← Chapters

အခန်း (၈၉၈)

Vol. 65 Ch. 898

အခန်း (၈၉၈)

Vol. 65 Ch. 898

“သူတို့ရဲ့ပျောက်ကွယ်မှုက တကယ်ပဲ ငါနဲ့ သက်ဆိုင်နေတယ်”

ဟန်မူယဲ့၏အသံကြောင့် ချန်လင်းဟွေ၏မျက်နှာက မျှော်လင့်ချက်ကင်းမဲ့သွားသည်။

အစိမ်းရောင်ချပ်ဝတ်နှင့် ဓားပြက သွေးဆာသောအငွေ့အသက်ကို ထုတ်လွှတ်သည်။

“မင်းက ယွင်လန်ဓားအင်မော်တယ် ဖြစ်သင့်ပါတယ်။ တကယ်ပွင့်လင်းတာပဲ”

ထိုလူက နက်ရှိုင်းသောအသံဖြင့် တည်ငြိမ်စွာဆက်ပြောသည်။

“လွန်ခဲ့တဲ့နှစ်တွေမှာ ငါက သဲလွန်စတချို့ ရထားခဲ့တယ်”

“သူတို့က မင်းကိုသတ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ဝိညာဉ်ပျက်စီးသွားကြတယ်”

သက်လတ်ပိုင်းအရွယ်လူက လက်သီးဆုပ်ထားပြီး လေးနက်စွာပြောသည်။

“ယွင်လန်ဓားအင်မော်တယ်၊ ဒါတွေအားလုံးကို မင်းလုပ်ခဲ့တာလား”

‘သူလုပ်ခဲ့တာလား’

လေထုက အေးခြသွားသည်။

လူတိုင်းက ဟန်မူယဲ့ကို ကြည့်နေကြသည်။

ထိုသို့ဆိုလျှင် သူတို့က ယနေ့တွင် သေဆုံးသည်အထိ တိုက်ခိုက်ရလိမ့်မည်။

‘ယွင်လန်ဓားအင်မော်တယ်ဆိုရင်ရော ဘာဖြစ်လဲ’

‘ဘယ်သူပဲဖြစ်ဖြစ် ငါတို့ညီအစ်ကိုတွေကိုသတ်ရင် တန်ဖိုးတစ်ခုပြန်ပေးရမယ်’

လေပြင်းဓားပြများက စည်းလုံးကြသည်။

ချန်လင်းဟွေက အံကြိတ်ပြီး လက်သီးဆုပ်ထားသည်။

“ငါမလုပ်ခဲ့ဘူး”

ဟန်မူယဲ့က ပြောလိုက်သည်။

သူက လိမ်ညာမည်မဟုတ်ပေ။

သူမလုပ်ခဲ့သော အရာတစ်ခုအတွက် အပြစ်တင်ခံရန် မလိုအပ်ပေ။

ဟန်မူယဲ့ကို ကြည့်နေသော လေပြင်းဓားပြများ၏ အမူအယာက ပြေလျော့သွားသည်။

သက်လတ်ပိုင်းအရွယ်လူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က လက်မြှောက်လိုက်သည်။

သူ့လက်ဝါးထဲမှ လှံတစ်စင်းထွက်လာသည်။

စစ်ပွဲဝိညာဉ်လှံ ....

လေပြင်းဓားပြများ အသုံးပြုခဲ့သည် စစ်ပွဲဝိညာဉ်လှံ ဖြစ်သည်။

‘သူက ငါတို့ညီအစ်ကိုတွေရဲ့ သေဆုံးမှုနဲ့ မသက်ဆိုင်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား’

ဟန်မူယဲ့က လက်ကို ထပ်မံဝှေ့ယမ်းလိုက်သောအခါတွင် ရွှေရောင်ပုံရိပ်များ ပေါ်လာကြသည်။

အကြွင်းအကျန်ဝိညာဉ်များ ဖြစ်ကြသည်။

ချန်လင်းဟွေနှင့် တခြားလူများက ရင်းနှီးသော်လည်း စိမ်းသက်နေသည့် အကြွင်းအကျန်ဝိညာဉ်များကို ကြည့်လိုက်ပြီး အံ့အားသင့်သွားကြသည်။

