← Chapters

ဝူယုနှင့် နန်စီယန်ကူး (၂)

Vol. 68 Ch. 952

ဝူယုနှင့် နန်စီယန်ကူး (၂)

Vol. 68 Ch. 952

ဘုန်း...

အာရုဏ်ဦး စစ်သည်မှာ ပထမ မဟာ အသွင်ပြောင်းခြင်းကို ထုတ်ဖော် လိုက်ပြီ ဖြစ်လေသည်။ ချက်ချင်းပင် အင်ပါယာ ကောင်းကင် အော်ရာမှာ သံမဏိကိုပင် ကြိတ်ချေနိုင်သည့် အင်ပါယာ ဖိအားများ အသွင် ပြောင်းလဲသွားလေ၏။

ဘုန်း...

ထိုဖိနှိပ်မှုအောက်၌ ဓားမုန်တိုင်းမှာ အစအန ရှာမရအောင် ပျောက်ကွယ် သွားသည်။ နန်စီယန်ကူး၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲ သွားကာ ဝူယုကို ကြည့်လိုက်၏။ အော်ရာကို ထိုမျှ သန်မာအောင် သူက မည်ကဲ့သို့ လေ့ကျင့်ထားသနည်း။ ထိုအခိုက်၌ သမုဒ္ဒရာ တစ်စင်းနှင့် ရင်ဆိုင် နေရသလိုပင် သူ ခံစား နေရ၏။ ထို့အပြင်... နောက်ထပ် အံ့အားသင့်ဖို့ ကောင်းတာ တစ်ခုက ယင်းအော်ရာမှာ သူ၏ အာကာသ ရွေ့လျားမှု ကျင့်စဉ်ကို တားဆီးကာ ထိပ်တန် ရင်ဆိုင်ရန် တွန်အား ပေးနေခြင်းပင်။

နန်စီယန်ကူး၏ သုံးရောင်ခြယ် မျက်ဝန်းများက လှပသည့် ဝိညာဥ် အလင်းရောင်များဖြင့် ပြည့်နှက် သွားကာ ဝူယု အင်ပါယာ ကောင်းကင်အော်ရာကို စစ်ဆေးလိုက်၏။

“ရှစ်ခု...”

အော်ရာ အတွင်း ပါဝင်နေသည့် အော်ရာ အရေအတွက်ကို သတိထားမိသော အခိုက်၌ သူ့ မျက်လုံးများက အပ်ပေါက်များလို ကျဉ်းမြောင်း သွားခဲ့၏။ နန်စီယန်ကူးမှာ တုန့်ဆိုင်းခြင်း မရှိချေ။ လျှပ်တစ်ပြက် အတွင်းမှာပင် နောက်ကို ပြန်ဆုတ် လိုက်၏။

ဓားသမား တစ်ယောက်အနေဖြင့် နန်စီယန်ကူးမှာ တိုက်ခိုက်ရေး အထူးပြု ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သို့သော် ခုခံသည့် အပိုင်းတွင်လည်း သူက မခေလှချေ။ သူ၏ လှုပ်ရှားမှုများက အလွန်ပင် တည်ငြိမ်ကာ ခြေတစ်လှမ်း ချင်းစီတိုင်း၌ မိုင်ပေါင်ချီကို ဆုတ်ခွာ သွား၏။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် သူ၏ ဝူယု၏ အင်ပါယာ ‌အော်ရာ ဖုံးလွှမ်းမှု အောက်မှ လွတ်မြောက် သွားသည်။

အပြင်ပန်း၌ မည်မျှပင် တည်ငြိမ်နေစေကာမူ နန်စီယန်ကူး၏ မျက်လုံး အတွင်းထိ တိုက်ခိုက်လိုစိတ်များကတော့ အတော်လေး လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ ဝူယုမှာ လမ်းစဉ် ရှစ်ခု လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည်။ သူက မည်ကဲ့သို့ မွန်းစတားမျိုးနည်း။ ဟန်ယုဟိုင် ပင်လျှင် လမ်းစဉ်လေးခုကိုသာ ပိုင်ဆိုင် ထားသည်။ တတိယ အဆင့်ကို ကျရှုံးခဲ့သည်ဟု ကောလဟလ ထွက်နေသည့် ကျင့်ကြံသူ တစ်ယောက်က မည်ကဲ့သို့ လျှို့ဝှက် သင်္ကေတ ရှစ်ခုကို ပိုင်ဆိုင်ထားသနည်း။

လျှို့ဝှက် သင်္ကေတ ရှစ်ခု...

