အခန်း (၉၀၁)
Vol. 65 Ch. 901
ကျန်းကျန်ပေါင်နှင့် တခြားလူများက ကြောင်အသွားကြသည်။
ဓားဆန္ဒနှင့် အေးစက်မှုကို ထုတ်လွှတ်နေသော ရွှေအင်မော်တယ်က ယခု ပေါ့ပါးစွာ စကားပြောနေသည်။
“ငါက ကျန်းထျန်းခန်းဆောင်ရဲ့ ခေါင်းဆောင် လီယွင်ကန်းပါ”
“ကောင်လေး၊ ငါတို့ တိုက်ခိုက်ကြည့်ကြမလား”
“ငါ့ရဲ့ကျင့်ကြံဆင့်ကို ကောင်းကင်အင်မော်တယ်အဆင့်အထိ လျော့ချထားလိုက်မယ်”
“မင်းဓားထုတ်လိုက်တဲ့ပုံစံက ငါ့ကို လက်ယားလာစေတယ်”
“စိတ်မပူပါနဲ့။ ငါက ဘာလုပ်နေတာလဲ သိပါတယ်။ မင်းကို မထိခိုက်စေရပါဘူး”
ဟန်မူယဲ့က ကျန်းထျန်းခန်းဆောင်၏ ခေါင်းဆောင်ဖြစ်သော လီယွင်ကန်း၏အကြောင်းကို ကြားဖူးသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တခြားခန်းဆောင်များတွင် ခန်းဆောင်သခင် တစ်ယောက်၊ နှစ်ယောက်ထပ်ပို၍ ရှိကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် လက်ရည်တူပြီး အဆင့်အတန်းခွဲခြားထားရန် မလိုအပ်ပေ။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် အဆင့်အတန်းနှင့်ပတ်သတ်၍ တင်းကျပ်သောဂိုဏ်းမျိုး မဟုတ်ပေ။
သို့သော် ကျန်းထျန်းခန်းဆောင်တွင် အဆင့်သတ်မှတ်ချက် ရှိသည်။
ရွှေအင်မော်တယ်ရှုမင်၏ စကားအရ ကျန်းထျန်းခန်းဆောင်၏ နွယ်စိမ်းဓားအင်မော်တယ် လီယွင်ကန်းသည် နှစ်ပေါင်းတစ်သိန်းအချိန်ယူ၍ ကျန်းထျန်းခန်းဆောင်သခင်ကို အနိုင်ရပြီး နံပတ်တစ်ဖြစ်လာခဲ့သည်။
တခြားလူများ၏ တိုက်ခိုက်နိုင်စွမ်းကိုလည်း လီယွင်ကန်းနှင့် တိုက်ပွဲများအပေါ်တွင် အခြေခံ၍ ဒုတိယခန်းဆောင်သခင်မှစ၍ နဝမခန်းဆောင်သခင်အထိ အဆင့်ခွဲထားသည်။
“မင်းက နွယ်စိမ်းဓားအင်မော်တယ်နဲ့ တွေ့လာရင် မတိုက်ခိုက်နဲ့”
“အဲဒီကောင်က တခြားလူတွေကို အမြဲတမ်းတွယ်ကပ်နေတာမလို့ နွယ်စိမ်းဆိုပြီး နာမည်ရလာတာ”
ရွှေအင်မော်တယ်ရှုမင်က ဟန်မူယဲ့ကို ထိုသို့ ပြောခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် တိုက်ပွဲနှင့် အနားယူခြင်းကို မျှတစွာ ပြုလုပ်ရမည်။
သို့သော် ကျင့်ကြံရန် အချိန်မပေးဘဲ နေ့တိုင်းနှောင့်ယှက်နေသော လူတစ်ယောက်နှင့်တွေ့လာလျှင် မည်သူက စိတ်မရှုပ်ဘဲ နေနိုင်မည်နည်း။
“အမ်၊ ရှုမင်က မင်းကို ငါ့ရဲ့နာမည် ပြောခဲ့တာလား။ နွယ်စိမ်းဆိုတာလေ”
ဟန်မူယဲ့က တုံ့ဆိုင်းနေသောအခါတွင် လီယွင်ကန်းက စိုက်ကြည့်လိုက်ပြီး တိုက်ရိုက်မေးသည်။
