ကောင်းကင်နတ်အရှင်နှင့် ကောင်းကင်နတ်ဧကရာဇ်
Vol. 65 Ch. 857
အခေါင်း ရေထဲမှ ထွက်သွားသည့် အသံများ ကြားလိုက်ရပြီး သံကြိုးသံများလည်း တချွင်ချွင် ထွက်ပေါ်လာသည်။ နောက်တခဏတွင် အခေါင်းသည် ရပ်တန့်သွား၏။
ချင်မူ ရင်ထဲတွင် လှုပ်ရှားလာသည်။ အခေါင်းကား ရှေးဟောင်းရေတွင်းထဲမှ ထွက်သွားပြီး သံကြိုးများဖြင့် ပြန်လည်ချည်နှောင်ခံလိုက်ရချေပြီ။ မကြာမီ ပွင့်ပေတော့မည်။
ယန်အာက မီးအိမ်နီလေးကို သိမ်း၍ ပတ်ဝန်းကျင်ဆီသို့ ကြည့်လိုက်သည်။ ရုတ်တရက် သူတို့၏အပေါ်တွင် လေးထောင့်အကွက်တစ်ကွက် ပွင့်လာသည်။ အလင်းတန်းများက အပေါ်မှ ဖြာကျလာပြီး ပတ်ဝန်းကျင်အား ရေးတေးတေး မြင်လာရသည်။
“ငါ မင်းတို့ကို မြင်တယ်” နဂါးဘုရင်ထျန်း၏ ခေါင်းကြီးက အစိမ်းရောင်နှုတ်ခမ်းမွှေးများ တလွန့်လွန့်ဖြင့် ရှင်းအန်းနောက် လိုက်နေသည်။
ချင်မူလည်း ဟိုကြည့်သည်ကြည့် ကြည့်ကာ နဂါးချီလင်ကို လိုက်ရှာနေသည်။ သူ့ရင်ထဲတွင် စိတ်ပူလာ၏။ “ဖက်တီးနဂါးတော့ နဂါးဘုရင်ထျန်း စားတာ ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်...”
ဤအခိုက်အတန့်တွင် ယန်အာ နဂါးချီလင်ကို ရှာတွေ့သွားသည်။ “ဟိုမှာပဲ” ထိုသို့ပြောရင်း သူမက အစိမ်းရောင်စာကလေးအသွင် ပြောင်း၍ ပျံသွားသည်။
ချင်မူ သူမပျံထွက်သွားသော ဘက်သို့ ကြည့်လိုက်သည့်အခါ ထောင့်တစ်ထောင့်၌ အိပ်ပျော်နေသော နဂါးချီလင်ကို တွေ့လိုက်ရသည်။ ယန်အာက နဂါးချီလင်ကို သုတ်ချီ၍ အခေါင်းအဝသို့ ပျံထွက်သွား၏။ ချင်မူလည်း နောက်မှ လိုက်သွားသည်။
အခေါင်းအပြင်တွင် ချင်မူ မြေအမာအပေါ် ဆင်းလိုက်သည့်နှင့် ရုတ်တရက် လျင်မြန်စွာ ပြန်ဆုတ်လာသော ရောင်စုံအလင်းတန်းများအား မြင်လိုက်ရသည်။ ဤနေရာရှိ အတားအဆီးအစီအရင်များ ပြိုကွဲတော့မည့် လက္ခဏာများ ပြလာသည်။
“သေစမ်း၊ မျက်မမြင်အဘိုးက ဒီနေရာကို ဖျက်စီးဖို့ ပြင်ထားတာပဲ”
ချင်မူ ကပျာကယာ ဆုံးဖြတ်ချက်ချကာ ယန်အာနှင့်အတူ ပျံထွက်လိုက်သည်။ နဂါးချီလင်လည်း နိုးလာပြီး မူလအသွင်သို့ တမုဟုတ်ချင်း ပြောင်းလဲ၍ ချင်မူ့ကို သယ်ကာ ခပ်သွက်သွက် ပြေးသွားသည်။
