အခန်း (၉၀၇)
Vol. 65 Ch. 907
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး အစိမ်းရောင်ဓားတစ်လက်ကို ဆင့်ခေါ်သည်။
“ခလွမ်”
ဓားက လှံထိပ်ဖျားနှင့် ထိတွေ့သွားသည်။
လေထုက တုန်ခါသွားပြီး ပိုမိုများပြားသော သွေးအလင်းတန်းများသည် သူတို့၏ရှေ့တွင် စုစည်းလာသည်။
“ငါ့နောက်ကလိုက်ခဲ့”
ကျောက်ချင်ကျန်းက အင်းကွက်များကို ထုတ်လွှတ်ပြီး ပုံရိပ်ယောင်ဆန်သောလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်၍ ဟန်မူယဲ့ကို ခေါ်ဆောင်သွားသည်။
သူတို့၏နောက်တွင် သွေးအလင်းတန်းများက ဆက်တိုက်စုစည်းနေကြသည်။
ဟန်မူယဲ့နှင့် ကျောက်ချင်ကျန်းသည် သုံးရက်အကြာတွင် ခန်းဆောင်တစ်ခု၏ရှေ့သို့ ရောက်လာကြသည်။
ရွှေရောင်ချပ်ဝတ်စစ်သည်များက ခန်းဆောင်ကို စောင့်ကြပ်နေကြသည်။
“ရုပ်သေးစစ်ပွဲဝင်္ကပါပဲ။ ဒီအကြီးအကဲရဲ့ အမွေအနှစ်က ထူးခြားတယ်”
ကျောက်ချင်ကျန်းက ဝင်္ကပါကို စိုက်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထားသည်။
“ယွင်လန်ဓားအင်မော်တယ်၊ ခန်းဆောင်ထဲကို ဝင်ဖို့ဆိုရင် ဒီဝင်္ကပါကို ချိုးဖောက်ရမယ်”
သူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
သူက ဤဝင်္ကပါကို ကျော်ဖြတ်ရန်အတွက် ဟန်မူယဲ့ကို ဖိတ်ခေါ်ခဲ့သည်။
ထိုဝင်္ကပါကို အစစ်အမှန်ခွန်အားကသာ ချိုးဖောက်နိုင်သည်။ တခြားလှည့်ကွက်များက အလုပ်မဖြစ်ပေ။
ဟန်မူယဲ့က နောက်တွင်ရှိသော သွေးအလင်းတန်းများကို လှည့်ကြည့်သည်။
သွေးအလင်းတန်းအခုနှစ်ဆယ်ခန့်သည် မိုင်တစ်ရာအကွာတွင် ရှိနေကြသည်။ သူတို့က ဆယ့်ငါးမိနစ်အတွင်း ဤနေရာသို့ ရောက်လာကြလိမ့်မည်။
“ဆယ့်ငါးမိနစ်က လုံလောက်ပါတယ်”
ဟန်မူယဲ့က ညင်သာစွာရေရွတ်လိုက်ပြီး ခြေတစ်လှမ်းတိုး၍ ခန်းဆောင်၏ရှေ့သို့ ရောက်သွားသည်။
ရွှေရောင်ချပ်ဝတ် စစ်သည်များအားလုံးက မျက်လုံးဖွင့်ပြီး လှံရှည်များဖြင့် ဟန်မူယဲ့ကို ချိန်လိုက်ကြသည်။
“အချိန်သိပ်မရှိဘူး။ ခန်းဆောင်ထဲကိုဝင်ရောက်ဖို့ အရေးကြီးနေတယ်။ အားလုံးပဲ ငါက ထိန်ချန်ထားမှာမဟုတ်ဘူး”
ဟန်မူယဲ့က ညင်သာစွာရေရွတ်လိုက်ပြီး အစိမ်းပုပ်ရောင်ဓားကို ဆင့်ခေါ်သည်။
ထိုဓားက ငါးပေရှည်လျားပြီး တံခါးရွက်တစ်ခုကဲ့သို့ ကျယ်ပြန့်သည်။ အင်မော်တယ်အလင်းကိုလည်း ထုတ်လွှတ်နေသည်။
ခန်းဆောင်၏ရှေ့တွင် ဝင်္ကပါက အသက်ဝင်လာပြီး ရွှေရောင်အစင်းကြောင်းများနှင့် ကျားဖြူတစ်ကောင်ကို ဖွဲ့စည်းသည်။ ကျားဖြူက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။
“ကျားဖြူလား”
“ငါက ကျားဖြူတွေနဲ့ ရင်ဆိုင်ဖူးတယ်”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး သွေးစွမ်းအင်နှင့် ချီစွမ်းအင်ကို ထုတ်ဖော်သည်။ သူက ခုန်ထွက်သွားပြီး ဓားဖြင့် ခုတ်ချလိုက်သည်။
“ချောက်နက်ခွဲခြားခြင်း ....”
