အခန်း (၈၉၇)
Vol. 65 Ch. 897
“ချန်လင်းဟွေက ယွင်လန်ဓားအင်မော်တယ်ကို နှုတ်ဆက်ပါတယ်”
ခဏအကြာတွင် ကျောက်ချန်က ကျွန်ဈေးမှဝယ်လာသော ကျင့်ကြံသူများကို ခန်းဆောင်ထဲသို့ ခေါ်လာခဲ့သည်။ သူ့နောက်မှလိုက်လာသော လူသန်ကြီးက ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
လေပြင်းဓားပြ အဖွဲ့ခွဲ - ၃၇၏ ခေါင်းဆောင် ချန်လင်းဟွေကို ဟန်မူယဲ့က စန်းဟော်မြို့၏ အပြင်ဘက်တွင် ဖမ်းဆီးခဲ့သည်။
သူက ချန်လင်းဟွေတစ်ယောက်တည်းကိုသာ ဖမ်းဆီးပြီး တခြားလေပြင်းဓားပြများကို လွှတ်ပေးလိုက်သောကြောင့် ကျန်းကျန်ပေါင်နှင့် တခြားလူများက အပြစ်တင်ခံလိုက်ရသည်။
ကျောက်ချန်တို့ကလည်း ပါဝင်ပတ်သတ်လာပြီး ယွင်ထန့်တောရိုင်းမြေသို့ ရောက်လာကြသည်။
ကျောက်ချန်က ချန်လင်းဟွေကို ထူးဆန်းသောမျက်နှာထားဖြင့် ကြည့်လိုက်သည်။
“ကြည့်ရတာ ခင်ဗျားက လာဘ်ကောင်လေးပဲ ဖြစ်လိမ့်မယ်”
လာဘ်ကောင် ....
ချန်လင်းဟွေ၏ အခြေအနေကြောင့်သာမဟုတ်လျှင် သူတို့က ယနေ့ကဲ့သို့ အောင်မြင်နေမည်မဟုတ်ပေ။
ချန်လင်းဟွေက ဖမ်းဆီးခံရပြီး ယွင်လုမြို့သို့ ရောက်သွားခဲ့သည်။
နောက်ပိုင်းတွင် လေပြင်းဓားပြများက ယွီကျစ်ဒေသ၏ တောရိုင်းမြေ၌ စုစည်းလာကြသည်။ ယွင်လုမြို့ကို ထိန်းချုပ်ထားသော အကြီးအကဲငါးယောက်က အမြင်မတူကြပေ။ အဆုံးတွင် ချန်လင်းဟွေက ထိခိုက်မှုမရှိပဲ လွတ်မြောက်လာခဲ့သည်။
သူက ယွီကျစ်ဒေသတွင် အချိန်ကြာမြင့်စွာဆက်မနေပဲ ခါးသီးအင်မော်တယ်နယ်မြေသို့ ပြန်လာခဲ့သည်။
သို့သော် ဖီးနစ်သွေးအင်မော်တယ်ဘုရင် ဟွမ်ထျန်းက သေဆုံးသွားသောကြောင့် လေပြင်းဓားပြများက အပြည့်အဝ ပြိုကွဲသွားသည်။ ချန်လင်းဟွေက အပြင်းအထန် ဒဏ်ရာရနေပြီး ပြန်အဖမ်းခံလိုက်ရသည်။
ထိုဖြစ်ရပ်များကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူများက သက်ပြင်းချလိုက်ကြသည်။
ဟန်မူယဲ့၏နောက်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း ရှိနေသည်။ ကျောက်ချန်နှင့် ဇောင်ပိုင်ချွမ်တို့က သူ့ကို ကပ်တွယ်ထားပြီး လျင်မြန်စွာ တိုးတက်လာကြသည်။
တစ်ဖက်တွင် ချန်လင်းဟွေက ကံဆိုးပြီး အကျဉ်းသားထပ်ဖြစ်သွားသည်။
ထိုအရာသည် အဆင့်နိမ့်ကျင့်ကြံသူများ၏ ရုန်းကန်မှုဖြစ်နိုင်သည်။
အင်အားစုကြီးတစ်ခု၏ ထောက်ပံ့မှုမရှိလျှင် အလွန်ခက်ခဲသည်။