ရှန်းကျီးကျိနှင့် အခြားလူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ ငြိမ်သက်သွားကြ၏။ အာရုဏ်ဦး စစ်သည်မှာ ထာဝရ အစည်းရုံး၏ အဂ္ဂိရတ် သူရဲကောင်းများနှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းတို့ကို အနိုင်ပိုင်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့်တိုင် လျှို့ဝှက် သင်္ကေတ ရှစ်ခုကို ပြိုင်စံရှား ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူမှ ထင်မှတ် မထားခဲ့ကြချေ။

ထိုအခိုက်၌ ဝူယု၏ ထုတ်ဖော် ပြသမှုကြောင့် အံ့အားသင့်နေကြသည်က ရှန်းကျီးကျိတို့ အဖွဲ့သာ မကပါချေ။ မာ့ကျန်း ဟုန်ယန်လျဲ့လန်၊ စွန်းလီနှင့် မာ့ဆုကျင်းတို့ တစ်သိုက်မှာလည်း အလားတူပင် ဆွံ့အ နေကြ၏။ အထူးသဖြင့် မာ့ဆုကျင်းပင်။

စတင် ဆုံတွေ့ခဲ့စဉ် အခါက ဝူယုမှာ သူမလို လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်သာ ဖြစ်သည်။ ထိုနေ့မှ စ၍ ရေတွက်ပါက ဆယ်စုနှစ် တစ်ခုပင် မပြည့်သေးချေ။ ဝေ့ဝူယင် ကဲ့သို့သော လူ၏ ပံ့ပိုးမှု အောက်၌ ဝူယု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သွားသည်ကို သူမ မအံ့သြပါချေ။ သို့သော်လည်း လမ်းစဉ် ရှစ်ခု အထိကို ပိုင်ဆိုင်ထားခြင်းကတော့ ကြမ်းတမ်း လွန်းလှ၏။

စွန်းလီက မာ့ကျန်းကို သုန်မှုန်စွာ ကြည့်လိုက်၏။ အဘယ်ကြောင့် ဝူယုက ပထမဆုံး ချန်ပီယံ ဖြစ်ရသနည်း။ တကယ်ဆိုလျှင် ပထမ ချန်ပီယံမှာ အားအနည်းဆုံး ဖြစ်သင့်သည် မဟုတ်ပါလား။ ဝူယုမှာ စွန်းလီ၏ အကြည့်ကို သတိထားမိသော်လည်း တိုက်ပွဲကိုသာ ဆက်လက် အာရုံစိုက် နေခဲ့သည်။ အမှန်အတိုင်း ဝန်ခံရပါက... ဝူယုမှာ သူ့ကိုပင် အံ့အားသင့်စရာ အကြီးကြီး ပေးခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဖက်၌ ရှန်းကျီးကျိ၏ အမူအရာက လျှင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွား၏။ သူက စစ်မြေပြင် တစ်လျှောက် ဖြတ်သန်း ပြေးလွှားနေသည့် နန်စီယန်ကူးကို ကြည့်လိုက်သည်။ အကယ်၍ အနီးကပ် ကြည့်မည် ဆိုပါက နန်စီယန်ကူးမှ ဓားစွမ်းအင် အရည်စက်များကို နေရတိုင်း၌ ချန်လှပ်ထားခဲ့ကြောင်း တွေ့မြင် ရလိမ့်မည် ဖြစ်သည်။

