သားကောင်ကိုသာ မြင်သည်၊ မုဆိုးကို မမြင်
Vol. 65 Ch. 856
‘ကောင်းကင်နတ်အရှင်ယွီ’ ဘယ်နှင့်ညာသို့ ခေါင်းယမ်းကြည့်သည့်အခါ သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ခပ်ဖြူဖြူအရာများ လွင့်စင်လာသည်ကို မြင်လိုက်ရသည်။ လက်မြှောက်၍ နဖူးသို့ ထိကြည့်ရာတွင် အဖြူရောင် ဦးနှောက်အသားစများနှင့် သွေးများ ပေသွား၏။
“ဓားချက်က မြန်လွန်းတော့ ငါ အငိုက်မိသွားတယ်...”
သူက မျက်ခုံးနှစ်ဖက်ကြားသို့ လက်ချောင်းတစ်ချောင်းဖြင့် ထိုးကြည့်လိုက်ပြီး လက်ချောင်းက ခေါင်းထဲသို့ ဖောက်ဝင်သွားသည်။ နောက်စေ့သို့ လှမ်းထိကြည့်ရာတွင်လည်း အခြေအနေက အတူတူပင်။
ချင်မူက မြေပြင်ပေါ် ဆင်းသက်၍ ရှေ့သို့ နှစ်လမ်းလျှောက်လိုက်သည်။ သူ့အနောက်တွင် ခမ်းနားကျယ်ပြောလှသော ကောင်းကင်နတ်မြစ်သည် ညင်သာစွာ လှုပ်ယမ်းလျက် ဆုတ်ခွာသွား၏။ ကောင်းကင်နတ်မြစ်၏ အထက်၌ ကောင်းကင်နန်းဆောင်ကို ခပ်ရေးရေးမျှ မြင်ရလေသည်။
ကောင်းကင်နန်းဆောင်၏ အတွင်းထဲမှ နတ်ဘုရားသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော နတ်ဘုရားများ၊ မိစ္ဆာများ ရွတ်ဖတ်နေကြသယောင် ထင်ရသည်။ ချင်မူ၏အရှိန်အဝါ လျော့ဆင်းသွားသည့်အခါမှ ရွတ်ဖတ်သံများမှာ ဖြည်းဖြည်းချင်း တိုးဝင်၍ တိတ်ဆိတ်သွားသည်။
ချင်မူ၏မူလဝိညာဉ်က ဓားနှင့်အတူ ပြန်လာကာ ကောင်းကင်နန်းဆောင်၏ အရှေ့၊ တောင်ကောင်းကင်မုခ်ဝအပြင်၌ ရပ်နေသည်။ မူလဝိညာဉ်သည် ကောင်းကင်နတ်မြစ်အထက်၌ ရပ်လျက် ‘ကောင်းကင်နတ်အရှင်ယွီ’ဆီ ငုံ့ကြည့်နေ၏။
’ကောင်းကင်နတ်အရှင်ယွီ’မှာ ခေါင်းကို ထပ်လှုပ်လိုက်ပြီး ခေါင်းတစ်ခေါင်းစလုံး တဖြည်းဖြည်း လေးလံကာ မူးဝေလာသည်ကို ခံစားနေရသည်။ သူက တဟားဟား ထရယ်၏။ “ဒီခန္ဓာကိုယ်က တကယ် မပြီးပြည့်စုံသေးဘူးပဲ... အဆင့်မြှင့်ရမယ့် နေရာတွေ အများကြီး ရှိနေသေးတယ်... အောက်ဘုံရဲ့ ကောင်းကင်နတ်သိုင်းတွေ တိုးတက်လာတဲ့နှုန်းက ငါ့အထင်ထက်တောင် မြန်နေတာပါလား”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “မင်းက ဒီရုပ်ခန္ဓာရဲ့ စွမ်းအားကိုပဲ သုံးပြီး မင်းရဲ့စွမ်းအားကို မသုံးခဲ့ဘူး... ဒီရုပ်ခန္ဓာထဲမှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုအားလုံးနီးပါး