← Chapters

အခန်း (၉၀၆)

Vol. 65 Ch. 906

အခန်း (၉၀၆)

Vol. 65 Ch. 906

ဝူချန်ဟယ်က သေရည်အိုးကို ကိုင်ထားပြီး မော့သောက်လိုက်သည်။ သေရည်အရှိန်ကြောင့် သူ့မျက်နှာက နီရဲသွားသည်။

“ငါတို့ ကျင့်ကြံသူတွေက ကိုယ်ပိုင်စွမ်းရည်ကိုပဲ အားကိုးသင့်တာကို ငါသိတယ်။ အထူးသဖြင့် သံမဏိချပ်ဝတ်ဂိုဏ်းသားတွေက ပြင်ပခွန်အားကို မှီခိုရင် အထင်‌သေးကြတယ်”

“ငါက ကျီရယ်ရဲ့ခွန်အားကို အသုံးပြုပြီး ကျင့်ကြံဖို့ စိတ်ကူးမရှိခဲ့ဘူး”

“ငါတို့က လွန်ခဲ့တဲ့နှစ်တွေက တိုက်ပွဲကြီးတစ်ခုမှာ ဆုံတွေ့ခဲ့တယ်။ သူမက ဒဏ်ရာရနေတဲ့ငါ့ကို ဝိုင်းရံတိုက်ခိုက်မှုကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တယ်”

ရုပ်ခန္ဓာကို ကျင့်ကြံသူတိုင်းက ပွင့်လင်းကြသည်။ ဝူချန်ဟယ်က မည်သည့်အရာကိုမှ ဖုံးကွယ်မထားပဲ ကျီရယ်နှင့် တွေ့ခဲ့သောအကြောင်းကို ပြောပြလိုက်သည်။ ထို့နောက် သူတို့က အတူတကွ ကျင့်ကြံခဲ့ကြသည်။

ကျီရယ်၏အကူအညီကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်တိုးတက်လာသည်။

သူ့အကူအညီကြောင့် ကျီရယ်က ကျင့်ကြံခြင်းအတွက် လုံလောက်သောအရင်းအမြစ်များကို ရရှိခဲ့သည်။

“အစပိုင်းမှာ ငါက ကျီရယ်ကို ကူညီပြီး သူ့ကလန်ကို ပြန်ပို့ပေးဖို့ လုပ်ခဲ့တယ်”

ဝူချန်ဟယ်က သေရည်တစ်ငုံသောက်လိုက်ပြီး ခေါင်းခါသည်။

ကျီရယ်က ကလန်သို့ တစ်ခေါက်ပြန်သွားပြီး ဆယ်စုနှစ်များအကြာတွင် ဒဏ်ရာများနှင့် ပြန်ရောက်လာခဲ့သည်။ ထို့အပြင် ကိုယ်ဝန်လည်း ရှိနေသည်။

ဝူချန်ဟယ်က ကျီရယ်နှင့် ဆက်သွယ်ကြည့်ပြီး ခရမ်းရောင်ကျားသစ်ကလန်တွင် ကပ်ဘေးတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိလိုက်ရသည်။ ကလန်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။

ကလန်၏ ကျွမ်းကျင်သူများက အစွမ်းကုန်တိုက်ခိုက်ခဲ့သော်လည်း အဆုံးတွင် ကျဆုံးသွားကြသည်။ တခြားကလန်သားများကလည်း အသတ်ခံလိုက်ရသည်။ ကျီရယ်က တခြားလူများ၏ ကာကွယ်မှုအောက်တွင် လွတ်မြောက်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမက ကလန်၏ အသန်မာဆုံးသွေးမျိုးဆက်ကို သန္ဓေလွယ်ထားခဲ့သည်။

“ဒီနှစ်တွေထဲမှာ ကျီရယ်က တိုက်ခိုက်နိုင်စွမ်းကို ထုတ်မသုံးနိုင်ခဲ့ဘူး။ ပြီးတော့ ဂိုဏ်းမှာရှိတဲ့ လူတွေကလည်း သူ့ရဲ့ ကိုယ်ဝန်ကို မျက်စိကျနေတာကြောင့် တောရိုင်းမြေကို ခေါ်လာခဲ့လိုက်တယ်”