ဓားနည်းစနစ် ချောက်နက်ခွဲခြားခြင်း ....
ဓားအလင်းသည် ပေတစ်ထောင်ရှည်လျားပြီး အင်မော်တယ်ချီကို သယ်ဆောင်လျက် ကျဆင်းလာသည်။
ထိုဓားချက်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင် လောကသည် ချောက်နက်တစ်ခုကဲ့သို့ ကွဲထွက်သွားသည်။
ဟန်မူယဲ့က တိုက်ခိုက်ခြင်းဆန္ဒနှင့် ဓားဆန္ဒကို ပေါင်းစပ်ပြီး အသုံးပြုခဲ့သည်။ ထိုဓားချက်ထဲတွင် ကောင်းကင်အင်မော်တယ်အဆင့်၏ တည်ငြိမ်သောဓားတာအိုစွမ်းအား ပါဝင်နေသည်။
ပေတစ်ထောင်ရှည်လျားသော ဓားအလင်းသည် ကျားဖြူ၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားသည်။
ကျားဖြူက တုန်ခါနေပြီး ပေါက်ကွဲသွားသည်။
သို့သော် ချက်ချင်းဆိုသလိုပင် ဒုတိယမြောက်ကျားဖြူတစ်ကောင် ပေါ်ထွက်လာသည်။
ထို့အပြင် ထိုကျားဖြူ၏ ခန္ဓာကိုယ်က ပထမကျားဖြူထက် ပိုမိုကြံ့ခိုင်သည်။
ခန္ဓာကိုယ်တွင်ရှိသော ရွှေရောင်အင်းကွက်များကလည်း ထင်ရှားနေသည်။
ဒုတိယမြောက်ကျားဖြူ၏ အငွေ့အသက်ကလည်း ပိုမိုလေးနက်လာသည်။
ဝင်္ကပါ၏စွမ်းအား ဖြစ်သည်။ ထိုဝင်္ကပါက တိုက်ခိုက်လာသောစွမ်းအင်ကို စုပ်ယူပြီး ပိုမိုသန်မာသောခွန်အားဖြင့် ထပ်ကာတလဲလဲ အသက်ဝင်နေလိမ့်မည်။
ဟန်မူယဲ့က ထိုနည်းလမ်းမျိုးကို ဓမ္မစင်မြင့်ပေါ်တွင် ကြုံတွေ့ခဲ့ရသည်။
သူက ပိုမိုတိုက်ခိုက်လေ ဝင်္ကပါက သန်မာလေ ဖြစ်သည်။
ဤနေရာတွင်ရှိသော ဝင်္ကပါသည် ကောင်းကင်စက်ဝန်းဝင်္ကပါ၊ ဓမ္မစင်မြင့်၏ ဝင်္ကပါနှင့် ဆက်နွယ်နေပုံရသည်။
တခြားအခြေအနေမျိုးတွင် ဟန်မူယဲ့က ဝင်္ကပါ၏အကန့်အသတ်ကို နားလည်နိုင်ရန်အတွက် ဖြည်းဖြည်းချင်း အချိန်ယူပြီး အသစ်နားလည်ထားသော ဓားနည်းစနစ်များကို အသုံးချကြည့်လိမ့်မည်။
သို့သော် ယခု အချိန်ဆယ့်ငါးမိနစ်သာ ကျန်တော့သည်။ သူက ခွန်အားကို ထိန်ချန်ထားရန် ရည်ရွယ်ချက်မရှိပေ။
သူက ဒုတိယမြောက်ကျားဖြူကို ကြည့်လိုက်ပြီး ဓားကိုင်ထားလျက် ပြေးထွက်သွားသည်။
“ချောက်နက်ခွဲခြားခြင်း”
ပေတစ်ထောင်ရှည်လျားသောဓားအလင်းက အေးစက်သောအငွေ့အသက်ကို ထုတ်လွှတ်လျက် ကျဆင်းလာပြန်သည်။ ပတ်ဝန်းကျင်က အေးခဲသွားသည်။
“ဘန်း”
ကျားဖြူ၏ခန္ဓာကိုယ်က တစ်ခါတည်း ပျက်စီးသွားသည်။ ခန္ဓာကိုယ်အပိုင်းအစများက အေးခဲနေပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
နောက်ထပ်ကျားဖြူတစ်ကောင် ပေါ်မလာခင် ဟန်မူယဲ့က ဝင်္ကပါထဲသို့ တိုးဝင်သွားပြီး ဓားရှည်ဖြင့် လွှဲခုတ်ချလိုက်သည်။
