နတ်ဘုရားများကို ထိန်းကျောင်းခြင်း
Vol. 65 Ch. 859
ချင်မူ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်မိနေတော့သည်။ ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်တွင် မပြိုကွဲသေးသော ဝိညာဉ်တစ်ခု ရှိနေပြီး ကောင်းကင်မဟာမိတ်အဖွဲ့၏ တည်ထောင်သူအကြီးအကဲတစ်ယောက်ပင် ဖြစ်နေသည်တဲ့လား။
ဆိုလိုသည်ကား ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နတ်ဘုံတွင် အလွန်မြင့်မားသော ရာထူးတစ်နေရာ ပိုင်ဆိုင်ထားသေးသည်လား။
ထိုသို့ဆိုလျှင် သူ့ဘေးတွင် သူ့ကို သတ်၍ သူ့ဝိညာဉ်ကို ဖျက်စီးခဲ့သော လူများ ဝိုင်းနေမည်မဟုတ်လော။ ဤလူများက ကောင်းကင်နတ်ဧကရာဇ်နေရာကို သိမ်းပိုက်ကာ သူ့ခန္ဓာကိုယ်ကိုလည်း ထိန်းချုပ်နေကြသူများ ဖြစ်သည်။
သူ့ရာထူး၊ သူ့မိန်းမ မည်သည့်အရာမှ သူ့အပိုင်မဟုတ်တော့ပေ။
သို့သော် သူကား ဤလူများဖြင့် ပေါင်းသင်းဆက်ဆံပြီး ညီအစ်ကိုဟု ခေါ်နေသေးသည်။ ရှေးဟောင်းနတ်ဘုရားများကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသော ဤလူများနှင့် အလုပ်ဆက်လုပ်နေသေးသလို၊ ဤလူများ စကြဝဠာတစ်ခုလုံး၏ အရှင်သခင်များဖြစ်လာအောင်လည်း ကူညီပေးနေသေး၏။
အမိကမ္ဘာမြေကို သတ်ဖြတ်ခဲ့သည့် ကောင်းကင်မဟာမိတ်အဖွဲ့ဝင်များထဲတွင် သူလည်း ပါလောက်သည်။ အမိကမ္ဘာမြေကို ဖယ်ရှား၍ အမိကမ္ဘာမြေအသစ်တစ်ယောက် ဖန်တီးခဲ့သည်မှာလည်း သူသာ ဖြစ်လိမ့်မည်။
ထိုအခါမှသာ ကောင်းကင်မဟာမိတ်အဖွဲ့ အမိကမ္ဘာမြေကို သတ်ဖြတ်ခဲ့ပြီးနောက် ကမ္ဘာဦးသစ်ပင်က မည်သို့ပြု၍ ကောင်းကင်နတ်ဧကရာဇ်၏ လက်ထဲ ရောက်သွားသလဲဆိုသည့် မေးခွန်းကိုလည်း ဖြေရှင်းနိုင်လိမ့်မည်။
ကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်မဟာမိတ်အဖွဲ့၌ တည်ရှိနေခဲ့၍ ကောင်းကင်မဟာမိတ်အဖွဲ့၏ အကျိုးအမြတ်များကို ထိန်းသိမ်းခြင်းကား သူ၏အကျိုးအမြတ်များကို ထိန်းသိမ်းခြင်းသာ ဖြစ်နေမည်။
သူက အသက်ပြန်ရှင်ပြီး သူ့ရာထူးနှင့် အာဏာကို ပြန်သိမ်းပိုက်ရန်လည်း ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲနေခဲ့လိမ့်မည်။ ထို့နောက် ကောင်းကင်မဟာမိတ်အဖွဲ့၏ အင်အားကို ငှားယူ၍ သူ့ကို ဖျက်စီးခဲ့သော ရန်သူများအား ရှင်းပစ်နေလိမ့်မည်။
ဤဖြစ်ရပ်သည် ချင်မူ ကြုံတွေ့ခဲ့ဖူးသမျှ အဖြစ်အပျက်တိုင်းထက် ထူးဆန်းနေ၏။ သူ့အတွက် မယုံနိုင်စရာ ဖြစ်နေလေသည်။
ချင်မူမှာ မချုပ်တည်းနိုင်တော့ဘဲ တဟားဟား ထရယ်မိတော့သည်။ သူ့ရယ်သံသည် ကျယ်သထက် ကျယ်လာပြီး ကောင်းကင်ယင်နန်းတော်ထဲ၌ ပဲ့တင်ထပ်နေ၏။