ဝူချန်ဟယ်က ရှုပ်ထွေးသောမျက်နှာထားဖြင့် ရှင်းပြသည်။

သူက ကျီရယ်၏ ကလေးသုံးကောင်ကို ကာကွယ်မပေးနိုင်ခဲ့ပေ။

အကယ်၍ သူတို့က ဂိုဏ်းသို့ ပြန်သွားမည်ဆိုလျှင် ကလေးသုံးကောင်ကို ခွဲဝေယူကြလိမ့်မည်။

သံမဏိချပ်ဝတ်ဂိုဏ်းက တခြားဂိုဏ်းများနှင့် မတူပဲ စစ်တပ်တစ်ခုကဲ့သို့ စည်းကမ်းတင်းကျပ်သည်။

ဂိုဏ်းတပည့်များသည် ဂိုဏ်းအတွက် အကျိုးအမြတ်များကို ပုံမှန်ပေးဆောင်ရသည်။

သံမဏိချပ်ဝတ်ဂိုဏ်းက ရုပ်ခန္ဓာကျင့်ကြံခြင်းဂိုဏ်းဖြစ်ပြီး ဂိုဏ်းသားများကြားတွင် ဆက်ဆံရေးခိုင်မာကြသည်။

သို့သော် အဖိုးတန်ကျားသစ်ပေါက်သုံးကောင်ကို လက်လွှဲပေးရန် မလွယ်ကူပေ။

ဝူချန်ဟယ်က တစ်ကိုယ်ကောင်းဆန်စွာ ရွေးချယ်ခဲ့သော်လည်း နားလည်ပေးနိုင်သည်။

ကျောက်ချင်ကျန်းက ကျီရယ်နှင့် သားပေါက်များကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“သူတို့ကို ဂရုစိုက်ပေးဖို့ လွယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ သွေးမျိုးဆက်စွမ်းအားက အားကောင်းတာကို ခံစားကြည့်နိုင်တယ်”

ကျားသစ်ပေါက်သုံးကောက်က ကြီးထွားလာရန် လွယ်ကူမည်မဟုတ်ပေ။

သို့သော် လုံခြုံစွာ အရွယ်ရောက်လာလျှင် အလွန်သန်မာကြလိမ့်မည်။

ဝူချန်ဟယ်က မျှော်လင့်နေသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။

“မင်းက သူတို့အတွက် လုံခြုံတဲ့နေရာတစ်ခုကို ရှာနေတာဆိုရင် ငါက အကြံပေးနိုင်တယ်”

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ပြောသည်။

ဝူချန်ဟယ်က သူ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့က ညင်သာစွာပြောသည်။

“အခုအချိန်မှာ ခါးသီးအင်မော်တယ်နယ်မြေက ရှုပ်ထွေးနေတယ်။ အဲဒီကိုသွားဖို့ မသင့်တော်ဘူး”

“တောရိုင်းမြေမှာ ယွင်လန်မြို့ရှိတယ်။ မင်းက အဲဒီမှာ လုံလုံခြုံခြုံ နေနိုင်လိမ့်မယ်”

‘ယွင်လန်မြို့လား’

ဝူချန်ဟယ်က တွေးကြည့်လိုက်ပြီး ပြောသည်။

“အဲဒီမြို့ကို ကြားဖူးတယ်။ မြို့သခင်က ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းက ....”

သူက ကြောင်အသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

“အဲဒါက ခင်ဗျားလား”

ကျောက်ချင်ကျန်းက ပြုံးလိုက်သည်။

“ဒါက ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းမြို့သခင်ပဲ”

“ပြိုင်ဘက်ကင်းမြို့သခင်ရဲ့ ယွင်လန်မြို့က လောကမှာ မင်းတို့ကို လက်ခံပေးမယ့် ရှားပါးနေရာတစ်ခုပဲ”

ကျောက်ချင်ကျန်း၏စကားကို ကြားလိုက်ရသောအခါတွင် ဝူချန်ဟယ်၏မျက်နှာထားက လေးနက်သွားသည်။

“ယွင်လန်ဓားအင်မော်တယ်ကို လေးစားနေတာကြာပြီ”

“ယွင်လန်မြို့က တကယ်ပဲ ကျွန်တော်တို့ကို လက်ခံနိုင်မှာလား”

တောရိုင်းမြေဖြစ်စေ တခြားနေရာများ ဖြစ်စေ မိစ္ဆာသားရဲများအတွက် လုံခြုံသောနေရာကို ရှာဖွေရန် မလွယ်ကူပေ။

အထူးသဖြင့် မီးဖွားထားသောကျီရယ်နှင့် သားပေါက်သုံးကောင်က တိုက်ခိုက်နိုင်စွမ်း မရှိကြသေးပေ။