ရှန်းကျီးကျိ၏ နှုတ်ခမ်းထက်ပ အပြုံးတစ်ခုမှာ မသိမသာ မွေးဖွားလာ၏။ လမ်းစဉ် ရှစ်ခု ဖြစ်ဖြစ် ကိုးခု ဖြစ်ဖြစ် ကိစ္စ မရှိချေ။ လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် နတ်ဘုရားသတ်ဓားနှင့် တည်ဆောက်ထားသည့် စမ်းချောင်းကိုးသွယ် ဓားဝင်္ကပါမှာ သာမန် မြေကြီး ရှန့်ထိုများကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ထိုကဲ့သို့သော ဝင်္ကပါကို နန်စီယန်ကူး၏ ဓားရည်ရွယ်ချက် အပြင် လျှို့ဝှက်လောက ကျောက်တုံး တစ်ခု ထပ်မံ အားဖြည့်ထားဖြင်း ဖြစ်လေရာ မြေကြီး ရှန့်ထို အဆင့် မဆိုထားနှင့် အင်ပါယာ မျိုးနွယ်၏ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ပင်လျှင် ဒဏ်ရာ ရရှိသွားမှာ ကျိန်းသေပေသည်။ ကုန်ကျစရိတ် အလွန် မြင့်မားခဲ့သည့်တိုင် ထိုအရာက ထိုက်တန်ပေသည်။

‘ရွှေရောင်အသက်နန်းတော်က ဘာလဲ ဆိုတာ မကြာခင် သူတို့ အားလုံး နားလည်သွားလိမ့်မယ်”

ရှန်းကျီးကျိ ဂုဏ်ယူစွာဖြင် တွေးလိုက်မိ၏။

ထိုအချိန် စစ်မြေပြင်၌...

ဝူယုမှာ နန်စီယန်ကူး နောက်ဆုတ်သွားသည်ကို တိတ်တဆိတ် ကြည့်နေခဲ့၏။ သူ၏ မျက်လုံးများက မသိမသာ ကျဉ်းမြောင်း သွားသည်။

နန်စီယန်ကူးတွင် အညံ့ခံမည့် လက္ခဏာ မရှိတာ ရှင်းလင်းလှသည်။ ထိုလူကြီးက သူ့အတွက် အံ့အားသင့်စရာ တစ်ခုခု ပြင်ဆင်နေတာ ရှင်းလင်းပေသည်။ နန်စီယန်ကူး၏ မျက်လုံးထဲမှ တိုက်ခိုက်လိုစိတ်များမှာ အားနည်း သွားသည့်တိုင် သတ်ဖြတ်လိုစိတ်ကတော့ မပြောင်းမလဲ ရှိနေသေးဆဲ ဖြစ်သည်။

ခိုင်မာကာ အနိုင်မခံ အရှုံးမ‌ပေးသည့် ဓားသမား တစ်ယောက်၏ ဆန္ဒ...

ဝူယုစိတ်ထဲမှ နန်စီယန်ကူးကို အသိအမှတ် ပြုလိုက်မိ၏။ သူ လှံကို ဆုပ်ကိုင်ကာ တစ်ပတ် လှည့်လိုက်သည်။ ထိုလှံထဲ၌ မည်သည့် ဝင်္ကပါမှ မပါသလို လျှို့ဝှက် ဆန်းကြယ်သည့်နည်းလမ်းများ ထည့်သွင်းထားခြင်းလည်း မရှိချေ။

ဝူယုမှာ ထိုလှံကို ဝေ့ဝူယင် ပေးအပ်ထားသည့် စစ်အမတေဖြင့် ဖန်တီးထားခြင်းသာ ဖြစ်သည်။ သူ ပိုင်ဆိုင်ထားသည့် လျှို့ဝှက် ရည်ရွယ်ချက်၊ လှံရည်ရွယ်ချက်တို့ ပေါင်းစပ်ခြင်းနှင့် အတူ ၎င်းက အဆင့်နိမ့် လျှို့ဝှက် လောက အဆင့် လက်နက် တစ်ခု ဖြစ်လာခဲ့ပေသည်။

ဟူး...

ဝူယုက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ တစ်လောကလုံးက ရုတ်ချည်း တိတ်ဆိတ် သွားသည်။

ငါးခုမြောက် ဓားစမ်းချောင်းကို ဖန်တီးရင်း နန်စီယန်ကူး၏ အမူအရာက ပြောင်းလဲ သွား၏။ သူ့ နှလုံးသားက စတင် ခုန်လာကာ အသိစိတ် ပင်လယ်မှာ ကြမ်းတမ်းစွာ လှုပ်ရှားသွားသည်။ လျှို့ဝှက် ဝိညာဉ်မှာ မသိမသာ တုန်ခါ သွား၏။

“ဟူး...”