“ယွင်လန်ဓားအင်မော်တယ်၊ အခုအချိန်ကစပြီး ဒီညီအစ်ကိုတွေနဲ့ ငါက မင်းကို ခစားမယ်”
ချန်လင်းဟွေက ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
လေပြင်းဓားပြများက အတိတ်တွင် ကျန်ခဲ့သည်။ ဟန်မူယဲ့၏ ဝယ်ယူခြင်းကို ခံလိုက်ရသော ချန်လင်းဟွေတို့က တခြားလူများထက် ပိုမိုကံကောင်းသည်။
“ယွင်လန်မြို့က သွားစရာမရှိတဲ့ကျင့်ကြံသူတွေအတွက် အိမ်တစ်လုံးဖြစ်လာမယ်လို့ ငါပြောခဲ့တယ်။ လေပြင်းဓားပြတွေက သွားစရာနေရာ မရှိဘူးဆိုရင် ယွင်လန်မြို့က မင်းတို့ကို လက်ခံထားနိုင်တယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ချန်လင်းဟွေကို ကြည့်သည်။
“ဒါပေမဲ့ မင်းတို့က ယွင်လန်မြို့ကို ဝင်ရောက်လာပြီဆိုရင် ယွင်လန်မြို့ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်”
“လေပြင်းဓားပြဆိုတဲ့ နာမည်ကို စွန့်လွှတ်ရမယ်”
လေပြင်းဓားပြများသည် အတိတ်တွင်ကျန်ခဲ့သည်။
ချန်လင်းဟွေနှင့် တခြားလူများ၏ မျက်နှာထားက ရှုပ်ထွေးသွားကြသည်။
သို့သော် ထိုအရာသည် အစစ်အမှန် ဖြစ်သည်။
“မြို့သခင်ရဲ့အမိန့်ကို တခြားညီအစ်ကိုတွေဆီ ပြောပြလိုက်ပါမယ်”
ချန်လင်းဟွေက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး စဉ်းစားနေသည်။ ထို့နောက် ညင်သာစွာ ပြောသည်။
“ဒီနေ့ကစပြီး လေပြင်းအစောင့်တွေလို့ ခေါ်မယ်”
လေပြင်းအစောင့်တပ် ....
ခါးသီးအင်မော်တယ်နယ်မြေတွင် ဓားပြဖြစ်ပြီး ယွင်လန်မြို့တွင် အစောင့်တပ် ဖြစ်သည်။
“ကောင်းပြီ။ နောက်ကျရင် မြို့စောင့်တပ်ရဲ့လက်အောက်မှာ မြို့ကို စောင့်ရှောက်ပေးပါ”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ယွင်လန်မြို့၏ အစောင့်တပ်များသည် လူအင်အားလိုအပ်နေသည်။ သို့သော် တိုးချဲ့မှု သိပ်မလုပ်နိုင်ပေ။
ကျန်းကျန်ပေါင်၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းက လိုအပ်နေသေးသည်။
လေပြင်းဓားပြများ ရောက်လာခဲ့လျှင် မြို့၏ ခွန်အားကို တိုးမြှင့်နိုင်လိမ့်မည်။
“မြို့သခင်၊ ချင်ကျောက်ယွမ်က မိုးကြိုးဓားပြ အဖွဲ့ဝင်တစ်ယောက်ပါ။ သူ့ကို ကယ်တင်နိုင်ရင် ကယ်ပေးပါ”
ချန်လင်းဟွေက ပတ်ဝန်းကျင်ကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။
ခရမ်းရောင်လျှပ်စီး၊ မိုးကြိုးနှင့် လေပြင်းဓားပြ ....
