ကောင်းကင်တစ်လျှောက် ထိုးခွင်းသွားသော ဓား
Vol. 65 Ch. 855
ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’ အကြား ပျံဝဲနေသော နဂါးဘုရင်ထျန်း၏ ခေါင်းကြီးသည် မယှဉ်သာအောင် ကြီးမားလှ၏။ ထိုနဂါးခေါင်းပြတ်ကြီးမှာ ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲနေပြီဖြစ်၍ အရေပြားက အစိမ်းရောင်သမ်းနေသလို၊ နဂါးနှုတ်ခမ်းမွှေးများသည်ပင် စိမ်းနေ၏။ အလောင်းကောင်၏ အပုပ်ရည်တို့ကလည်း ရွှဲနေသေးသည်။
ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’ဆီမှ ကောင်းကင်နတ်သိုင်းများက နဂါးဘုရင်ထျန်း၏ ဘယ်ဘက်နှင့် ညာဘက်၌ ပေါ်ထွက်လာသည်။ ချင်မူက လက်မြှောက်လိုက်ရာတွင် ဓားပျံတစ်လက်သည် သူ့ကို ဝန်းရံလျက် ပေါ်လာ၏။ ဓားပျံကို ဆုပ်ကိုင်ကာ ရှေ့သို့ ထိုးစိုက်လိုက်သည်နှင့် ဓားပျံအသေးလေးများကလည်း ဓားပျံ၏ လှုပ်ရှားမှုနှင့်အတူ နဂါးဘုရင်ထျန်း၏ ခေါင်းကြီးဆီသို့ ပျံသန်းသွားသည်။
ချင်မူ့ဓားပျံက ခေါင်းပြတ်ကြီး၏ အခြားတစ်ဖက်ဆီသို့ ရောက်သွားသည့်အခါ အစိမ်းရောင်အခိုးအငွေ့များ ရစ်သိုင်းနေသော ဓားဝင်္ကပါတစ်ခုအသွင် ဖွဲ့ကာ ‘ကောင်းကင်နတ်အရှင်ယွီ’ကို လွှမ်းခြုံလိုက်သည်။
ဤအခိုက်အတန့်မှာပင် ‘ကောင်းကင်နတ်အရှင်ယွီ’က ကောင်းကင်လမ်းစဉ်၏ လေးဆယ့်ကိုးခုသော ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်လိုက်သည်။ သူသည် လမ်းစဉ် လေးဆယ့်ကိုးလမ်းကို ကျင့်ကြံ၍ မတူညီသော ကောင်းကင်နတ်သိုင်း လေးဆယ့်ကိုးကွက်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်၏။
ရွှမ်တုကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားများ နေထိုင်ကြသည်မဟုတ်ပါ၏လော။ ထိုနတ်ဘုရားတို့၏ နေ့နေ့ညည လေ့လာမှုများ၊ တိုင်းထွာမှုများမှတစ်ဆင့် ကောင်းကင်နတ်ဘုံသည် ကောင်းကင်လမ်းစဉ် ကောင်းကင်နတ်သိုင်းများကို နှံ့နှံ့စပ်စပ် လေ့လာပြီးစီးခဲ့၏။ ဤသို့ဖြင့် အစောင့်ရှောက်အဆောင်တွင် ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကိုလည်း တည်ဆောက်နိုင်ခဲ့သည့်အပြင် ကောင်းကင်လမ်းစဉ် ကောင်းကင်နတ်သိုင်းများကိုလည်း ရေးသားပြုစုနိုင်ခဲ့ကြသည်။
ချင်မူမှာ ကောင်းကင်မီးလျှံသလင်းကျောက်များမှ ကောင်းကင်မီးလျှံမဟာတာအိုကိုသာ ထုတ်နိုင်ခဲ့သေးသော်လည်း ကောင်းကင်နတ်ဘုံကမူ အခြားသော ကောင်းကင်တာအိုများကိုလည်း ထုတ်နုတ်နိုင်ခဲ့သည်။ အားနည်းချက်ဆို၍ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်တာအိုမှာ အနုစိတ်သင်္ချာဖြင့် တည်ဆောက်ထားခြင်းသာ ရှိသည်။ မော်လီကျူးအဆင့်အထိ တွက်ထုတ်ပေးနိုင်သည့် အဏုမြူသင်္ချာအဆင့်အား လိုအပ်နေသေး၏။
