← Chapters

အခန်း (၉၀၅)

Vol. 65 Ch. 905

အခန်း (၉၀၅)

Vol. 65 Ch. 905

သွေးစစ်ပွဲဂိုဏ်းမှ ကျွမ်းကျင်သူ၏စကားကို ကြားလိုက်ရသောအခါတွင် သံမဏိချပ်ဝတ်ဂိုဏ်း၏ လူသန်ကြီးက ဟန်မူယဲ့ကို သတိထားပြီး ကြည့်လိုက်သည်။

သူက ဂနာမငြိမ်ဖြစ်နေသော ခရမ်းရောင်ကျားသစ်ကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ထားပြီး ဟန်မူယဲ့နှင့် သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူကို တစ်လှည့်စီကြည့်နေသည်။

ဟန်မူယဲ့က သက်တောင့်သက်သာရှိနေသော်လည်း အားနည်းသူတစ်ယောက် မဟုတ်နိုင်ပေ။

တောရိုင်းမြေတွင် လျှောက်သွားနိုင်သော ဓားကျင့်ကြံသူများက သန်မာကြသည်။

“ငါက ခရမ်းကျားသစ်သန္ဓေသားကို စိတ်မဝင်စားဘူး”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး လက်မြှောက်၍ နောက်ကျောတွင်ရှိသော ဓားနှစ်လက်ကို ဆုပ်ကိုင်သည်။

သူက ဓားကို ဆုပ်ကိုင်လိုက်သောအချိန်တွင် သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူက သွေးအလင်းကို ထုတ်လွှတ်လိုက်သည်။

ပြိုင်ဘက်၏ ခွန်အားကို စစ်ဆေးသည်။

တိုက်ခိုက်ခြင်းဆန္ဒများ ထိတွေ့သွားသည်။

သတ်ဖြတ်ခြင်းဆန္ဒများ ပေါ်ထွက်လာကြသည်။

“ခလွမ် ....”

လှံရှည်က ဓားသွားကို တားဆီးလိုက်သည်။ သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူက မျက်နှာထားပြောင်းလဲသွားပြီး လျင်မြန်စွာနောက်ဆုတ်သည်။

“ခလွမ် ....”

သူက လက်မြှောက်ပြီး ခေါင်းပေါ်သို့ ကျဆင်းလာသော ဓားချက်ကို တားဆီးသည်။

နောက်ဆုတ်ပေးလိုက်ရပြန်သည်။

“ခလွမ် ....”

ဓားသွားများက သူ့ရှေ့နှင့် ဘေးတွင် တစ်ပြိုင်နက်ပေါ်လာကြသည်။

“ဟမ့်”

သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူက တောက်ပနေသော မျက်လုံးများဖြင့် လှံရှည်ကို လှုပ်ရှားလိုက်သည်။ လှံရှည်က စက်ဝိုင်းသဏ္ဍာန် လှုပ်ရှားသွားပြီး ဓားသွားနှစ်ခုကို ဖယ်ထုတ်သည်။

“ဖိနှိပ်စမ်း”

သူက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး သွေးချီကို ဖြန့်ထုတ်လိုက်သည်။

အဆုံးတွင် ဟန်မူယဲ့က ဓားနှစ်လက်ကိုင်ထားပြီး ပေသုံးဆယ်အကွာတွင် ပေါ်လာသည်။

သွေးချီ၏ ဝိညာဉ်စွမ်းအားသည် သတ်ဖြတ်ခြင်းဆန္ဒကို အာရုံခံနိုင်သည်။ အကယ်၍ ဟန်မူယဲ့က ထပ်မံတိုက်ခိုက်ခဲ့လျှင်ပင် အောင်မြင်နိုင်မည်မဟုတ်ပေ။

သို့သော် ဟန်မူယဲ့က သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူကို အလစ်တိုက်၍ အနိုင်ယူရန် စီစဉ်မထားပေ။

“ငါက သွေးစစ်ပွဲဂိုဏ်းရဲ့ ကျားလင်ထောင်ပဲ။ မင်းက ဘယ်သူလဲ”

သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူက ဟန်မူယဲ့ကို လှံရှည်ဖြင့် ညွှန်ပြလိုက်ပြီး အေးစက်စွာပြောသည်။

