← Chapters

တည်ထောင်သူအကြီးအကဲများ

Vol. 65 Ch. 858

တည်ထောင်သူအကြီးအကဲများ

Vol. 65 Ch. 858

ချင်မူက နဂါးဘုရင်ထျန်း၏ ခေါင်းပြတ်ကြီးကို မြို့ပျက်ဆီသို့ မျှားခေါ်နေသည်။ မြို့ပျက်ထဲ၌ အရိုးစုများ ပြန့်ကြဲနေပြီး သွေးများသည် တောင်စောင်းနံရံများတစ်လျှောက် စီးကျလျက် မြေပြင်တွင် အိုင်ထွန်းနေကြ၏။ တစ်နေရာလုံး ညှီဟောက်ဟောက် အငွေ့အသက်တို့ ပြည့်နှက်နေသည်။

အတွင်းထဲသို့ ရောက်လာသည့်အခါ အဖြူရောင်အရိပ်များ ပတ်ဝန်းကျင်တွင် ပေါ်လာသည်။

စစချင်းတွင် အဖြူရောင်အရိပ်တစ်ခု၊ နှစ်ခုသာ ပေါ်လာခဲ့သော်လည်း တစတစ ပိုများလာသည်။ တချို့က တောင်ထိပ်များအပေါ်၌ ဖျတ်ခနဲ ပေါ်လာတတ်ပြီး တချို့က မြေပြင်ထက်တွင် ရှိနေတတ်သည်။ သူတို့သည် ချင်မူတို့ ဖြတ်သွားနေသည်ကို ငေးကြည့်နေကြသော်လည်း အန္တရာယ်မပေးကြပေ။

ချင်မူ သူတို့ကို ကြည့်လိုက်သည့်အခါ သူတို့၏မျက်နှာများအား မမြင်ရချေ။

“သခင်လေး၊ အဖြူရောင်ဝတ်ရုံနဲ့ အရိပ်တစ်ခု သခင်လေး ဂုတ်ပေါ် တက်ခွထားတယ်” ယန်အာက ခပ်တိုးတိုး ကပ်ပြောသည်။

ချင်မူ အလျင်အမြန် ခေါင်းလှည့်လိုက်သော်လည်း မည်သည်ကိုမျှ မမြင်ရပေ။ သူ့မှာ ကြက်သီးမွေးညင်း တဖြန်းဖြန်း ထလျက် ဆံပင်မွှေးများလည်း ‌ထောင်လာတော့သည်။

မှန်တစ်ချပ် ထုတ်၍ မှန်ထဲသို့ ကြည့်လိုက်သည့်အခါမှ သူ့လည်ဂုတ်ပေါ် တက်ခွထားသည့် အဖြူရောင်အရိပ်တစ်ခု မြင်လိုက်ရသည်။ ၎င်းက သူ၏နောက်စေ့ဆီသို့ မျက်နှာမူလျက် အသက်ရှူနေဟန်ရှိသည်။

ချင်မူ နဂါးဘုရင်ထျန်း၏ ခေါင်းပြတ်ကြီးဆီ လှမ်းကြည့်လိုက်ပြီး ၎င်းအပေါ်တွင် အဖြူရောင်အရိပ်များ အုံနေကြောင်း မြင်လိုက်ရ၏။

“ဒီနေရာမှာ ကြာကြာမနေသင့်ဘူး”

ချင်မူက ကောင်းကင်အလိုတော်မုခ်ဝကို ဖွင့်လှစ်လိုက်သည်။ နဂါးချီလင်က သူတို့ကို သယ်၍ မုခ်ဝထဲ ခုန်ဝင်ကာ ယိုတုထဲသို့ သွားလိုက်သည်။ သူတို့ ယိုတုထဲ ဝင်လိုက်သည်နှင့် အနောက်မှ ခပ်စူးစူးအော်ဟစ်သံများ ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ သူ ကပျာကယာ နောက်လှည့်ကြည့်လိုက်ရာတွင် အဖြူရောင်အရိပ်များက ကောင်းကင်အလိုတော်မုခ်ဝ၏ အပြင်၌နေ၍ ယိုတုထဲသို့ လက်လှမ်းနေကြောင်း တွေ့လိုက်ရ၏။