‘ကောင်းကင်နတ်အရှင်ယွီ’၏ ကောင်းကင်တာအို ကောင်းကင်နတ်သိုင်းများက ပုံသဏ္ဍာန်အမျိုးမျိုး ကွဲပြားနေသည်။ ကောင်းကင်ပိုက်ကွန်၊ နတ်မီးလျှံ သလင်းကျောက်မျှော်စင်၊ နတ်လှေ၊ ကောင်းကင်ကျောက်စာတိုင်၊ ကောင်းကင်ပေါင်းမိုး၊ နေလို နေ့၊ လလို ညနှင့် အသူရာချောက် စသော အသွင်သဏ္ဍာန်များ ရှိ၏။ ကောင်းကင်တာအို ကောင်းကင်နတ်သိုင်းအမျိုးမျိုးက ရုတ်တရက် အတူတကွ ပေါင်းစည်းသွားကာ မုဒြာလက်ဟန်တစ်ခုတည်း ဖြစ်သွားသည်။ ကောင်းကင်နတ်သိုင်းများအား ဖွဲ့တည်ပေးထားသည့် သင်္ကေတအမှတ်အသားတို့သည် ရှေ့တွင် အတားအဆီးမရှိသကဲ့သို့ နဂါးဘုရင်ထျန်း၏ ခေါင်းကြီးကို ထိုးဖောက်ကာ ချင်မူ့ဆီ တည့်တည့်ပြေးဝင်သွား၏။
ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’၏ ကောင်းကင်နတ်သိုင်းများက အချင်းချင်း မဝင်တိုက်သွားပေ။ တစ်ဖက်လူ၏ ရုပ်ခန္ဓာကို တစ်ချက်တည်း တိုက်ခိုက်ရှင်းပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
နဂါးဘုရင်ထျန်း၏ ခေါင်းပြတ်ကြီးက သူတို့အကြားတွင် ရှိနေသေးသည်။ ဖုတ်ကောင်ဖြစ်လာပြီးနောက် နဂါးဘုရင်ထျန်းမှာ အသိစိတ်မရှိတော့သော်လည်း သိုင်းအခြေခံကတော့ မပျောက်ကွယ်သေးပေ။
သူသာ လှုပ်ရှားပါက ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’ ခုခံနိုင်မည်မဟုတ်။ ထို့ကြောင့် ရန်သူကို တစ်ချက်တည်း ရှင်းပစ်ခြင်းက အန္တရာယ်ကင်းကင်း ပြန်ဆုတ်နိုင်မည့် အကောင်းဆုံး ဗျူဟာ ဖြစ်သည်။
ကောင်းကင်တာအိုမုဒြာမှာ ကောင်းကင်နယ်စားကိုယ်တိုင် ဆင်းသက်လာသကဲ့သို့ ခံ့ညားထည်ဝါသော ကောင်းကင်အင်အားနှင့် အရှိန်အဝါတို့ကို ပေးစွမ်းနေ၏။
နဂါးဘုရင်ထျန်း၏ တစ်ဖက်တွင် ချင်မူက ကောင်းကင်တာအို ကောင်းကင်နတ်သိုင်းကို ထိပ်တိုက်ရင်ဆိုင်သည်။ သူက မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာကာ တတိယမျက်လုံးအား ဖွင့်လိုက်၏။ တတိယမျက်လုံး၏ အကြည့်ကား အသူရာချောက်နက်ပမာ နက်ရှိုင်းနေသည်။
“ငါ ရပ်တည်တဲ့နေရာဟာ ယိုတုပဲ”
ကြမ်းတမ်းခက်ထန်သော ယိုတုမိစ္ဆာနတ်ဆိုးချီတို့ အလိပ်လိပ် ထလာပြီး ထိုအခိုက်အတန့်တွင် ချင်မူမှာ ယိုတုအမှောင်ထု၏ အလယ်၌ နစ်မြုပ်သွားသည့်အလား ခံစားလိုက်ရသည်။ တရှိန်းရှိန်း တောက်လောင်နေသည့် ငရဲမီးလျှံတို့က သူ၏ဦးခေါင်းအထက်တွင် မိစ္ဆာချိုများအသွင် ဖွဲ့တည်ထားသည်။
ချင်မူကား ယိုတု၏ မဟာတာအိုကို ကိုင်မြှောက်လျက် ယိုတုထဲမှ ထွက်လာသော မြေအောက်ဘုံအရှင်သခင်နှင့် တူနေသည်။ ယိုတု၏ မဟာတာအိုစည်းမျဉ်းတို့က သံကြိုးများအသွင်ဖြင့် သူ၏ခန္ဓာကိုယ်အား ရစ်ပတ်ထား၏။
ချင်မူက နှစ်ဖက်ကို ဆန့်ထုတ်၍ ကောင်းကင်တာအိုမုဒြာကို ခုခံလိုက်သည်။
အခြားတစ်ဖက်တွင် ဓားဝင်္ကပါ၏စွမ်းအား ဖြာထွက်နေသည်။ မရေမတွက်နိုင်သော ဓားပျံများသည် ထူးဆန်းသော ကြိမ်နှုန်းတစ်ခုဖြင့် ကခုန်နေကြပြီး ဓားကွက်တိုင်းက ကပ်ဘေးဓား၏ ကပ်ဘေးပင့်မြှောက်ခြင်းဓားကွက်ကို ထုတ်ဖော်နေကြ၏။ ထိုမျှသာမက ဓားပျံများက ပေါ်လိုက်၊ ပျောက်လိုက်ဖြင့် မတူညီသော ဓားဝင်္ကပါများကို တည်ဆောက်နေကြသည်။
