← Chapters

အခန်း (၉၀၈)

Vol. 65 Ch. 908

အခန်း (၉၀၈)

Vol. 65 Ch. 908

မိုးရေကြည်ဓားသည် မိုးရေကြည်ဓားဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ဓားတစ်သိန်းသည် အင်မော်တယ်များကို သတ်ဖြတ်နိုင်သော အင်မော်တယ်ရတနာဓားတစ်လက်အဖြစ် ပေါင်းစပ်နိုင်သည်။

သို့သော် အင်မော်တယ်ရတနာဓားသည် ပျက်စီးသွားခဲ့သည်။

ပျက်စီးသွားခဲ့ရသော အကြောင်းအရင်းသည် ....

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး စုစည်းလာသော ကျောက်ရုပ်တုများကို ကြည့်သည်။

‘ဝင်္ကပါကို အသုံးပြုပြီး ဓားကို ဖျက်ဆီးခဲ့တာလား’

လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာတွင် ဝင်္ကပါပညာရှင်နှစ်ယောက်က ဤနေရာတွင် တိုက်ခိုက်ခဲ့ကြသည်။ တစ်ယောက်က ရုပ်သေးရုပ်ဝင်္ကပါကို အသုံးပြုပြီး တခြားတစ်ယောက်က ဓားဝင်္ကပါကို အသုံးပြုခဲ့သည်။

အဆုံးတွင် ဓားဝင်္ကပါက ရှုံးနိမ့်သွားခဲ့သည်။

‘အဲဒါကြောင့် ငါ့ကို ဒီနေရာဆီ ခေါ်လာတာလား’

ဟန်မူယဲ့က ဓားမြှောက်ထားသော ရုပ်သေးရုပ်များကို ကြည့်လိုက်ပြီး နားလည်သွားပုံပေါ်သည်။

သူက ခန်းဆောင်၏ အပြင်ဘက်တွင် ဓားတာအိုစွမ်းအားဖြင့် ဝင်္ကပါကို ချိုးဖောက်ခဲ့သည်။

“ဘုန်း”

ရုပ်သေးရုပ်သုံးထောင်က တစ်ပြိုင်နက် ဓားထုတ်လိုက်ကြသည်။ ပေတစ်‌သောင်းပတ်ဝန်းကျင်သည် ချက်ချင်းပျက်စီးသွားသည်။

အဆုံးမရှိသော အလင်းစီးကြောင်းများသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

အရာအားလုံး တည်ငြိမ်သွားသောအခါတွင် ဟန်မူယဲ့က စိမ်းလန်းသော တောအုပ်တစ်ခုထဲသို့ ရောက်နေကြောင်း သိလိုက်ရသည်။

ပတ်ဝန်းကျင်တွင် အဆုံးမရှိသော တောင်တန်းများ၊ မြက်ခင်းပြင်များနှင့် ဝါးတောအုပ်များ ရှိနေကြသည်။

အဝေးတစ်နေရာတွင် သွေးချီများ လှုပ်ရှားနေပြီး ကုန်းမြေကို လွှမ်းမိုးထားသည်။

“ကောင်လေး၊ မင်းမှာ ပြင်ဆင်ဖို့ အချိန်ခြောက်နာရီရှိတယ်။ မင်းက ထူယွမ်စစ်တပ်ကို မခုခံနိုင်ရင် သေဆုံးသွားရလိမ့်မယ်”

ဟန်မူယဲ့က အိုမင်းနေသောအသံကို ကြားလိုက်ရသည်။

သူက တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါတွင် အစိမ်းရောင်တာအိုဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကို မြင်ရသည်။ ထိုလူက ကျောက်စိမ်းဓားတစ်လက်ကို ကျောပေါ်တွင် သယ်ထားသည်။

တာအိုတန်ခိုးရှင်၏ပုံစံက ထူးခြားပြီး ပတ်ဝန်းကျင်တွင် ဓားချီများ လှုပ်ရှားနေကြသည်။

သို့သော် သူက ပုံရိပ်ယောင်ဆန်နေသည်။

“မင်းက နားလည်သွားပြီလား”