တခြားနေရာများတွင် သူတို့က ပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မည်။

“ယွင်လန်မြို့မှာ သတ်ဖြတ်မှုတွေမရှိဘူးလို့ သေချာမပြောနိုင်ဘူး။ ဒါပေမဲ့ လူသားပဲဖြစ်ဖြစ် မိစ္ဆာသားရဲပဲဖြစ်ဖြစ် အတူတူပဲ ဆက်ဆံတယ်”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ခရမ်းရောင်ကျားသစ်ကို ကြည့်သည်။ ထိုကျားသစ်က မျက်လုံးတစ်ဝက်မှိတ်ထားသော်လည်း အာရုံစိုက်ထားပြီး နားထောင်နေသည်။

ခရမ်းရောင်ကျားသစ်က ဟန်မူယဲ့၏အကြည့်ကို သတိထားမိသွားပုံရပြီး မျက်လုံးဖွင့်၍ ပြန်ကြည့်သည်။ ထို့နောက် ဝူချန်ဟယ်ကို ကြည့်လိုက်သည်။

ခရမ်းရောင်ကျားသစ်က ညင်သာစွာအသံပေးလိုက်ပြီး ခေါင်းငုံ့၍ သားပေါက်များကို လျှာဖြင့်လျက်သည်။

ရွှေမီးတောက်က ဘေးတွင် ပျံသန်းပြီး အနွေးဓာတ်ကို ထုတ်လွှတ်နေသည်။

“ကျီရယ်က သွားချင်တယ်လို့ ပြောတယ်။ သူတို့ကို ယွင်လန်မြို့ဆီ ခေါ်သွားလိုက်ပါ့မယ်”

ဝူချန်ဟယ်က ခရမ်းရောင်ကျားသစ်ဖြင့် စိတ်ချင်းဆက်သွယ်ကြည့်ပြီး တုံ့ဆိုင်းခြင်းမရှိပဲ ပြောသည်။

“တကယ်လို့ ယွင်လန်မြို့က သူတို့အတွက် အိမ်တစ်လုံးဖြစ်လာရင် ကျီရယ်နဲ့ကျွန်တော်က သေချာပေါက် ကျေးဇူးဆပ်မှာပါ”

ဝူချန်ဟယ်က မတ်တပ်ရပ်လိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။

ဟန်မူယဲ့က ကျေးဇူးဆပ်မည့်အကြောင်းကို ဂရုမစိုက်ပေ။

သို့သော် ဝူချန်ဟယ်က ခရမ်းရောင်ကျားသစ်များကို ယွင်လန်မြို့သို့ ခေါ်သွားနိုင်လျှင် ကောင်းမွန်သောအစတစ်ခု ဖြစ်လာလိမ့်မည်။

သံမဏိချပ်ဝတ်ဂိုဏ်းသားကပင် ယွင်လန်မြို့၏ လွတ်လပ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ယုံကြည်သောကြောင့် မိစ္ဆာသားရဲများကို အပ်နှံရန် ဆန္ဒရှိသည်။

“မင်းရဲ့ဒဏ်ရာတွေက မသက်သာသေးဘူး။ မင်းက အချိန်တိုအတွင်း တိုက်ခိုက်နိုင်စွမ်း ပြန်ရလာမှာမဟုတ်ဘူး”

ဟန်မူယဲ့က ဝူချန်ဟယ်ကို ကြည့်လိုက်ပြီး ရွှေရောင်အဆောင်တစ်ခုကို ပစ်ပေးသည်။

စာချုပ်အဆောင်လက်ဖွဲ့ ဖြစ်သည်။

“မင်းက ကျီရယ်နဲ့ စာချုပ်ချုပ်ပြီး အချင်းချင်း ခွန်အားတိုးလာအောင် လုပ်လို့ရတယ်။ အဲဒီလိုဆိုရင် မင်းက မြန်မြန်ပြန်ကောင်းလာလိမ့်မယ်”

‘စာချုပ်တစ်ခုလား’

ဝူချန်ဟယ်က အဆောင်လက်ဖွဲ့ကို ယူလိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ သူက ရှုပ်ထွေးသော အင်းကွက်များကို လေ့လာနေပြီး မျက်မှောင်ကြုတ်သည်။

ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားသည်။ သူက မတ်တပ်ရပ်လိုက်ပြီး ရွှေမီးတောက်ကို ပခုံးပေါ်သို့ ပြန်လည်ဆင့်ခေါ်သည်။ ထို့နောက် အပြင်ဘက်သို့ ထွက်သွားပြီး အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။