ချင်မူ ကောင်းကင်အလိုတော်မုခ်ဝကို ပိတ်လိုက်သည့်အခါ ကောင်းကင်အလိုတော်မုခ်ဝ ပျောက်ကွယ်သွားသော နေရာမှ လက်ပြတ်များကား အမှောင်ထဲသို့ ပြုတ်ကျသွားတော့သည်။

“ကမ္ဘာဦးဘုံရဲ့ မြို့ပျက်တွေက တကယ် ထူးဆန်းတာပဲ”

ချင်မူမှာ အံ့အားသင့်နေရာမှ စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည်။ ယန်အာက ယိုတု၏အမှောင်ထဲသို့ ပျံသန်းရန် ပြင်နေ၍ ချင်မူက ကောင်းကင်ရတနာများကို ပြောင်းပြန်လှန်လျက် မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများ ဖြစ်လာစေကာ ယိုတု၏ကောင်းကင်နတ်သိုင်း ထုတ်လွှတ်ပြီး ယန်အာကို ပြန်ဆွဲ‌ခေါ်လိုက်၏။

ချင်မူ ရယ်လိုက်သည်။ “ဒီမှာ မမကြီးရဲ့ သိုင်းကွက်တွေ သုံးလို့မရဘူး... ကျွန်တော်ပဲ ခေါ်သွားလို့ရမှာ... ဒီနေရာက ထွက်သွားဖို့ အလျင်လိုနေစရာမလိုပါဘူး... မကြာခင် လူတစ်ယောက်က ကျွန်တော်တို့ကို လှေတစ်စင်းနဲ့ အလကား လာခေါ်ပေးလိမ့်မယ်”

ယန်အာက ဇဝေဇဝါ ဖြစ်သွားပြီး ဘေးဘီဝဲယာသို့ စပ်စပ်စုစု ကြည့်ကာ မေးလေသည်။ “အဲဒီလှေက ဘယ်မှာလဲ”

ချင်မူက သေချာနေသကဲ့သို့ ပြုံးနေ၏။ “မကြာခင် ရောက်လာလိမ့်မယ်”

အချိန်တစ်ခု ကြာသော် ချင်မူ့မျက်နှာ မည်းမှောင်နေသည်။ “ကောင်းကင်နတ်အရှင်ရုံ၊ ဒီနေ့ အပျင်းတက်နေတာလား ... ဘာလို့ အခုထိ ပေါ်မလာသေးတာပါလိမ့်... ပုံမှန်ဆို ကောင်းကင်အလိုတော်မုခ်ဝ ပွင့်သွားတာနဲ့ သူ့လှေလေးက ငါ့ကို လာခေါ်နေပြီ”

“ပုံမှန်ဆို ဂိုဏ်းသခင်က ကျွန်တော့်ခေါင်းပေါ်မှာ ရပ်တယ်... ဒီတစ်‌ခေါက် ကျွန်တော် ဂိုဏ်းသခင်ရဲ့ ခေါင်းပေါ်မှာ ရပ်လို့ရလား” နဂါးချီလင်သည် ယိုတုထဲတွင် မသွားလာနိုင်သော အခြေအနေကို အခွင့်အကောင်းယူရန် ဝမ်းသာအားရ ဖြစ်နေ၏။

ချင်မူ မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာလိုက်ကာ အသိစိတ်အလျဉ်ဖြင့် ချင်စာလုံးကမ္ဘာထဲ ဝင်ရောက်သွားသည်။ သူ၏ပုံရိပ်က ထိုနေရာတွင် ပေါ်လာပြီး မေးလေသည်။ “မြေအောက်ဘုံအရှင်သခင်၊ ဒီနေ့ ကောင်းကင်နတ်အရှင်ရုံ ကျွန်တော့်ကို ဘာလို့ လာမခေါ်တာလဲ”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြန်ဖြေသည်။ “ကောင်းကင်ဘုံတစ်ဘုံ ဖျက်စီးခံလိုက်ရလို့ အသေအပျောက်အများကြီး ရှိနေတယ်... ကောင်းကင်နတ်အရှင်ရုံက သေဆုံးသူတို့ရဲ့ ဝိညာဉ်တွေကို လမ်းပြပေးဖို့ အဲဒီသွားတာပဲ”