ကိန်းဝပ်နေပေမယ့် မင်းရဲ့အပိုင်တစ်ခုမှ မပါဘူး.. မင်း မင်းဘယ်သူဘယ်ဝါဆိုတာ ဖုံးကွယ်ဖို့ ကြိုးစားနေတာလား... ဒါမှမဟုတ် မင်းရဲ့စွမ်းအားက လောကစည်းကို ဖြတ်မလာနိုင်လို့လား... ဘယ်လိုပဲဖြစ်ဖြစ်၊ မင့်အပိုင်မဟုတ်တဲ့ စွမ်းအားနဲ့ဆိုရင်တော့ ငါ့လက်ချက်နဲ့ မင်း သေရဦးမှာပဲ”
ချင်မူ့စကားသည် အခြေခံကျသော သဘောတရားတစ်ခုသာ ဖြစ်၏။
ကမ္ဘာလောကစည်းကို ချိုးဖျက်ရာတွင် သိုင်းအဆင့် မြင့်မားလေလေ၊ အတားအဆီးက ခိုင်မာလေလေ ဖြစ်၏။ ထို့ကြောင့် ကောင်းကင်နတ်ဘုံမှ အောက်ဘုံသို့ ဆင်းသက်လာသူ အများစုက ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်သည်။ မိစ္ဆာနတ်ဆိုးများ၊ နတ်ဘုရားများ နည်းပါးသည်။
အလွန်တရာ တန်ခိုးအင်အားကြီးမားလှသူများ အစုလိုက်အပြုံလိုက် ဆင်းသက်လာမှသာ ကမ္ဘာလောကစည်းသည် ကျိုးပျက်သွားနိုင်၏။ ထိုကဲ့သို့အခြေအနေကလည်း နတ်ဘုရားများနှင့် မိစ္ဆာများအကြား စစ်ဖြစ်ပွားသည့်အချိန်သာ ဖြစ်နိုင်သည်။
ဥပမာ ခိုင်ဧကရာဇ်ခေတ်နှင့် ချုံဧကရာခေတ် ပျက်သုဉ်းသွားခဲ့တုန်းက ကမ္ဘောလောကစည်း မရှိခဲ့ပေ။ ထိုကဲ့သို့ အခြေအနေမျိုးအပြင် ကမ္ဘာလောကစည်း၏ ကန့်သတ်ချုပ်နှောင်မှုများကို ဖြတ်သန်းလာနိုင်သော အခြားအခြေအနေတချို့ ရှိသည်။
ဥပမာ ချင်မူ ဒီဇိုင်းရေးဆွဲပြီး ကျားနတ်မင်းနှင့်အတူ တီထွင်ခဲ့သော စွမ်းအင်အကူးအပြောင်းတံတား၊ ဇာမဏီနတ်မင်းချီရှားယွီ၏ ဇာမဏီမီးငှက်သင်္ဘော၊ ဗြဟ္မဗုဒ္ဓ၏ အိပ်မက်ကျင့်စဉ်.... ထိုအခြေအနေများတွင် ကမ္ဘာလောကစည်းကို ဖြတ်သွားနိုင်မည်။
အခြားသော လျှို့ဝှက်လမ်းကြောင်းများ ရှိမရှိတော့ ချင်မူ မသိပေ။
ဤသဘောတရားကြောင့် ကောင်းကင်နတ်ဘုံမှ ဆင်းသက်လာသော အစွမ်းထက်သိုင်းပညာရှင်များမှာ ချီရှားယွီနှင့် မင်းသားချိုးမင်ကဲ့သို့ ကောင်းကင်နတ်သိုင်းပညာရှင်များသာ ဖြစ်လေ့ရှိခဲ့သည်။ ချင်းယွင်ကောင်းကင်ဘုံသို့ ရောက်လာသည့် သံတမန်များ၊ ရှောင်ချွင်ဖုန်း၊ ယွီဟုန်ရှို့နှင့် နတ်ဘုရားတို့၏ တပည့်များမှာလည်း ကောင်းကင်မြေပုံ ပြန်လည်ရေးဆွဲရန် အမိန့်ဖြင့် အောက်သို့ ဆင်းလာသော ကောင်းကင်နတ်သိုင်းညာရှင်များသာ ဖြစ်သည်။