နောက်ဆုံးတော့ သူ့မှာ ရယ်လွန်းသဖြင့် သီးသွားပြီး ချောင်းတဟွတ်ဟွတ်ပင် ဆိုးနေရ၏။ “အသက်ကြီးပြီး အတွေ့အကြုံများတယ်ဆိုတာ ဒါကိုမှ ခေါ်တာ... အဟွတ်ဟွတ် ရွာလူကြီးပြောတဲ့ အသက်ကြီးပြီး အတွေ့အကြုံများတယ်ဆိုတာ ဒါပဲကိုး... ရန်ငြိုး၊ ကလဲ့စား၊ ဂုဏ်သိက္ခာအားလုံး ဗျူဟာတွေ၊ ပရိယာယ်တွေချည်းပဲ... ကမ္ဘာကြီးက ခင်ဗျားတို့ရဲ့ ကစားစရာလေးပေါ့လေ.... ဒီကမ္ဘာပေါ်က တရားမျှတမှုတိုင်းက ခင်ဗျားတို့ နင်းခြေပစ်နိုင်တဲ့ ကစားစရာလေးထက် မပိုဘူးပေါ့လေ”
သူ့အပြုံးက ပျောက်ကွယ်သွားသည်။ “အခု ကောင်းကင်နတ်ဘုံက အတော့်ကို အောက်တန်းကျတဲ့နေရာမှန်း ကျွန်တော် သိလိုက်ပါပြီ... သေရေးရှင်ရေးအတွက် တစ်နေ့တစ်နေ့ ရုန်းကန်နေရတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ဒီနေရာလေးကမှ စစ်မှန်တဲ့ နွေးထွေးမှု၊ အေးစက်မှုတွေ ခံစားနိုင်တဲ့ တကယ့်လူ့ကမ္ဘာစစ်စစ်ပဲ... ခင်ဗျားတို့ ကောင်းကင်နတ်ဘုံကတော့ အညစ်အကြေးတွေ၊ အကျင့်ပျက်ခြစားမှုတွေကို ဖုံးဖိရင်း ဟန်လုပ်နေတဲ့ နေရာထက် မပိုဘူး”
တာအိုရသေ့အိုကြီးသည် တရားထိုင်နေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏။
ကောင်းကင်ယင်နတ်ဘုရားမ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အနက်ရောင်ဝိညာဉ်မှုန်ထဲရှိ ကောင်းကင်နတ်ဧကရာဇ်၏ အရိပ်အား အရိပ်အခြည်ကြည့်နေသည်။
အနက်ရောင်ဝိညာဉ်မှုန်ထဲရှိ အရိပ်က မတုန်လှုပ်သွားဘဲ ပြော၏။ “ဒါဖြင့် ကောင်းကင်နတ်အရှင်မူက ငါနဲ့ ဘာလို့ တွေ့ချင်နေသေးတာလဲ”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အချိန်မရှိလို့၊ တိုးတက်နိုင်မယ့် အခွင့်အရေး လိုအပ်နေလို့ပဲ”
ချင်မူက ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အချိန်လိုတယ်... ခိုင်ဧကရာဇ်ခေတ်က နှစ်နှစ်သောင်း တည်တံ့ခဲ့ပေမယ့် ကမ္ဘာလောကကြီးကို မပြောင်းလဲနိုင်ခဲ့ဘူး.. အဲဒါ အချိန်တိုလွန်းလို့ပဲ... အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာ သက်တမ်းက နှစ်ရာဂဏန်းလောက်ပဲ ရှိသေးတယ်၊ ဖျက်စီးခံရတော့မယ့်ဆဲဆဲ ဖြစ်နေပြီ... ဖိအားကို မျှခံပေးဖို့ အရှင်မင်းကြီးလို အကူအညီလိုတယ်... အရှင်မင်းကြီးအနေနဲ့လည်း ဝိညာဉ်ပြန်တည်ဆောက်ပေးဖို့ ကျွန်တော့်ကို လိုအပ်နေတယ်”
အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်က အပြုံးတစ်ခုဖြင့် ပြောသည်။ “မောင်မင်းနဲ့ ငါက တစ်ယောက်ကိုတစ်ယောက် အသုံးချနေတာပဲ... ငါက ကောင်းကင်နတ်ဘုံမှာ ရာထူးကြီးကြီး ရထားတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အချိန်ဆွဲပေးနိုင်တယ်... အမိကမ္ဘာမြေအဟောင်းနဲ့ အသစ်ကို ရန်တိုက်ပေးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှင်သန်နိုင်အောင် အခွင့်အရေး ပေးနိုင်တယ်... ဒါပေမဲ့ ငါ နန်းပြန်တက်တဲ့အချိန် ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း အင်အားကြီးမားလာရင် ငါ့အတွက် အန္တရာယ်ဖြစ်လာလိမ့်မယ်”