“အဲဒီလိုကိုး... ဒါဆို‌ မြေအောက်ဘုံအရှင်သခင် ကျွန်တော့်ကို လီမြစ်တက္ကသိုလ်ဆီ ပို့ပေးလို့ တစ်ယောက်လောက် လွှတ်ပေးလို့ရလား” ချင်မူ မေးလိုက်၏။

ချော်ရည်ပူ‌မြေအောက်ဘုံအရှင်သခင်က သူ့ကို စိုက်ကြည့်သည်။ ချင်မူ့အကြည့်သည် ရိုးသားဖြူစင်မှုအပြည့် ရှိနေ၏။ သူက မျက်နှာအမူအရာ မပြောင်းသွားဘဲ ဆက်ပြောသည်။ “ယိုတုကနေ လီမြစ်တက္ကသိုလ်ဆီ ဘယ်လိုသွားရမလဲ မသိလို့ပါ”

မြေအောက်ဘုံအရှင်သခင်သည် အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ပြန်ဖြေ၏။ “ငါ မင်းကို ကိုယ်တိုင် လိုက်ပို့ပေးရင် ဘယ်လိုလဲ”

ချင်မူ ဝမ်းသာသွားကာ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ “ရတာပေါ့ဗျာ”

သူက အသိစိတ်အလျဉ်ကို ပြန်ရုတ်သိမ်းရင်း သူ့ကိုယ်သူ အင်မတန် ကျေနပ်နေပြီး နဂါးချီလင်နှင့် ယန်အာဘက် လှည့်ကာ နှိမ့်ချရိုကျိုးသော လေသံဖြင့် ပြောလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်က ငါတို့ကို လီမြစ်တက္ကသိုလ်ဆီ ကိုယ်တိုင် လိုက်ပို့ပေးပါမယ်တဲ့”

နဂါးချီလင် အနည်းငယ် စိတ်ပျက်သွားသည်။ ထိုအခိုက်အတန့်တွင် ယိုတု၏အတွင်းထဲမှ လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး ချင်မူ၊ နဂါးချီလင်နှင့် ယန်အာတို့ကို စွေ့သယ်သွားသည်။ သုံးယောက်သား လေထဲတွင် ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် ကျွမ်းခုံနေပြီး လင်ဗန်းထဲက လောက်စလုံးများသဖွယ် လိမ့်လိုက်၊ လည်လိုက် ဖြစ်နေတော့၏။

သုံးယောက်စလုံး ချာချာလည် မူးဝေနေကြပြီး လေရပ်သွားသည့်အခါ နဂါးချီလင်သည် လီမြစ်တက္ကသိုလ်အပြင်နားရှိ တောင်စောင်းနံရံထဲ စိုက်ဝင်သွား၏။ ယန်အာမှာ‌ အစိမ်းရောင်စာကလေးအသွင်ဖြင့် တောင်စောင်းအပေါ်က သစ်ပင်ပေါ်တွင် ဗိုက်လုံးလုံးလေးကို ကောင်းကင်သို့ မျက်နှာမူလျက် ပက်လက်လန်နေသည်။ ချင်မူကတော့ လီမြစ်ထဲသို့ ဦးစိုက်ကျွမ်းပြန် ကျသွား၏။

အချိန်အနည်းငယ်ကြာသော် သုံးယောက်သား သူတို့ကိုယ်သူတို့ သပ်သပ်ရပ်ရပ် ပြန်လုပ်နေကြသည်။ ချင်မူ့မျက်နှာက မည်းမှောင်နေပြီး နဂါးချီလင်နှင့် ယန်အာကို ခြိမ်းခြောက်လေသည်။ “ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စကို ငါတို့သုံးယောက်ကြားမှာပဲ ရှိစေ... သတင်းဖြန့်တဲ့သူ ငါ့လက်ချက်နဲ့ သေမယ် နားလည်လား”

နဂါးချီလင်နှင့် အစိမ်းရောင်စာကလေးက ယောင်တောင်တောင်ဖြင့် ခေါင်းညိတ်သလို၊ မညိတ်သလို လုပ်နေကြသည်။

ချင်မူ နဂါးချီလင်ကို စိုက်ကြည့်လိုက်ပြီး တင်းမာသောအမူအရာဖြင့် မေးလိုက်၏။ “ဖက်တီးနဂါး၊ နေဧကရာဇ် ဘယ်လိုသေသွားလဲသိလား”