ချင်မူ့ ဓားတာအိုတွင် ကပ်ဘေးဓားနှင့် ကပ်ဘေးပင့်မြှောက်ခြင်းဟူ၍ အခန်းနှစ်ခန်း ရှိသည်။ ဓားကွက်နှစ်ကွက်အတွင်း ကိန်းဝပ်နေသော သူ၏ ဓားတာအိုဥပဒေသများမှာ အလွန်ခြားနားလေသည်။
အစတုန်းက ကပ်ဘေးဓားနှင့် ကပ်ဘေးပင့်မြှောက်ဓားမှာ လွန်စွာလွယ်ကူခဲ့သည်။ ကိန်းဝပ်နေခဲ့သော ဥပဒေသ,သဘောတရားများက ရှုပ်ထွေးသော်လည်း ဓားကွက်များက မယုံနိုင်စရာကောင်းလောက်အောင် ရိုးရှင်းခဲ့သည်။
ယခုတွင် ကပ်ဘေးပင့်မြှောက်ဓားသည် ရိုးရှင်းနေသော်လည်း ကပ်ဘေးပင့်မြှောက်ဓားကွက်များ စုဖွဲ့သွားသည့်အခါ တုနှိုင်းမဲ့အောင် ရှုပ်ထွေးလှသည့် ဓားဝင်္ကပါတစ်ခု ဖြစ်လာ၏။
ထိုမျှတင်မကသေး။ ထို့နောက်ပိုင်း ဆင့်ကဲထွက်ပေါ်လာမည့် ဓားဝင်္ကပါများက တစ်ခုနှင့်တစ်ခု တူတော့မည်မဟုတ်ပေ။
ဤသည်မှာ မျက်ကန်း၏ လမ်းပြမှုအောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုများကို လေ့လာခဲ့ရခြင်း၏ အကျိုးရလဒ် ဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုသည် ဝင်္ကပါလမ်းစဉ်တွင် အောင်မြင်မှုများစွာ ရရှိခဲ့၏။ အကြောင်းရင်းမှာ ခိုင်ဧကရာဇ်ခေတ်၏ ဝင်္ကပါပညာရပ်အပေါ် အခြေခံကာ တည်ဆောက်ထား၍ ဖြစ်ပေသည်။
မျက်ကန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဝင်္ကပါလမ်းစဉ်၏ အောင်မြင်မှုကို ကိုယ်စားပြုသည်။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဝင်္ကပါလမ်းစဉ်ကို ဦးဆောင်ပြောင်းလဲခဲ့ကာ လူတော်လူကောင်းများကို စုဝေး၍ ပြည်သူပြည်သားတို့၏ လူနေမှုဘဝတိုးတက်စေရန် အသုံးချပေးခဲ့သည်။
ချင်မူကမူ ဝင်္ကပါသဘောတရားများကို သူ၏ သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများအတွက် အသုံးချကာ ကပ်ဘေးပင့်မြှောက်ဓား၏ အခင်းအကျင်း၌ အပြောင်းအလဲများ ထည့်သွင်းခဲ့သည်။
အမြဲတစေ အသွင်ပြောင်းနေသော ကပ်ဘေးပင့်မြှောက်ဓားဝင်္ကပါထဲတွင် ‘ကောင်းကင်နတ်အရှင်ယွီ’၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားသည်။ ကောင်းကင်တံတားတစ်စင်းသည် သူ့အနောက်မှ ကောင်းကင်ကို ဖြတ်၍ သွယ်တန်းသွားပြီး သူ၏မူလဝိညာဉ်က ကောင်းကင်တံတား၏ အဆုံး၊ တောင်ကောင်းကင်မုခ်ဝ၏အရှေ့၌ ရပ်နေသည်။
သူ့အနောက်တွင် ကောင်းကင်နန်းဆောင်အလွှာအထပ်ထပ် ပေါ်ထွက်လာကာ အဆုံးမဲ့သော ကောင်းကင်နတ်ဘုံတစ်ဘုံအား ဖော်ဆောင်လိုက်သည်။ ကောင်းကင်တစ်လျှောက် ရွှေရောင်အလင်းတန်းများ ကွန့်မြူးဖြာထွက်သွား၏။
ကောင်းကင်နတ်ဘုံ၏ သုံးဆယ့်ခြောက်ဆောင်သော နန်းဆောင်များ၊ ခုနစ်ဆယ့်နှစ်ခုသော ခန်းမများအနက် အမြင့်ဆုံးခန်းမက နတ်ကောင်းကင်ခန်းမ ဖြစ်သည်။