ကောင်းကင်ယင်သားတော်၏ တပည့်လော့ယွင်ချွီတို့တုန်းကလည်း ကမ္ဘာလောကစည်း၏ နှင်ထုတ်ခြင်းမခံရဘဲ အောက်ဘုံသို့ ဆင်းသက်နိုင်ရန် ဇာမဏီနတ်မင်းချီရှားယွီ၏ ဇာမဏီမီးငှက်သင်္ဘောအား လိုက်စီးခဲ့ရသည်။
‘ကောင်းကင်နတ်အရှင်ယွီ’အနေဖြင့် အောက်ဘုံသို့ ဆင်းသက်နိုင်ရန် ဤသဘောတရား၊ ဤစည်းမျဉ်းကို လိုက်နာရမည်။
‘ကောင်းကင်နတ်အရှင်ယွီ’၏ သိုင်းအဆင့်မှာ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်၏ အဆင့်အထိသာ ကန့်သတ်ခံထားရလိမ့်မည်။ အလွန်ဆုံး ကောင်းကင်တံတားအဆင့်၏ အမြင့်ဆုံးတွင်သာ ရှိလောက်၏။ ထို့ထက်များလာလျှင် ကမ္ဘာလောကစည်းကို ဖြတ်သန်းလာနိုင်မည်မဟုတ်ပေ။
နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက ကမ္ဘာလောကစည်းကို အတင်းအကြပ် ထိုးဖောက်လာခြင်းပင်။ သို့သော် ယင်းလုပ်ရပ်၏ နောက်ဆက်တွဲအခြေအနေများက ခန့်မှန်းမရအောက် ဂယက်ရိုက်နိုင်၏။
ဤသဘောတရားအပေါ် အခြေခံ၍ ချင်မူက ‘ကောင်းကင်နတ်အရှင်ယွီ’ကို သတ်ရန် ယုံကြည်ချက် ရှိနေခြင်း ဖြစ်လေသည်။
ချင်မူ၏ ပြင်းထန်သော ယုံကြည်မှုက ဤကမ္ဘာပေါ်တွင် အဆင့်တူ၌ လောကသခင်ခန္ဓာကို အနိုင်ယူနိုင်သော သိုင်းပညာရှင်မရှိဟုသော အယူအဆတွင် အခြေခံ၏။ ‘ကောင်းကင်နတ်အရှင်ယွီ’သည် ကောင်းကင်နတ်ဘုံမှ ဖန်ဆင်းထားသော ဖြစ်တည်မှုပင် ဖြစ်လင့်ကစား ၊ ရှေးဟောင်းနတ်ဘုရားအားလုံး၏ မဟာတာအိုများကို နားလည်သိရှိလင့်ကစား သူ့ကို အနိုင်မယူနိုင်ဟု ချင်မူ ယုံကြည်သည်။
‘ကောင်းကင်နတ်အရှင်ယွီ’၏ ဦးနှောက်အကျိအချွဲများနှင့် အစအနများက စီးကျလာနေဆဲ ဖြစ်သည်။ ချင်မူ့ဓားချက်ကြောင့် သူ၏ဦးနှောက်မှာ ကြေမွသွားပြီဖြစ်သလို၊ သူ့ကိုယ်ထဲရှိ ကောင်းကင်ရတနာစနစ်လည်း ဖျက်စီးခံလိုက်ရချေပြီ။
ချင်မူ၏မူလဝိညာဉ်က ဓားကို ကိုင်၍ ကောင်းကင်တစ်လျှောက် ထိုးခွင်းသွားခဲ့သည်။ ထိုထိုးခွင်းမှုနှင့်အတူ ‘ကောင်းကင်နတ်အရှင်ယွီ’၏ ရုပ်ခန္ဓာ သေဆုံးသွားပြီး မူလဝိညာဉ်လည်း ပျက်စီးကြေမွသွားပြီဖြစ်သည်။
“မင်းအနောက်က ကောင်းကင်တံတားမဟုတ်ဘူး... ဘာကြောင့် မင်းရဲ့ ခုနစ်ခုမြောက် ကောင်းကင်ရတနာက ကောင်းကင်နတ်မြစ် ဖြစ်နေတာလဲ”