နဂါးချီလင်က ကပျာကယာ ပြန်ဖြေသည်။ “ဂိုဏ်းသခင်၊ ကျွန်တော်က နှုတ်လုံပါတယ်... ကြည့်လေ၊ လူငယ်ဂိုဏ်းချုပ်ရဲ့ ရှက်စရာကိစ္စတွေကို ဘယ်တုန်းက ပြောဖူးလို့လဲ”

နှစ်လကြာသော် ချင်မူသည် ကောင်းကင်နတ်အရှင်ယွီကို ခေါ်၍ မာန်ဟုန်မြစ်၏အစသို့ ရောက်လာ၏။ ယနေ့ မာန်ဟုန်မြစ်သည် မဟာမြို့ပျက်၏ သဘာဝကမ်းပါးကြီးဆီမှ စီးထွက်လာခြင်း မဟုတ်တော့ဘဲ ကမ္ဘာလောကအသီးသီးသို့ ဖြတ်သန်းစီးဆင်းနေချေပြီ။

ကောင်းကင်နတ်မြစ်က ကောင်းကင်ထက်၌ ပျံဝဲနေသော ကောင်းကင်ဘုံများဆီမှ တသွင်သွင် စီးကျလာပြီး ကျောက်စိမ်းရောင် တဖျတ်ဖျတ် လင်းလက်လျက် ဆက်လက်စီးဆင်းနေသည်။

ချင်မူ မာန်ဟုန်မြစ်၏အစတွင် မြစ်ပြင်ထက်၌ ရပ်လျက် နေ့ဝက်ကြာ စောင့်နေသော်လည်း မြစ်ထဲရှိ မြူခိုးများကား အနည်းငယ်မျှပင် ပေါ်မလာပေ။

‘ဒီနေရာက ကောင်းကင်နတ်အရှင်လင် ကောင်းကင်နတ်မြစ်ကို ဖြတ်ထုတ်ပြီး ကောင်းကင်နတ်သိုင်း ထုတ်ဖော်ပြသခဲ့တဲ့ နေရာပဲ ဖြစ်မယ်... သူက ကောင်းကင်နတ်မြစ်ထဲက ဒြပ်ထုတွေကို သူကိုယ်တိုင်နဲ့ အစားထိုးခဲ့ပြီး ရင်သပ်ရှုမောစရာကောင်းတဲ့ ကောင်းကင်နတ်သိုင်းကို ပြသခဲ့တာပဲ”

ချင်မူက မြစ်ပြင်ထက်မှ ထွက်ခွာပြီး ကောင်းကင်ယင်ကမ္ဘာအား သွားရှာသည်။

ကောင်းကင်ယင်ကမ္ဘာထဲမှ သဲသင်္ဘောများသည် ကောင်းကင်ယင်သတ္ထုများ သယ်လျက် တစ်စင်းပြီး တစ်စင်း ထွက်လာ၏။ ထို့နောက် ကောင်းကင်နတ်မြစ်၏ ရေစီးအတိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ရွက်လွှင့်သွားကြသည်။

ချင်မူ သင်္ဘောတစ်စင်းအပေါ် တက်၍ မေးမြန်းကြည့်သည့်အခါ သဲသင်္ဘောများကို စောင့်ကြပ်နေသော ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က ပြန်ဖြေသည်။”ဧကရာဇ်အတိုင်ပင်ခံက ကျွန်တော်တို့ကို ကောင်းကင်ယင်သတ္ထုတွေ လာပို့ခိုင်းလို့ပါ... ဒီနေ့ရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကွဲထွက်သွားတော့ မြို့တွေဟာ သူ့ကိုယ်သူတို့ ကာကွယ်ဖို့ ရုန်းကန်နေကြရပါတယ်တဲ့... အဲဒါကြောင့် သူက ကောင်းကင်ယင်သတ္ထုတွေနဲ့ နေသူရိန်ခွင်းအမြှောက် သွန်းလုပ်မယ် ပြောတယ်.... မြို့ကြီးပြကြီးတိုင်း နေသူရိန်ခွင်းအမြှောက်တစ်လက်တော့ လိုတယ်တဲ့”