“ဘုန်း”
ဓားအလင်းသည် ရွှေရောင်အလင်းစက်ကွင်းအဖြစ် ပြောင်းလဲသွားပြီး ပေတစ်ထောင်ပတ်ဝန်းကျင်တွင်ရှိသော စစ်သည်များအားလုံးကို ဖြတ်တောက်လိုက်သည်။
ဓားချက်တိုင်းတွင် ပျက်စီးသွားသောအသံကို ကြားနိုင်သည်။
အသက်ရှူကြိမ်ဆယ်ခါအကြာတွင် တတိယမြောက်ကျားဖြူပုံရိပ်က အပြည့်အဝ မစုစည်းနိုင်တော့ပဲ ပြိုကွဲသွားသည်။
ဝင်္ကပါ ကျိုးပျက်သွားသောကြောင့် ကျားဖြူပုံရိပ်ကို မဖွဲ့စည်းနိုင်တော့ပေ။
ဟန်မူယဲ့ ရှေ့တက်သွားပြီး ဝင်္ကပါပျက်စီးသွားချိန်အထိ အသက်ရှူကြိမ်တစ်ရာခန့်သာ ကြာမြင့်ခဲ့သည်။
ဟန်မူယဲ့က လက်ထဲတွင် ဓားကိုင်ထားပြီး ရပ်နေသည်။ ပတ်ဝန်းကျင်တွင်ရှိသော ရွှေရောင်ချပ်ဝတ်စစ်သည်များက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြသည်။
ကျောက်ချင်ကျန်းက ဟန်မူယဲ့၏ဘေးသို့ ရောက်လာပြီး နောက်ဆုတ်သွားသော စစ်သည်များကို ရှုပ်ထွေးသောမျက်နှာထားဖြင့် ကြည့်သည်။
“တကယ်လို့ တစ်ယောက်ယောက်က ဝင်္ကပါကို ထိန်းချုပ်ထားမယ်ဆိုရင် ချိုးဖောက်နိုင်ဖို့ ဆယ်ဆပိုခက်လိမ့်မယ်”
ထိုဝင်္ကပါ၏ စွမ်းအားသည် အကန့်အသတ်မရှိပေ။ သို့သော် ဟန်မူယဲ့က လွယ်ကူစွာချိုးဖျက်လိုက်သောကြောင့် ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်သည့် ကျောက်ချင်ကျန်းက စိတ်မငြိမ်နိုင်တော့ပေ။
တိုက်ခိုက်နိုင်စွမ်းတွင် ဝင်္ကပါပညာရှင်များက ဓားကျင့်ကြံသူများထက် အားနည်းသည်။
“တကယ်လို့ လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ဝင်္ကပါပညာရှင်တစ်ယောက် ရှိနေမယ်ဆိုရင် ဒီဝင်္ကပါကို ဖျက်ဆီးဖို့ အတော်လေး အားထုတ်ရလိမ့်မယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူ့လက်ထဲတွင်ရှိသော ဓားက ပျောက်ကွယ်သွားသည်။ သူက ခန်းဆောင်ကို ကြည့်လိုက်သည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ကျောက်ချင်ကျန်း၏နှုတ်ခမ်းများက တွန့်သွားကြသည်။ သူက ခေါင်းခါလိုက်ပြီး ရှေ့တက်သွားသည်။
ကိုယ့်ကိုယ်ကိုယ် တခြားလူများနှင့် ယှဉ်ပြိုင်မနေသင့်ပေ။
ကျောက်ချင်ကျန်းက အစိမ်းရောင်တောင်တန်းများကို ထုတ်လွှတ်ထားသည်။ အင်မော်တယ်အလင်းသည် နေရာအနှံ့သို့ ဖြာထွက်သွားသည်။
အင်မော်တယ်အလင်းက ပေသောင်းချီပတ်ဝန်းကျင်ကို လွှမ်းခြုံထားပြီး တည်နေရာအလွှာများကို အလင်းပေးနေသည်။