ခါးသီးအင်မော်တယ်နယ်မြေ၏ ဓားပြအင်အားစုသုံးခု ဖြစ်သည်။
ခရမ်းရောင်လျှပ်စီးသည် အမြန်နှုန်းကြောင့် ကျော်ကြားပြီး မိုးကြိုးဓားပြများက သတ္တိရှိကြသည်။ လေပြင်းဓားပြများက အရေအတွက်ကို အားကိုးသည်။
မိုးကြိုးဓားပြများ၏ အရေအတွက်သည် တစ်ရာခန့်သာရှိသည်ဟု ပြောကြသည်။ သူတို့က အလွန်အားကောင်းသည်။
သို့သော် ယခုအချိန်တွင် မိုးကြိုးဓားပြများ၏ ရှုံးနိမ့်မှုသတင်း ပေါ်ထွက်နေသည်။
“ချင်ကျောက်ယွမ်လား”
ဟန်မူယဲ့က လေပြင်းဓားပြများ သယ်လာသောလူကို ကြည့်သည်။
“တကယ်လို့ သူက အသက်ရှင်ချင်တယ်ဆိုရင် ငါက ကယ်ပေးနိုင်တယ်”
“ဒါပေမဲ့ အသက်မရှင်ချင်ဘူးဆိုရင်တော့ ငါက လူကောင်းလုပ်ပြီး အချိန်ဖြုန်းနေမှာမဟုတ်ဘူး”
ဟန်မူယဲ့၏ ညင်သာသောအသံက ခန်းဆောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသောလူက ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်ပြီး မတ်တပ်ရပ်သည်။
သူ့မျက်နှာတွင် အမာရွတ်များရှိပြီး သွေးစွန်းနေသည်။ ရှုပ်ပွနေသော ဆံပင်များက မျက်နှာပေါ်သို့ ကျဆင်းနေသောကြောင့် ပုံပန်းသွင်ပြင်ကို ရှင်းလင်းစွာမမြင်နိုင်ပေ။
သို့သော် သူက အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
ကျင့်ကြံဆင့်မြင့်မားသော လူတစ်ယောက် မဟုတ်ပဲ မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ထားပြီး တခြားလူများနှင့် မနှိုင်းယှဉ်နိုင်သော လူတစ်ယောက် ဖြစ်သည်။
မိုးကြိုးဓားပြများက လူတစ်ရာခန့်နှင့် ခါးသီးအင်မော်တယ်နယ်မြေကို လွှမ်းမိုးပြီး ထူးခြားသောစွမ်းရည်ကို ပြသထားသည်။
“ငါတို့ မိုးကြိုးဓားပြတွေက ခါးသီးအင်မော်တယ်နယ်မြေကို နှစ်သိန်းချီကြာအောင် လွှမ်းမိုးထားခဲ့ကြတယ်။ ငါတို့ ညီအစ်ကိုမောင်နှမတွေက စည်းလုံးပြီး အခက်အခဲတွေကို အတူတူရင်ဆိုင်ခဲ့တယ်”
“အခု သူတို့က သဘောထားကွဲလွဲပြီး အချင်းချင်းသတ်ဖြတ်နေကြတယ္။ ငါ ချင်ကျောက်ယွမ်က ဘာဖြစ်လို့ အသက်ရှင်နေအုံးမှာလဲ”
ချင်ကျောက်ယွမ်က ခိုင်မာစွာမရပ်နိုင်ပေ။ သူ့အသံက အက်ကွဲပြီး မျှော်လင့်ချက်မဲ့နေသည်။
“အစ်ကိုကြီးချင်ကြောင့်သာမဟုတ်ရင် ကျွန်တော်တို့ညီအစ်ကိုတွေက ရှင်သန်နိုင်မှာမဟုတ်ပါဘူး”
ချန်လင်းဟွေက ချင်ကျောက်ယွမ်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“အစ်ကိုကြီးချင်က ယွင်လန်ဓားအင်မော်တယ်ရဲ့ ဂုဏ်သတင်းကို နားလည်သင့်တယ်”