ချင်မူ အလေးအနက် မေးလိုက်၏။ “အရှင်မင်းကြီးမှာ တခြားရွေးချယ်စရာ ရှိလား”
အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်က ပြုံးလျက် ဖြေသည်။ “မရှိဘူး”
“ရှိတယ်လည်း မထင်ပါဘူး”
ချင်မူက မှင်သေသေ ပြောသည်။ “အရှင်မင်းကြီး၊ ဝိညာဉ်ပြန်တည်ဆောက်ဖို့ လိုအပ်ချက်တစ်ခု ရှိသေးတယ်... အဲဒါက မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းရဲ့ စွမ်းအားကို ငှားယူဖို့ လိုတာပဲ”
အနက်ရောင်သဲမှုန်များ တုန်ခါသွားပြီး သဲထဲရှိ လူသည် တိတ်ဆိတ်သွား၏။
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကောင်းကင်နယ်စားဘက်တော့ ဘယ်လိုလာမလဲ မသိဘူး... ဒါပေမဲ့ မြေအောက်ဘုံအရှင်သခင်ဘက်မှာတော့ ပြဿနာရှိလိမ့်မယ်... ကျွန်တော် အရှင်မင်းကြီးကို အသက်သွင်းဖို့ မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအား ငှားယူရင် မြေအောက်ဘုံအရှင်သခင်က ကျွန်တော့်ကို သေချာပေါက် လာသတ်လိမ့်မယ်”
အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်က တိတ်ဆိတ်လျက်သာ ရှိသည်။
ကောင်းကင်ယင်နတ်ဘုရားမမှာ ကြားထဲ ရောက်နေ၍ ဝင်ပြောသင့်သလား မသိပေ။
ထိုစဉ်တုန်းက မြေအောက်ဘုံအရှင်သခင်ကို ထိန်းချုပ်ရန်အလို့ငှာ ကောင်းကင်နတ်ဧကရာဇ်သည် မြေအောက်ဘုံအရှင်သခင် လူဝင်စားသည့်အချိန်ကို အခွင့်ကောင်းယူ၍ သူ့သားတော်အား နတ်ဘုရားတစ်ပိုင်းများကို ဦးဆောင်စေရင်း လူဝင်စားမြေအောက်ဘုံအရှင်သခင်ကို တိုက်ခိုက်ခိုင်းခဲ့၏။
လူဝင်စားမြေအောက်ဘုံအရှင်သခင်မှာ ကလေးသုံးယောက်၏ ဖခင်၊ အားချို ဖြစ်သည်။ သူ၏အကြီးဆုံးသားနှင့် အကြီးဆုံးသမီးမှာ တောင်ပေါ်မှ ရက်ရက်စက်စက် ပစ်ချခံခဲ့ရပြီး သမီးငယ်လေးသာ အသက်ရှင်ခဲ့သည်။ အားချို ကောင်းကင်နတ်ဘုံသို့ တက်ရောက်တိုက်ခိုက်သည့်အခါ သူ၏သမီးငယ်လေးမှာ ကောင်းကင်နတ်ဧကရာဇ်၏ လက်ထဲ ရောက်သွားပြီး သူ့ကို ထိန်းချုပ်နိုင်မည့် အားနည်းချက် ဖြစ်လာခဲ့သည်။
ဘုရင်နှင့် အမှုထမ်းဖြစ်ပါသော်လည်း အမုန်းတရားက နှလုံးအိမ်တွင် အမြစ်တွယ်ခဲ့လေသည်။
ပေတီးပေစုတ်တာအိုရသေ့ကြီးက မျက်လုံးဖြည်းဖြည်းချင်း ဖွင့်ကာ ပြောသည်။ “မြေအောက်ဘုံအရှင်သခင်ရဲ့ သမီးက ကောင်းကင်နတ်ဘုံမှာ အသက်ရှင်နေပါသေးတယ်... သူ့ရာထူးကလည်း အင်မတန် မြင့်မားနေပြီဆိုတော့ မြေအောက်ဘုံအရှင်သခင်အနေနဲ့ အပေးအယူ လုပ်နိုင်လောက်မှာပါ”
အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်က ပြော၏။ “ကောင်းကင်နယ်စားမင်းလည်း ရှိသေးတယ်... သူလည်း ငါ့အတွက် စွမ်းအား ငှားပေးမှာမဟုတ်ဘူး”