“ညီအစ်ကိုကျီကျန်း”

“ခေါင်းတုံးကြီး”

“အားဟယ်”

သူတို့စုစည်းထားသော တိုက်ခိုက်ခြင်းဆန္ဒက ချက်ချင်းပြိုကျသွားသည်။

လေပြင်းဓားပြများက ပြေးဝင်လာကြသည်။ အကြွင်းအကျန်ဝိညာဉ်များကလည်း စိတ်လှုပ်ရှားစွာ ပျံသန်းလာကြသည်။

ဟန်မူယဲ့က ဘေးတွင် တိတ်ဆိတ်စွာရပ်နေသည်။

သေခြင်းရှင်ခြင်းဖြင့် ခွဲခွာသွားခဲ့ရသည်။

ယခုအချိန်တွင် အကြွင်းအကျန်ဝိညာဉ်များသာ ကျန်တော့သည်။

ရယ်မောပြီး ဟိန်းဟောက်နေသော လေပြင်းဓားပြများကို ကြည့်လိုက်ပြီး ဟန်မူယဲ့က မဖော်ပြနိုင်သော ခံစားချက်ကို ခံစားလိုက်ရသည်။

သူက လူသားတစ်ယောက် ဖြစ်သောကြောင့် ထိုခံစားချက်များနှင့် မကင်းလွတ်နိုင်ပေ။

ထို့ကြောင့် ဘဝကို ပိုမိုတန်ဖိုးထားရမည်။

ထာဝရရှင်သန်ခြင်းကို ရှာဖွေနေခြင်းသည် ဘဝ၏ နောင်တများကို ဖြည့်ဆည်းပြီး ဆုံးရှုံးမည့်အရာများကို ကာကွယ်ရန်အတွက် ဖြစ်သည်။

ထိုအရာသည် ကျင့်ကြံခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။

ဟန်မူယဲ့၏ နှလုံးသားထဲတွင် ဆုံးဖြတ်ချက် ပြတ်သားသော မျိုးစေ့တစ်ခုက မသိလိုက်ဘဲ ပေါ်ထွက်လာခဲ့သည်။

သူ့လက်ထဲတွင်ရှိသော ဓားက သူအလိုရှိသောအရာများကို ကာကွယ်ရန်အတွက် ဖြစ်သည်။

ကျင့်ကြံခြင်းကလည်း ထိုသို့ပင် ဖြစ်သည်။

‘မဟာတာအိုက ဘာလဲ’

‘မဟာတာအိုရဲ့အလွန်မှာရော ဘာရှိနေတာလဲ’

‘ငါဂရုစိုက်တဲ့ အရာအားလုံးကို ငါ့ရဲ့တာအိုအဖြစ် ယူဆနိုင်မလား’

လူများ၏နှလုံးသားသည် ကောင်းခြင်း၊ ဆိုးခြင်းဖြင့် ပြည့်နှက်နေသည်။ သူ၏ တာအိုလမ်းစဉ်ကလည်း အတူတူပင်ဖြစ်သည်။

ရွှေအလင်းရောင်သည် သူ့ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာကြသည်။

ထိုအလင်းရောင်ကို တခြားလူများက မမြင်ရသော်လည်း အကြွင်းအကျန်ဝိညာဉ်များက ‌နွေးထွေးသော နေရောင်ခြည်ထဲတွင် ရောက်နေသည်ဟု ခံစားလိုက်ရသည်။

သူတို့က တစ်ဖက်သို့လှည့်ပြီး ဟန်မူယဲ့ကို ဦးညွတ်လိုက်ကြသည်။

အကယ်၍ ဟန်မူယဲ့က သူတို့ကို ကာကွယ်မပေးခဲ့လျှင် သူတို့၏ ဝိညာဉ်များက ပျောက်ကွယ်သွားလိမ့်မည်။