ရောင်စုံအလင်းတန်းများသည် မရဏနတ်တောင်ကြား၏ နေရာတိုင်း၌ ပြည့်နှက်နေခဲ့သော်လည်း ယခုတွင် အလွန်သေးငယ်သော အစက်တစ်စက် ဖြစ်သည်အထိ ကျုံ့လာခဲ့၏။ ရှင်းအန်းနှင့် ယန်ချီလင်းလည်း အခေါင်းထဲမှ ထွက်လာကာ တောင်ကြားအပြင်ရောက်ရန် ကြိုးစားနေကြသည်။ နဂါးဘုရင်ထျန်း၏ ခေါင်းပြတ်ကြီးသာ ထွက်ပြေးနေခြင်းမဟုတ်ဘဲ အသားစများ၊ သွေးများ ပေကျံနေသော ပါးစပ်ကြီးကို ဖြဲလျက် သူတို့နောက်မှ လိုက်လာနေသည်။
ဝှမ်
အလင်းတန်းများ ပေါက်ကွဲသွားပြီး တခဏလေးအတွင်း ရှေးဟောင်းရေတွင်းနှင့် အခေါင်း ပျက်စီးသွားသည်။ အခေါင်းကို ချုပ်ထားသော သံကြိုးများလည်း ဂျောင်းခနဲ ဂျောင်းခနဲ တစ်ချောင်းပြီးတစ်ချောင်း ပြတ်တောက်ကုန်၏။ ပြတ်တောက်သွားသော သံကြိုးများက လူးလွန့်ယမ်းခါရင်း ချင်မူတို့ဆီသို့ ရိုက်ခတ်နေသည်။
ချင်မူက နဂါးချီလင်၏ကျောပေါ်၌ ရပ်၍ နောက်လှည့်ကြည့်သည်။ ရှေးဟောင်းရေတွင်းနှင့် အခေါင်းကို ဝန်းရံထားခဲ့သော တောင်တန်းများမှာ အားလှိုင်းဂယက်များကြောင့် ပြားကပ်ကုန်ပြီဖြစ်သည်။ လှိုင်းဂယက်တို့၏ လှုံ့ဆော်မှုကြောင့် ခိုင်ဧကရာဇ်၏ ဓားရာများ၊ ဓားအလင်းတန်းများလည်း ပေါက်ကွဲထွက်ပေါ်လာကာ တဖျတ်ဖျတ် လက်နေကြသည်။ မြင်ကွင်းကား ကြောက်စရာကောင်းလှပေသည်။
နဂါးချီလင်က မာန်သွင်းဟိန်းဟောက်ကာ အရှိန်ကုန် တင်လိုက်သည်။ သူက တံတားပျံဆီ လျင်မြန်စွာ ရောက်သွားပြီး တံတားကို ဖြတ်ကာ မြို့ပျက်ထဲမှ အသားကုန်ပြေးထွက်နေသည်။
သူ အရှိန်လျှော့တော့မည့်အချိန် ချင်မူက လှမ်းအော်၏။ “ဆက်ပြေး”
နဂါးချီလင် အားကုန်ဆက်ပြေးနေစဉ် ချင်မူက နောက်လှည့်ကြည့်နေပြီး ခိုင်ဧကရာဇ် ချန်ရစ်ခဲ့သော ဓားအသွင်သဏ္ဍာန်ဆီသို့ လှိုင်းများ ရိုက်ခတ်သွားကြောင်း မြင်နေရသည်။ ရိုက်ခတ်ခံလိုက်ရသည်နှင့် ဓားအလင်းတန်းများ ဖြာထွက်လာ၏။
တောင်ကြားအပြင်ရှိ ရောင်စုံအလင်းတန်းများ အစက်လေးတစ်စက်အဖြစ် စုသွားပြီဖြစ်ပြီး ထိုဓားအလင်းတန်းများ ဖြာထွက်လာသည့်အခါ အလင်းစက်ကလည်း ပြန့်ကားလာတော့သည်။
သေရေးရှင်ရေးအခိုက်အတန့်တစ်ခုအတွက် နဂါးတစ်ကောင်ကို နှစ်တစ်ထောင်မွေးမြူရသည် ဟူသော ဆိုရိုးရှိ၏။ နဂါးချီလင် ဤမျှမြန်မြန်ပြေးနိုင်မည်ဟု ချင်မူ တစ်ခါမှ မတွေးခဲ့ဖူးပေ။ ‘ငါ့နေ့စဉ်အသုံးစရိတ်ထဲကနေ သူ့ကိုပဲ အများဆုံး ကျွေးနေခဲ့ရတာ အလကားတော့ မဖြစ်ဘူးပဲ...’