‘ကောင်းကင်နတ်အရှင်ယွီ’ နားမလည်နိုင် ဖြစ်နေသည်။ ဦးနှောက်ထဲမှ အရည်များ ခမ်းတော့မည်ဖြစ်သော်လည်း သူက ချင်မူနှင့် သူ့အနောက်ရှိ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာဆီသို့ ကြည့်နေဆဲ ဖြစ်၏။
‘ကောင်းကင်နတ်အရှင်ယွီ’၏ ကိုယ်ထဲတွင် မဟာတာအိုများစွာ ကိန်းဝပ်နေသည်။ သို့သော် ကမ္ဘာဦးအစ မဟာတာအိုများ၊ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုများသာ ဖြစ်သည်။ သူ့တွင် လူသားတို့ တီထွင်ဖန်တီးထားသော ဖန်ဆင်းခြင်းမဟာတာအို မရှိပေ။
သူ့မှာ ချင်မူ့လို ဖန်ဆင်းခြင်းမဟာတာအိုဖြင့် ခန္ဓာကိုယ်အား ပြန်မတည်ဆောက်နိုင်သောကြောင့် ဦးနှောက်အသားစများ ခြောက်ကပ်သွားသည်ကိုသာ ကြည့်နေနိုင်သည်။
“မင်းက ကောင်းကင်ရတနာအသစ်တစ်ခုလုံး တီထွင်လိုက်တာလား... ဒီကောင်းကင်ရတနာနဲ့ တခြားကောင်းကင်ရတနာတွေ၊ ကောင်းကင်နန်းဆောင်တွေကို ဆက်ပြီး ပြည့်စုံတဲ့ စနစ်တစ်ခုကို ဖော်ဆောင်လိုက်တာလား”
‘ကောင်းကင်နတ်အရှင်ယွီ’ ခေါင်းထပ်လှုပ်လိုက်သော်လည်း သူ့ဦးခေါင်းခွံထဲ၌ ဗလာကျင်းနေပြီဖြစ်သည်။
သို့သော် သူသည် စကားပြောနိုင်သလို၊ တွေးနိုင်နေသေး၏။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်မူ ပီသပါပေတယ်... ဒီအဆင့်အထိတောင် ရောက်လာနိုင်မှတော့ မင်းက ကောင်းကင်နတ်အရှင်ခုနစ်ပါးနဲ့ ပခုံးချင်းယှဉ်ရပ်ဖို့ တကယ် ထိုက်တန်ပါပေတယ်... ကောင်းကင်နတ်ဘုံကကောင်တွေက အောင်မြင်မှုတွေ၊ အကျိုးအမြတ်တွေကိုပဲ ငမ်းငမ်းတက်ပြီး အောက်ဘုံကို လျစ်လျူရှုထားကြတာ ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ... ဟီးဟီး... ကောင်းကင်နတ်ဧကရာဇ်နေရာမှာ ရှိနေတာက လူတစ်စုမဟုတ်ရင် ပိုလို့တောင် အဆင်ပြေလောက်တယ်”
ချင်မူက သူ၏မျက်လုံးများကို စိုက်ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “ငါ့ရဲ့ သတ္တမကောင်းကင်ရတနာကို မြင်တော့ တွေးမိတာ တစ်ခုခု ရှိသလား ကောင်းကင်နတ်အရှင်ယွင်”