“ဒါဆို ဆေးစွမ်းအင်ကျောက်တုံးပြဿနာကို ဘယ်လိုဖြေရှင်းမှာလဲ” ချင်မူက မေးလိုက်သည်။ “

“အဲဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူးဗျ”

ချင်မူ ထပ်မေးလိုက်သည်။ “လမ်းခရီး အန္တရာယ်ကင်းရဲ့လား”

ကောင်းကင်နတ်သိုင်းပညာရှင်က ပြန်ဖြေသည်။ “နဂါးထိန်းဧကရာဇ်က မြစ်နဂါးဘုရင်တွေကို ဦးဆောင်ပြီး သဲသင်္ဘောတွေကို ကာကွယ်ပေးတာမလို့ အန္တရာယ်ကင်းတယ်လို့ ပြောလို့ရပါတယ်... တစ်ချက်တစ်ချက်တော့ မြစ်ထဲက မိစ္ဆာတွေ ရန်ပြုတတ်တယ်..”

ချင်မူက ခေါင်းညိတ်ကာ ခရီးဆက်ခိုင်းလိုက်သည်။

ကောင်းကင်ယင်ကမ္ဘာ

ချင်မူသည် ပင်လယ်ပြင်ထက်၌ တည်ရှိသော ကောင်းကင်ယင်နတ်ဘုရားမ၏ ကောင်းကင်ယင်နန်းတော်အရှေ့တွင် ရပ်လျက် ပင်လယ်အား ငေးကြည့်နေ၏။ ပင်လယ်ထဲမှ သဲများကို ကြိုးစားပမ်းစား သယ်ခပ်၍ ကောင်းကင်ယင်သတ္ထုများ ထုတ်ယူကာ အပြင်ကမ္ဘာဆီသို့ ပို့ဆောင်ရန် အလုပ်တကုပ်ကုပ် လုပ်နေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များစွာ သူ တွေ့မြင်ရသည်။

ပင်လယ်ဘေးတွင် မြို့တချို့လည်း တည်ထား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားများနှင့် မဟာမြို့ပျက်သားများသည် ဖရိုဖရဲဖြစ်နေသော အပြင်ကမ္ဘာဆီမှ ဝေးရာ၊ ဤနေရာတွင် လာရောက်နေထိုင်နေကြသည်။ သိုင်းပညာ သင်ကြားပေးနေသော ကောင်းကင်နတ်သိုင်းပညာရှင်များလည်း ရှိသည့်အတွက် ဤကမ္ဘာမှာ တိတ်ဆိတ်ခြောက်ကပ်မနေတော့ပေ။

“ကောင်းကင်ယင်ကမ္ဘာ ဒီနေ့လို ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး”

ချင်မူ့အနောက်တွင် အနက်ရောင်သဲမှုန်များ ပျံလွင့်လာပြီး လူတစ်ယောက်၏အသွင် ဖွဲ့တည်သွားသည်။ ထိုလူက စကားပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက သိပ်ထူးခြားတယ်... အချိန်သာ ရရင် အားလုံး ဘယ်လောက်တောင် အင်အားကြီးမားလာကြမယ်ထင်လဲ... ငါ့ကိုတောင် ကြောက်လန့်မိစေတယ်”

ချင်မူ လှည့်၍ ပြံးပြလိုက်သည်။ “ကောင်းကင်ယင်ကမ္ဘာထဲမှာ အရှင်မင်းကြီးရဲ့ ဝိညာဉ်သဲမှုန်တွေ ပုန်းနေတာကို ကျွန်တော် သဘောပေါက်ခဲ့သင့်တယ်... အရှင်မင်းကြီးရဲ့ဝိညာဉ် ဒီမှာ ပုန်းကွယ်နေတာကြောင့် ကောင်းကင်ယင်နတ်ဘုရားမ သေခဲ့ရတာပဲ... ‌ကောင်းကင်ယင်သားတော် ကောင်းကင်ယင်ကမ္ဘာကို ထိန်းချုပ်ချင်နေတာဟာ ‌ကောင်းကင်ယင်နတ်ဘုရားမကို ရှင်းပစ်ချင်လို့ မဟုတ်ဘူး... အရှင်မင်းကြီးရဲ့ ပြိုကွဲနေတဲ့ ဝိညာဉ်ကို စောင့်ရှောက်ချင်လို့ပဲ... ကောင်းကင်ယင်နတ်ဘုရားမ ဒီဟာကို သဘောမပေါက်ဘဲ ကောင်းကင်ယင်သားတော်ကို ယုံခဲ့တာ သနားစရာကောင်းတယ်”

