂိုလ်ကြီးမှာ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို အနိုင်ယူကာ လင်းမျိုးနွယ်ကို ကြိုးဆွဲခံ ရာထူးသို့ တွန်းပို့ခဲ့သူ ဖြစ်နေသောကြောင့်ပင်။

ဝူယုက တည်ငြိမ်စွာပင် နန်စီယန်ကူးကို အကဲခတ်လိုက်၏။ သူ၏ မျက်လုံးများက မသိမသာ ကျဉ်းမြောင်းသွားသည်။

“သူ့ကို ကြည့်ရတာ ဒဏ်ရာ ရနေတဲ့ပုံ မပေါ်ပါဘူး...”

ရွှေရောင် အသက်နန်းတော်က နန်စီယန်ကူး အလျှင်အမြန် ပြန်လည် ကျန်းမာလာစေရန် တန်ဖိုးကြီးကြီး ရင်းနှီး မြှုပ်နှံခဲ့သည်လား။

နန်စီယန်ကူးက ညာဘက်လက်ဖြင့် ဆုပ်ကိုင်ထားသည့် ဓားရိုးကို ဘယ်ဘက်လက်ဖြင့် ထိရင်း ဝူယုကို ကြည့်လိုက်သည်။ တဒင်္ဂ အတွင်းမှာပင် ဒေါသ မီးတောက်များမှာ သူ၏ သုံးရောင်ခြယ် မျက်ဝန်းများထဲ၌ ပြင်းထန်စွာ လောင်ကြွမ်းလာ၏။ ဝူယုကို မြင်ယုံဖြင့်ပင် သူ့အမုန်းတရားများက ပေါက်ကွဲ လာခဲ့သည်မှာ ထင်ရှားပေသည်။

“အိုး...”

ဝူယုမှာ ထိုမြင်ကွင်းကို ကြည့်ကာ ရယ်ချင် သွားမိ၏။ ကြည့်ရသည်က သူ ပြင်ပကလန်များသို့ သွားကာ ဓားပြတိုက်ခဲ့သည့် အကြောင်း နန်စီယန်ကူး သိပြီးသည့်ပုံ ရသည်။

ရွှမ်း...

နန်စီယန်ကူးက ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်၏။

ဓားရည်ရွယ်ချက်...

သောင်းပေါင်းများစွာသော လျှို့ဝှက် သင်္ကေတများက သူ့ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် မိုင်ဆယ်ကို မုန်တိုင်း တစ်ခုအလား လွှမ်းမိုး သိမ်းပိုက် သွားသည်။ ထိုနယ်မြေ အတွင်း၌ ဓားရည်ရွယ်ချက်များက စိမ့်ဝင် စီး‌မြောနေကာ အပြင်းထန်ဆုံးသော သတ်ဖြတ်နိုင်စွမ်းရည်တို့ကို ဖော်ဆောင် နေကြ၏။

“စိတ်ဝင်စားစရာပဲ...”

ဝူယုက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ လှံတစ်စင်းက အလိုအလျောက်ပင် သူ့လက် အတွင်း ဖွဲ့စည်းလာ၏။

ထိုလှံမှာ အနန္တ ဧကရာဇ် ကျမ်းစာ အသွင်ပြောင်း လှံနှင့် အတော်လေး ကွဲပြားခြားနားလှကာ ထက်မြိနေသည့် နှစ်ဖက်သွားများကို ပိုင်ဆိုင်ထား၏။ ထိုအသွားများထက်၌ အမျိုးမျိုးသော လျှို့ဝှက် သင်္ကေတများကို ခပ်နှိပ်ထားပြီး အရှည်က ခုနစ်ပေခန့် ရှိလိမ့်မည် ဖြစ်သည်။

ထန်း...

ရုတ်ချည်းပင် လှံဟိန်းသံ တစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက နိုးထခြင်း အဆင့် လှံရည်ရွယ်ချက် တစ်ခုကို ပိုင်ဆိုင်ထားသည့် လက္ခဏာပင်။

ဘုန်း...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လှံရည်ရွယ်ချက်နှင့် အတူ အင်ပါယာ ကောင်းကင် အော်ရာက ပေါက်ကွဲ ထွက်ပေါ်လာကာ တစ်လောကလုံးကို လွှမ်းမိုး သွားခဲ့ပြီ ဖြစ်သည်။ ထိုလွှမ်းမိုးမှု အောက်၌ နန်စီယန်ကူး၏ ဓားမုန်တိုင်း ပင်လျှင် အားနည်းသွားကာ ဆယ်မိုင်မှ သုံးမိုင်အထိ ပြန်လည် ကျုံ့ဝင် သွားခဲ့၏။

နန်စီယန်ကူး၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ မိုင်သောင်းပေါင်းများစွာ ကွာဝေး နေသေးသည့်တိုင် ဝူယု၏ အော်ရာက အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။ သို့သော်လည်း နန်စီးယန်ကူးမှာ နောက်ဆုတ်ရန် စိတ်မဝင်စားပါချေ။

ဝှစ်...