“ဒီလိုဓားနည်းစနစ်မျိုးကို ပိုင်ဆိုင်ထားတဲ့ ဓားကျင့်ကြံသူက တောရိုင်းမြေမှာ သိပ်မရှိဘူး”

သံမဏိချပ်ဝတ်ဂိုဏ်း၏ လူသန်ကြီးက လေးနက်‌သောမျက်နှာထားဖြင့် ခေါင်းငုံ့ထားသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ဓားနှစ်လက်ဖြင့် ညွှန်ပြသည်။

“ငါ့ဓားချက်ကို ခုခံနိုင်တဲ့လူကပဲ ငါ့နာမည်ကို သိခွင့်ရှိတယ်”

သူက စကားအဆုံးတွင် ဓားဖြင့် ထိုးချလိုက်သည်။

လျင်မြန်သည်။

သူ့ဓားချက်တွင် လျင်မြန်မှုသာ ရှိနေသည်။

ဓားသွားက တစ်လက်မချင်းစီ ရှေ့တိုးသွားသည်ဟု ထင်ရသော်လည်း မရေမတွက်နိုင်သော ဓားချက်များ ပါဝင်နေခဲ့သည်။

ဓားချက်တိုင်းကို အလင်းတန်းအဖြစ်သာ မြင်ရသည်။

သို့သော် သန်းချီနေသော ဓားအလင်းများက စုပေါင်းသွားပြီး လေဟာနယ်ကို ထိုးခွဲလိုက်သည်။

ကျားလင်ထောင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး ခပ်အုပ်အုပ်အော်ဟစ်လိုက်သည်။

“လေဟာနယ်လမ်းကြောင်း အထွတ်အထိပ်အဆင့်”

သို့သော် သူ၏ အတွေ့အကြုံအရ လေဟာနယ်လမ်းကြောင်း အထွတ်အထိပ်အဆင့်တွင်ရှိသော ကျင့်ကြံသူကပင် ထိုဓားချက်မျိုးကို မထုတ်ဖော်နိုင်ပေ။

‘တောရိုင်းမြေမှာ ဒီလိုဓားကျင့်ကြံသူမျိုး ဘယ်တုန်းကပေါ်လာတာလဲ’

သူက သတိမလွတ်ရဲဘဲ လှံရှည်ဖြင့် ဓားအလင်းကို ရိုက်ချသည်။

ဓားသည် တစ်လက်မချင်းစီ ခွန်အားပိုတိုးလာသည်။

ထိုဓားက သူ့ဆီသို့ ရောက်လာလျှင် သူက ခုခံနိုင်မည်မဟုတ်ပေ။

“ကောင်းကင်လေပြင်း၊ သွေးစွန်းတိုက်ပွဲ ....”

လှံရှည်က လေပြင်းများကို ထုတ်လွှတ်လိုက်ပြီး ဓားအလင်းဖြင့် ရင်ဆိုင်သည်။

သွေးရောင်အလင်းသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။ လှံရှည်သည် မရေမတွက်နိုင်သော ဓားချက်များ၏ခွန်အားကို မခုခံနိုင်ဘဲ ဆက်တိုက်တုန်ခါလျက် နောက်ဆုတ်သွားရသည်။

သို့သော် ကျားလင်ထောင်က သွေးချီကို ထုတ်လွှတ်နေပြီး ကြမ်းတမ်းသောမျက်နှာထားဖြင့် လှံရှည်ကို ဖိချသည်။

လှံရှည်က ပျက်စီးသွားလျှင်ပင် သူက နောက်ဆုတ်မည်မဟုတ်ပေ။

သွေးစစ်ပွဲဂိုဏ်းက နာမည်ကြီးထိုက်သည်။

“ရွှပ် ....”

ဓားသွားက လှံရှည်ပေါ်တွင် အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့ပြီး အင်မော်တယ်အင်းကွက်များကို ပျက်စီးသွားစေသည်။

ထို့နောက် ဒုတိယမြောက်ဓားရှည်သည် ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး တည့်မတ်စွာဝင်ရောက်လာသည်။

“ခလွမ် ....”