ချင်မူသည် များသောအားဖြင့် နိစ္စဒူဝအတွက် ငွေကြေးများစွာ သုံးစရာမလိုပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မည်သည့်နေရာသို့ သွားသွား၊ သူ့အတွက် လိုအပ်သောအရာများအတွက် ပေးချေစရာမလိုရာ သူ၏ငွေကြေး ကိုးဆယ့်ကိုး ရာခိုင်နှုန်းမှာ နဂါးချီလင်အတွက်သာ ကုန်နေခြင်း ဖြစ်သည်။
“အခု ရပ်လို့ရပြီ”
ချင်မူက နဂါးချီလင်ကို ရပ်ခိုင်းလိုက်သည်။ သူ နောက်လှည့်ကြည့်လိုက်သည့်အခါ မရဏနတ်တောင်ကြားရှိ အဖျက်အစီးအလင်းတန်းများက ရွေ့လျားနေဆဲ ဖြစ်သော်လည်း စွမ်းအားလျော့နည်းသွားပြီ ဖြစ်၏။
“ရှင်းအန်းက မသေလောက်ဘူး... သူ့မှာ ဝှက်ဖဲတွေ အများကြီး ရှိတယ်... ယန်ချီလင်းနဲ့ နဂါးဘုရင်ထျန်းတော့ မပြောတတ်ဘူး”
ရှင်းအန်းသည် ဒဏ်ရာအများစု သက်သာနေပြီဖြစ်သည်။ ကောင်းကင်နတ်ဘုံမှ ဖန်ဆင်းထားသော ‘ကောင်းကင်နတ်အရှင်ယွီ’၏ ရုပ်ခန္ဓာကို ယူသွားခြင်းက သူ့အတွက် ဒုက္ခများသော်လည်း အကျိုးအမြတ်လည်း များ၏။
‘ကောင်းကင်နတ်အရှင်ယွီ’၏ ရုပ်ခန္ဓာတွင် ရှေးဟောင်းနတ်ဘုရားတို့၏ သင်္ကေတအမှတ်အသားများ ပါဝင်သည်။ ထိုရုပ်ခန္ဓာ၌ ပြီးပြည့်စုံသော ကောင်းကင်ရတနာစနစ်၊ ကောင်းကင်နန်းဆောင်စနစ်နှင့် ကောင်းကင်နတ်ဘုံစနစ်ပင် ပါရှိနေ၏။ ၎င်းက ရှေးဟောင်းနတ်ဘုရားတိုင်း၏ ကောင်းကင်နတ်သိုင်းများကိုလည်း တတ်မြောက်ထားသည်။
ယင်းက အောက်ဘုံသားများ အားနည်းသော နယ်ပယ်ဖြစ်၏။
သို့သော် ထိုရုပ်ခန္ဓာသည်လည်း အရေးအပါဆုံး ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို လိုအပ်နေသလို၊ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ စွမ်းအားများကလည်း မပြည့်စုံသေးပေ။
ထို့အပြင် ‘ကောင်းကင်နတ်အရှင်ယွီ’၏ ရုပ်ခန္ဓာသည် တာအိုသခင်၏ အနုစိတ်သင်္ချာအပေါ် အခြေခံကာ တည်ဆောက်ထားခြင်း ဖြစ်သည့်အတွက် အဏုမြူသင်္ချာ လိုအပ်နေသေးရာ ပြီးပြည့်စုံလှသည်ဟု မဆိုနိုင်ချေ။
အရေးအကြီးဆုံးကား ချင်မူသည် ကောင်းကင်နတ်ဘုံ၏ အစောင့်ရှောက်ဆောင်ဆီမှ သင်္ကေတအမှတ်အသားများကို ကူးယူထားပြီးဖြစ်၏။ တာအိုသခင်လင်းရွှမ်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တာအိုဂိုဏ်းသာ ထိုက်ဝေသင်္ချာကျမ်းကို ပြည့်စုံအောင် မွမ်းမံနိုင်လျှင် ချင်မူ့အနေဖြင့် ဤသင်္ကေတအအမှတ်အသားများ အသုံးချကာ အဏုမြူသင်္ချာတည်ဆောက်ပုံအား ဖော်ဆောင်နိုင်လိမ့်မည်။ ထိုအခါမှ ပြီးပြည့်စုံသည်ဟု သတ်မှတ်နိုင်မည်။