လည်နေသော ဝိညာဉ်အမှုန်များအတွင်း၌ လူရိပ်တစ်ခုကို ခပ်ဝါးဝါးသာ မြင်ရသည်။ သူ ပါးစပ်ဟ၍ စကားပြောလျှင် အနက်ရောင်အမှုန်များက အပြင်သို့ ပျံ့လွင့်လာတတ်သော်လည်း မပြိုကွဲသွားပေ။

“ကောင်းကင်နတ်အရှင်မူက ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းပေးနိုင်ခဲ့တာဆိုတော့ ငါ့ကိုလည်း အသက်သွင်းပေးနိုင်မှာပါ... မောင်မင်း ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းပေးလိုက်တုန်းက ငါ့အခွင့်အရေးဟာ ဒီနေရာမှာပဲ ရှိနေမှန်း ငါ သဘောပေါက်ခဲ့တယ်... ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်မူ ဆိုတဲ့အတိုင်း ထိန်းချုပ်ရခက်တာတော့ နှမြောစရာကောင်းတယ်... မောင်မင်းက ငါ့ကို အမြဲအရူးလုပ်နိုင်ခဲ့တယ်လေ”

အနက်ရောင်သဲမှုန်အတွင်းရှိ လူရိပ်က ဆက်ပြောသည်။ “ဒါပေမဲ့ မောင်မင်း မမှားပါဘူး... ငါက သေဆုံးသွားတဲ့ ရှေးဟောင်းနတ်ဘုရားပဲ မဟုတ်လား... မောင်မင်းအနေနဲ့ ငါနဲ့ အပေးအယူ လုပ်ပိုင်ခွင့်၊ မဟာမိတ်ဖွဲ့ပိုင်ခွင့် ရှိပါတယ်”

ချင်မူက သူ့ကို အထက်အောက် ကြည့်ကာ ရုတ်တရုတ် မေးလိုက်၏။ “ဘယ်သူက အရှင်မင်းကြီးအတွက် ဝိညာဉ် ပြန်စုပေးခဲ့တာလဲ”

အနက်ရောင်သဲမှုန်ထဲက လူရိပ်သည် ဆတ်ခနဲ ဖြစ်သွားပြီး ပြုံးလိုက်၏။ “နတ်အရှင်၊ ဘာကြောင့် အခုလို မေးတာလဲ”

“ကျွန်တော်က ဝိညာဉ်တွေကို အသက်ပြန်သွင်းပေးနိုင်တဲ့ ကျင့်စဉ် တီထွင်ခဲ့တဲ့သူပါ... အရှင်မင်းကြီး ပြောချင်သည်ဖြစ်စေ၊ မပြောချင်သည်ဖြစ်စေ၊ ကျွန်တော် တစ်ချက်ကြည့်လိုက်ရုံနဲ့ ဘယ်သူ ဝိညာဉ်ပြန်စုပေးခဲ့တာလဲ သိတယ်”