ဝူယုက အသက်ကို ရှူထုတ်လိုက်၏။ နန်စီယန်ကူးမှာ ဆက်လက် ထိန်းချုပ် နိုင်စွမ်း မရှိတော့ပဲ ဝူယုကို လှမ်းကြည့် လိုက်မိသည်။ ဝူယု လှံအား မြှောက်လိုက်သည်ကို တွေ့မြင်လိုက်ရသော အခိုက်၌ သူ့ မျက်လုံးများမှာ ပြူးကျယ်သွား၏။

ဝူယုက ခန္ဓာကိုယ်ကို နောက်သို့ အနည်းငယ် ယိမ်းကာ အားယူ လိုက်သည်။ လှံသွားကို မိုးကုပ်စက်ဝိုင်းထံ ဦးတည်ရင်း သူ၏ ခြေထောက်များက ကွေးညွှတ် သွား၏။

တတိယ မဟာ အသွင်ပြောင်းခြင်း...

ဘုန်း...

အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အော်ရာမှာ တစ်လောကလုံးကို ဖုံးလွှမ်း သွား၏။ ဝူယုမှာ သူ၏ အသန်မာဆုံး အဆင့်ကို ဝင်ရောက်လိုက်ပြီ ဖြစ်လေသည်။ သူ၏ ဆံပင်နှင့် အဝတ်အစားများက လေမတိုက်ပါပဲ ကြမ်းတမ်းစွာ လွင့်စဉ် လာ၏။

နန်စီယန်ကူး၏ ကမ္ဘာက တဒင်္ဂ ရပ်တန့် သွားသည်။

ရွှီး...

နားမှ သွေးများ ယိုစီးကျလောက်သည့် အသံရှည်ကြီး တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက လေထု၊ အပူချိန်၊ အလင်းနှင့် အာကာသတို့ကို ထက်ပိုင်း ပိုင်းပစ်လိုက်သည်။ ထို့နောက် မြှားတစ်စင်းလိုပင် လှံမှာ ဝူယု၏ လက်မှ ဖယ်ခွာ သွား၏။

နန်စီယန်ကူးမှာ လှုပ်ရှားချင်၏။ ထွက်ပြေးချင်၏။ ဓားနှင့် ခုတ်ပိုင်း လိုက်ချင်၏။ သူ ထိုအရာများကို လုပ်ရန် အကုန် ပြင်ဆင် ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း လှံမှာ အချိန်နှင့် ဟင်းလင်းပြင် အယူအဆ အားလုံးကို ချိုးဖျက် ထား၏။ သို့တည်းမဟုတ် ၎င်းက အလွန် မြန်ဆန်းလွန်းခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

တစ်စက္ကန့်၏ အပုံ တစ်ထောင်ပုံ တစ်ပုံ...

၎င်းက အရာအားလုံး အတွက် လုံလောက်ခဲ့ပေသည်။

“...”

မရေမတွက်နိုင်သည့် လူများမှာ ထိုမြင်ကွင်းကို ကြည့်နေခဲ့ကြ၏။

ဘုန်း...

လှံသွားမှာ အကာအကွယ် အားလုံးကို ဖြတ်ကျော်ကာ နှာတံရိုးမှ တစ်ဆင့် နန်စီယန်ကူး၏ ဦးခေါင်းခွံကို တိုက်ရိုက်ထိုးဖောက်ကာ စိုက်ဝင် သွားခဲ့သည်။ ထို့နောက် ၎င်းက ခန္ဓာကိုယ်ကို တရွတ်တိုက် ဆွဲခေါ်ကာ ဟင်းလင်းပြင် နံရံများထံ ရောက်သည် အထိ ဆက်လက် ရွေ့လျား သွားခဲ့သည်။

ဝှစ်...

ဝူယုက ဖြည်းညင်းစွာပင် ရွေ့လျားလာကာ လှံတံကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူက လှံဖျား၌ စွန်းထင်နေသည့် သုံးရောင်ခြယ် သွေးများကို ကြည့်လိုက်၏။

နန်စီယန်ကူး၏ခန္ဓာကိုယ်ကတော့ အသက်မဲ့စွာ လှဲလျောင်း နေခဲ့ပြီ ဖြစ်လေသည်။

***

All Chapters