နတ်ကောင်းကင်ခန်းမဆီမှ အလင်းတန်းများ ဖြန့်ကျက်နေပြီး ဆန်းပြားသော အသွင်သဏ္ဍာန်များက ခန်းမကို လှည့်ပတ်နေသည်။ အသွင်သဏ္ဍာန်များသည် တင်ပျဉ်ခွေလျက် ထိုင်နေသည့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်တစ်ပါး၏ ပုံရိပ်အသွင် ပြောင်းလဲသွား၏။
“တစ်သောင်းသော လမ်းစဉ်တို့၏ အထွဋ်အထိပ်၊ ခပ်သိမ်းသော တာအိုတို့၏ ပေါင်းစည်းမှု”
‘ကောင်းကင်နတ်အရှင်ယွီ’က မုဒြာလက်ဟန်ဖြင့် ချင်မူ၏ ကပ်ဘေးပင့်မြှောက်ဓားဝင်္ကပါအား ရင်ဆိုင်လိုက်သည်။ ဓားဝင်္ကပါမှာ ဓားစွမ်းအားဖြင့် အုံကြွသောင်းကျန်းနေသော်လည်း သူ၏ကောင်းကင်နတ်သိုင်းနှင့် ထိတွေ့သွားသည့်အခါ ဓားပျံများ ရပ်တန့်သွားသည်။ နောက်တခဏတွင် ဓားဝင်္ကပါတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားချေပြီ။
‘ကောင်းကင်နတ်အရှင်ယွီ’၏ ကောင်းကင်နတ်သိုင်းက ဓားဝင်္ကပါမှ ဓားပျံများအား စိစိညက်ညက် ဖြိုခွင်းပစ်လိုက်တော့သည်။
ဝင်္ကပါကို ဖြိုခွင်းပြီးနောက် ‘ကောင်းကင်နတ်အရှင်ယွီ’ က လေပေါ် ခုန်တက်လိုက်သော်လည်း နဂါးဘုရင်ထျန်း၏ နှုတ်ခမ်းမွှေးတစ်မျှင် သူရှိရာဘက်သို့ ပျံ့လွင့်လာကြောင်း မြင်လိုက်ရသည်။ ကံကောင်းထောက်မ၍ သူ့အနားမှ ကပ်သီကာ ဖြတ်သွားလေသည်။
အခြားတစ်ဖက်တွင် ချင်မူကလည်း သူ၏ ကောင်းကင်တာအို ကောင်းကင်နတ်သိုင်းကို ဖျက်စီးပြီးသွားသည်။ ချင်မူက ခန္ဓာကိုယ်ကို ချာခနဲ လှည့်ကာ အထူအပါးမရှိသော အနက်ရောင်မျဉ်းသဖွယ် ရပ်၍ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်သွား၏။ နဂါးဘုရင်ထျန်း၏ နှုတ်ခမ်းမွှေးက သူ့ကို မထိဘဲ ဖြတ်ကျော်သွားသည်။
နဂါးဘုရင်ထျန်း၏ မျက်လုံးကြီးများက အနက်ရောင်မျဉ်းအရှေ့၌ ရပ်လိုက်သော်လည်း ချင်မူ့ကို မမြင်ရသေးပေ။
ချင်မူ ဤအကွက်ကို ပန်ကုန်းစုန်ဆီမှ သင်ထားခြင်းဖြစ်၏။ ထွက်ပြေးခြင်းနှင့် ရုပ်ဖျက်ခြင်း ပညာတွင် ပန်ကုန်းစုန်ကို မှီသူ မရှိပေ။
“ဟုတ်သား မင်းက ယိုတုသားတော်လည်း ဖြစ်နေသေးတာကိုး”
‘ကောင်းကင်နတ်အရှင်ယွီ’က နဂါးဘုရင်ထျန်း၏ ခေါင်းအပေါ်၌ လျင်မြန်စွာ ဖြတ်ပြေးလာရင်း တဟားဟား ရယ်နေသည်။ “ကေင်းကင်တာအိုကို ယိုတုတာအိုနဲ့ တိုက်ခိုက်ဖို့က မင်းအတွက် ဘယ်ခက်ပါ့မလဲ”
နဂါးဘုရင်ထျန်း၏ နှုတ်ခမ်းမွှေးက ချင်မူ့ကို မရှာတော့ဘဲ သူ့ခေါင်းအပေါ်ရှိ ‘ကောင်းကင်နတ်အရှင်ယွီ’ဆီသို့ ထိုးစိုက်လိုက်သည်။
‘ကောင်းကင်နတ်အရှင်ယွီ’က တစ္ဆေတစ်ကောင်လို လှုပ်ရှားရင်း နဂါးနှုတ်ခမ်းမွှေး၏ တိုက်ခိုက်မှုများကို ရှောင်နေသည်။ နဂါးနှုတ်ခမ်းမွှေးသည် စိတ်တိုင်းကျ မာနိုင်၊ ပျော့နိုင်ပြီး နဂါးအကြွေးခွံများကိုပင် ထိုးဖောက်နိုင်၏။ ကွာထွက်သွားသော အကြေးခွံများအောက်၌ ပုပ်သိုးနေသော အသားပြင်များ ပေါ်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် အစိမ်းရောင်ဓားပျံတစ်လက်က ဝှစ်ခနဲ ထွက်ပေါ်လာပြီး အမှောင်ထဲရှိ အနက်ရောင်မျဉ်းဆီမှ လက်ဝါးတစ်ဖက်သည် ဓားပျံအပေါ် ခပ်ပြင်းပြင်း ရိုက်ချလိုက်၏။ ဓားပျံကို ဖုံးလွှမ်းနေသော အလောင်းအဆိပ် ပျံ့လွင့်သွား၍ တောက်ပြောင်နေသော ဓားသွား ပေါ်လွင်လာသည်။