ချင်မူ ရင်ထဲတွင် ထိတ်သွားသည်။ ကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နယ်စားမင်းအပေါ်လည်း ထိုသို့ လုပ်ခဲ့သည်လား။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင် ဤရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်အကြောင်း စကားပင် လုပ်မပြောချင်ခဲ့ခြင်းမှာလည်း အံ့ဩစရာမရှိပေ။ ကောင်းကင်နယ်စားမင်းဆိုလျှင် သူ့သမိုင်းကို ပြန်ပြောပြရန် ခါးခါးသီးသီး ဖြစ်ခဲ့သည်။
“ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်လာတာပဲ”
ချင်မူက ပြောသည်။ “အရှင်မင်းကြီး၊ အရှင်မင်းကြီးက ကမ္ဘာပေါ်မှာရှိတဲ့ အင်အားအားလုံးကို ထိန်းချုပ်ထားတဲ့ပုံပေါ်ပေမယ့် တကယ့်တကယ် အရှင်မင်းကြီးတစ်ယောက်တည်း ဒုက္ခရောက်နေတဲ့အချိန် ဘယ်သူ့မှ လာကယ်ကြမှာမဟုတ်ဘူး”
အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်က နှာခေါင်းရှုံ့လိုက်သော်လည်း ပြန်မပြောပေ။
ချင်မူက ပြောသည်။ “ဒါဖြင့် တာအိုရသေ့ကြီးက မြေအောက်ဘုံအရှင်သခင်ရဲ့ သမီးကို စည်းရုံးပြီး မြေအောက်ဘုံအရှင်သခင်ကို နားချခိုင်းလို့ ရမလား... ကောင်းကင်နယ်စားမင်းအတွက်တော့ ကျွန်တော် စဉ်းစားလိုက်ဦးမယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ်က ဖိအားအတွက် အမိကမ္ဘာမြေအသစ်ကို အရှင်မင်းကြီး ကိုင်တွယ်ခိုင်းမှာမဟုတ်လား”
အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်သည် သက်ပြင်းချပြီး ဘဝင်မကျပုံရသည်။
ချင်မူ့မျက်လုံးများ လင်းလက်သွားသည်။ “နောက်တစ်ခု ရှိသေးတယ်... ကောင်းကင်နတ်အရှင်ယွီကိစ္စ... ကောင်းကင်နတ်အရှင်ယွီရဲ့ နောက်ဆုံးဝိညာဉ်အမျှင်ကို လိုချင်တယ်”
“မဖြစ်နိုင်ဘူး” အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်က ခါးခါးသီးသီး ခေါင်းယမ်းသည်။
တာအိုရသေ့အိုကြီးလည်း ခေါင်းယမ်းသည်။ “မဖြစ်နိုင်ဘူး... ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်က နံ့သာခန်းမမှာ သိမ်းခံထားရတယ်... ဘယ်သူမှ ထုတ်လို့မရဘူး.. ဒီကိစ္စက...”
သူက အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်ကို ကြည့်ကာ ဆိတ်ဆိတ်နေသည်။
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်ကိစ္စမှာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နှင့် ဆိုင်၏။ ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတုန်းက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်ကို ရှာဖွေခိုင်းခဲ့သော်လည်း မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင်ပင် ရှာမတွေ့ခဲ့ပေ။