ချင်မူက မှင်သေသေ ဆက်ပြောသည်။ “ဒီကမ္ဘာပေါ်မှာ ရှေးဟောင်းနတ်ဘုရားတွေကို အသက်သွင်းပေးနိုင်တဲ့သူ များများစားစား မရှိဘူး... တကယ်တမ်း တစ်ယောက်ပဲ ရှိတယ်... အဲဒီတစ်ယောက်က ကျွန်တော်ပဲ... ဒါပေမဲ့ ဝိညာဉ်စုပေးနိုင်တဲ့ လူတချို့တော့ ရှိတယ်... အရင်တုန်းက ကောင်းကင်ယင်ကမ္ဘာရဲ့ သင်္ကေတအမှတ်အသားတွေကို ပြန်အစီအစဉ်ချဖို့ ကျွန်တော် လူငါးယောက် ခေါ်လာခဲ့တယ်... သူတို့က ဖုန်းတုရဲ့ ယမမင်း၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ ရှုရှန်းဟွာ၊ ပထမဘိုးဘေးကြီး လူသားဧကရာဇ်နဲ့ တန်ခိုးရှင်သစ်ခုတ်သမားတို့ပဲ... သူတို့ ကောင်းကင်ယင်ကမ္ဘာရဲ့ သင်္ကေတအမှတ်အသားတွေကို အပြီးသတ်ပြီးတဲ့အချိန်မှာ အဲဒီသင်္ကေတအမှတ်အသားတွေကို ပင်လယ်ဘေးက ကျောက်ဆောင်အပေါ် ခတ်နှိပ်ပေးခဲ့တယ်... သင်္ကေတအမှတ်အသားတွေနဲ့တောင် ဝိညာဉ်ပြန်စုနိုင်ဖို့ဆိုတာ သာမန်လူတစ်ယောက် လုပ်နိုင်တဲ့အရာမဟုတ်ဘူး... ကောင်းကင်နတ်ဧကရာဇ်တစ်ပါးရဲ့ ဝိညာဉ်ကို စုဖို့ဆိုရင် ပိုလို့တောင် ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက် လိုအပ်သေးတယ်... ဒီလူက ဘယ်သူလဲ”

အနက်ရောင်သဲမှုန်အတွင်းရှိ ကောင်းကင်နတ်ဧကရာဇ်သည် တိတ်ဆိတ်နေ၏။

ဤအခိုက်အတန့်တွင် ကောင်းကင်ယင်နန်းတော်ထဲမှ လူတစ်ယောက်က ပြုံးလျက် ထွက်လာသည်။ “ကျုပ်ပါ... ကောင်းကင်နတ်အရှင်မူ မတွေ့ရတာ ကြာပြီ... ကျုပ်ရဲ့ သံလိုက်အိမ်မြှောင်ကို ထိပေးခဲ့တာ မှတ်မိသေးလား”

ချင်မူမှာ ထွက်လာသော လူကို ကြည့်ရင်း မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်ပုံမရသော ပေတီးပေစုတ် တာအိုရသေ့တစ်ယောက်သည် သံလိုက်အိမ်မြှောင်တစ်ခု ကိုင်လျက် ထွက်လာ၏။

သူ့ရုပ်သွင်မှာ အလွန်အိုမင်းရင့်ရော်နေသော်လည်း သူ့မျက်ဝန်းများက တောက်ပနေသည်။ အဆုံးမဲ့သော ဉာဏ်ပညာတို့ ကိန်းဝပ်နေသည့်အလား ထင်ရပေသည်။

ချင်မူ အသက်ပြင်းပြင်းတစ်ချက် ရှိုက်ကာ ပြုံးလိုက်သည်။ “တာအိုရသေ့ကြီး၊ မတွေ့ရတာ ကြာပြီ”

ပေတီးပေစုတ် တာအိုရသေ့ကြီးက ဦးညွှတ်အရိုအသေပေး၏။ “ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တာအိုရသေ့အိုကြီး ကောင်းကင်နတ်အရှင်မူကို ဂါဝရပြုပါတယ်”

ချင်မူ ရင်ထဲ တုန်လှုပ်သွားကာ မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ “တာအိုဘိုးဘေးကြီးကလည်း ကောင်းကင်မဟာမိတ်အဖွဲ့ကပဲလား”

ပေတီးပေစုတ် တာအိုရသေ့ကြီးက ရယ်လျက် တုံ့ပြန်သည်။ “ကောင်းကင်နတ်အရှင်မူ ဘုန်းကြီးအိုကြီးနဲ့ တွေ့ပြီးပြီမဟုတ်လား... သူလည်း ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူအကြီးအကဲ တစ်ယောက်ပဲ”

ချင်မူမှာ ခေါင်းထဲ မိုက်ခနဲ ဖြစ်သွား‌တော့သည်။

ဗြဟ္မဗုဒ္ဓလည်း ကောင်းကင်မဟာမိတ်အဖွဲ့ဝင်တဲ့လား။

ဤဗုဒ္ဓ၏ ကိုယ်ပွားတစ်ကိုယ်က သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ချင်စာလုံးကမ္ဘာထဲတွင် တစ်ချိန်လုံး နေနေခဲ့သည်။ သူက ကျိန်းစက်နေသော်လည်း ချင်စာလုံးမြေပြင်၌ ဖြစ်ပွားသော အဖြစ်အပျက်တစ်ခုကိုမှ မလွတ်ပေ။