ဟန်မူယဲ့ကြောင့်သာ မဟုတ်လျှင် သူတို့က တခြားညီအစ်ကိုများနှင့် တွေ့နိုင်မည်မဟုတ်ပေ။

ထိုဝိညာဉ်များ၏ အပြုအမူကြောင့် ရယ်မောနေသော လေပြင်းဓားပြများက ရပ်တန့်သွားကြသည်။

ဟန်မူယဲ့ကို မေးခွန်းထုတ်ခဲ့သော သက်လတ်ပိုင်းအရွယ်လူက ဖြည်းဖြည်းချင်း ရှေ့တက်လာပြီး ဟန်မူယဲ့၏ရှေ့တွင် ရပ်တန့်လိုက်သည်။

သူက ခေါင်းငုံ့ပြီး ဒူးတစ်ဖက်ထောက်သည်။

အညံ့ခံသော အပြူအမူ ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် ဒူးထောက်၍ အရိုအသေပေးခြင်း မရှိပေ။

ထိုအပြုအမူကို လူသားလောကတွင်သာ မြင်နိုင်သည်။

“ကျန်ကျန့်က နှစ်ပေါင်း ၂၃၈,၀၀၀ ကျင့်ကြံပြီး အဆင့်နိမ့်ကမ္ဘာကနေ တက်လှမ်းလာခဲ့တယ်။ အင်မော်တယ်ကမ္ဘာရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ခါးသီးအင်မော်တယ်နယ်မြေကို သူခိုးတစ်ယောက်အနေနဲ့ ဝင်ရောက်ခဲ့တယ်။ ငါက ဘယ်သူ့ကိုမှ အညံ့မခံခဲ့ဘူး”

လူသားလောကမှ တက်လှမ်းလာသော အတုအယောင်အင်မော်တယ်တစ်ပါး၊ ကောင်းကင်ကို ဖီဆန်ပြီး ခါးသီးအင်မော်တယ်နယ်မြေ၏ သူခိုးတစ်ယောက် ဖြစ်လာခဲ့သည်။

ထိုလူမျိုးက တခြားလူများကို အညံ့ခံမည်မဟုတ်ပေ။

သူက အညံ့ခံရန် ရည်ရွယ်ချက်ရှိလျှင် ကောင်းကင်ကို ဖီဆန်ပြီး အင်‌မော်တယ်တစ်ပါး ဖြစ်လာနိုင်မည်မဟုတ်ပေ။

အဆင့်နိမ့်ကမ္ဘာမှ တက်လှမ်းလာသော အင်မော်တယ်အများစုသည် အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများကို အထင်သေးကြသည်။

အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများက လူသားလောက၏ ကျင့်ကြံသူများကို အချိန်ဖြုန်းပြီး ကျင့်ကြံနေသည်ဟု ထင်ကြသည်။ သို့သော် လူသားလောက၏ ကျင့်ကြံသူများက အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများကို မဟာတာအိုအကြောင်း နားမလည်ဟု ထင်ကြသည်။

“ယွင်လန်ဓားအင်မော်တယ်က ကတိစကားတစ်ခွန်းအတွက် မိုင်သန်းတစ်ရာခရီးစဉ်မှာ တိုက်ခိုက်ခဲ့တယ်”

“ယွင်လန်ဓားအင်မော်တယ်က အိမ်ခြေရာမဲ့ ကျင့်ကြံသူတွေအတွက် အိမ်တစ်လုံးပေးခဲ့တယ်”

“ယွင်လန်ဓားအင်မော်တယ်က ငါတို့ လေပြင်းဓားပြညီအစ်ကိုတွေရဲ့ အကြွင်းအကျန်ဝိညာဉ်ကို ထိန်းသိမ်းပေးထားတယ်”

ကျန်ကျန့်က ဓားတိုတစ်ချောင်းကို ထုတ်ယူပြီး လက်ဝါးပေါ်တွင် ဆွဲချလိုက်သည်။ ဓားသွားက လက်ဝါးကို ဖြတ်တောက်သွားပြီး သွေးများစီးကျလာသည်။

သူက သွေးများကို ဟန်မူယဲ့၏ခြေထောက်ပေါ်သို့ ပက်ဖြန်းလိုက်ပြီး မြေပြင်နှင့်ထိအောင် ဦးညွတ်သည်။