ရှင်းအန်းက ‘ကောင်းကင်နတ်အရှင်ယွီ’၏ ရုပ်ခန္ဓာကိုသာ ရသွားခြင်း ဖြစ်၏။ အလွန်ဆုံးမှ အပေါ်ယံသာ လေ့လာနိုင်လိမ့်မည်။ အပြီးပြည့်စုံဆုံးသော ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ဖွဲ့တည်နိုင်ဦးမည်မဟုတ်ပေ။
ရုတ်တရက် နဂါးဘုရင်ထျန်း၏ ခေါင်းကြီးက မရဏနတ်တောင်ကြားမှ လိမ့်ထွက်လာသည်။ ၎င်းမှာ လေပေါ် ခုန်တက်ချင်နေသော်လည်း မခုန်တက်နိုင်တော့ပေ။ ဒဏ်ရာအပြင်းအထန် ရထားကြောင်း သိသာ၏။
ရုတ်တရက် ၎င်း၏ နှုတ်ခမ်းမွှေးများက မြေပြင်ပေါ် ထောက်ကာ ခေါင်းကြီးကို သယ်၍ လမ်းလျှောက်လာသည်။
“ငါ မင်းတို့ကို မြင်တယ်...”
ခေါင်းကြီးသည် တောင်ကြီးတစ်လုံးသဖွယ် မတ်တပ်ရပ်နေ၏။ သူက သည်းထိတ်ဖွယ်ရာအပြုံးဖြင့် ပတ်ဝန်းကျင်အား ကြည့်ရင်း စားစရာရှာနေသည်။
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ဖုတ်ကောင်နဂါးဘုရင်ထျန်းသာ ဤနေရာမှ ထွက်လာပြီး လူသားလိုက်စားနေလျှင် ပြည်သူပြည်သားများ ဒုက္ခရောက်ကြလိမ့်မည်။ သူ့ကို မဖြစ်မနေ သုတ်သင်ရပေမည်။ သို့သော် စောစောက အားလှိုင်းများကြောင့်ပင် မသေဆုံးခဲ့ရာ သူ မည်မျှအသက်ပြင်းကြောင်း သိသာ၏။
“နဂါးဘုရင်ထျန်းက ဖုန့်ချိုးယွင်လို နတ်ကောင်းကင်ခန်းမအဆင့်ပဲ... ငါ သူ့ကို ဘယ်လို သုတ်သင်ရမလဲ”
ချင်မူက ရှင်းအန်းပေးခဲ့သော မြေပုံကို ထုတ်ကြည့်သည်။ မရဏနတ်တောင်ကြားဟု မှတ်ထားသည့် နေရာကို ရှာပြီး ပတ်ဝန်းကျင်အား ကြည့်လိုက်၏။
ကမ္ဘာဦးဘုံ ပွင့်လာသည့်အခါ ရှင်းအန်းသည် နေရာအတော်များများ လျှောက်သွားခဲ့ပြီး ဤမြေပုံကို ရေးဆွဲထားခြင်း ဖြစ်လေသည်။
အနီးနား၌ ရှေးဟောင်းမြို့ပျက်တစ်ခု တွေ့လိုက်သဖြင့် ချင်မူ့မျက်လုံးများ အရောင်တောက်သွားသည်။ ‘နဂါးဘုရင်ထျန်းကို ဒီရှေးဟောင်းမြို့ပျက်ဆီ မျှားခေါ်သွားပြီး မြို့ပျက်ထဲမှာ ပိတ်ထားတာ ကောင်းမယ်’
သူ ဤသို့တွေးနေစဉ် အဝေး၌ အလင်းရောင်တစ်ချက် လက်သွားသည်။ ဝမ်းဗိုက်အဖြူ၊ ကျောပြင်အနက်ဖြင့် ပျံလွှားငှက်လေးတစ်ကောင်က အလင်းရောင်ထဲမှ ထွက်လာပြီး မြေပြင်ပေါ် ဆင်းသက်လိုက်သည့်အခါ ယန်ချီလင်းအဖြစ် ပြောင်းသွားသည်။ ယန်ချီလင်းမှာ တခဏ ဒယိမ်းဒယိုင် ဖြစ်သွား၏။