ချင်မူက ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ် ပြိုကွဲသွားခဲ့ခြင်းဖြစ်မည်ဟု ထင်ခဲ့သော်လည်း မှတ်ဉာဏ်ပါရှိနေသော ထိုဝိညာဉ်ကို ကောင်းကင်နတ်ဧကရာဇ်က သိမ်းထားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် မြေအောက်ဘုံအရှင်သခင် ရှာမတွေ့ခဲ့ခြင်းပင်။
ယခုတွင် ကောင်းကင်နတ်ဘုံ၏ ပိုင်ရှင် ပြောင်းသွားပြီဖြစ်ရာ နံ့သာခန်းမတွင် သိမ်းဆည်းထားသော ကောင်းကင်နတ်အရှင်ယွီ၏ တစ်ပိုင်းတစဝိညာဉ်သည် အင်အားစုအသီးသီးဖြင့် ပတ်သက်သွား၏။ ယင်းက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နှင့် တာအိုဘိုးဘေးကြီး ဆုံးဖြတ်ချက်ချနိုင်သော အရာမဟုတ်ပေ။
ချင်မူ အံတင်းတင်းကြိတ်လိုက်မိသည်။ ကောင်းကင်နတ်အရှင်ယွီမှာ ဤအတိုင်းသာ အမြဲတမ်း တုံးအနေမည်လော။
“ဒါဖြင့် ကောင်းကင်နတ်ဘုံက ဆင်းလာတဲ့ ကောင်းကင်နတ်အရှင်ယွီကို ဘယ်သူ ဖန်တီးခဲ့တာလဲ” သူက ကောက်ကာငင်ကာ မေးလိုက်သည်။
အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်က ပြောလေသည်။ “ဘယ်ကောင်းကင်နတ်အရှင်ယွီလဲ”
ချင်မူ မှင်သက်သွား၏။
အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်က ပြုံး၍ ပြောသည်။ “ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်ယွီ တော်တော်များများ ဖန်တီးခဲ့ပြီးပြီ... အဲဒီကောင်းကင်နတ်အရှင်ယွီအားလုံး အောက်ဘုံဆီ ဆင်းလာပြီးပြီဖြစ်မယ်... သူတို့က သူတို့တီထွင်ထားတဲ့ ကောင်းကင်နတ်အရှင်ယွီ ပြည့်စုံလား၊ မပြည့်စုံလား ကြည့်ဖို့ စမ်းသပ်နေကြတာလေ.. မင်း ဆုံခဲ့တဲ့ ကောင်းကင်နတ်အရှင်ယွီက ဘယ်တစ်ယောက်လည်း ငါ မသိဘူး... ဒါ့အပြင် ငါလည်း တစ်ယောက် ဖန်တီးခဲ့သေးတယ်”
ချင်မူ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူက ကောင်းကင်နတ်အရှင်ယွီကို လှည့်ကြည့်ရင်း ရင်ထဲတွင် စိတ်မကောင်းဖြစ်လာသလို၊ လူသတ်ချင်စိတ်လည်း ဖြစ်ပေါ်လာ၏။
“နောက်တစ်ခု ထပ်မေးပါရစေ”
ချင်မူ ဣန္ဒြေဆည်ကာ ဖြစ်ညစ်ပြုံးလိုက်သည်။ “ခိုင်ဧကရာဇ်က ကောင်းကင်နတ်ဘုံမှာလား... ကောင်းကင်နတ်ဘုံထဲက အာဏာရှင်တစ်ယောက် ဖြစ်လာလား... သူကလည်း ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူအကြီးအကဲတစ်ယောက်ဆိုတော့”
အနက်ရောင်ဝိညာဉ်အမှုန်ထဲရှိ လူရိပ်က ခေါင်းယမ်း၏။ “သူက မပူးပေါင်းချင်ဘူးလေ... သေလည်း မသေချင်တော့ ရွှင်ပျော်ပျော်ကျေးရွာမှာပဲ ပုန်းနေမှာပေါ့... ကောင်းကင်နတ်ဘုံက ရွှင်ပျော်ပျော်ကျေးရွာရဲ့ တည်နေရာကို လိုက်ရှာနေပေမယ့် အခုထိတောင် ရှာမတွေ့သေးဘူး”
ချင်မူ အတွေးထဲ နစ်မျောသွားပြီး ရင်ထဲ၌ ဖိစီးနေသော ကျောက်တုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။ သူ့မျက်ဝန်းများ အနည်းငယ် စိုလာ၏။
“အဲဒါကမှ ခိုင်ဧကရာဇ်ပါပဲ....” သူက ဟက်ခနဲ ရယ်လိုက်ရင်း ဝဲတက်နေသော မျက်ရည်များ ပြန်ခြောက်သွားစေသည်။