ကျောက်ချင်ကျန်းကလည်း ပြုံးလိုက်ပြီး သူ့နောက်မှ လိုက်လာခဲ့သည်။

“အဲဒီနေရာမှာ အကြီးအကဲတစ်ယောက်ရဲ့ ရှေးခေတ်ဝင်္ကပါ ရှိနေတယ်။ အဲဒီဝင်္ကပါကို မမြင်နိုင်ပေမဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားလှုပ်ရှားမှုကို အာရုံခံကြည့်နိုင်တယ်”

ကျောက်ချင်ကျန်းက အဝေးတစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

“သွေးစစ်ပွဲဂိုဏ်းကလည်း အဲဒီနေရာကို လူတွေပို့ထားတဲ့ပုံပဲ”

ကျောက်ချင်ကျန်းက သွေးအလင်းတချို့ကို သတိထားမိပြီး လေးနက်စွာ ခေါင်းညိတ်သည်။

သွေးစစ်ပွဲဂိုဏ်းသားများက လှုပ်ရှားမှုကို ဖုံးကွယ်ထားချင်ပုံမရပေ။ သူတို့၏ သွေးအလင်းသည် လောကတစ်ခုလုံးကို အရောင်ဆိုးပစ်ချင်နေသည်။

ဟန်မူယဲ့က နတ်အာရုံကို ဖြန့်ထုတ်တော့မည့်အချိန်တွင် မျက်ခုံးပင့်လိုက်သည်။

သူ၏ အသိစိတ်ထဲတွင် ဝိညာဉ်စွမ်းအားတချို့ တုန်ခါလာသည်။

စာချုပ်ကို အသက်သွင်းလိုက်သည်။

တောင်စောင်း၏အောက်ခြေတွင် ရွှေအလင်းသည် ဝူချန်ဟယ်နှင့် ခရမ်းရောင်ကျားသစ်ကို ဖုံးလွှမ်းသွားသည်။ ရှုပ်ထွေးသော အင်းကွက်များ ပေါ်ထွက်လာကြသည်။

လူသားနှင့် မိစ္ဆာသားရဲတစ်ကောင်၏ စာချုပ်ဖြစ်သည်။ ထိုစာချုပ်က သူတို့၏ ဝိညာဉ်နှင့် ခွန်အားကို ပိုမိုနီးကပ်စွာ ချည်နှောင်ပေးသည်။

ထိုနည်းစနစ်ကို ဖန်တီးထားသော ဟန်မူယဲ့က အကျိုးအမြတ် ရခဲ့သည်။

စာချုပ်ဖြစ်ပေါ်လာသောအချိန်တွင် နည်းစနစ်၏ ဖန်တီးသူဖြစ်သော သူက ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသနှင့် သက်ဆိုင်သော ဘက်မလိုက်သည့် တာဝန်ကို မျက်မြင်သက်သေတစ်ယောက်အနေဖြင့် အစားထိုး ဆောင်ရွက်ပေးခဲ့သည်။

သူက တာဝန်ထမ်းဆောင်ပေးသောကြောင့် အကျိုးအမြတ် ပြန်ရလာသည်။

စာချုပ်အနည်းငယ်သည် သိသာ‌သော ပြောင်းလဲမှုများကို မဖြစ်ပေါ်စေနိုင်သော်လည်း စာချုပ်တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းဆိုလျှင် မည်သို့ ဖြစ်သွားမည်နည်း။

စာချုပ်အရေအတွက်သည် အနာဂတ်တွင် ပိုမိုများပြားလာလိမ့်မည်။ စာချုပ်၏ ဖန်တီးသူဖြစ်သော ဟန်မူယဲ့က စိတ်ကူးမယဉ်နိုင်သော ဝိညာဉ်စွမ်းအားကို ရရှိလိမ့်မည်။

သူက တောင်စောင်းပေါ်မှ ပြန်ဆင်းလာသောအခါတွင် ရွှေအလင်းက ပျောက်ကွယ်သွားခဲ့သည်။

ဝူချန်ဟယ်က အပြုံးတစ်ခုနှင့်အတူ ခရမ်းရောင်ကျားသစ်၏ဘေးတွင် တက်ကြွစွာရပ်နေသည်။

“ပြိုင်ဘက်ကင်းမြိုသခင်ကို ကျေးဇူးတင်ပါတယ်”