ဤနေရာတွင် ခြေတစ်လှမ်းမှားသွားလျှင် အမည်မသိ နေရာတစ်ခုသို့ ရောက်သွားနိုင်သည်။
ဟန်မူယဲ့က နောက်မှ နီးကပ်စွာလိုက်လာသည်။ ခဏအကြာတွင် သူတို့နှစ်ယောက်က ခန်းဆောင်၏ရှေ့တွင်ရှိသော ရင်ပြင်မှ ပျောက်ကွယ်သွားသည်။
“ဘုန်း”
ရင်ပြင်၏အရှေ့တွင် သွေးရောင်အလင်းတန်းများ ကျဆင်းလာခဲ့သည်။
သွေးရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မျက်နှာတစ်လျှောက်တွင် အမာရွတ်ကြီးရှိနေသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်က ကျောက်သားရင်ပြင်ကို အက်ကွဲသွားစေခဲ့သည်။ သူ့မျက်လုံးက ရွှေအလင်းရောင်ကို ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
တူညီသော သွေးရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ဒါဇင်ချီသော သွေးစစ်ပွဲဂိုဏ်းသားများက နေရာအနှံ့သို့ ခွဲထွက်သွားကြသည်။
ခဏအကြာတွင် သူတို့အားလုံးက ပျက်စီးနေသော ရွှေရောင်ချပ်ဝတ်ရုပ်သေးများကို ကိုင်ထားပြီး ပြန်ရောက်လာကြသည်။
ရုပ်သေးများကို အဆင့်မြင့်ဝိညာဉ်သတ္တုများဖြင့် ပြုလုပ်ထားပြီး အလွန်အဖိုးတန်သည်။
“ဝင်္ကပါကို ချိုးဖျက်သွားတာ ရိုးရှင်းတယ်။ တစ်ချက်တည်း လုပ်သွားတာပဲ”
“ဓားတာအိုစွမ်းအားကို အာရုံခံမိတယ်”
“အချိန်တိုအတွင်းမှာ ဝင်္ကပါကို ဖျက်ဆီးသွားနိုင်တယ်။ ကျားလင်ထောင်ပြောတဲ့ ဓားကျွမ်းကျင်သူပဲ ဖြစ်လိမ့်မယ်”
သူတို့က ကောက်ချက်ချလိုက်ပြီး ဟန်မူယဲ့ကို သုံးသပ်ကြည့်နေကြသည်။
သူတို့အားလုံးက ကျွမ်းကျင်သူများဖြစ်ပြီး သဲလွန်စအနည်းငယ်ကိုကြည့်၍ အရာအားလုံးကို သိနိုင်ကြသည်။
“ဟမ့်၊ ကျားလင်ထောင်လိုလူမျိုးက အရှုံးသမားတစ်ယောက်ပဲ”
ခေါင်းဆောင်လူသန်ကြီးက အထင်သေးသောမျက်နှာထားဖြင့် ရှေ့တွင်ရှိသောခန်းဆောင်ကို ကြည့်သည်။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
“ဘုန်း”
လက်သီးပုံရိပ်က လေဟာနယ်အလွှာများကို ထိုးခွဲသွားသော်လည်း ခန်းဆောင်၏အလင်းလွှာကြောင့် တားဆီးခံလိုက်ရသည်။
လေဟာနယ်အလွှာများသည် အမည်မသိနေရာများသို့ တည်နေရာရွှေ့ပြောင်းပစ်နိုင်သည်။
ခန်းဆောင်၏ အလင်းလွှာက ပိုမိုအားကောင်းသည်။
“တကယ်အားကောင်းတဲ့ ဝင်္ကပါပဲ”
အနက်ရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က အံ့အားသင့်သွားပုံပေါ်သည်။
တခြားလူများ၏ မျက်နှာထားကလည်း လေးနက်နေကြသည်။
သွေးစစ်ပွဲဂိုဏ်း၏ ကိုးပါးသွေးခန်းဆောင်မှ ကျန်းကျင်း ....