‘ကောင်းကင်နတ်အရှင်ယွီ’က မဆိုစလောက် ပြုံး၍ ခပ်လေးလေးအသံဖြင့် ပြန်ဖြေ၏။ “မင်းက ငါ့ကို သူလို့ ထင်နေတာကိုး... အဲဒါကြောင့် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို တမင်သပ်သပ် ဖော်ပြလိုက်တာပေါ့... ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်တံတားကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့တဲ့သူဆိုတော့ မင်းရဲ့ သတ္တမကောင်းကင်ရတနာကို မြင်သွားရင် သေချာပေါက် အံ့အားသင့်သွားမယ့်သူ မဟုတ်လား... မင်း ဖွင့်လှစ်ထားတဲ့ ကောင်းကင်ရတနာက သူ့ကောင်းကင်တံတား ကောင်းကင်ရတနာထက် ပိုလို့တောင် ကောင်းမွန်နေတော့ သူ ဣန္ဒြေပျက်သွားမှာလည်း သေချာတယ်... ဒါပေမဲ့ မင်းမှားသွားပြီ.. ငါက သူ မဟုတ်ဘူး”
တာအိုမီးလျှံများသည် ရုတ်တရက် ‘ကောင်းကင်နတ်အရှင်ယွီ’ကို ခြုံလွှမ်းသွားပြီး သူက ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း အခုလို ဝှက်ဖဲတွေကို အစောကြီး ပြလိုက်တာ တုံးအလွန်းတယ်... ဒီရုပ်ခန္ဓာက ငါ့ရဲ့စမ်းသပ်မှုလေးတစ်ခု သက်သက်ပဲ... ကောင်းကင်နတ်အရှင်ယွီရဲ့ စွမ်းအားကို စမ်းသပ်ချင်လို့သာ သုံးကြည့်နေတာ... အခု ဒီရုပ်ခန္ဓာမှာ လိုအပ်ချက်တွေ အများကြီး ရှိနေတာ ငါ မြင်ပြီးပြီ... မင်းရဲ့ ဝှက်ဖဲတွေကိုလည်း သိရပြီ... ဒါပေမဲ့ မင်းအနေနဲ့တော့ ဒီရုပ်ခန္ဓာကနေ လျှို့ဝှက်ချက်တွေ သိရဖို့ မျှော်လင့်မနေနဲ့... နောက်တစ်ကြိမ် မင်း ကောင်းကင်နတ်အရှင်ယွီကို တွေ့တဲ့နေ့က မင်း သေမယ့်နေ့ပဲ...”
ရုတ်တရက် သူ့ကိုယ်ပေါ်ရှိ တာအိုမီးလျှံများ ငြိမ်းသွားသည်။ ‘ကောင်းကင်နတ်အရှင်ယွီ’မှာ အံ့အားသင့်သွားပြီး တာအိုမီးလျှံများဖြင့် ဤရုပ်ခန္ဓာကို လောင်ကျွမ်းပစ်ရန် ကြိုးစားသော်လည်း တာအိုမီးလျှံများကား သူ့ကို မီးမစွဲတော့ပေ။
“မင်းရဲ့ ခန္ဓာကိုယ်ကို ငါ သိမ်းမယ်”
‘‘ကောင်းကင်နတ်အရှင်ယွီ’၏ အနောက်မှ အသံတစ်သံ ထွက်လာပြီး သူ လှည့်ကြည့်လိုက်သည့်အခါ အမှောင်ထဲမှ ထွက်လာသော ရှင်းအန်းကို မြင်လိုက်ရသည်။ ရှင်းအန်းသည် လက်တစ်ဖက်ဖြင့် သေတ္တာကြီးတစ်လုံး သယ်ထားပြီး ကျန်တစ်ဖက်က လက်ချောင်းများကို ဖြန့်ကားကာ တာအိုမီးလျှံများအား ဖိနှိပ်ထား၏။
ရှင်းအန်းက စူးရှနေသောမျက်ဝန်းများဖြင့် သေတ္တာကြီးကို ချလိုက်သည်။ သေတ္တာကြီးက ခြေထောက်များဖြင့် ရပ်ပြီး ဗြုန်းခနဲ ပွင့်သွား၏။ ၎င်းပုံစံမှာ အလွန်စိတ်လှုပ်ရှားနေသော ပုံစံရှိနေသည်။