ခိုင်ဧကရာဇ်က ပြင်ပကောင်းကင်နတ်ဘုံအကြောင်း နားလည်လေလေ၊ စိတ်ပျက်လာလေလေ ဖြစ်မည်ဟု တစ်ခါပြောခဲ့ဖူးသည်။ ယခုမှ ထိုသို့ပြောခဲ့စဉ်က ခိုင်ဧကရာဇ်၏ရင်ထဲ၌ ဖြစ်နေမည့် ခံစားချက်များကို သူ နားလည်နိုင်ချေပြီ။ သူကား အမြင့်၌ ရပ်တည်နိုင်သော အာဏာရှင်တစ်ယောက် ဖြစ်လာရန် မရွေးချယ်ခဲ့ပေ။
ခိုင်ဧကရာဇ်သည် ချင်မူ့အတွက် စံပြပုဂ္ဂိုလ်ဖြစ်သည်။ ချင်မူ့ကို ရှေ့ဆက်သွားနိုင်စေသော တွန်းအားလည်း ဖြစ်သည်။ သူတို့ကြားတွင် နားလည်မှုလွဲနေသည်များ ရှိသော်လည်း ခိုင်ဧကရာဇ်အပေါ် ချင်မူ၏လေးစားမှုမှာ တစ်ခါမှ လျော့နည်းမသွားခဲ့ပေ။
ခိုင်ဧကရာဇ်လည်း ကောင်းကင်နတ်ဘုံ၌ ရှိနေခဲ့လျှင် ထိုရိုက်ချက်က သူ့ကို ပြိုလဲသွားစေလောက်၏။
ချင်မူ စိတ်ပြန်ပျော်လာပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒါဆို ဒီမှာ ရပ်ကြတာပေါ့... ကောင်းကင်နယ်စားမင်းအတွက် ကျွန်တော် နည်းလမ်းစဉ်းစားလိုက်ဦးမယ်.. မြေအောက်ဘုံအရှင်သခင်အတွက်တော့ ခင်ဗျားတို့ပဲ ဖြေရှင်းကြပါ... အရှင်မင်းကြီး၊ ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးလို့ ပြန်လိုက်ပါဦးမယ်... ညီလေးယွီ၊ သွားကြစို့”
သူက ကောင်းကင်နတ်အရှင်ယွီကို ခေါ်၍ ပြန်မည်ပြုစဉ် အနက်ရောင်ဝိညာဉ်မှုန်ထဲရှိ လူရိပ်က လှမ်းတားသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါ့ကို မေးခွန်းတွေ အများကြီး မေးသွားတယ်.... ငါ့မှာလည်း ငါ နားမလည်နိုင်တဲ့ မေးခွန်းတစ်ခု ရှိတယ်”
ချင်မူ ခြေလှမ်းများကို ရပ်လိုက်သည်။
အနက်ရောင်ဝိညာဉ်မှုန်ထဲရှိ လူရိပ်က မေးလေသည်။ “မင်း ဘယ်,နောက် လိုက်နေမှန်း ငါ မသိဘူး.. မင်းက ပါရမီထက်သန်တယ်၊ အစွမ်းအစတွေ ရှိတယ်၊ သိချင်စိတ် ပြင်းပြတယ်၊ ကြိုးလည်း ကြိုးစားတယ်၊ ပရိယာလည်း ကြွယ်တယ်... ကောင်းကင်နတ်အရှင်မူဆိုတဲ့ ဘွဲ့တောင် ရှိသေးတယ်... မင်း ရာထူးအဆင့်အတန်းက မြင့်မားလွန်းလို့ လူသားမျိုးနွယ်အတွက် ဘာမှလုပ်ပေးစရာတောင် မလိုဘူး... ကောင်းကင်နတ်ဘုံဆီ တက်လာတာနဲ့ အားလုံး မင်းကို မြှောက်စားကြမှာပဲ... မင်း စိတ်ရှိသရွေ့ ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်မူ လာလုပ်လို့ ရတယ်... ဒါပေမဲ့ မင်းက ဒီလူ့ပြည်မှာ ဟိုပြေးလိုက်၊ သည်ပြေးလိုက် သွားလာနေပြီး ခိုင်ဧကရာဇ်တောင် မ,နိုင်ခဲ့တဲ့ ကောင်းကင်နတ်ဘုံကို ဆန့်ကျင်နေတယ်”
သူက ရင်ထဲတွင် မရှင်းမလင်းဖြစ်နေသည်ကို ထုတ်မေးနေ၏။ “ဒါကြောင့် မင်း ဘယ်,နောက် လိုက်နေတာလဲ.. မင်း ဘာကို လိုချင်တာလဲ”
ချင်မူက သူ့ဘက် လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင် ရိုးသားဖြူစင်သော အပြုံးတစ်ခု ဖြစ်ထွန်းနေသည်။