“ဒီနေ့မှာ ငါ ကျန်ကျန့်က ယွင်လန်မြို့ရဲ့ ယွင်လန်ဓားအင်မော်ကို ခစားမယ်။ ငါ့ဘဝမှာ နောင်တမရှိဘူး”

“ဒီနေ့မှာ ငါ တူရှန်စစ်က ယွင်လန်မြို့ရဲ့ ယွင်လန်ဓားအင်မော်ကို ခစားမယ်။ ငါ့ဘဝမှာ နောင်တမရှိဘူး”

“ဒီနေ့မှာ ငါ ယွီချန်က ယွင်လန်မြို့ရဲ့ ယွင်လန်ဓားအင်မော်ကို ခစားမယ်။ ငါ့ဘဝမှာ နောင်တမရှိဘူး”

....

လေပြင်းဓားပြ ကျွမ်းကျင်သူများက တစ်ဘောက်ပြီးတစ်ယောက် ဒူးထောက်ပြီး လက်ဝါးတွင် သွေးထုတ်၍ ဟန်မူယဲ့ကို ဦးညွတ်လိုက်ကြသည်။

ထိုသွေးကျိန်စာတွင် ကန့်သတ်ချက်များ သိပ်မရှိပေ။

သို့သော် နှလုံးသားမှလာသော ကျိန်ဆိုမှုသည် ကျင့်ကြံသူတိုင်းအတွက် အနှောင်အဖွဲ့တစ်ခု ဖြစ်နေလိမ့်မည်။

ထိုအရာသည် တခြားအရာများအားလုံးထက် ချည်နှောင်ထားနိုင်သည်။

“ငါက မင်းတို့က ဘာမှကတိမပေးနိုင်ဘူး”

ဟန်မူယဲ့က အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။ သူ့အကြည့်က အကြွင်းအကျန်ဝိညာဉ်များအပေါ်သို့ ရောက်သွားသည်။

“တစ်‌နေ့မှာ ဒီလောကရဲ့ အထွတ်အထိပ်ကိုရောက်ပြီး ယင်နဲ့ယန်ကို ပြောင်းလဲနိုင်မယ်ဆိုရင် မင်းတို့ကို ပြန်လည်မွေးဖွားနိုင်အောင် လုပ်ပေးမယ်”

လောက၏ အထွတ်အထိပ် ....

ယင်နှင့်ယန်ကို ပြောင်းလဲခြင်း ....

ထိုအရာသည် ကတိစကား မဟုတ်ပေ။

သို့သော် ကျန်ကျန့်နှင့် တခြားလူများအတွက် ထိုစကားသည် တခြားကတိစကားများထက် သာလွန်သည်။

သူတို့၏ ညီအစ်ကိုများက ပြန်လည်‌မွေးဖွားနိုင်ရန် အခွင့်အရေးရလိမ့်မည်။

အကြွင်းအကျန်ဝိညာဉ်သာ ရှိနေသော လေပြင်းဓားပြများက ပြန်လည်မမွေးဖွားနိုင်တော့ပေ။

အထွတ်အထိပ်ကောင်းကင်အဆင့်သို့ ရောက်သွားသော ကျွမ်းကျင်သူများကသာ အချိန်ကို နောက်ပြန်ရစ်ပြီး ယင်နှင့်ယန်ကိုပြောင်းလဲ၍ သူတို့ကို ပြန်လည်မွေးဖွားစေနိုင်မည်။

ဟန်မူယဲ့၏စကားက ဤလောကတွင်ရှိသော သူ၏ အဆင့်အတန်းကို ဖော်ပြနေသည်။ အနာဂတ်တွင် သူက အထွတ်အထိပ်ကောင်းကင်အဆင့်သို့ ရောက်သွားလိမ့်မည်။