“အကြီးအကဲနွယ်စိမ်းက ကျန်းထျန်းခန်းဆောင်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ကျွန်တော်က ကျန်းထျန်းခန်းဆောင်ရဲ့ မျိုးဆက်သစ်တပည့်တစ်ယောက်ပါ။ လူငယ်တစ်ယောက်က အကြီးအကဲတစ်ယောက်ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
သူ့မှာ လျှို့ဝှက်ချက်များ ရှိနေသည်။
သူက အမြဲမပြတ် အနှောင့်အယှက်ပေးတတ်သော ရွှေအင်မော်တယ်တစ်ပါးနှင့် မတိုက်ခိုက်လိုပေ။
“ခေါင်းဆောင်နဲ့တပည့်ဆိုတာ ဘာလဲ။ ငါတို့ ကျန်းထျန်းခန်းဆောင်မှာ အဲဒီလို စည်းကမ်းတွေ မရှိပါဘူး”
လီယွင်ကန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး ဓားအလင်းကို ထုတ်ဖော်သည်။
ဓားအလင်းက ကြည်လင်ပြီး တောက်ပနေသည်။ ဓားအလင်းကို ဝှေ့ယမ်းလိုက်သောအခါတွင် ဇောင်ပိုင်ချွမ်နှင့် တခြားလူများက ခန်းဆောင်ထဲမှ လွင့်ထွက်သွားကြသည်။
ထို့နောက် ခန်းဆောင်၏တံခါးက ဘန်းခနဲ ပိတ်သွားသည်။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
‘သူက တည်တည်ငြိမ်ငြိမ်နဲ့ သတိထားပြီး ဆောင်ရွက်ရမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဒါက ဘာလဲ’
“ခလွမ် ....”
ခန်းဆောင်ထဲတွင် ဓားများထိတွေ့သွားသောအသံကို ကြားနိုင်သည်။
“ကောင်းလိုက်တဲ့ဓားနည်းစနစ်ပဲ”
လီယွင်ကန်းက ထူးဆန်းစွာရယ်သည်။
ထို့နောက် ရွှေရောင်အင်မော်တယ်အလင်းသည် ခန်းဆောင်၏အပြင်ဘက်တွင် တောက်ပလာသည်။ မြို့စောင့်ဝင်္ကပါ၏ အလင်းလွှာက လူတိုင်း၏ စူးစမ်းမှုကို တားဆီးလိုက်သည်။
“မြို့သခင်က အလေးအနက်ထားပြီး တိုက်ခိုက်တော့မှာလား”
ရှဲ့ချောင်ယန်က ထူးဆန်းသောမျက်နှာထားဖြင့် တီးတိုးမေးသည်။
“မြို့သခင်က ကျန်းထျန်းခန်းဆောင်သခင်နဲ့ ယှဉ်လိုက်ရင် ဘယ်လိုနေမလဲမသိဘူး”
ဇောင်ပိုင်ချွမ်က တီးတိုးပြောသည်။
ထို့နောက် သူက ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားသည်။
“ထားလိုက်ပါတော့။ ဒါက ငါတို့နဲ့မှ မဆိုင်တာ”
“မြို့သခင်က ဝိညာဉ်ဓားရွှေအင်မော်တယ်ရဲ့ ဓားချက်ကို တားဆီးပြီး ယွင်လန်မြို့ကို ကာကွယ်ပေးခဲ့တယ်။
“အနာဂတ်မှာ ယွင်လန်မြို့က ယွင်ထန့်တောရိုင်းမြေရဲ့ တော်ဝင်နယ်မြေ ဖြစ်လာလိမ့်မယ်။ ငါတို့အားလုံး အလုပ်များနေကြလိမ့်မယ်”
အလုပ်များနေမည်။
အလုပ်များနေလျှင် ကောင်းသည်။
လူတိုင်းက ပြုံးလိုက်ကြသည်။