တချွင်ချွင်မြည်သံများ ဆက်လက်ကြားလိုက်ရပြီး ဓားပျံက ဓားစက်လုံးဖြစ်သွား၏။ ချင်မူက ဓားစက်လုံးကို လက်ထဲတွင် ဖမ်းဆုပ်ထားသည်။
နဂါးဘုရင်ထျန်း၏ ခေါင်းကြီးက ပါးစပ်ကြီးဖြဲလျက် သူ့ဆီ လာနေပြီဖြစ်သည်။ အောက်သိုးနံစော်နေသော အလောင်းပုပ်နံ့ ထောင်းခနဲ ထွက်လာပြီး ပါးစပ်ကြီးသည် ချင်မူ့ကို တစ်ကိုက်တည်း ငုံချလိုက်၏။ သို့သော် ချင်မူ သူ့ပါးစပ်ထဲ ရောက်သွားသည့် တခဏတွင် နေရာရွှေ့ပြောင်းသင်္ကေတများ ပေါ်ထွက်လာသည်။
နဂါးဘုရင်ထျန်း ပါးစပ်ပိတ်လိုက်သည်နှင့် နေရာရွှေ့ပြောင်းအလင်း တောက်ပသွားပြီး ချင်မူ ပျောက်သွားချေပြီ။
နောက်တခဏ၌ အလင်းရောင်သည် နဂါးဘုရင်ထျန်း၏ ခေါင်းပေါ်၌ ပြေးနေဆဲ ဖြစ်သော ‘ကောင်းကင်နတ်အရှင်ယွီ’၏ အနောက်၌ ဖျတ်ခနဲ ပေါ်လာ၏။ ချင်မူက ‘ကောင်းကင်နတ်အရှင်ယွီ’၏ ကျောသို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။
‘ကောင်းကင်နတ်အရှင်ယွီ’၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ့တွင် ငှက်ခေါင်းလူကိုယ် ရှိပြီး ခေါင်းအနောက်၌ နေရောင်ခြည်စက်ဝန်းတစ်ခု ဖွဲ့တည်နေသည်။ ချင်မူ ထိုးစိုက်လိုက်သော ဓားမှာ နေရောင်ထဲ ဝင်သွား၍ တမုဟုတ်ချင်း နီရဲသွားပြီး သံရည်များ စက်လက်စက်လက် ကျလာ၏။
ချင်မူက ခြေထောက်ထဲတွင် အားထည့်၍ ဓားဖြင့် ရှေ့သို့ ဆက်ထိုးလိုက်သည်။ ‘ကောင်းကင်နတ်အရှင်ယွီ’မှာလည်း ရှေ့ဆက်ပြေးတော့သည်။
နှစ်ယောက်သား နဂါးဘုရင်၏ ခေါင်းပြတ်ကြီးအပေါ်၌ ပြေးနေကြပြီး ခြေလှမ်းတစ်လှမ်းစီက လေးပင်နေကြ၏။
ချင်မူက ခန္ဓာကိုယ်ကို လှုပ်ခါကာ ခေါင်းနှစ်လုံး၊ လက်လေးဖက် ထွက်လာစေသည်။ သူ့လက်ချောင်းနှစ်ချောင်းတိုင်းက ဓားသဖွယ် ပြုမူ၍ မျက်ခုံးနှစ်ဖက်ကြားတိုင်းသို့ ထိလိုက်သည်။
ကပ်ဘေးဓား၏ ပထမဓားကွက် - ကပ်ဘေးဖွင့်လှစ်ခြင်း။
သူက ဓားလက်ချောင်းများဖြင့် အရှေ့သို့ ညွှန်လိုက်သည့်အခါ သူ့လက်ထဲရှိ ဓား၏ စွမ်းအားက ရုတ်တရက် အားကုန်ထွက်ပေါ်လာတော့သည်။
‘ကောင်းကင်နတ်အရှင်ယွီ’မှာ ရင်ဘတ်ထဲ ထိုးစိုက်ခံလိုက်ရသဖြင့် အင့်ခနဲ ညည်းလိုက်သည်။ သူက ရုတ်တရက် ပုံသဏ္ဍာန် ပြောင်းလဲသွားပြန်ပြီး ဤတစ်ကြိမ်တွင် နတ်ဘုရားမတစ်ပါးအသွင် ရှိနေ၏။
သူ့ကျောက ချင်မူ့ကို မျက်နှာမူနေခဲ့သော်လည်း နတ်ဘုရားမအသွင် ပြောင်းသွားသော အခိုက်အတန့်တွင် သူ့ခေါင်း၊ ကိုယ်နှင့် ခြေလက်များက နောက်လှည့်သွားပြီး ထူးဆန်းသောပုံသဏ္ဍာန်ကြီးဖြင့် ချင်မူ့ကို မျက်နှာချင်းဆိုင်နေတော့သည်။