“တကယ်လို့ မိုးကြိုးအဖွဲ့ရဲ့ တခြားညီအစ်ကိုတွေက ဒုက္ခရောက်နေတယ်ဆိုရင် ယွင်လန်ဓားအင်မော်တယ်ကပဲ သူတို့ကို ကူညီပေးနိုင်လိမ့်မယ်”
‘ကူညီပေးနိုင်တာလား’
ချင်ကျောက်ယွမ်က အံ့အားသင့်သွားပြီး ဟန်မူယဲ့ကို ခေါင်းမော့ကြည့်သည်။
“ဝီ”
သူက အလွန်သန်မာသော သတ်ဖြတ်ခြင်းဆန္ဒနှင့် သွေးချီကို ထုတ်လွှတ်လိုက်သည်။
သွေးရောင်အလင်းသည် ခန်းဆောင်ထဲတွင် ပျံ့နှံ့သွားသည်။
ခရမ်းရောင်ခြင်္သေ့တစ်ကောင် ပေါ်လာပြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် ဟန်မူယဲ့ဆီသို့ ပြေးဝင်သွားသည်။
“ရှေးခေတ် ခရမ်းရောင်လျှပ်စီးခြင်္သေ့လား။ ဒါက သူပိုင်ဆိုင်ထားတဲ့ သွေးမျိုးဆက်စွမ်းအားပေါ့”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး လက်ညှိုးညွှန်သည်။
ဓားအလင်းတစ်ခု ပျံသန်းထွက်လာပြီး ခြင်္သေ့၏နဖူးကို ထိုးဖောက်သွားသည်။
ခြင်္သေ့၏ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး ခန်းဆောင်ထဲတွင်ရှိသော သွေးရောင်အလင်းကလည်း ပျောက်ကွယ်သွားသည်။
ချင်ကျောက်ယွမ်က ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
“ယွင်လန်ဓားအင်မော်တယ်၊ တကယ်လို့ ငါ့ရဲ့အစ်မကြီးကို ကယ်တင်ပေးနိုင်မယ်ဆိုရင် မိုးကြိုးဓားပြတွေက မင်းကို ဦးညွတ်မယ်။ မင်းက ငါတို့ရဲ့ခေါင်းဆောင် ဖြစ်လာလိမ့်မယ်”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ခေါင်းခါသည်။
“မလုံလောက်ဘူး”
မိုးကြိုးဓားပြများ၏ အစ်မကြီးကို ဖမ်းဆီးနိုင်သောလူက ခါးသီးအင်မော်တယ်နယ်မြေ၏ မိစ္ဆာကျွမ်းကျင်သူ ဖြစ်လိမ့်မည်။
ဟန်မူယဲ့က ကတိစကားတစ်ခွန်းကြောင့် ခါးသီးအင်မော်တယ်နယ်မြေ၏ မိစ္ဆာကျွမ်းကျင်သူကို တိုက်ခိုက်မည်မဟုတ်ပေ။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ချင်ကျောက်ယွမ်၏မျက်နှာက မည်းမှောင်သွားသည်။ သူက စဉ်းစားကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
အသံထွက်မလာခဲ့ပေ။
သို့သော် ဟန်မူယဲ့က သူ့အသံကို ရှင်းလင်းစွာကြားနေရသည်။
“ယွင်လန်ဓားအင်မော်တယ်၊ ငါတို့ မိုးကြိုးဓားပြတွေက အင်မော်တယ်သခင်တစ်ပါး ကျဆုံးသွားတဲ့နေရာကို ရှာတွေ့ထားတယ်။ အဲဒါကြောင့် မိစ္ဆာဘုရင်တစ်ပါးက ငါတို့ကို လိုက်ဖမ်းနေတယ်”
“မင်းက ငါတို့ရဲ့အစ်မကြီးကို ကယ်တင်ပေးမယ်ဆိုရင် အင်မော်တယ်သခင်ရဲ့ ဂူသင်္ချိုင်းကို ငါတို့ရဲ့လက်နှစ်ဖက်နဲ့ ယူပေးမယ်”
အင်မော်တယ်သခင်၏ ဂူသင်္ချိုင်း ....