သူက ပထမအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အလွန်အားကောင်းသည်။
လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်တွင် သူနှင့်ယှဉ်နိုင်သောလူများ သိပ်မရှိကြပေ။
သို့သော် သူ၏လက်သီးချက်က တားဆီးခံလိုက်ရသည်။ ခန်းဆောင်သည် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်၏ အောက်တွင်ရှိသော လူအားလုံးကို တားဆီးနိုင်ပုံရသည်။
“ငါတို့ သွေးစစ်ပွဲဂိုဏ်းက ဝင်္ကပါပညာရပ်မှာ မကျွမ်းကျင်ဘူး။ ငါက ဝင်္ကပါနဲ့ ရင်ဆိုင်ဖို့ စိတ်မဝင်စားဘူး”
ကျန်းကျင်းက ခေါင်းခါလိုက်ပြီး ခြေတစ်လှမ်းနောက်ဆုတ်၍ အစိမ်းရောင်ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ချသည်။
“ငါတို့ စောင့်နေမယ်”
သူ့စကားကြောင့် တခြားလူများက ရယ်လိုက်ကြသည်။
သွေးစစ်ပွဲဂိုဏ်းက မည်သည့်နေရာတွင် အကျွမ်းကျင်ဆုံးဖြစ်သနည်း။
လျှို့ဝှက်နယ်မြေနှင့် ရတနာများကို ရှာဖွေခြင်းမဟုတ်ပဲ တခြားလူများဆီမှ လုယက်ခြင်း ဖြစ်သည်။
ထိုအပိုင်းတွင် သူတို့က ကျွမ်းကျင်ကြသည်။
....
ဟန်မူယဲ့က ခန်းဆောင်ထဲသို့ ရောက်လာသောအခါတွင် ကျောက်ချင်ကျန်း၏ပုံရိပ်က ပျောက်ကွယ်သွားသည်။
သို့သော် ဟန်မူယဲ့က စိုးရိမ်မသွားပေ။
ဤနေရာသည် ဝင်္ကပါပညာရှင်တစ်ယောက်၏ ဂူသင်္ချိုင်း ဖြစ်ပြီး ကျောက်ချင်ကျန်းအတွက် အခွင့်အရေးများနှင့် ပြည့်နှက်နေသော ရတနာနယ်မြေတစ်ခု ဖြစ်သည်။
ဟန်မူယဲ့က ဝင်္ကပါအမွေအနှစ်ကို သိပ်ဂရုမစိုက်ပေ။
သူက ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို တတ်မြောက်ထားသောကြောင့် သာမန်ဝင်္ကပါများကို စိတ်မဝင်စားပေ။
သူက ခေါင်းမော့ကြည့်လိုက်သောအခါတွင် ဤနေရာကို ထိန်းသိမ်းထားသော ဝင်္ကပါများကို မြင်လိုက်ရသည်။ ထိုဝင်္ကပါများက ပေတစ်သောင်းကျယ်ဝန်းသော ခန်းဆောင်တစ်ခုအဖြစ် အသွင်ယူထားသည်။
ခန်းဆောင်၏ တစ်ဖက်တစ်ချက်စီတွင် ပေတစ်ရာမြင့်မားသော ရွှေရောင်စစ်သည်ရုပ်တုများ ရှိနေကြသည်။
ထိုရုပ်တုများက မျက်လုံးပွင့်နေပြီး ဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ သူတို့က တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံပေါ်သည်။
ဟန်မူယဲ့က ဖြည်းဖြည်းချင်း ရှေ့ဆက်လျှောက်သွားပြီး ပတ်ဝန်းကျင်တွင်ရှိသော အင်မော်တယ်အလင်းနှင့် တိမ်တိုက်များကို လေ့လာကြည့်နေသည်။
သူက လက်မြှောက်လိုက်သောအခါတွင် အစိမ်းရောင်ဓားလေးတစ်လက်သည် သူ့လက်ဝါးထဲသို့ ကျဆင်းလာခဲ့သည်။
ထိုဓားလေးသည် သာမန်ဝိညာဉ်လက်နက်တစ်ခုသာဖြစ်ပြီး အင်မော်တယ်အင်းကွက်များကို မပိုင်ဆိုင်ပေ။
ဟန်မူယဲ့က ဓားကိုင်ထားပြီး အင်မော်တယ်ချီနှင့် ဓားဆန္ဒကို ထည့်သွင်းလိုက်သည်။
အမျိုးမျိုးသော မြင်ကွင်းများသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။