“အရှင်မင်းကြီး၊ အရှင်မင်းကြီးက မွေးဖွားလာကတည်းက ဒီစကြဝဠာရဲ့ အရှင်သခင်၊ ဒီစကြဝဠာရဲ့ ခေါင်းဆောင်း ဖြစ်ခဲ့တယ်.... အရှင်မင်းကြီးက လူသားမဟုတ်တဲ့အတွက် လူ့ပြည်မှာ တစ်ခါမှ မနေခဲ့ဖူးဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာလည်း မနေဖူးဘူး”
သူက ပြုံးလျက် ဆက်ပြောနေသည်။ “ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက လူ့ပြည်မှာ နေခဲ့ရတယ်.... ဒီနေရာမှာ ကျွန်တော့်ကို ချစ်တဲ့သူတွေ၊ ကျွန်တော်ချစ်တဲ့သူတွေ အများကြီးပဲ... သူတို့အားလုံးမှာ အမှားတွေ၊ ချို့ယွင်းချက်လေးတွေ ရှိကြပေမယ့် အားလုံးက လူသားဆန်ကြတယ်၊ ချစ်ဖို့ ကောင်းကြတယ်... သူတို့တွေဟာ နတ်ဘုရားတွေမဟုတ်ဘူး၊ မောက်မာခြင်းမရှိကြဘူး”
“ကျွန်တော် သိတာပေါ့... ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတွေက အဲဒီချစ်စရာကောင်းတဲ့ လူသားတွေကို ကြောက်လို့ ကောင်းကင်တံတားတွေ ချိုးခဲ့ကြတာလေ... သူတို့ရဲ့ အနာဂတ်ကို အဲဒီလို ရိုက်ချိုးလိုက်ကတည်းက ကျွန်တော် သိလိုက်တယ်... လူသားတွေက နတ်ဘုရားတွေကို ကြောက်တာမဟုတ်ဘူး... နတ်ဘုရားတွေကမှ လူသားတွေကို ကြောက်နေတာ”
အနက်ရောင်ဝိညာဉ်မှုန်ထဲရှိ လူရိပ် အနည်းငယ် အံ့အားသင့်သွားသည်။
မျက်လုံးပိတ်လျက် တရားထိုင်နေသော တာအိုရသေ့ကြီးလည်း မျက်လုံးပြန်ဖွင့်လိုက်၏။
“ကျွန်တော် ရွာမှာ ဘိုးဘိုးမျက်ကန်းနဲ့အတူ နတ်ဘုရားရုပ်တုပေါ် သေးပန်းခဲ့ကတည်းက ခင်ဗျားတို့နတ်ဘုရားတွေအပေါ် လေးစားရိုသေမှု မရှိတော့ဘူး... မာန်ဟုန်မြစ်ဘေးမှာ ကျွန်တော် နွားကျောင်းခဲ့ရတုန်းက ကျွန်တော်ဟာ ကမ္ဘာလောကကြီးကို တုန်လှုပ်စေမယ့် ရည်မှန်းချက်တွေ မရှိတဲ့ နွားကျောင်းသားလေးသက်သက်ပဲ... စကြဝဠာကြီးကို ကိုင်လှုပ်ဖို့လည်း ကျွန်တော် မတွေးခဲ့ဘူး... အခု ကျွန်တော် ဘာလုပ်ချင်လဲ သိလား... အဲဒီနတ်ဘုရားတွေ သူတို့ကိုယ်သူတို့ မြင့်မားလှပါပြီ မထင်တော့အောင် ထိန်းကျောင်းပေးချင်တယ်”
ချင်မူက ကောင်းကင်ယင်နန်းတော်အပြင်သို့ ထွက်သွား၍ သူ့အသံက အပြင်မှ ပျံ့လွင့်လာသည်။ “နွားကျောင်းသားက နွားတွေ လျှောက်မပြေးအောင် နွားတွေကို စည်းကမ်းတစ်ခု ရိုက်သွင်းပေးရတယ်... နတ်ဘုရားတွေကို ထိန်းကျောင်းဖို့အတွက်လည်း နတ်ဘုရားတွေအတွက် စည်းကမ်းတစ်ခု ချပေးရမယ်... သူတို့ မကောင်းတာလုပ်ရင် အပြစ်ပေးမယ့် စည်းကမ်းချက်တွေ ရှိလာမယ်... နတ်ဘုရားအသစ်တွေနဲ့ အစားထိုးမယ်... အဲဒီနတ်ဘုရားအသစ်တွေက လူသားတွေကနေ ထွန်းတောက်လာတဲ့ နတ်ဘုရားတွေ ဖြစ်လာလိမ့်မယ်... နတ်ဘုရားအချင်းချင်း အာဏာချင်း၊ အင်အားချင်း ပြိုင်ဆိုင်တာမျိုး မရှိစေရဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုက အဲဒီအတိုင်းပဲ”