ထိုဓားရှည်က ပထမဓားချက်ကြောင့် အင်မော်တယ်အင်းကွက်များ ပျက်စီးသွားသော လှံရှည်၏အစိတ်အပိုင်းကို တိကျစွာ တိုက်ခိုက်လိုက်သည်။

ကျားလင်ထောင်၏မျက်နှာထားက မှုန်မှိုင်းနေသည်။ သူက လှံရှည်ကို ဆွဲယူလိုက်ပြီး ရင်ဘတ်ဆီသို့ တိုးဝင်လာသော ဓားရှည်ကို လျစ်လျူရှု၍ ဟန်မူယဲ့၏ လည်ပင်းကို ထိုးစိုက်သည်။

လှံရှည်သည် ရှေ့တိုးသွားလျှင် ပိုမိုသန်မာလာလိမ့်မည်။

“ခလွမ် ....”

လှံရှည်က ဟန်မူယဲ့ဆီသို့ မရောက်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဓားရှည်က ထပ်မံပေါ်ထွက်လာပြီး လှံ၏ ထိခိုက်ထားသောနေရာကို ဆက်လက်တိုက်ခိုက်လိုက်သည်။ အင်မော်တယ်ရတနာအဆင့်နှင့် နီးကပ်နေသော လှံရှည်က ကျိုးပျက်သွားခဲ့သည်။

တိုက်ပွဲသည် အစမှအဆုံးထိ အသက်တစ်ခါရှူကြိမ်ခန့်ပင် မကြာခဲ့ပေ။ သို့သော် သွေးစစ်ပွဲဂိုဏ်းမှ ကောင်းကင်အင်မော်တယ်၏ လှံရှည်က ပျက်စီးသွားခဲ့သည်။

ကျားလင်ထောင်က အံကြိတ်ပြီး နောက်ဆုတ်သည်။ သူက လှံကျိုးကို ကိုင်ထားပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

သိပ်မဝေးသောနေရာတွင် သံမဏိချပ်ဝတ်ဂိုဏ်း၏ လူသန်ကြီးက တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေသည်။

“အားနည်းတယ်”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးသည်။ ထို့နောက် လက်ထဲတွင်ရှိသော ဓားကို ရုတ်တရက် လှုပ်ရှားလိုက်သည်။

ကျားလင်ထောင်က လက်ထဲတွင်ရှိသော လှံကျိုးကို ဟန်မူယဲ့ဆီသို့ ပစ်သွင်းလိုက်သည်။ ထို့နောက် ခြေတစ်လှမ်းနောက်ဆုတ်ပြီး လေဟာနယ်အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားသည်။

ဟန်မူယဲ့က စိတ်ပျက်သွားပြီး ဖြည်းဖြည်းချင်း ဓားကိုပြန်သိမ်းသည်။

သွေးစစ်ပွဲဂိုဏ်း၏ ကျားလင်ထောင်က တိုက်ခိုက်ခြင်းဆန္ဒ သိပ်မရှိတော့ပေ။

သွေးစစ်ပွဲဂိုဏ်း၏ အစစ်အမှန်ကျွမ်းကျင်သူများသည် တိုက်ပွဲတိုင်းကို အနိုင်ရပြီး ပိုမိုသန်မာလာကြသည်။

ကျားလင်ထောင်က ထိုလူမျိုးမဟုတ်ပေ။

သူက စမ်းချောင်းသုံးခုဓားအင်မော်တယ် ဟွမ်းဟွမ်ကဲ့သို့ ရှုံးနိမ့်နေသောလူတစ်ယောက် ဖြစ်သည်။

ဟန်မူယဲ့က သွေးစစ်ပွဲဂိုဏ်း၏ အစစ်အမှန်ခွန်အားကို မြင်ချင်ကြသည်။

သူက ဖြည်းဖြည်းချင်း ထရပ်လာသော သံမဏိချပ်ဝတ်ဂိုဏ်းမှ လူသန်ကြီးကို ကြည့်သည်။

“တိုက်ခိုက်ကြရအောင်”

လူသန်ကြီးက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး အော်ပြောသည်။

“ငါက သံမဏိချပ်ဝတ်ဂိုဏ်းရဲ့ ဝူချန်ဟယ်ပါ”

ဟန်မူယဲ့က ဝူချန်ဟယ်ကို ကြည့်လိုက်သည်။

“ငါက မင်းကို တိုက်ခိုက်ချင်နေတယ်လို့ ဘယ်လိုလုပ်ပြီး သိတာလဲ”