‘ကောင်းကင်နတ်အရှင်ယွီ’၏ လက်နှစ်ဖက်က စိုက်ဝင်နေသော ဓားကို ဆုပ်ကိုင်လိုက်ပြီး ထိုလက်နှစ်ဖက်ကြား၌ အဆုံးမဲ့သော ချောက်နက်တစ်ခု ပေါ်လာ၏။
အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်
ထိုချောက်မှာ အမှောင်ထဲတွင် လျင်မြန်စွာ လည်နေသည့် ဝဲကြီးတစ်ခုပင် ဖြစ်၏။ ၎င်း၏အနက်အား တိုင်းတာ၍ပင် ရမည့်ပုံမပေါ်ပေ။ ချင်မူ့ကပ်ဘေးဓားမှာ ချောက်နက်အတွင်းသို့ ရွှစ်ခနဲ စုပ်ယူခံလိုက်ရပြီး ချင်မူလည်း တစ်ခါတည်း ပါသွားသည်။
ချင်မူမှာ‘ကောင်းကင်နတ်အရှင်ယွီ’၏ အဆုံးသတ်မြို့ပျက်ကောင်းကင်နတ်သိုင်းထဲ စုပ်သွင်းခံနေရစဉ် နေရာရွှေ့ပြောင်းသင်္ကေတအမှတ်အသားများက သူ့ကို လှည့်ပတ်ကာ ကယ်ထုတ်ပေးလိုက်၏။
ထိုအချိန်တွင် ‘ကောင်းကင်နတ်အရှင်ယွီ’က ကောင်းကင်ဆီသို့ လက်ဖြင့် လှမ်းတွန်းလိုက်ရာ ကောင်းကင်ထက်ရှိ ကြယ်တာရာများကား အစုလိုက် စုသွားကြပြီး ပြေးပေါက်မရှိသော ပိုက်ကွန်တစ်ခုအသွင် ပြောင်းသွားတော့သည်။
ယခုလေးတင် နေရာရွှေ့ပြောင်းအလင်းရောင်ထဲမှ ထွက်လာသော ချင်မူမှာ ပိုက်ကွန်ထဲ၌ မိသွားသဖြင့် ရုန်းထွက်မရတော့ပေ။ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထပ်သုံးရန် ကြိုးစားကြည့်သည့်အခါ လျှပ်စီးပြိုးပြိုးပြက်ပြက် လက်၍ မိုးခြိမ်းသံများ မြည်ဟည်းသွားကာ သူ့မှာ ပိုက်ကွန်ထဲတွင် ပြန်မိသွားပြန်သည်။
ရှောင်ရန် ကြိုးစားသော်လည်း ထပ်ခါတလဲလဲ အဖမ်းခံနေရ၏။
‘ကောင်းကင်နတ်အရှင်ယွီ’က လက်နှစ်ဖက်ကို လှန်မှောက်လိုက်ပြီး ပိုက်ကွန်အား ကြပ်သထက် ကြပ်လာစေသည်။ ကြယ်ရောင်များက တင်းတင်းကြပ်ကြပ် စု၍ သိပ်သည်းသထက် သိပ်သည်းလာသည်။ ချင်မူမှာ ပိုက်ကွန်ထဲ၌ တဖျတ်ဖျတ် ပေါ်လိုက်ပျောက်လိုက် ပြေးနေသော်လည်း သူ ရွေ့လျားနိုင်သော ဧရိယာမှာ ကျဉ်းသထက် ကျဉ်းလာသည်။
“ဘယ်သူက ရှေးဟောင်းနတ်ဘုရားအားလုံးရဲ့ မဟာတာအိုကောင်းကင်နတ်သိုင်းတွေကို တတ်မြောက်နိုင်လဲ”
‘ကောင်းကင်နတ်အရှင်ယွီ’က ရုတ်တရက် ခွေ့ကြယ်အရှင်သခင်၏ သစ်သားဝံပုလွေအသွင် ပြောင်းလိုက်သည်။ ယခုတွင် သူ့၌ ဝံပုလွေခေါင်းနှင့် လူကိုယ် ရှိနေချေပြီ။ သူက ကောင်းကင်ထက်သို့ ခုန်တက်၍ နဂါးဘုရင်ထျန်းဆီမှ တိုက်ကွက်များကို ရှောင်တိမ်းရင်း ချင်မူ့ဆီ ပြေးလာသည်။ “ငါတစ်ယောက်ပဲ ... ဒီရုပ်ခန္ဓာကိုယ်ပဲ တတ်နိုင်တယ်... လပြည့်ည၏ နတ်ဝံပုလွေအူသံ”
သူက ကျယ်လောင်စွာ အူလိုက်သည့်အခါ ကြယ်အလင်းရောင်သည် သူ၏ပါးစပ်ထဲ၌ စုဝေးလာပြီး အလင်းတန်းအသွင်ဖြင့် ချင်မူ့ဆီသို့ ပစ်ချလိုက်၏။
ချင်မူ့လက်ထဲရှိ ဓားက ရုတ်ခြည်းဆိုသလို ရွှေရောင်စုတ်တံတစ်လက် ဖြစ်သွားသည်။ သူက စုတ်တံကို မြှောက်၍ ပိုက်ကွန်ထဲ၌ တံခါးတစ်ချပ် ဆွဲကာ အပြင်ထွက်လာ၏။
လပြည့်ည၏ နတ်ဝံပုလွေအူသံ ကောင်းကင်နတ်သိုင်းမှာ တံခါးထဲ ဝင်ကာ ပျောက်ကွယ်သွားသည်။