ယနေ့တိုက်ပွဲအပြီးတွင် ယွင်လန်မြို့ကို ယွင်ထန့်တောရိုင်းမြေ၏ အင်အားစုများအားလုံးက လက်ခံလိုက်ရသည်။ သူတို့က အင်မော်တယ်ကျင့်ကြံသူများနှင့် အမှန်တကယ် ပေါင်းစပ်နိုင်ခဲ့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ယွင်လန်မြို့ကို အိမ်အဖြစ်သတ်မှတ်ရန် ရောက်လာကြလိမ့်မည်။
ထိုမြို့ကို စီမံပေးရန်အတွက် သူတို့က တာဝန်ယူထားရသည်။ ထိုတာဝန်က လေးလံသော်လည်း ကျေနပ်စရာကောင်းသည်။
ခန်းဆောင်ထဲတွင် ဓားတစ်လက်ကိုင်ထားသော လီယွင်ကန်း၏မျက်နှာထားက လေးနက်နေသည်။
သူ့ရှေ့တွင် ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဓားအလင်းတစ်ခုကို ထိန်းချုပ်နေသည်။
သူက ဓားထိန်းချုပ်နည်းစနစ်ဖြင့် ကျင့်ကြံဆင့်ဖိနှိပ်ထားသော လီယွင်ကန်းကို တားဆီးနိုင်သည်။
လီယွင်ကန်းက ဟန်မူယဲ့၏ အငွေ့အသက်မျိုးကို ကျန်းထျန်းခန်းဆောင်၏ ထိပ်တန်းကျွမ်းကျင်သူငါးယောက်တွင်သာ မြင်ဖူးသည်။
“မင်းရဲ့ ဓားဆန္ဒက နာမည်မရှိတဲ့ တပည့်တစ်ယောက် ပိုင်ဆိုင်နိုင်တာမျိုး မဟုတ်ဘူး”
လီယွင်ကန်းက ဓားဖြင့်ညွှန်ပြပြီး အော်ဟစ်လိုက်သည်။
သူ့လက်ထဲတွင်ရှိသော ဓားက အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏လည်ပင်းကို ထိုးချသည်။
ထိုဓားက အလွန်လျင်မြန်ပြီး ဟန်မူယဲ့ကို မထိခိုက်စေဟု သူပြောခဲ့သောစကားနှင့် မကိုက်ညီပေ။
အကယ်၍ ဟန်မူယဲ့က အချိန်မီမတုံ့ပြန်နိုင်လျှင် ထိုဓားချက်ကြောင့် သေဆုံးသွားလိမ့်မည်။
‘ဘယ်သူက ဓားရူးလဲ’
‘ဘယ်သူက ဂရုမစိုက်ဘဲ ဆောင်ရွက်နေတာလဲ’
ကျန်းထျန်းခန်းဆောင်သခင်က အပြောနှင့်အလုပ် မညီပေ။
သို့သော် ဓားက ဟန်မူယဲ့နှင့် ဆယ်ပေအကွာသို့ မရောက်ခင် လီယွင်ကန်း၏မျက်နှာက အေးစက်သွားပြီး ဦးတည်ချက်ပြောင်းလဲ၍ ရေပြင်ညီအတိုင်း ခုတ်ချလိုက်ရသည်။
လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်စွာရပ်နေသော ဟန်မူယဲ့က ဓားကို ထိန်းချုပ်ပြီး သူ့ကို တိုက်ခိုက်လာသည်။
‘ကျန်းထျန်းခန်းဆောင်ရဲ့ မျိုးဆက်သစ်လေးက ခန်းဆောင်သခင်ကို လေးစားမှုမရှိဘူးပဲ။ သူ့ဓားက ငါ့ထက်တောင် မြန်နေသေးတယ်’
‘ပြီးတော့ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အစွမ်းကုန်ထုတ်သုံးဖို့ အစီအစဉ်မရှိဘူး’
‘ဒီကလေးက ငါ့ကို အထင်သေးနေတာလား’
‘ဒီလိုပုံစံမျိုးကို ဘယ်သူက သည်းခံနိုင်မှာလဲ’
“ခလွမ် ....”