ယန်ချီလင်းက ချင်မူ့ကို သတိထားမိသည်နှင့် သတိအနေအထား ဖြစ်သွားသည်။
ချင်မူ တောက်ပစွာ ပြုံးပြလိုက်သော်လည်း သူ၏ဓားစက်လုံးက ထောင်ကျယ်အိတ်ထဲမှ တိတ်တဆိတ် ပျံထွက်ပြီး မြေအောက်ထဲ ထိုးဖောက်သွားသည်။
ယန်ချီလင်းကလည်း တုံးတိဖြစ်နေသော သုံးလက်မအရှည် သစ်ကိုင်းတစ်ကိုင်း ထုတ်ကာ မြေကြီးထဲ စိုက်လိုက်သည်။ သစ်ကိုင်းသည် မြေကြီးထဲ အမြစ်ချပြီးနောက် အမြစ်များစွာ ဖြာထွက်လာတော့သည်။
မြေပြင်အထက်ရှိ သစ်ငုတ်တိုကလည်း ဆက်လက်ဆန့်ထွက်သွားပြီး အချိန်တိုအတွင်း ဧရာမသစ်ပင်ကြီးအဖြစ် ကြီးထွားသွားချေပြီ။
“ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ကိုင်းလား”
ချင်မူ အံ့အားသင့်သွားသည်။ သူက ဓားစက်လုံးကို သိမ်း၍ ပြုံးလိုက်သည်။ “မမကြီးယန်ချီလင်း၊ ငါ ကောင်းကင်နတ်ဧကရာဇ်နဲ့ တွေ့ချင်တယ်”
ယန်ချီလင်းမှာ တခဏ ဆွံ့အသွားသည်။ သူမက လက်မြှောက်လိုက်သည့်အခါ သစ်ပင်ကြီးသည် အမြစ်မှ ကျွက်ထွက်လာကာ သုံးလက်မအရှည် သစ်ကိုင်းလေးအဖြစ် ပြန်လည်ပြောင်းလဲသွား၏။
“ကောင်းကင်နတ်အရှင်မူ...”
ချင်မူက နဂါးဘုရင်ထျန်းကို ဆက်လက် မျှားခေါ်သွားရန် နဂါးချီလင်အား အချက်ပြလိုက်သည်။ သူက ယန်ချီလင်းဆီသို့ ပြန်လှည့်ကာ ပြုံးပြလိုက်သည်။ “မမကြီးယန်၊ အဲဒီဘွဲ့တွေ၊ ဘာတွေ သုံးနေစရာမလိုပါဘူး... ဂိုဏ်းသခင်ချင်လို့ပဲ ခေါ်ပါ.... ကောင်းကင်နတ်အရှင်မူဆိုတဲ့ ဘွဲ့က ဟာသသက်သက်ပဲလေ... ကောင်းကင်နတ်ဧကရာဇ်လည်း အလေးနက်ထားနေမှာ မဟုတ်သလို၊ ငါလည်း အလေးအနက် ထားမနေဘူး... မိတ်ဆွေဖြစ်ဖြစ်၊ ရန်သူဖြစ်ဖြစ် ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတိုင်း ငါ့ကို ဂိုဏ်းသခင်ချင်လို့ ခေါ်ကြတယ်”
ယန်ချီလင်းက တခဏ တွန့်ဆုတ်နေပြီးနောက် သူ့ကို အမှီလိုက်လာကာ ပြောသည်။ “ဂိုဏ်းသခင်ချင်၊ နင်က ကောင်းကင်နတ်ဧကရာဇ်ကို ရန်သူအဖြစ် မြင်ခဲ့ပြီး သူ့ရဲ့ တော်ဝင်အမိန့်ပြန်တမ်းကိုတောင် မိစ္ဆာဝက်တစ်ကောင်ဆီ ပေးခဲ့တယ်... နင်က သူ့ကို ပလိပ်ရောဂါလို ရှောင်နေခဲ့တာလေ ဘာလို့ အခုမှ သူနဲ့ တွေ့ချင်နေတာလဲ”