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
‘အင်မော်တယ်သခင် စန်ယွင်ရဲ့ အမွေအနှစ်လား’
‘အဲဒီနေရာဆိုရင် အချိန်ကုန်သက်သာတာပေါ့’
အကယ်၍ အင်မော်တယ်သခင်စန်ယွင်၏ အမွေအနှစ် မဟုတ်လျှင်ပင် တခြားအင်မော်တယ်သခင်တစ်ပါး၏ အမွေအနှစ်အတွက် လှုပ်ရှားပေးရန် ထိုက်တန်သည်။
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ချင်ကျောက်ယွမ်ကို ကြည့်သည်။
“ငါက လှုပ်ရှားပေးနိုင်တယ်။ ဒါပေမဲ့ လူကယ်ဖို့ အောင်မြင်မယ်လို့ အာမမခံနိုင်ဘူး”
တက်လှမ်းမိစ္ဆာဘုရင် ရှန်းထျန်းက ခါးသီးအင်မော်တယ်နယ်မြေကို စုစည်းနိုင်ရန် အခွင့်အရေးရှိသည်။
ဟန်မူယဲ့က ထိုကျွမ်းကျင်သူ ဖမ်းဆီးထားသော လူတစ်ယောက်ကို အောင်မြင်စွာ ကယ်တင်ပေးရန် ယုံကြည်ချက်မရှိပေ။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ချင်ကျောက်ယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ယွင်လန်ဓားအင်မော်တယ်က လှုပ်ရှားဖို့ဆန္ဒရှိတယ်ဆိုရင်ပဲ ကျေးဇူးတင်နေပါပြီ”
သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ကြမ်းပြင်ပေါ်တွင် လဲကျသွားသည်။
သူက အလွန်အားနည်းနေပုံပေါ်သော်လည်း ချန်လင်းဟွေနှင့် တခြားလူများက ပြုံးလိုက်ကြသည်။
ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က ဒဏ်ရာရနေသော်လည်း ရှင်သန်လိုစိတ်ရှိလျှင် မသေဆုံးနိုင်ပေ။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ညွှန်ပြသည်။ အစိမ်းရောင်အင်မော်တယ်အလင်းက ဆေးတစ်လုံးကို ရစ်ပတ်လိုက်ပြီး ကျဆင်းလာသည်။
ချင်ကျောက်ယွမ်က ထူးဆန်းသောမျက်နှာထားဖြင့် ဆေးလုံးကို ဖမ်းယူလိုက်သည်။
ထိုဆေးလုံးက အရည်အသွေးကောင်းသည်။
ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာသို့ ရောက်လာသော်လည်း ဆေးလုံးမသန့်စင်ခဲ့ပေ။
သူက ထိုဆေးလုံးကို သူသတ်ဖြတ်ခဲ့သော ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ယောက်၏ ကမ္ဘာငယ်ထဲမှ ရရှိခဲ့သည်။
သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နန်းမြို့တော်တွင် မူဝမ်နှင့်အတူ ဆေးလုံးသန့်စင်ခဲ့သောအချိန်ကို သတိရသွားသည်။
ဟန်မူယဲ့က ကူညီပေးရန် သဘောတူထားသော်လည်း ချက်ချင်းလှုပ်ရှားမည်မဟုတ်ပေ။
ချင်ကျောက်ယွမ်ကလည်း အနားယူရန် လိုအပ်သည်။
သူက ခါးသီးအင်မော်တယ်နယ်မြေ၏ အခြေအနေကို အရင်ဆုံး စစ်ဆေးရမည်။
နောက်ရက်များတွင် ချန်လင်းဟွေက လေပြင်းဓားပြများကို ဆွဲဆောင်ခဲ့သည်။