အနက်ရောင်ဝိညာဉ်မှုန်ထဲရှိ လူရိပ်မှာ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချသည်။ “ကျားဆီကမှ ကျားသားရေ သွားတောင်းမိတာ ငါ့အတွက် အန္တရာယ်ပဲ”
ခန်းမအပြင်တွင် ချင်မူက လှည့်လာပြီး တောက်ပစွာ ပြုံးပြသည်။ “ဟုတ်တယ်.. ဒါပေမဲ့ အဲဒီတွေက နောင်မှပါ... လောလောဆယ်တော့ ကျွန်တော်တို့ ပူးပေါင်းဖို့ လိုသေးတယ်”
အနက်ရောင်ဝိညာဉ်မှုန်များ လွင့်ပျယ်ပျောက်ကွယ်သွား၏။
ပေတီးပေစုတ် တာအိုရသေ့ကြီးက ခန်းမအပြင် ထွက်လာပြီး ချင်မူ့ဘေးမှ ဖြတ်လျှောက်သွားကာ ပြောသည်။ “မင်း မအောင်မြင်ရင် သေရလိမ့်မယ်... မင်းလို အိပ်မက်တွေ ရှိတဲ့ လူတွေ တစ်ပုံကြီးပဲ.... တောင်ပိုင်းချုံဧကရာဇ်ရဲ့ ကောင်းကင်နတ်ဧကရာဇ်အားလုံး ၊ ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်လင်... တစ်ယောက်မှ မအောင်မြင်ခဲ့ဘူး”
ချင်မူက သူထွက်သွားသည်ကို ကြည့်၍ တဟားဟား အော်ရယ်လိုက်သည်။ “တစ်ယောက်ယောက်ကတော့ လုပ်ပေးရဦးမှာပေါ့ဗျာ.. လုပ်ကို လုပ်ရမယ့်အရာတွေနဲ့ လုပ်ကို မလုပ်ရမယ့်အရာတွေဆိုတာ ရှိတာပဲလေ”
တာအိုရသေ့အိုကြီးသည် ခြေလှမ်းများကို ရပ်ကာ ပျောက်ကွယ်သွား၏။
“တစ်ယောက်ယောက်ကတော့ လုပ်ပေးရဦးမှာပဲ”
ချင်မူက သူ့ဘေးရှိ ကောင်းကင်နတ်အရှင်ယွီဆီသို့ ပြောလိုက်၏။ “ဟုတ်တယ်မလား”
ကောင်းကင်နတ်အရှင်ယွီမှာ အူကြောင်ကြောင် ဖြစ်နေသည်။
ချင်မူ အားတင်းပြုံးကာ ထပ်မေးပြန်သည်။ “ဟုတ်တယ်မလား”
ကောင်းကင်နတ်အရှင်ယွီမှာ ပြန်မဖြေနိုင်သေးပေ။
ချင်မူမှာ စိတ်ပျက်သွားပုံရပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပြန်သည်။ “ဟုတ်တယ်မလား”
နန်းတော်အရှေ့၌ လဲအိပ်နေသော နဂါးချီလင်က ကုန်းရုန်းထကာ ခန္ဓာကိုယ်ကြီးကို လှုပ်ယမ်းလျက် သူ့ဆီ လျှောက်လာသည်။ “ဟုတ်တာပေါ့”
ချင်မူက ပြုံးလိုက်ပြီး ပျော်သွား၏။
ယန်အာက နဂါးချီလင်ကို ကြည့်၍ ခပ်တိုးတိုး မေးသည်။ “ဘာလို့ ဟုတ်တယ်ပြောလိုက်တာလဲ”
“လူငယ်ဂိုဏ်းချုပ် ရှိတုန်းက ဧကရာဇ်အတိုင်ပင်ခံက သူ့ကို ခဏခဏ လာရှာတယ်”
နဂါးချီလင်က ခပ်တိုးတိုး ပြန်ရှင်းပြနေသည်။ “ဧကရာဇ်အတိုင်ပင်ခံမှာလည်း ကူကယ်ရာမဲ့ပြီး လမ်းပျောက်နေတဲ့ အချိန်မျိုး ရှိတယ်... အဲဒီအချိန်မျိုးဆိုရင် သူက ဂိုဏ်းချုပ်ကို ကျုပ်တို့ လုပ်တာ ဟုတ်တယ်မလားလို့ မေးတတ်တယ်... ဂိုဏ်းချုပ် မဖြေရင် ဧကရာဇ်အတိုင်ပင်ခံက ရင်ထဲ ဗလာကျင်းသွားသလို ဖြစ်သွားရော.. ဂိုဏ်းချုပ် ဟုတ်တယ်ပြောလိုက်ရင် ဧကရာဇ်အတိုင်ပင်ခံ ပြုံးပျော်သွားရော... ဂိုဏ်းသခင်က သူ့ကို အားပေးမယ့် တာအိုမိတ်ဆွေတစ်ယောက် လိုနေပေမယ့် မရှိတာ သနားစရာကောင်းတယ်... ကျွန်တော် သူ့ကို စိတ်မကောင်းမဖြစ်စေချင်လို့ပါ”