သူက လျှို့ဝှက် အော်ရာကို အကန့်အသတ်ထိ ရောက်အောင် ထုတ်ဖော် လိုက်၏။ သူ၏ ပတ်လည်၌ သောင်းပေါင်းများစွာသော လျှို့ဝှက် သင်္ကေတများက လှပစွာ ကခုန်ကာ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ် လာသည်။ တစ်ချိန်တည်း၌ သူ့ဓားသွားမှာလည်း အလွန် တောက်ပသည့် ဓားအလင်းများဖြင့် ပြည့်လျှံ လာခဲ့လေ၏။

ဝူယုမှာ နန်စီယန်ကူး၏ လျှို့ဝှက် အော်ရာကို အာရုံခံမိလိုက်၏။ သူ၏ မျက်လုံးများက ဝိညာဥ် အလင်းများနှင့် တောက်ပသွားကာ နန်စီယန်ကူး၏ လျှို့ဝှက် အာဏာရှင် အဆင့်ကို စစ်ဆေး လိုက်သည်။

တစ်... နှစ်... သုံး... လေး...

မန်နာ... ရောင်စဉ်... သမုဒ္ဒရာ... အာကာသ...

လျှို့ဝှက် လမ်းစဉ် လေးခု...

နန်စီယန်ကူးမှ လျှို့ဝှက် လမ်းစဉ်လေးခုကို နားလည်ထားသည့် သင်္ကေတ လေးခု မြေကြီး ရှန့်ထို တစ်ယောက်ပင် ဖြစ်၏။ ကျင့်ကြံခြင်း အခြေခံ အရ ဆိုရလျှင် သူက ဟန်ယုဟိုင်ထက် အားနည်းခြင်း မရှိချေ။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ မြေကြီး ရှန့်ထိုများထဲတွင်ပင် သူက ထိပ်တန်း အဆင့်၌ ရှိနေသူ ဖြစ်သည်။ သို့သော်လည်း ထင်ထားသလောက် မဟုတ်လေရာ ဝူယုမှာ အနည်းငယ် စိတ်ပျက် သွားခဲ့၏။

ဘုန်း...

နန်စီယန်ကူးက ဓားကို ကိုင်ကာ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏။ ဓားအလင်းအားလုံးက ဓားသွားဆီ၌ စုစည်းသွားကာ လွှဲခုတ်ရန် အားယူလိုက်သည်။ တစ်ချိန်တည်း၌ သူ့ခန္ဓာကိုယ် ပတ်လည်ရှိ အာကာသက တွန့်လိမ်သွားကာ ခန္ဓာကိုယ်မှာ ထူးဆန်းစွာပင် ပျောက်ကွယ် သွား၏။

ဝူယုက လှံကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ကြောက်မက်ဖွယ် အငွေ့အသက်များမှာ သူ့ခန္ဓာကိုယ်မှ ဆူနာမီလှိုင်းများလို ပတ်ဝန်းကျင် မိုင်ဆယ်ဂဏန်းကို လွှမ်းမိုး သွား၏။ အင်ပါယာ ကောင်းကင် အော်ရာက နေရာတိုင်းကို စိမ့်ဝင်သွားသည်။

“အား...”

ရုတ်တရက် နာကျင်သည့် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။ ဝူယု၏ ဘယ်ဘက် မိုင်အနည်းငယ်ခန့် အကွာ၌ ပုံရိပ် တစ်ခုမှာ ပြန်လည် ပေါ်လာခဲ့သည်။ နန်စီယန်ကူးမှာ ဓားကို ကိုင်ရင်း အင်ပါယာ ကောင်းကင် အော်ရာကို ပြင်းထန်စွာ လွှဲခုတ်လိုက်၏။

ဝူယုကလည်း တုန့်ဆိုင်းခြင်း မရှိပါချေ။

ပထမ မဟာ အသွင်ပြောင်းခြင်း...

***

All Chapters