လီယွင်ကန်းက ကျဆင်းလာသောဓားရှည်ကို တွန်းထုတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
သို့သော် သူက လှုပ်ရှားလိုက်သောအချိန်တွင် မျက်နှာထားပြောင်းလဲသွားသည်။
သူ့ဘေးတွင် အေးစက်သောအလင်းကို သယ်ဆောင်ထားသည့် ဓားရှည်က ညင်သာစွာလည်ပတ်နေပြီး သူ့ကို တားဆီးထားသည်။
“မင်းက ငါ့ရဲ့ ဓားနည်းစနစ်ကို ထွင်းဖောက်မြင်နိုင်တာလား။ ဒါမှမဟုတ် အချိန်နဲ့ တည်နေရာစွမ်းအားကို ထိန်းချုပ်နိုင်တာလား”
လီယွင်ကန်း၏မျက်နှာထားက လေးနက်နေပြီး လမ်းပိတ်ထားသောဓားကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် ဟန်မူယဲ့ကိုကြည့်ပြီး တီးတိုးပြောသည်။
ဟန်မူယဲ့က ပြန်မဖြေပေ။
သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တိတ်ဆိတ်နေသည်။
‘ပြန်ဖြေဖို့တောင် စိတ်မဝင်စားဘူးလား’
တခြားရွှေအင်မော်တယ်များဆိုလျှင် ဤနေရာတွင် ဆက်မနေပဲ ထွက်သွားကြလိမ့်မည်။
သို့သော် နွယ်စိမ်းဓားအင်မော်တယ်က မတူပေ။
သူက အေးစက်စွာ ဆက်ဆံခံရသောပုံစံနှင့် အသားကျနေပုံပေါ်သည်။
လီယွင်ကန်း၏မျက်နှာက အနည်းငယ် ရှုံ့တွသွားသည်။ သူက လက်မြှောက်လိုက်ပြီး ကိုးထပ်ဓားမျှော်စင်ကို ဆင့်ခေါ်သည်။
“ကောင်လေး၊ မင်းမှာလည်း ဓားမျှော်စင်တစ်ခုရှိတာကို ငါသိတယ်။ ဒီပစ္စည်းက ငါတို့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ရှားပါးရတနာတစ်ခုပဲ”
“အဲဒီတော့ မင်းက ငါနဲ့ ကောင်းကောင်းတိုက်ခိုက်လေ။ မင်းနိုင်သွားရင် ဒီဓားမျှော်စင်ကို ပေးလိုက်မယ်”
ကိုးထပ်ဓားမျှော်စင် ....
ဟန်မူယဲ့တွင် လေးခုရှိနေသည်။
သို့သော် သူက အထောက်အထားကို ဖုံးကွယ်ရန်အတွက် မဟာတာအိုကို ဖိနှိပ်ပြီး ကိုးထပ်ဓားမျှော်စင်တစ်ခုကို လူသားလောကတွင် ချန်ရစ်ခဲ့သည်။ တခြားသုံးခုကိုလည်း အသုံးမပြုခဲ့ပေ။
တာအိုဂိုဏ်း၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါတွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်သုံးခဲ့သည်။
ထိုအချိန်တွင် သူ၏ ခွန်အားနှင့် အဆင့်အတန်းက ကိုးထပ်ဓားမျှော်စင်နှင့် ထိုက်တန်သည်ဟု ခံစားရသောကြောင့် ထုတ်ပြခဲ့သည်။
သူက ကိုးထပ်ဓားမျှော်စင်၏ တန်ဖိုးကို ရွှေအင်မော်တယ်ရှုမင်၏ ဓားမှတစ်ဆင့် သိခဲ့ရသည်။
ဓားမျှော်စင်ကိုးခုကို ပေါင်းစပ်လိုက်လျှင် အဖိုးတန်ရတနာတစ်ခု ဖြစ်လာမည်။ ထိုရတနာက အမှတ်အသားတစ်ခုလည်း ဖြစ်ပုံရသည်။
ဓားမျှော်စင်များက နေရာအနှံ့တွင် ပြန့်ကျဲနေပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်မည်ဟု မထင်ခဲ့ပေ။