ဟန်မူယဲ့သည် ယွင်လန်မြို့၏ အပြင်ဘက်တွင်ရှိသော တောင်ကုန်းတွင် မတ်တပ်ရပ်နေသည်။ နက်ရှိင်းသော သွေးချီနှင့် အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသည့် ဒါဇင်ချီသော ကျင့်ကြံသူများက သူ့ရှေ့တွင် ရှိနေကြသည်။
ထိုလူများသည် အလွန်အားကောင်းပြီး အများစုက ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိနေကြသည်။
“ယွင်လန်ဓားအင်မော်တယ် ငါတို့ညီအစ်ကိုတွေက မင်းလက်အောက်မှာ နေလို့ရတယ်”
အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော သွေးဆာသည့်အငွေ့အသက်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“ဒါပေမဲ့ ငါ့မှာ မေးခွန်းတစ်ခုရှိတယ်။ ယွင်လန်ဓားအင်မော်တယ်က အမှန်အတိုင်းဖြေပေးမယ်လို့ မျှော်လင့်တယ်”
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဖိနှိပ်ထားသော တိုက်ခိုက်လိုစိတ်ကို ထုတ်ဖော်သည်။
“ငါတို့ ညီအစ်ကိုတစ်ရာရဲ့ သေဆုံးမှုနဲ့ မင်းက ပတ်သတ်နေတာလား”
လေပြင်းဓားပြ အုပ်စုတစ်ခုသည် ယွင်ထန့်တောရိုင်းမြေတွင် သေဆုံးသွားခဲ့သည်။ လေပြင်းဓားပြများက လူသတ်သမားကို တစ်ချိန်လုံး ရှာဖွေနေခဲ့သည်။
ထိုလူ၏စကားအဆုံးတွင် ကျန်လူများက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့၏ရှေ့တွင် ရပ်နေသော ချန်လင်းဟွေက စိုးရိမ်နေပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။
လေပြင်းဓားပြများက အရေအတွက်ကို အားကိုး၍ ခါးသီးအင်မော်တယ်နယ်မြေနှင့် ယွင်ထန့်တောရိုင်းမြေကို လွှမ်းမိုးထားသည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် သစ္စာရှိပြီး ယုံကြည်နိုင်သောကြောင့် အရေအတွက်ကို မှီခိုနိုင်ကြသည်။
ယခုအချိန်တွင် သူတို့၏အဖွဲ့က ပြိုကွဲနေပြီး ခါးသီးအင်မော်တယ်နယ်မြေမှ ထွက်လာရသော်လည်း အချင်းချင်း ထောက်ပံ့ပေးနေဆဲ ဖြစ်သည်။
ချန်လင်းဟွေက ယွင်လန်မြို့ကို မှီခိုရန် စီစဉ်ခဲ့သည်။ သူက ညီအစ်ကိုဟောင်းများကို စုစည်းပြီး လူတိုင်းအတွက် လမ်းသစ်ရှာပေးခဲ့သည်။
လေပြင်းဓားပြများက နောက်ခံမရှိလျှင် ယွင်ထန့်တောရိုင်းမြေတွင် သောင်းကျန်းနိုင်မည်မဟုတ်ပေ။
ချန်လင်းဟွေက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အံကြိတ်ထားသည်။
ဟန်မူယဲ့က ဝန်ခံလိုက်မည်ကို စိုးရိမ်နေသည်။
အကယ်၍ ဟန်မူယဲ့က လေပြင်းဓားပြအုပ်စု၏ သတ်ဖြတ်မှုတွင် ပါဝင်နေလျှင် လေပြင်းဓားပြများက သူ့လက်အောက်သို့ ဝင်ရောက်လာမည်မဟုတ်ပေ။
ထိုသို့ဆိုလျှင် သူတို့က သွားစရာနေရာ မရှိတော့ပေ။