သူတို့လည်း ကောင်းကင်နတ်ဘုံကို ထိန်းချုပ်ရာတွင် ပါဝင်နေသည်လား။

ကောင်းကင်ယင်နတ်ဘုရားမက လျှောက်လာသည်။ “အားလုံး နန်းတော်ထဲ ဝင်ပြီး နားကြပါဦး”

ချင်မူ ဣန္ဒြေပြန်ဆည်ကာ သူမနောက်မှ ကောင်းကင်ယင်နန်းတော်ထဲ ဝင်သွားပြီး လှမ်းခေါ်လိုက်သည်။ “ဖက်တီးနဂါး၊ မမကြီးယန်အာ အပြင်မှာ‌နေခဲ့... ညီလေးယွီ၊ မင်းကတော့... လိုက်ခဲ့”

ကောင်းကင်နတ်အရှင်ယွီက နားဝေတိမ်တောင်အမူအရာဖြင့် သူ့နောက်မှ လိုက်လာသည်။ နန်းတော်ထဲတွင် အားလုံး အေးအေးလူလူ ထိုင်လိုက်ကြ၏။ ဧည့်သည်၊ အိမ်ရှင် ထုံးစံများ လုပ်မနေကြပေ။

ချင်မူ စိတ်ကို တည်ငြိမ်အောင် ထားကာ တွေးနေသည်။ ‘အလွန်ဆုံး တိုက်ပွဲပဲ ဖြစ်မှာပါ... အဲဒီလိုဖြစ်လာရင် ငါ အစ်ကိုကြီးနဲ့ ပေါင်းပြီး မြေအောက်ဘုံအရှင်လေး အသွင်နဲ့ ဒီနေရာကို ယိုတု လုပ်လိုက်မယ်.... သူ့တို့ကို ရိုက်သတ်ဖို့တော့ မြေအောက်ဘုံအရှင်သခင်ကို မျှားခေါ်မယ်”

သူက ဤသို့တွေးနေရင်း အပြုံးတစ်ခုဖြင့် ရယ်လိုက်သည်။ “တာအိုဘိုးဘေးကြီး ကျွန်တော့်ကို အစောင့်ရှောက်အဆောင်ဆီ မျှားခေါ်ခဲ့တုန်းက တကယ်ပဲ မျက်စိပွင့်၊ နားပွင့်ခဲ့ရပါတယ်... ဆိုတော့ ကောင်းကင်ယင်ကမ္ဘာရဲ့ သင်္ကေတအမှတ်အသားစနစ် တည်ဆောက်ပြီးသွားတာ တာအိုဘိုးဘေးကြီး ဘယ်တုန်းက သိသွားတာလဲ... ပြီးတော့ ဘယ်တုန်းက ကျွန်တော့်ကို ဒီမှာလာရှာကြတာလဲ... ယန်ချီလင်းလို တပည့်တစ်ယောက်ကို ပျိုးထောင်ဖို့ဆိုတာ တစ်နှစ်၊ နှစ်နှစ်လေးနဲ့ ရနိုင်တဲ့အရာမဟုတ်ဘူး... ကောင်းကင်နတ်ဧကရာဇ်ကို အသက်သွင်းနိုင်ရင်တောင် အချိန်တိုတိုလေးနဲ့ ဒီလောက် ထူးချွန်တဲ့ တပည့်တစ်ယောက်ကို ဘယ်ပျိုးထောင်ပေးနိုင်ပါ့မလဲ”

ပေတီးပေစုတ် တာအိုရသေ့ကြီးက ရယ်သည်။ “ကောင်းကင်နတ်ဧကရာဇ်မှာ မပြိုကွဲသေးတဲ့ ဝိညာဉ်တစ်ပိုင်း ရှိသေးတယ်... အဲဒါက ကောင်းကင်နတ်ဘုံမှာ ပုန်းနေတာပါ... သူကလည်း ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်‌‌‌‌ထောင်သူအကြီးအကဲတစ်ယောက်ဆို‌တော့ တပည့်တွေ မွေးထုတ်‌ပေးနိုင်တာ မထူးဆန်းပါဘူး”

All Chapters