လွန်ခဲ့သောနှစ်များတွင် ကိုးထပ်ဓားမျှော်စင်သည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ သင်္ကေတတစ်ခု ဖြစ်လာသည်။
ဓားဂိုဏ်း၏ တပည့်များက ဓားဝင်္ကပါကို ကျင့်ကြံပြီး ဓားမျှော်စင်များကို သန့်စင်ကြသည်။
လူသားလောကတွင် ဓားစံအိမ်၏ အထပ်အမြင့်နှင့် ဓားကျင့်ကြံသူများ၏ ကျင့်ကြံဆင့်ကို ခွဲခြားသည်။ အင်မော်တယ်ကမ္ဘာ၏ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ လူများကလည်း ထိုသို့ သတ်မှတ်ကြသည်။
လုံလောက်သောခွန်အားကို ပိုင်ဆိုင်မှသာ ကိုးထပ်ဓားမျှော်စင်ကို ထိန်းချုပ်နိုင်သည်။
ဟန်မူယဲ့က လီယွင်ကန်း၏ ကိုးထပ်ဓားမျှော်စင်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
ဓားမျှော်စင်တစ်ခုကို ရရှိရန် မလွယ်ကူပေ။
ထို့အပြင် ဟန်မူယဲ့က ဓားမျှော်စင်တစ်ခုကို ထုတ်ပြထားသည်။ သူက တခြားဓားမျှော်စင်ကို စိတ်မဝင်စားလျှင် လီယွင်ကန်းက သူ့ကို သံသယဝင်သွားနိုင်သည်။
“ခေါင်းဆောင်နွယ်စိမ်း၊ ကျင့်ကြံဆင့်ကို ဖိနှိပ်မထားရင် အကောင်းဆုံးပဲ”
ဟန်မူယဲ့၏စကားကြောင့် လီယွင်ကန်း၏မျက်နှာက အရုပ်ဆိုးသွားသည်။
လူများက မျက်နှာကို ဂရုစိုက်ပြီး သစ်ပင်များက သစ်ခေါက်ကို ဂရုစိုက်ကြသည်။
‘ငါ့ကို တမင်သက်သက် မျက်နှာပျက်အောင် လုပ်နေတာလား’
“စိတ်မပူပါနဲ့ကောင်လေး။ ငါက မင်းကို အခွင့်ကောင်းမယူပါဘူး”
သူက စကားအဆုံးတွင် လက်ကို လှုပ်ရှားပြီး ဓားမျှော်စင်ကို ပြန်သိမ်းလိုက်သည်။ ဓားအလင်းသည် အလွန်တောက်ပနေပြီး ဟန်မူယဲ့၏ ဦးခေါင်းဆီသို့ တိုးဝင်လာသည်။
ထိုဓားချက်သည် လေဟာနယ်လမ်းကြောင်းအဆင့် ကောင်းကင်အင်မော်တယ်၏ ခွန်အားထက် မကျော်လွန်ပေ။
သို့သော် ထိုဓားချက်တွင် ပါဝင်နေသော ဓားတာအို၏ ဉာဏ်အလင်းသည် လေဟာနယ်လမ်းကြောင်း ကောင်းကင်အင်မော်တယ်အဆင့်ထက် ကျော်လွန်နေသည်။
ဓားအလင်းသည် လေဟာနယ်ကို ထိုးခွဲသွားသည်။
လီယွင်ကန်းက ထုံးစံအတိုင်း အပြောနှင့်အလုပ် မညီပေ။
သူက အခွင့်ကောင်းမယူဟု ပြောခဲ့သော်လည်း မြင့်မားသောဉာဏ်အလင်းကို ထုတ်သုံးခဲ့သည်။
သို့သော် လက်နှစ်ဖက်ကို နောက်ပစ်ထားသော ဟန်မူယဲ့က ခေါင်းခါလိုက်သည်။
‘ကောင်းကင်အင်မော်တယ်အဆင့်မှာပဲ ရှိသေးတာလား’
သူက အဆင့်တူကျင့်ကြံသူများကို အထင်မကြီးပေ။
သူက ယွင်ထန့်တောရိုင်းမြေသို့ ရောက်လာသောအခါတွင် နာမည်တစ်ခုသာ ရှိခဲ့သည်။
ပြိုင်ဘက်ကင်းဟန် ဖြစ်သည်။
ဓားတစ်လက်ဖြင့် ပြိုင်ဘက်ကင်းသည်။
ဟန်မူယဲ့က လက်ကို မလှုပ်ရှားပဲ ဝိညာဉ်စွမ်းအားဖြင့် ဓားကို ထိန်းချုပ်လိုက်သည်။ သူ၏ အစိမ်းရောင်ဓားသွားသည် လီယွင်ကန်း၏ ဓားအလင်းကို ချိုးဖောက်သွားသည်။
“ခလွမ် ....”