ထိုလူက ဟန်မူယဲ့၏အကြည့်ကို မြင်လိုက်ရသောအခါတွင် ပြုံးသည်။

“ထူထျန်ကျန်းနဲ့တိုက်ပွဲမှာ ငါက ထူယွမ်ဝင်္ကပါကြောင့် ရှုံးနိမ့်သွားရတယ်”

“ဒါပေမဲ့ သူကလည်း ငါ့ထက် အခြေအနေပိုမကောင်းပါဘူး။ သူ့ရဲ့ကျင့်ကြံဆင့်က ပျက်စီးသွားပြီး သူ့ဝိညာဉ်က ဝင်္ကပါနဲ့ ပေါင်းစပ်သွားတယ်”

“ငါက ရှုမင်ကျန်းပဲ။ မိုးရေကြည်ဓားကို ကိုင်ထားပြီး ဓားဝင်္ကပါလမ်းစဉ်ကို လျှောက်လှမ်းတယ်”

“ငါ့ကိုမှတ်မိတဲ့လူငယ်တွေ သိပ်မရှိလောက်ပါဘူး ....”

အကြီးအကဲက ရေရွတ်လိုက်ပြီး ညင်သာစွာ ခေါင်းခါသည်။

“ရွှင်းထျန်းခန်းဆောင်ရဲ့ ခန်းဆောင်သခင်တစ်ယောက်ဖြစ်တဲ့ ဓားဝင်္ကပါကျွမ်းကျင်သူ မိုးရေကြည်ဓားအင်မော်တယ်ကို ရွှင်းထျန်းခန်းဆောင်မှာရှိတဲ့ ကျွန်တော်တို့အားလုံးက သိကြပါတယ်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

သူ့စကားကြောင့် တာအိုတန်ခိုးရှင်က တစ်ကိုယ်လုံးတုန်ခါသွားပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

“ခလွမ် ....”

သူက ကျောက်စိမ်းဓားကို ထုတ်ယူပြီး ဓားသုံးလက်အဖြစ် ခွဲထုတ်၍ ဟန်မူယဲ့၏ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။

ဓားအလင်းက ဖျတ်ခနဲလှုပ်ရှားသွားပြီး ဟန်မူယဲ့နှင့် သုံးပေအကွာသို့ ချက်ချင်းရောက်လာသည်။

ဓားကျင့်ကြံသူတစ်ယောက်၏ သုံးပေပတ်ဝန်းကျင်သည် ‌နောက်ဆုံးခံစစ် ဖြစ်သည်။

အကယ်၍ ဓားအလင်းက သုံးပေပတ်ဝန်းကျင်ကို ကျော်ဖြတ်သွားမည်ဆိုလျှင် တိုက်ခိုက်နိုင်စွမ်းနှင့် ကျင့်ကြံဆင့် အလွန်ကွာခြားခြင်းကို ဖော်ပြနိုင်သည်။

ရှုမင်ကျန်းက စိတ်ပျက်သွားပုံပေါ်သည်။ သူက ဓားချက်ကို ရုတ်သိမ်းတော့မည့်အချိန်တွင် မျက်လုံးပြူးသွားသည်။

ဟန်မူယဲ့က ညာဘက်လက်ကို မြှောက်လိုက်သည်။ သူက လက်ညှိုးနှင့် လက်ခလယ်ကို ပူးကပ်၍ ညွှန်ပြလိုက်ပြီး အစိမ်းရောင်ဓားအလင်းကို ဖြည်းဖြည်းချင်း ထုတ်ဖော်သည်။

သူ့လှုပ်ရှားမှုက အလွန်နှေးကွေးသည်။

ထို့ကြောင့် ရှုမင်ကျန်းကပင် သူ့အစား စိုးရိမ်လာသည်။

သို့သော် ထိုဓားအလင်းက သူ၏ ဓားပုံရိပ်သုံးခုကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။

“ဓားတစ်လက်တည်းနဲ့ သုံးချက်ဆက်တိုက် တိုက်ခိုက်လိုက်တာလား”

“ကောင်းတယ်”

“ကောင်းလိုက်တဲ့နည်းစနစ်ပဲ”