ဝူချန်ဟယ်က လက်သီးထိုးလိုက်ပြီး ကျယ်လောင်စွာပြောသည်။

“ငါတွေ့ဖူးတဲ့ ဓားရူးတွေက မင်းတစ်ယောက်တည်းမဟုတ်ဘူး”

ထိုစကားများကြောင့် ဟန်မူယဲ့က ရယ်လိုက်သည်။ သူက လက်ထဲတွင်ရှိသောဓားကို ပြန်သိမ်းပြီး အနက်ရောင်ဓားတစ်လက်ကို ထုတ်ယူသည်။

သူ့ခန္ဓာကိုယ်တွင် နတ်ဘုရားသားရဲ၏ စွမ်းအားများက စုစည်းလာသည်။ ခွေသားရဲ၏ပုံရိပ်သည် သူ့နောက်တွင် ပေါ်ထွက်လာသည်။

“ဟူး ....”

သူ့လက်ထဲတွင်ရှိသော ဓားက ပြင်းထန်စွာကျဆင်းလာသည်။

“ဘုန်း”

တောင်ပြိုကျလာသည်နှင့်တူသော ဓားချက်သည် ဝူချန်ဟယ်ကို တိုက်ရိုက် လွင့်ထွက်သွားစေခဲ့သည်။

မြေပြင်ပေါ်တွင် ရှိနေသော ခရမ်းရောင်ကျားသစ်က ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။

“မဟုတ်ဘူး”

ဝူချန်ဟယ်က အော်ဟစ်လိုက်သည်။

ဟန်မူယဲ့က ဓားကို လှုပ်ရှားလိုက်ပြီး ဓားပြားဖြင့် ခရမ်းရောင်ကျားသစ်၏ဦးခေါင်းကို ဖိချသည်။

ဓားက အလွန်လေးလံပြီး ခရမ်းရောင်ကျားသစ်ကို ဖိနှိပ်ထားသည်။ ကျားသစ်က ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။

“မင်းက သူ့ကို ထိခိုက်အောင်မလုပ်ခဲ့ဘူးလား”

ဝူချန်ဟယ်က ဟန်မူယဲ့ကို စိုးရိမ်စွာကြည့်နေသည်။

ဟန်မူယဲ့က ဓားသိမ်းလိုက်ပြီး ဝူချန်ဟယ်ကို ကြည့်သည်။

“မင်းနဲ့ ခရမ်းရောင်ကျားသစ်က ဒဏ်ရာရထားတယ်။ မင်းတို့နှစ်ယောက်လုံးကို တိုက်ခိုက်နေစရာ အကြောင်းမရှိဘူး”

ဟန်မူယဲ့က ဓားသိမ်းလိုက်ပြီး လှည့်ထွက်သွားသည်။

သူက သွေးစစ်ပွဲဂိုဏ်းနှင့် သံမဏိချပ်ဝတ်ဂိုဏ်းမှ ကျွမ်းကျင်သူများ၏နည်းလမ်းကို စစ်ဆေးကြည့်ရုံသာ ဖြစ်သည်။

သူက အချိန်ရှိလျှင် သူတို့နှစ်ယောက်၏ တိုက်ကွက်များကို လေ့လာကြည့်ပြီး ဉာဏ်အလင်းတချို့ ရနိုင်သည်။

“ခဏစောင့်ပါအုံး”

ထိုအချိန်တွင် ဝူချန်ဟယ်က ရုတ်တရက် ပြောလိုက်သည်။

ဟန်မူယဲ့က သူ့ကို လှည့်ကြည့်သည်။

ဝူချန်ဟယ်က တွန့်ဆုတ်နေသောမျက်နှာထားဖြင့် ပြောသည်။

“မင်းရဲ့ ကျင့်ကြံဆင့်နဲ့ တိုက်ခိုက်နိုင်စွမ်းက ငါ့ထက် ပိုပြီး သန်မာတယ်။ ပြီးတော့ မင်းက မိစ္ဆာသွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားတယ်”

ဟန်မူယဲ့က သူ့ကို ကြည့်လိုက်ပြီး တိတ်ဆိတ်နေသည်။

“ငါ .... ငါက ကျီရယ်ကို မင်းဆီ အပ်ထားချင်တယ်”

ကျီရယ် ....