ရှင်းအန်း၏အကြည့်က ‘ကောင်းကင်နတ်အရှင်ယွီ’အပေါ် ကျရောက်မသွားဘဲ ချင်မူ့ကို သတိအနေအထားဖြင့် ကြည့်သည်။
ချင်မူက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “ရှင်းအန်း၊ ဒီရုပ်ခန္ဓာထဲမှာ အသိစိတ်အလျဉ်တစ်ခု ငုပ်လျှိုးနေတယ်... သူ့ရဲ့ဇစ်မြစ်က မင်းခန့်မှန်းနိုင်တာထက် အများကြီး အင်အားကြီးတယ်... ဒီရုပ်ခန္ဓာကို သိမ်းထားရမှာ မင်း မကြောက်ဘူးလား”
သေတ္တာကြီးထဲမှ လက်များ ထွက်လာပြီး သေတ္တာကြီး၏ အနားသတ်ကို ဆုပ်ကိုင်ကာ ဧရာမအကောင်ကြီးတစ်ကောင် ထလာသည်။ ထိုအကောင်ကြီး၏ အပေါ်တွင် ထိုင်နေသည်ကား မူချိုးပိုင်ပင် ဖြစ်၏။ မူချိုးပိုင်မှာ ရှင်းအန်း၏ လက်ချက်ဖြင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေခဲ့ချေပြီ။
ရှင်းအန်းက မျက်လုံးများမှေးကျဉ်းကာ ပြန်ဖြေသည်။ “ဒါက ကောင်းကင်နတ်အရှင်တစ်ယောက်လား... ကောင်းကင်နတ်အရှင်တစ်ယောက်တောင် ဒီရုပ်ခန္ဓာကို သဘောကျတယ်ဆိုရင် ဒါက စိတ်ကူးကြည့်မရလောက်အောင် ထူးခြားနေမှာပဲ... ငါ သိမ်းထားမှဖြစ်မယ်... ခန္ဓာကိုယ်တင်မကဘူး ဒီကောင်းကင်နတ်အရှင်ရဲ့ အသိစိတ်အလျဉ်ကိုလည်း လိုချင်တယ်”
ရှင်းအန်း လက်ချောင်းများကို အသာအယာ လှုပ်ရှားလိုက်သည့်အခါ အပ်ချည်ကြိုးမျှင်များသည် ‘ကောင်းကင်နတ်အရှင်ယွီ’ ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအတွင်းသို့ စိုက်ဝင်သွား၏။
‘ကောင်းကင်နတ်အရှင်ယွီ’မှာ တုတ်တုတ်မျှ မလှုပ်နိုင်တော့သဖြင့် အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဤရုပ်ခန္ဓာထဲရှိ အသိစိတ်အလျဉ်ကိုလည်း ပြန်ရုပ်သိမ်းမရတော့ပေ။
“အောက်ဘုံက ညီတော်တွေ ဘယ်တုန်းက ဒီလောက် မောက်မာပြီး ရိုင်းပျလာတာလဲ”
သူ အမျက်တချောင်းချောင်း ထွက်လာတော့သည်။ ဤရုပ်ခန္ဓာနှင့် မူလဝိညာဉ်သည် ချင်မူ့ကြောင့် ပျက်စီးသွားလျှင် တော်သေး၏။ ချင်မူက ကောင်းကင်နတ်အရှင်ကိုးပါးအနက်မှ ကောင်းကင်နတ်အရှင်မူ မဟုတ်ပါ၏လော။
သို့သော် ဤသေတ္တာကြီးနှင့် လူငယ်က သူ့ကိုယ်သူ ဘာထင်နေသနည်း။ သူလိုကောင်က ရာရာစစ ဤခန္ဓာကိုယ်ထဲရှိ သူ၏မူလဝိညာဉ်ကို သိမ်းပိုက်ချင်သည်တဲ့လော။
“ငါ ကောင်းကင်နတ်အရှင်အစစ်ကို လိုချင်နေတုန်းပဲ...”