‘ကောင်းကင်နတ်အရှင်ယွီ’ အံ့အားသင့်သွားသည်။ သူက တံခါးထဲ အလျင်အမြန် ဝင်ပြီး ရယ်လိုက်သည်။ “အောက်ဘုံရဲ့ မဟာတာအိုကောင်းကင်နတ်သိုင်းက ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာတာပဲ”
သူ တံခါးထဲ ဝင်လိုက်သည့်အချိန်မှာပဲ နဂါးဘုရင်ထျန်း၏ နှုတ်ခမ်းမွှေးလည်း လိုက်ဝင်လာသည်။ နဂါးဘုရင်ထန်း၏ခေါင်းပြတ်ကြီးက နှုတ်ခမ်းမွှေအမျှင်များဖြင့် တံခါး၏ ဘေးဘောင်နှစ်ဖက်ကို တွန်းရင်း တိုးဝင်လာနေသည်။ “ဟီးဟီး ငါ မင်းတို့နှစ်ယောက်ကို မြင်ရတယ်”
‘ကောင်းကင်နတ်အရှင်ယွီ’က လေပေါ် ခုန်၍ မီးငှက်တစ်ကောင်အသွင် ပြောင်းလိုက်ရင်း တောင်ပံတဖျတ်ဖျတ် ခတ်လျက် နဂါးဘုရင်ထျန်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေသည်။ အရှေ့တွင် ချင်မူက စုတ်တံကို ကိုင်ရင်း ဝိုက်ဆွဲလိုက်သည့်အခါ ကောင်းကင်နန်းဆောင်တစ်ခု ထွက်လာသည်။
ချင်မူက ကောင်းကင်နန်းဆောင် ဖြတ်၍ ပျံသန်းသွားပြီး စုတ်တံကို လှည့်လိုက်၊ ဆွဲလိုက်ဖြင့် လှုပ်ရှားနေသည်။ သူ၏စုတ်ချက်များနှင့်အတူ သူ့အရှေ့တွင် နေရာဟင်းလင်းပြင်အလွှာအထပ်ထပ် ပေါ်ထွက်လာ၏။
ကောင်းကင်နတ်မြစ်တစ်စင်းကလည်း သူ၏စုတ်တံထဲမှပင် ထွက်လာသည်။ မြစ်ကြီးသည် ကောင်းကင်ထက်မှ စီးကျလာပြီး မီးငှက်အသွင် ပြောင်းထားသော ‘ကောင်းကင်နတ်အရှင်ယွီ’ဆီသို့ ဝေါခနဲ စီးဆင်းသွား၏။
မီးငှက်မှာ မရှောင်နိုင်တော့ပေ။ ‘ကောင်းကင်နတ်အရှင်ယွီ’က ရုတ်တရက် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ ကောင်းကင်နတ်မြစ် သူ့ကို ဝင်တိုက်တော့မည့်အချိန်မှာပဲ သူ၏အသွင်က လိပ်နက်တစ်ကောင် ဖြစ်လာသည်။ လိပ်နက်သည် ဟိန်းဟောက်လျက် မြစ်ပေါ် နင်းလိုက်၏။ မြွေပျံကြီးတစ်ကောင်က သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေပြီး တောင်ပံခတ်ပေးနေသဖြင့် ‘ကောင်းကင်နတ်အရှင်ယွီ’အား မြန်မြန်ပြေးနိုင်စေသည်။
‘ကောင်းကင်နတ်အရှင်ယွီ’၏အနောက်ရှိ နဂါးဘုရင်ထျန်း၏ ခေါင်းပြတ်ကြီးမှာ ကောင်းကင်နတ်မြစ်ဖြင့် တွန်းတိုက်ခံလိုက်ရပြီး မျက်နှာတစ်ခုလုံး ရေထဲ နစ်မြုပ်သွား၏။
နဂါးဘုရင်ထျန်း ဒေါသထွက်သွားပြီး ပါးစပ်ကြီးဟကာ မြစ်ရေများအား စုပ်လိုက်သည်။ ကောင်းကင်နတ်မြစ်မှာ သူ၏လည်ပင်းမှ ပြန်စီးထွက်သွားလေသည်။
နဂါးဘုရင်ထျန်းက ပါးစပ်ကြီးဖြဲလျက် ပျံသန်းလာသည်။
‘ကောင်းကင်နတ်အရှင်ယွီ’မှာ ချင်မူ့ကို လိုက်မှီတော့မည်အချိန် ချင်မူ နတ်လွန်းပျံတစ်စင်း ဆွဲ၍ အထဲ ခုန်ဝင်လိုက်သည်ကိုသာ မြင်လိုက်ရသည်။ လွန်းပျံ၏အစွန်းနှစ်ဖက်က ချွန်နေပြီး ဝှစ်ခနဲ ပျံတက်သွား၏။
နတ်လွန်းပျံထဲတွင် ချင်မူက စုတ်တံဖြင့် ခပ်သွက်သွက် ဆွဲလိုက်ရာ သူ၏စုတ်ချက်များအောက်တွင် ဧရာမနတ်ဘုရားကြီးတစ်ပါး ပေါ်လွင်လာသည်။
ကောင်းကင်နတ်ဧကရာဇ်