ဓားဦးထိပ်သည် လီယွင်ကန်းနှင့် သုံးပေအကွာသို့ ရောက်သွားပြီး ရပ်တန့်နေသည်။ ထို့နောက် တုန်ခါသွားပြီး နောက်ဆုတ်လာသည်။
ဓားကျင့်ကြံသူတစ်ယောက်၏ သုံးပေပတ်ဝန်းကျင်သည် နောက်ဆုံးထိန်းချုပ်နိုင်သော အကွာအဝေး ဖြစ်သည်။
လီယွင်ကန်းက ဓားကိုင်ထားပြီး ရပ်နေသည်။ သူက မျက်ခမ်းစပ်များ တွန့်နေပြီး တိုက်ခိုက်ခြင်းဆန္ဒကို ထုတ်ဖော်သည်။
သို့သော် ထပ်မံ မတိုက်ခိုက်ခဲ့ပေ။
ဟန်မူယဲ့က သူ့ကို မျက်နှာသာပေးပြီး အားလျော့ထားခဲ့သည်။
သူက ဉာဏ်အလင်းတချို့ကို ထုတ်သုံးခဲ့သော်လည်း ရလဒ်က အတူတူပင်ဖြစ်သည်။
“ဒီဓားက စိတ်ဝင်စားစရာပဲ။ ငါက မင်းကို အထင်သေးမိသွားတယ်”
လီယွင်ကန်းက ရေရွတ်လိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်၍ နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။
“ဘာဖြစ်လို့လဲ။ အကြီးအကဲက ဆက်ပြီး မတိုက်ခိုက်ချင်တော့ဘူးလား”
ဟန်မူယဲ့က သူ့ကို ကြည့်လိုက်သည်။
“တိုက်ခိုက်မှာပေါ့”
လီယွင်ကန်းက ဓားရှည်ကို သိမ်းလိုက်ပြီး မုတ်ဆိတ်မွေးကိုပွတ်သတ်၍ ပျောက်ကွယ်သွားသည်။ သူ၏ စကားသံကိုသာ ကြားရတော့သည်။
“ဒါပေမဲ့ ငါက မင်းရဲ့တိုက်ခိုက်မှုကို လေ့လာရအုံးမယ်။ မင်းရဲ့နည်းလမ်းတွေက မဆိုးဘူး”
“မနက်ဖြန်ကျရင် ပြန်လာခဲ့မယ်။ မဟုတ်သေးဘူး။ သဘက်ခါကျမှ ပြန်လာမယ်”
ရွှေအင်မော်တယ်တစ်ပါးကို တားဆီးနိုင်သော မြို့စောင့်ဝင်္ကပါသည် ကျန်းထျန်းခန်းဆောင်သခင်ကို မတားဆီးနိုင်ခဲ့ပေ။
ခန်းဆောင်၏အပြင်ဘက်တွင် ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ ရွှေရောင်အလင်းလွှာက ပျောက်ကွယ်သွားသည်။
‘ထွက်သွားပြီပဲ’
ဟန်မူယဲ့က ခေါင်းခါလိုက်သည်။
နွယ်စိမ်းဓားအင်မော်တယ်က နာမည်နှင့်လိုက်ဖက်သည်။ ဟန်မူယဲ့က ခေါင်းကိုက်နေရသည်။
သူက အနာဂတ်တွင် ပိုမိုဂရုစိုက်ရမည်။