ရှင်းအန်းက အဆိပ်ပြင်းသော မြွေတစ်ကောင်ပမာ ချင်မူ့ကို ကြည့်နေသည်။ “ကောင်းကင်နတ်အရှင်အစစ်မှာမှ ပိုလှပြီး ပိုခမ်းနားတဲ့ ရုပ်ခန္ဓာ ရှိတာ”
ချင်မူ ပြုံးလိုက်သည်။ “ရှင်းအန်း၊ မင်း လိုချင်တာတွေ ယူပြီးရင်လည်း ပြန်လိုက်တော့... မဟုတ်ရင် မင်းတို့နှစ်ယောက်စလုံးကို သတ်လိုက်လို့ ငါ့ကို အပြစ်မဆိုနဲ့”
ရှင်းအန်းက ဟမ့်ခနဲ နှာခေါင်းရှုံ့လိုက်၏။ သူက လက်ချောင်းများကို တိတ်ဆိတ်စွာ ဖြန့်ကားလိုက်သည့်အခါ ခပ်မျှင်မျှင်အလင်းတန်းများသည် လက်ချောင်းများအကြား၌ ကူးလူးလှည့်ပတ်သွား၏။ “သူ့ကို တိုက်ခိုက်ရင်း မင်းလည်း ဒဏ်ရာအပြင်းအထန် ရခဲ့မှာပါ... သူ့ကောင်းကင်နတ်သိုင်းတွေကို ငါ ကြည့်ပြီးပြီ.. အင်မတန် အင်အားကြီးတယ်... မင်း ပန်းချီကောင်းကင်နတ်သိုင်း သုံးလိုက်လို့သာ သူ ဟန်ချက်ပျက်သွားတာ ... သူ့ရဲ့သိုင်းအခြေခံက မင်းထက်တောင် ခိုင်မာသေးတယ်”
ချင်မူ တိတ်ဆိတ်နေသည်။ သူ့အနောက်မှ ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာ၏။ ရှင်းအန်း၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူ့မှာ အနည်းငယ် ချီတုံချတုံ ဖြစ်နေလေသည်။
“ငါ ပြန်လာပြီ...”
သူ့အနောက်မှ နဂါးဘုရင်ထျန်း၏ ထူးဆန်းသော ရယ်သံကြီး ထွက်ပေါ်လာသည်။ “မင်းတို့ကို ငါ မြင်ရတယ်... မင်းတို့ကို စားရင် ငါ့ခန္ဓာကိုယ် ပြန်ထွက်လာလိမ့်မယ်”
ရှင်းအန်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သေတ္တာကြီးက တမုဟုတ်ချင်း ရှေ့ပြေးထွက်ကာ ‘ကောင်းကင်နတ်အရှင်ယွီ’ကို မြိုချလိုက်သည်။ မုချိုးပိုင် တက်စီးထားသည့် မိစ္ဆာအကောင်ကြီးလည်း သေတ္တာကြီးထဲသို့ တိတ်ဆိတ်စွာ ပြန်ဝင်သွား၏။ ၎င်းက လက်တစ်ဖက်ဖြင့် သေတ္တာအဖုံးအား ဗြုန်းခနဲ ပိတ်လိုက်သည်။
ရှင်းအန်းကား သေတ္တာကြီးကို မ၍ အမှောင်ထုထဲ၌ ပျောက်ကွယ်သွားတော့သည်။
ချင်မူ စိတ်သက်သာရာရသွားပြီး သွေးမြူတစ်လုပ် အော့အန်လိုက်သည်။
“သွေးနံ့ရတယ်”
နဂါးဘုရင်ထျန်း၏ ခေါင်းအစိမ်းကြီးက ပါးစပ်ကြီးဖြဲလျက် ချင်မူ့ကို ကိုက်စားရန် ဘွားခနဲ ထွက်လာ၏။
ချင်မူ နောက်ဆုတ်၍ အနက်ရောင်အရိပ်အသွင် ပြောင်းကာ မြေပြင်ထက်၌ ကပ်ထားလိုက်သည်။ သို့သော် နဂါးခေါင်းကြီးသည် ဖြတ်ကျော်မသွားဘဲ မျက်လုံးစိမ်းစိမ်းကြီးနှစ်လုံးဖြင့် ချင်မူ အသွင်ပြောင်းထားသော အနက်ရောင်အရိပ်ဆီသို့ ငုံ့ကြည့်နေသည်။