သူက တိုးပွားလာသော ခွန်အားများကို ခံစားမိပြီး စိတ်အေးသွားသည်။

စာချုပ်ကြောင့် ခရမ်းရောင်ကျားသစ်၏စွမ်းအားက သူ့ဒဏ်ရာများအားလုံးကို ကုသပေးလိုက်သည်။

ထိုအရာသည် ကျီရယ်၏ ရွေးချယ်မှု ဖြစ်သည်။ ယခုအချိန်တွင် ကျီရယ်က မတိုက်ခိုက်နိုင်သောကြောင့် ဝူချန်ဟယ်ကို ကူညီပေးလိုက်လျှင် ပိုကောင်းသည်။

သူတို၏စွမ်းအားက ပေါင်းစပ်သွားပြီး သွေးမျိုးဆက်စွမ်းအားလည်း ပါဝင်လာသောကြောင့် ဝူချန်ဟယ်၏ တိုက်ခိုက်နိုင်စွမ်းက အထွတ်အထိပ်သို့ ပြန်ရောက်သွားရုံသာမက အဆပေါင်းများစွာ ပိုတိုးလာခဲ့သည်။

စာချုပ်၏ အံ့အားသင့်ဖွယ်စွမ်းရည်ကြောင့် ဝူချန်ဟယ်က ပျော်ရွှင်သွားရသည်။

သူနှင့်ကျီရယ်က သေခြင်းရှင်ခြင်းများကို ဖြတ်ကျော်လာခဲ့သော်လည်း ထိုစာချုပ်မရှိလျှင် ယခုကဲ့သို့ အကျိုးခံစားရမည်မဟုတ်ပေ။

အချင်းချင်း မယုံကြည်လျှင် စွမ်းအားလွှဲပြောင်းမှုက ချောမွေ့မည်မဟုတ်ပေ။

“ဒါက ကျွန်တော့်ရဲ့ နာမည်တံဆိပ်ပြားပါ။ အစ်ကိုဟန်က သံမဏိချပ်ဝတ်ဂိုဏ်းကို သွားဖြစ်ရင် လိုအပ်လာလိမ့်မယ်”

ဝူချန်ဟယ်က အစိမ်းရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ပေးလိုက်ပြီး ပြောသည်။

ဟန်မူယဲ့က ယဉ်ကျေးမနေဘဲ တံဆိပ်ပြားကို ယူထားလိုက်သည်။

သံမဏိချပ်ဝတ်ဂိုဏ်းက တခြားဂိုဏ်းများနှင့် အဆက်အသွယ်သိပ်မရှိပဲ သီးသန့်နေထိုင်သည်။ ထိုနာမည်တံဆိပ်ပြားက အသုံးဝင်လာလိမ့်မည်။

ဝူချန်ဟယ်က ကျီရယ်နှင့် သားပေါက်သုံးကောင်ကို ယွင်လန်မြို့သို့ ခေါ်ဆောင်သွားသည်။

သူ၏ခွန်အားနှင့် သံမဏိချပ်ဝတ်ဂိုဏ်း၏ တပည့်တစ်ယောက်ဟူသော အဆင့်အတန်းကြောင့် တောရိုင်းမြေကို လွယ်ကူစွာ ဖြတ်သန်းနိုင်လိမ့်မည်။

သူက ယွင်လန်မြို့သို့ ရောက်သွားလျှင် ကျားသစ်ပေါက်များကို လုံခြုံစွာ ပျိုးထောင်ပေးနိုင်မည်။

ဝူချန်ဟယ် ထွက်သွားသောအခါ ဟန်မူယဲ့က ကျောက်ချင်ကျန်းကို ကြည့်လိုက်သည်။

“အကြီးအကဲကျောက်၊ သွားကြရအောင်”

ကျောက်ချင်ကျန်းက ခေါင်းညိတ်သည်။ သူက လက်မြှောက်လိုက်သောအခါ အစိမ်းရောင်အင်မော်တယ်အလင်းသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ သူက ပျောက်ကွယ်သွားသည်။

ဝင်္ကပါစွမ်းအား ဖြစ်သည်။

ဤနေရာသည် ဝင်္ကပါပညာရှင်အကြီးအကဲ၏ အကြွင်းအကျန်နေရာနှင့် သိပ်မဝေးပေ။ သူတို့က ဝင်္ကပါစွမ်းအားကို အသုံးပြုပြီး လျင်မြန်စွာ သွားလိုက်ကြသည်။