နဂါးချီလင်က နဂါးဘုရင်ထျန်း၏အရှေ့၌ ပြေးနေပြီး ခေါင်းပြတ်ကြီး၏ မျက်လုံးများသည် အစိမ်းရောင်တောက်နေ၏။ သွားရည်များကလည်း သူ့ပါးစပ်မှ ယိုစီးကျနေသည်။
ချင်မူ အလေးအနက်အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ “ငါက သူနဲ့ တွေ့ဖို့ တောင်းဆိုနေတာမဟုတ်ဘူး... ဒါက နှစ်ဦးနှစ်ဖက် တွေ့ဆုံမယ့် အစည်းအဝေးသဘောမျိုးပဲ... ကောင်းကင်နတ်ဧကရာဇ် သူ့ကိုယ်သူ မြင့်မြတ်လှပြီ ထင်နေသေးရင်တော့ တွေ့စရာမလိုဘူး”
ယန်ချီလင်း မျက်မှောင်အနည်းငယ် ကြုတ်သွား၏။
ချင်မူက ရယ်လိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်က ငါ့ကို ထိန်းချုပ်ပြီး ကြိုးကိုင်ချင်ခဲ့တာလေ... သူ လိုချင်တာကို ပေးလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ... အဲဒါကြောင့် သူ့ကို ပလိပ်ရောဂါလို ရှောင်နေခဲ့တာ... အရှင်မင်းကြီးသာ မဟာမိတ်တစ်ယောက် ဖြစ်လာနိုင်မယ်ဆိုရင် ငါတို့ တွေ့ပြီး စကားပြောနိုင်ပါတယ်”
ယန်ချီလင်းသည် သရော်တော်တော် ပြော၏။ “ဂိုဏ်းသခင်ချင်၊ နင့်ရဲ့ သိုင်းအဆင့်က ဘာမလို့လဲ... နင်က ဘာမလို့ ကောင်းကင်နတ်ဧကရာဇ်နဲ့ အပေးအယူ လုပ်ရဲတာလဲ... နင်မပြောနဲ့၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး ပေါင်းစည်းလိုက်ရင်တောင် အရှင်မင်းကြီးနဲ့ အပေးအယူလုပ်ဖို့ အရည်အချင်းမပြည့်မှီသေးဘူး”
ချင်မူ မဆိုစလောက် ပြုံးပြလိုက်သည်။ “ငါက ကောင်းကင်နတ်အရှင်မူ၊ ယိုတုသားတော်... ငါ့လက်ထဲမှာ ရှေးဟောင်းနတ်ဘုရားတွေကို အသက်သွင်းပေးနိုင်တဲ့ အစွမ်းရှိတယ်... ငါက ဘာလို့ သူနဲ့ အပေးအယူမလုပ်နိုင်ရမှာလဲ... ဒါ့အပြင် သူက သေနေတဲ့သူ၊ ငါက အသက်ရှင်နေတဲ့လူ... ငါသာ ဝင်မပါပေးရင် မြေအောက်ဘုံအရှင်သခင်က သူ့ကို သည်းခံမှာမဟုတ်ဘူး.... သူ့ကို သေချင်နေတဲ့သူက မြေအောက်ဘုံအရှင်သခင် ဖြစ်နေမှာ ငါ စိုးရိမ်မိတယ်... ငါ့ကို ကြားခံအဖြစ် သဘောမထားရင် မြေအောက်ဘုံအရှင်သခင်က သူ့ကို လွှတ်ပေးမှာမဟုတ်ဘူး... နင် မဆုံးဖြတ်တတ်ရင် အရှင်မင်းကြီးကို တိုက်ရိုက်မေးလိုက်ပါလား”
ယန်ချီလင်း ချီတုံချတုံ ဖြစ်သွားသည်။ သူမက အံတင်းတင်းကြိတ်၍ ပြန်ဖြေသည်။ “ငါ အရှင်မင်းကြီးဆီ သွားတင်ပြလိုက်မယ်...”