‘ဖုတ်ကောင်နဂါးက ဘယ်လိုလုပ် ဉာဏ်ကောင်းလာတာလဲ’
ချင်မူ့အမူအရာ ပြောင်းလဲသွားသည်။ အနက်ရောင်အရိပ်က ဘန်းခနဲ ပေါက်ကွဲသွားပြီး အနက်ရောင်အခိုးအငွေ့အသွင်ဖြင့် ပျံထွက်သွား၏။
နဂါးဘုရင်ထျန်းက ပါးစပ်ကြီးဖြဲလျက် အားကုန်စုပ်သွင်းရင် နောက်မှ လိုက်လာသည်။ အနက်ရောင်အခိုးအငွေ့ကား သူ့ပါးစပ်ထဲ စုပ်သွင်းခံရပေတော့မည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်အခိုးအငွေ့က ပဒုမ္မာကြာပန်းအသွင် ပြောင်းလဲသွား၏။ ကြာပန်း၏အလယ်၌ ချင်မူ ထိုင်နေပြီး ပွင့်ချပ်များသည် ချင်မူ့ကို ဖုံးလွှမ်းလျက် စုတက်သွားလေသည်။
နဂါးဘုရင်ထျန်းက ကြာပန်းကို တစ်လုပ်တည်း မြိုချလိုက်သည်။ အမှောင်ထု၏ အဝေးတစ်နေရာတွင် ကြာပန်းတစ်ပွင့် ဖျတ်ခနဲ ပေါ်လာပြီး ပွင့်အာကျလာသည်။ ချင်မူမှာ ပန်း၏အလယ်၌ ထိုင်နေရာမှ ငေါက်ခနဲ ထလိုက်၏။ သူက လည်ချောင်းဝမှ ဆို့တက်လာသော သွေးတို့ကို အလျင်အမြန် မြိုချကာ ထွက်ပြေးတော့သည်။ ‘မှော်ဆရာကြီးရေ ကျေးဇူးပဲကွာ ... နောက်တစ်ကြိမ်တွေ့ရင် မင်းကို သေအောင် မရိုက်တော့ပါဘူး”
နဂါးဘုရင်ထျန်းသည် ပန်းကို စားရင်း ချင်မူ့ကို စားပြီးပြီထင်မှတ်ကာ ဝမ်းသာနေ၏။ ထို့နောက် သူက သားကောင်ထပ်ရှာရန် အဝေးသို့ ထွက်သွားတော့သည်။
များစွာမကြာလိုက်ဘဲ ချင်မူ အမှောင်ထုထဲ၌ အနီရောင်အလင်းအား တွေ့လိုက်ရသည်။ သူ တိတ်ဆိတ်စွာ ချဉ်းကပ်သွားသည့်အခါ မိန်းကလေးတစ်ယောက် အနီရောင်မီးအိမ်တစ်လုံး ကိုင်လျက် ယောင်ဝါးဝါးလျှောက်သွားနေကြောင်း မြင်လိုက်ရ၏။
“မမကြီးယန်အာ”
ချင်မူ စိတ်သက်သာရာရသွားကာ အပြေးသွားလိုက်သည်။ သူ့ကို မြင်လျှင် ယန်အာက ပြောလေသည်။ “သခင်လေး၊ ဖက်တီးနဂါးကို တွေ့မိသေးလား... သူ့ကို ပျောက်သွားလို့”
ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်၍ ဒဏ်ရာများကုသလိုက်သည်။ ‘ကောင်းကင်နတ်အရှင်ယွီ’၏ ကောင်းကင်ပိုက်ကွန်က သူ့ကို အတော်လေး ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့၏။
“ဖက်တီးနဂါးက တစ်နေရာရာမှ ထိုးအိပ်နေလောက်ပြီ... မမကြီး လိုက်မရှာနဲ့တော့... အခေါင်း မရဏနတ်တောင်ကြားသို့ ပြန်ရောက်လို့ ပွင့်သွားရင် သူ့ကို တွေ့ရလောက်မှာပါ... ရှင်းအန်း၊ မင်း ထွက်မသွားသေးဘူးလား”
သူ ချာခနဲ လှည့်လိုက်သည်။ အမှောင်ထဲတွင် မျက်လုံးနှစ်လုံး ပေါ်လာ၏။ ရှင်းအန်းက သေတ္တာကြီးကို မ,လျက် တိတ်ဆိတ်စွာ ပြန်ဆုတ်သွားတော့သည်။