ထိုအကြောင်းကို ရွှေအင်မော်တယ်များကပင် မတွေးရဲကြပေ။

ယွင်လန်ဓားအင်မော်တယ်က အမှန်တကယ်ပင် ထိုအတွေးမျိုး ရှိနေသည်။

အကယ်၍ ယွင်လန်ဓားအင်မော်တယ်က ထိုအဆင့်အထိ ရောက်သွားလျှင် သူ့နောက်သို့ လိုက်ပါလာသော လေပြင်းဓားပြများကလည်း စိတ်ကူးမယဉ်နိုင်သော ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ရလိမ့်မည်။

အစစ်အမှန် ကျွမ်းကျင်သူတစ်ယောက်၏ နောက်သို့ လိုက်ပါမှသာ လွတ်လပ်စွာ ကျင့်ကြံနိုင်လိမ့်မည်။

ဟန်မူယဲ့က နေရာတွင် ရပ်နေသည်။ သူက ထိုစကားများကို ပြောလိုက်ပြီး သက်သောင့်သက်သာရှိသွားသည်ဟု ခံစားလိုက်ရသည်။

သူက အမြဲတမ်း ထိုသို့ရည်ရွယ်ထားပြီး ထုတ်မပြောခဲ့ရုံသာ ဖြစ်သည်။

“မြို့သခင်၊ မိစ္ဆာအနှစ်သာရဂိုဏ်းက လေပြင်းဓားပြညီအစ်ကိုတွေကို အလစ်တိုက်ခဲ့တယ်။ သူတို့ကို လွှတ်မပေးနိုင်ဘူး”

ကျန်ကျန့်က မတ်တပ်ရပ်လိုက်ပြီး တီးတိုးပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းတို့ကို သုံးရက်အချိန်ပေးလိုက်မယ်”

သုံးရက်သည် လုံလောက်သည်။

မိစ္ဆာအနှစ်သာရဂိုဏ်းတွင် အကာအကွယ်အဖြစ် အဆင့်မြင့်ကျွမ်းကျင်သူမရှိပေ။ ဝင်္ကပါတွင် ကျွမ်းကျင်သော တာအိုတန်ခိုးရှင်လောယန်သာ ရှိနေသည်။

တာအိုတန်ခိုးရှင်လောယန်က ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ အမည်ခံတပည့်တစ်ယောက်ဖြစ်ပြီး ဟန်မူယဲ့၏လက်အောက်တွင် ရှိနေသည်။ လေပြင်းဓားပြများက မိစ္ဆာအနှစ်သာရဂိုဏ်းကို တိုက်ခိုက်တော့မည့်အချိန်တွင် သူက အကြောင်းပြချက်ရှာပြီး ထွက်သွားခဲ့သည်။

တစ်ရက်အတွင်း၌ လေပြင်းဓားပြများက မိစ္ဆာအနှစ်သာရဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ပြီး ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် မိစ္ဆာအနှစ်သာရဂိုဏ်း၏ ပြစ်မှုများ ပေါ်ထွက်လာသည်။

တောရိုင်းမြေတွင် သတ်ဖြတ်ခြင်း၊ ခါးသီးအင်မော်တယ်နယ်မြေမှ မိစ္ဆာများနှင့် အရောင်းအဝယ်ပြုလုပ်ခြင်း၊ အရင်းအမြစ်များကို လုယူခြင်း ....

မိစ္ဆာအနှစ်သာရဂိုဏ်းက ဂိုဏ်းဆယ်ဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့သည်။

“မိစ္ဆာအနှစ်သာရဂိုဏ်းက ဒီလိုပြစ်မှုတွေကို ကျူးလွန်ထားမယ်လို့ မထင်ခဲ့ဘူး”

“ဟားဟား၊ ကျန်းယွမ်ဘုရားကျောင်းက ဟာသပဲ”

တာအိုအင်အားစု၏ ဖြောင့်မတ်သော ကျန်းယွမ်ဘုရားကျောင်းသည် မိစ္ဆာအနှစ်သာရဂိုဏ်းကို ထောက်ပံ့ပေးပြီး မကောင်းသောလုပ်ရပ်များကို ကျူးလွန်နေခဲ့သည်။