“မလိုဘူး”
ချင်မူ့အကြည့်သည် သူမခေါင်းအနောက်ရှိ ရောင်ခြည်တော်စက်ဝန်းအပေါ် ကျရောက်သွား၏။ “ဘာလို့ ပြန်သွားနေမှာလဲ.... ကောင်းကင်နတ်ဧကရာဇ်က သူ့ရဲ့ကောင်းချီးကနေ ဒီနေရာကို မျက်ခြေမပြတ် ကြည့်နေတာပဲ မဟုတ်လား... ဟုတ်တယ်မလား အရှင်မင်းကြီး”
ယန်ချီလင်း အံ့အားသင့်သွားပြီး သူမခေါင်းအနောက်ရှိ ရောင်ခြည်တော်စက်ဝန်းက ဖျတ်ခနဲ လက်သွားသည်။ မျက်နှာတစ်ခုက အလင်းရောင်ထဲ၌ ပေါ်လာကာ တည်ငြိမ်အေးဆေးစွာ ဆို၏။ “ကောင်းကင်နတ်အရှင်မူ၊ နောက်ဆုံးတော့ တွေ့ရပြီပေါ့”
ချင်မူက နဂါးချီလင်ကို နဂါးဘုရင်ထျန်း၏ ခေါင်းကြီးအား ဆက်လက်မျှားခေါ်ခိုင်းပြီး ပြန်ဖြေလိုက်သည်။ “အရှင်မင်းကြီး ကျွန်တော်နဲ့ စကားပြောချင်လား”
ရောင်ခြည်တော်စက်ဝန်းထဲရှိ မျက်နှာက တိတ်ဆိတ်သွားသည်။ “ကောင်းကင်ယင်ကမ္ဘာမှာ ပြောမယ်”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ခေါင်းညိတ်လိုက်သည်။ “နှစ်လနေရင် ကောင်းကင်ယင်ကမ္ဘာမှာ တွေ့ကြတာပေါ့”
ယန်ချီလင်း၏ ခေါင်းနောက်ရှိ မျက်နှာကား အခိုးအငွေ့သဖွယ် လွင့်ပျယ်ပျောက်ကွယ်သွားသည်။
ယန်ချီလင်းမှာ စိတ်သက်သာရာရသွားသော်လည်း မျက်လုံးများက သတိအနေအထားရှိနေသေး၏။
ချင်မူ နွေးထွေးစွာ ပြုံးပြလိုက်သည်။ “သိပ်ကြီးလည်း သတိထားမနေပါနဲ့... ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ဘဲ သေသွားမှာတော့ ဂရုစိုက်”
ယန်ချီလင်းက ဣန္ဒြေပြန်ဆည်၍ သူ့ကို စိတ်ရင်းဖြင့် အရိုအသေပေးသည်။ “သတိပေးလို့ ကျေးဇူးတင်ပါတယ်”
သူမက ခါးပြန်မတ်ကာ ပျံလွှားငှက်လေးအသွင်ဖြင့် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ချင်မူ အရှေ့သို့ ကြည့်လိုက်၏။ သူ့အရှေ့တွင် တိတ်ဆိတ်ခြောက်ကပ်နေသော ရှေးဟောင်းမြို့ပျက်တစ်ခု ပေါ်လာသည်။ လူသူအရိပ်အယောင်၊ နတ်ဘုရားတစ်ပိုင်းတို့၏ အရိပ်အယောင်ပင် မမြင်ရရာ ဤနေရာကို နတ်ဘုရားတစ်ပိုင်းများပင် ကြောက်လန့်ကြခြင်း ဖြစ်ဟန်တူသည်။
“ဒီနေရာက နဂါးဘုရင်ထျန်းကို ပိတ်လှောင်ထားနိုင်မယ် မျှော်လင့်ရတာပဲ”
ကောင်းကင်နတ်ဘုံ၏ အစောင့်ရှောက်အဆောင်ထဲတွင်