ချင်မူက ကောင်းကင်နတ်ဧကရာဇ်၏ မျက်လုံးများကို ဆွဲပြီးသည့်အခါ မျက်လုံးကို ဖွင့်၍ နတ်လွန်းပျံနှင့်အတူ ဝင်သွားသည်။
‘ကောင်းကင်နတ်အရှင်ယွီ’မှာ လိုက်ဝင်လိုက်သော်လည်း ကောင်းကင်နတ်ဧကရာဇ်၏ မျက်လုံးကိုသာ ဝင်တိုက်မိသွား၏။
“အားလုံး ဘယ်ရောက်သွားတာလဲ”
‘ကောင်းကင်နတ်အရှင်ယွီ’ ထိတ်လန့်သွားသည်။ သူ့အနောက်တွင် နဂါးဘုရင်ထျန်း၏ ခေါင်းပြတ်ကြီးက သူ့ဆီသို့ တရှိန်ထိုး လာနေချေပြီ။
ချင်မူ့ပုံရိပ်က အခေါင်းထဲ၌ ပြန်ပေါ်လာပြီး နတ်လွန်းပျံထဲမှ ခုန်ထွက်ကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ့အနောက်တွင် အမှောင်ထုထဲ၌ ထူမတ်လျက် မှိန်ပျပျ တောက်ပနေသော ကောင်းကင်နန်းဆောင်၏ ပန်းချီကားတစ်ခု ရှိနေသည်။
ချင်မူ လက်ထဲရှိ စုတ်တံကို ခါလိုက်သည့်အခါ စုတ်တံသည် ဓားစက်လုံးအသွင် ပြောင်းသွား၏။ ထို့နောက် ဓားပင်လယ်တစ်စင်းက ကောင်းကင်နန်းဆောင်ပန်းချီကို ဝန်းရံလိုက်သည်။
ချင်မူသည် ဖျတ်ခနဲ ယိုတုသားတော်အသွင် ပြောင်းလိုက်၏။ သူက ကောင်းကင်နန်းဆောင်ပန်းချီကို ဆုပ်ကိုင်၍ ခပ်ပြင်းပြင်း လှုပ်ခါလိုက်သည်။ ပန်းချီကားထဲရှိ နေရာဟင်းလင်းပြင်မှာ ချက်ချင်း ဖျက်စီးခံလိုက်ရလေသည်။
ပန်းချီ ပျက်စီးသွားသည့်အချိန်မှာပဲ ဓားဝင်္ကပါ၏စွမ်းအား ထွက်ပေါ်လာ၍ နဂါးဘုရင်ထျန်းနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’၏ ဟိန်းဟောက်သံများ ကြားလိုက်ရသည်။ ဓားရောင်များက ဧရာမလှိုင်းလုံးကြီးသဖွယ် သူတို့ဆီ ဦးတည်သွားသော်လည်း နှစ်ယောက်လုံး ဓားရောင်၏အလယ်၌ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေ၏။ သူတို့ကား ဝင်္ကပါကို ချိုးဖျက်၍ ထွက်လာပေတော့မည်။
ရုတ်တရက် နဂါးဘုရင်ထျန်း၏ ခေါင်းကြီးက ဓားဝင်္ကပါကို ထိုးခွဲ၍ မည်သည့်နေရာမှန်းမသိ ထွက်ပြေးသွားသည်။
‘ကောင်းကင်နတ်အရှင်ယွီ’ကလည်း သူ့အနောက်မှ ကပ်လိုက်လာရင်း ဓားဝင်္ကပါထဲမှ ထွက်လာ၏။ သူ အပြင်ရောက်သည့်အချိန်မှာပဲ အနောက်မှ အသတ်အဖြတ်အာရုံကို ခံစားလိုက်ရ၍ တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။
သူ အလျင်အမြန် လှည့်ကြည့်လိုက်သည့်အခါ ချင်မူ့အနောက်တွင် ကောင်းကင်နတ်မြစ်တစ်စင်း ဖွဲ့တည်နေပြီး ကောင်းကင်နန်းဆောင်ကိုလည်း ခပ်ရေးရေးမျှ မြင်တွေ့လိုက်ရသည်။ ချင်မူ့မူလဝိညာဉ်သည် ကောင်းကင်နတ်မြစ်အပေါ်၌ ရပ်လျက် ရတနာဓားတစ်လက်အား ဆုပ်ကိုင်ထား၏။ သူက ကောင်းကင်နတ်မြစ်ကို နင်း၍ ကောင်းကင်ထက်မှ ဆင်းသက်လာရင်း ဓားဖြင့် ရှေ့သို့ ခုတ်ချလိုက်သည်။
‘ကောင်းကင်နတ်အရှင်ယွီ’ ဓားကို ရိပ်ခနဲ မြင်လိုက်သည့်အချိန်၌ ဓားကား သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ရောက်လာခဲ့ချေပြီ။ သဲသဲကွဲကွဲ မြင်ရသည့်အခါတွင်မူ ချင်မူ့မူလဝိညာဉ်ကား ဓားဖြင့် သူ့ဦးခေါင်းကို ထိုးဖောက်၍ သူ့နောက်၌ ပေါ်လာခဲ့ပြီဖြစ်သည်။