တစ်နာရီအကြာတွင် သူတို့နှစ်ယောက်က ပုံရိပ်ယောင်ဆန်သော နယ်မြေတစ်ခုသို့ ရောက်လာသည်။

ဝင်္ကပါစွမ်းအားက လေဟာနယ်နှင့် ရောစပ်နေပြီး ပတ်ဝန်းကျင်ကို ပြောင်းလဲထားသည်။ ဤနေရာတွင် ကမ္ဘာငယ်တစ်ခု တည်ရှိနေပုံရသည်။

“ဝင်္ကပါစွမ်းအားကို အသုံးပြုပြီး လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် နည်းစနစ်တွေကို လှုံ့ဆော်ပေးနိုင်တယ်။ ဒီအကြီးအကဲက ရွှေအင်မော်တယ်အဆင့်ကို မရောက်ခဲ့ပေမဲ့ သူ့ရဲ့နည်းစနစ်တွေက ရွှေအင်မော်တယ်အဆင့်နဲ့ ယှဉ်နိုင်တယ်”

ကျောက်ချင်ကျန်းက ပတ်ဝန်းကျင်တွင် သွက်လက်စွာလှုပ်ရှားနေသော ပုံရိပ်ယောင်များကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ဤနေရာကို ဝင်္ကပါများဖြင့် ဖွဲ့စည်းထားသော်လည်း လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ကမ္ဘာငယ်နှင့် တူနေသည်။ ထိုနည်းလမ်းက အလွန်ထူးခြားသည်။

သို့သော် ထိုကျွမ်းကျင်သူက ရွှေအင်မော်တယ်အဆင့်သို့ မရောက်ခဲ့ပေ။

အကယ်၍ ရွှေအင်မော်တယ်အဆင့်သို့ ရောက်သွားလျှင် အဆပေါင်းများစွာ ပိုမိုသန်မာလာလိမ့်မည်။

“သွေးစစ်ပွဲဂိုဏ်းက ဝင်္ကပါစွမ်းအားကို အသုံးပြုပြီး ‌လေ့ကျင့်နေတဲ့ပုံပဲ။ သူတို့က တမင်သက်သက် ပုံရိပ်ယောင်ထဲကို ဝင်သွားပြီး ကိုယ်ပိုင်စွမ်းအားနဲ့ ပုံရိပ်ယောင်ကို ချိုးဖျက်ဖို့ ကြိုးစားနေကြတယ်”

ဟန်မူယဲ့က သွေးးအလင်းတန်းများကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

တစ်ဖက်တွင် သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူများက အစွမ်းကုန်တိုက်ခိုက်နေကြသည်။

ဤဝင်္ကပါက ပုံရိပ်ယောင်ဝင်္ကပါသာဖြစ်ပြီး သူတို့ကို အမှန်တကယ် မတားဆီးနိုင်ပေ။

သူတို့က ပုံရိပ်ယောင်ဝင်္ကပါထဲတွင် တမင်သက်သက်နေပြီး ကိုယ့်ကိုယ်ကိုယ် သတ်ဖြတ်၍ လေ့ကျင့်နေကြသည်။

ထိုအရာသည် ဓမ္မစင်မြင့်၏ လုပ်ဆောင်ချက်နှင့် တူညီသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

သွေးစစ်ပွဲဂိုဏ်းအတွက် အင်မော်တယ်တက်လှမ်းစင်မြင့်နှင့် ဓမ္မစင်မြင့်သည် အလွန်တန်ဖိုးရှိသည်။

သွေးစစ်ပွဲဂိုဏ်းက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားနေပုံပေါ်သည်။

အကယ်၍ သွေးစစ်ပွဲဂိုဏ်းက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဆက်လက်ထိန်းချုပ်သွားလျှင် ဟန်မူယဲ့နှင့် လူသားလောက၏ ကျင့်ကြံသူများအတွက် ကောင်းမွန်မည်မဟုတ်ပေ။

“ဘုန်း”

ရှေ့တွင် သွေးရောင်လှံတစ်စင်းက ဟန်မူယဲ့နှင့် ကျောက်ချင်ကျန်းကို ထိုးချလိုက်သည်။

လှံရှည်က အေးစက်သော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေသည်။ သွေးအငွေ့အသက်သည် လူတစ်ယောက်၏ နှလုံးသားကို တုန်ခါသွားစေနိုင်သည်။

သူတို့က အကျိုးအကြောင်းမသင့်ပဲ တိုက်ခိုက်ရန်သာ ဆန္ဒရှိကြသည်။

All Chapters