တာအိုဂိုဏ်း၏ တာအိုသခင်က ထိပ်ဆုံးအထပ်သို့ တက်၍ ကျောက်စိမ်းတိုင်မှ အတုံးတစ်တုံး လှီးထုတ်လိုက်သည်။ ကျောက်စိမ်းတုံးအတွင်း၌ သင်္ကေတအမှတ်အသားများဖြင့် တည်ဆောက်ထားသော ကောင်းကင်နတ်အရှင်ဟွေ့၏ အသွင်သဏ္ဍာန် ရှိနေ၏။
“ကောင်းကင်နတ်ဘုံက တလောကပဲ ကောင်းကင်နတ်အရှင်ယွီတွေ ဖန်တီးထားတာမဟုတ်လား”
ကောင်းကင်နတ်ဘုံ တာအိုသခင်မှာ ဇဝေဇဝါဖြင့် ခေါင်းယမ်းနေသည်။ သူက ကျောက်စိမ်းတုံးကို အစောင့်ရှောက်အဆောင်အောက်သို့ သယ်သွားရင်း ခပ်တိုးတိုး ရေရွတ်နေ၏။ “ဘာလို့ အခု နောက်တစ်ယောက် ထပ်ဖန်တီးချင်နေတာလဲ”
ကောင်းကင်နတ်အရှင်ဟွေ့က အောက်ထပ်၌ စောင့်နေသည်။ သူ့စကားကို ကြားလျှင် သူက မေးလေသည်။ “ကောင်းကင်နတ်အရှင်ယွီတွေ ဖန်တီးထားတယ်ဟုတ်လား... ဘယ်တုန်းကလဲ”
တာအိုသခင်က အလျင်အမြန် ရယ်လိုက်ရင်း ပြန်ဖြေ၏။ “ကောင်းကင်နတ်အရှင် အရင်တစ်ခေါက်လာတုန်းက ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းကောင်းကင်လက်နက်ဆီ ပို့ခိုင်းခဲ့တယ်မဟုတ်လား... အဲဒီကတည်းက ရှေးဟောင်းဖြစ်တည်မှုတွေ ဒီကို ရောက်လာပြီး ကစားချင်လို့ ကောင်းကင်နတ်အရှင်ယွီတွေ ဖန်တီးပေးဖို့ ပြောကြတော့တာပဲ”
ကောင်းကင်နတ်အရှင်ဟွေ့ အံ့အားသင့်သွားပြီး အေးစက်စက် ရယ်လိုက်သည်။ “အဲဒီလူအိုကြီးတွေအားလုံး အထူးအဆန်းတွေချည်းပဲ”
ကောင်းကင်နတ်ဘုံ တာအိုသခင်မှာ ဆက်မပြောရဲသဖြင့် ပြုံးလိုက်သည်။ “ဒီကျောက်စိမ်းတုံးကိုလည်း ဖန်ဆင်းကောင်းကင်လက်နက်ဆီ ပို့ပေးရမှာလား”
ကောင်းကင်နတ်အရှင်ဟွေ့က ခေါင်းညိတ်သည်။ “ဘယ်သူ မင်းဆီက လာတောင်းခဲ့တာလဲ”
တာအိုသခင်က ပျာပျာသလဲလဲ ပြန်ဖြေ၏။ “ကောင်းကင်နတ်အရှင်၊ ဒီအဘိုးကြီးကို အသက်ချမ်းသာပေးပါ”
ကောင်းကင်နတ်အရှင်ဟွေ့ မျက်မှောင်ကြုတ်သွားသော်လည်း ဆက်ဖိအားမပေးတော့ပေ။ “ဒါကို ဖန်ဆင်းပြီးရင် ငါ့နန်းတော်ဆီ ပို့လိုက်.... သူတို့ စုစုပေါင်း ဘယ်နှစ်ယောက် ဖန်ဆင်းပြီးပြီလဲ”
“ကိုးယောက်ပါ... အစောဆုံးတစ်ယောက်ကို ထည့်ပေါင်းရင်တော့ ဆယ်ယောက်”
တာအိုသခင်က ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ရဲ့ တစ်ယောက်ကိုပါ ထည့်ပေါင်းရင် ဆယ့်တစ်ယောက် ဖြစ်သွားလိမ့်မယ်”