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခရမ်းရောင်ကျားသစ်က ခေါင်းမော့ကြည့်သည်။ သူ့မျက်လုံးထဲတွင် တွန့်ဆုတ်မှုနှင့် မလိုလားမှုများ ရှိနေသည်။

“ကျီရယ်၊ မင်းက ကလေးမွေးတော့မှာလေ။ တောရိုင်းမြေက မလုံခြုံဘူး”

“တကယ်လို့ က‌လေးမွေးပြီး ဂိုဏ်းကို ပြန်သွားရင် ဘယ်လိုဖြစ်သွားမလဲ မင်းသိမှာပါ”

ဝူချန်ဟယ်က လက်သီးဆုပ်လိုက်ပြီး ခရမ်းရောင်ကျားသစ်ကိုကြည့်သည်။

သူက ခေါင်းမော့လိုက်ပြီး ညင်သာစွာ ပြောသည်။

“သူ့ကို ခါးသီးအင်မော်တယ်နယ်မြေဆီ ခေါ်သွားပေးပါ”

ခါးသီးအင်မော်တယ်နယ်မြေ ....

ဝူချန်ဟယ်က သူ့ကို ခါးသီးအင်မော်တယ်နယ်မြေ၏ မဟာမိစ္ဆာတစ်ယောက်ဟု ထင်နေပုံရသည်။

ထို့အပြင် သူက မိစ္ဆာသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ခါးသီးအင်မော်တယ်နယ်မြေ၏ အစပ်တွင် ပေါ်လာသောကြောင့် မဟာမိစ္ဆာတစ်ယောက်သာ ဖြစ်နိုင်လိမ့်မည်။

“ဝူ ....”

ခရမ်းရောင်ကျားသစ်က ဝမ်းနည်းစွာအော်ဟစ်လိုက်သည်။

ဟန်မူယဲ့က သူတို့ကိုကြည့်လိုက်ပြီး ခေါင်းခါသည်။

“သူမွေးပြီးသည်အထိ စောင့်ကြတာပေါ့”

သူက လက်မြှောက်ပြီး ရွှေရောင်ဆေးလုံးတစ်လုံးကို ပစ်ပေးသည်။

ထိုဆေးလုံးက ချက်ချင်းအရည်ပျော်သွားပြီး ခရမ်းရောင်ကျားသစ်ကို လွှမ်းခြုံလိုက်သည်။

“မင်းက ကလေးမွေးပေးတတ်လား”

ဟန်မူယဲ့က ဝူချန်ဟယ်ကို ကြည့်သည်။

ဝူချန်ဟယ်၏မျက်နှာက တောင့်တင်းသွားသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

“ငါလည်း လုပ်မပေးတတ်ဖူး”

“အဟမ်း၊ ငါက အတွေ့အကြုံနည်းနည်းရှိတယ် ....”

ပျံသန်းလာသော ကျောက်ချင်ကျန်းက အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။

....

နေ့တစ်ဝက်အကြာတွင် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာနှင့် မိုင်တစ်ရာအကွာတွင်ရှိသည့် လိုဏ်ဂူတစ်ခုတွင် ရွှေမီးတောက်က မီးတောက်များကို ထုတ်လွှတ်၍ မီးဖိုတစ်ခုအဖြစ် ဆောင်ရွက်ပေးနေသည်။

ရွှေမီးတောက်က ကျီရယ်ဆိုသော ခရမ်းရောင်ကျားသစ်၏ ဝမ်းဗိုက်တွင် နို့စို့နေသော ခရမ်းရောင်ကျားသစ်လေးသုံးကောင်ကို စပ်စပ်စုစု ကြည့်လိုက်သည်။

သို့သော် ပင်ပန်းနေသောကြောင့် မျက်လုံးတစ်ဝက်မှိတ်ထားသည့် ကျီရယ်က ရွှေမီးတောက်ကို သတိထား၍ ကြည့်နေသည်။ ရွှေမီးတောက်က အလွန်နီးကပ်လာလျှင် မီးတောက်များကြောင့် ကျားသစ်ပေါက်လေးများက ထိခိုက်သွားနိုင်သည်။

သိပ်မဝေးသောနေရာတွင် ဟန်မူယဲ့၊ ဝူချန်ဟယ်နှင့် ကျောက်ချင်ကျန်းတို့က မျက်နှာချင်းဆိုင်လျက် ထိုင်နေကြသည်။

All Chapters