တာအိုအင်အားစုအတွက် ဟာသဖြစ်သွားရသည်။

သို့သော် ဟာသသည် ခွန်အားအပေါ်တွင်လည်း မူတည်နေသည်။

မိစ္ဆာအနှစ်သာရဂိုဏ်း ပျက်စီးသွားပြီး နောက်တစ်နေ့တွင် ကျန်းယွမ်ဘုရားကျောင်း၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူသုံးယောက် ရောက်လာပြီး လေပြင်းဓားပြများကို တိုက်ခိုက်ခဲ့သည်။ သိန်းချီသော ဓားပြများက ရှုံးနိမ့်မှုကို ခံစားလိုက်ရသည်။

အကယ်၍ သူတို့က ခါးသီးအင်မော်တယ်နယ်မြေတွင် ရှိနေလျှင် လေပြင်းဓားပြများက လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူသုံးယောက်နှင့် ယှဉ်ပြိုင်ရဲသည်။

သူတို့ကို သတ်ပစ်ရန်ပင် ဖြစ်နိုင်သည်။

ယခုအချိန်တွင် လေပြင်းဓားပြများက နောက်ခံမရှိသောကြောင့် သူတို့ကို သတ်ဖြတ်ရန် ယုံကြည်ချက်နှင့် သတ္တိလည်း မရှိတော့ပေ။

သို့သော် လေပြင်းဓားပြများက ထွက်ပြေးရာတွင် ကျွမ်းကျင်ပြီး တစ်ရက်အကြာ၌ စစ်တပ်ကို ပြန်လည်စုစည်းလိုက်သည်။

သူတို့စုစည်းလိုက်သော နေရာသည် ယွင်လန်မြို့နှင့် မိုင်တစ်ထောင်အကွာတွင် ဖြစ်သည်။

“အိမ်မရှိတဲ့လူတွေက ယွင်လန်မြို့ကို အိမ်အဖြစ်သတ်မှတ်နိုင်တယ်လို့ ယွင်လန်ဓားအင်မော်တယ်က ပြောခဲ့တယ်”

“ဒီနေ့မှာ ငါတို့ လေပြင်းဓားပြညီအစ်ကိုတွေက သွားစရာမရှိတော့ဘူး။ ငါတို့က ယွင်လန်ဓားအင်မော်တယ်ရဲ့ လက်အောက်မှာ ခိုလှုံချင်တယ်။ ယွင်လန်ဓားအင်မော်တယ်က ငါတို့ကို လက်ခံရဲလား”

ရှေ့ဆုံးတွင်ရပ်နေသော ကျန်ကျန့်က မိုင်ထောင်ချီအကွာအထိ ပျံ့နှံ့သွားအောင် အော်ဟစ်လိုက်သည်။

သူ့ဘေးတွင် အစိမ်းရောင်ချပ်ဝတ်နှင့် စစ်သည်တချို့ ရှိနေကြသည်။

“အစ်ကိုကျန်၊ ယွင်လန်ဓားအင်မော်တယ်က ငြင်းလိုက်မယ်ဆိုရင် ကျွန်တော်တို့က မြှုပ်နှံစရာနေရာမရှိပဲ သေရလိမ့်မယ်”

မျက်နှာဖြူဖျော့နေသော လူငယ်တစ်ယောက်က တီးတိုးပြောသည်။

“ဟုတ်တယ်။ အစ်ကိုကြီးနဲ့ တခြားလူတွေသေသွားတဲ့အချိန်မှာ ကျွန်တော်တို့ လေပြင်းဓားပြတွေကို လူတိုင်းက အနိုင်ကျင့်နိုင်ကြတယ်။ ကျွန်တော်တို့က ....”

လူသန်ကြီးတစ်ယောက်က ဆက်မပြောနိုင်တော့ဘဲ အံတင်းတင်းကြိတ်ပြီး လှံရှည်ကို ဆုပ်ကိုင်ထားသည်။

သူတို့က တန်ဖိုးမရှိတော့ပေ။

ယွင်လန်ဓားအင်မော်တယ်က သူတို့အတွက် ကျန်းယွမ်ဘုရားကျောင်းကို အဘယ်ကြောင့် ရင်ဆိုင်မည်နည်း။

All Chapters