ရှုမင်ကျန်းက ပျော်ရွှင်သွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက ဘယ်သူ့ရဲ့အမွေအနှစ်ကို ဆက်ခံထားတာလဲ”

ဟန်မူယဲ့က စကားမပြောပေ။ သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ဓားအလင်းကို ထုတ်‌ဖော်သည်။

ဓားအလင်းသည် ဥက္ကာခဲတစ်လုံးကဲ့သို့ ဆက်တိုက်လှုပ်ရှားနေပြီး ရှုမင်ကျန်း၏ ပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်သည်။

“နှင်းစက်၊ လေပြင်း၊ ဝိညာဉ်ဖျက်ဆီးခြင်း၊ နတ်ဘုရားသတ်ဖြတ်ခြင်း .... မင်းက ဂိုဏ်းတူအစ်ကိုကွမ်ရဲ့ တပည့်လား”

ရှုမင်ကျန်းက ဓားချက်များကို တားဆီး၍ ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ဂိုဏ်းတူအစ်ကိုကွမ်က အင်မော်တယ်သခင်အဆင့်ကို တက်လှမ်းသွားပြီလား”

အင်မော်တယ်သခင် ....

ဟန်မူယဲ့က ခေါင်းခါသည်။

ကွမ်တုံယွင်၏ တိုက်ခိုက်နိုင်စွမ်းက ရွှေအင်မော်တယ်အဆင့်တွင် ရှိနေလိမ့်မည်။ သို့သော် သူ၏ ကျင့်ကြံဆင့်က မလုံလောက်ပေ။

ထိုသို့မဟုတ်လျှင် သူက လူသားလောကတွင် သေဆုံးသွားမည်မဟုတ်ပေ။

“သူက ကျဆုံးသွားပါပြီ”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ထိုစကားများကြောင့် ရှုမင်ကျန်းက တစ်ကိုယ်လုံးတုန်ခါသွားပြီး ဝမ်းနည်းနေသည်။

“ဂိုဏ်းတူအစ်ကိုက ကျဆုံးသွားပြီလား ....”

“သူ သူက ငါတို့ ရွှင်းထျန်းခန်းဆောင်မှာ အင်မော်တယ်သခင်တစ်ယောက်ဖြစ်လာဖို့ အလားအလာအကောင်းဆုံးလူပဲ”

ထိုသတင်းက အလွန်ထိတ်လန့်ဖွယ်ကောင်းသောကြောင့် ရှုမင်ကျန်းက စိတ်လွတ်သွားသည်။

သို့သော် သူက ချက်ချင်းဆိုသလိုပင် ပြန်လည်တည်ငြိမ်လာသည်။

“ငါတို့က အဲဒီအကြောင်းကို နောက်မှဆက်ပြောလို့ရတယ်။ မင်းက ထူထျန်ကျန်းရဲ့ ဝင်္ကပါကို ဖျက်ဆီးလိုက်ပြီး ထူယွမ်ဝင်္ကပါကို အသက်ဝင်စေခဲ့တယ်။ မင်းက အဲဒီဝင်္ကပါကို မခုခံနိုင်ရင် သေဆုံးသွားလိမ့်မယ်”

ရှုမင်ကျန်းက အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။

“လွန်ခဲ့တဲ့ နှစ်သောင်းချီအချိန်မှာ ဒီကိုရောက်လာတဲ့ ဓားကျင့်ကြံသူတွေအားလုံးက တစ်ယောက်မှအသက်မရှင်နိုင်ပဲ အဲဒီဝင်္ကပါထဲမှာ သေဆုံးသွားကြတယ်”

သူ့မျက်နှာက မှုန်မှိုင်းနေသည်။

“ဓားဝင်္ကပါစွမ်းအားက စစ်သည်ဝင်္ကပါစွမ်းအားထက် တကယ်အားနည်းနေတာ ဖြစ်နိုင်တယ်”

သူက နောက်တွင်ရှိနေသောဓားကို ဖြုတ်ယူပြီး လက်မြှောက်၍ ဟန်မူယဲ့ဆီသို့ လွင့်မျောသွားစေသည်။

“ဒီဓားက ငါ့ရဲ့ အင်မော်တယ်ရတနာ မိုးရေကြည်ဓားပဲ။ ဒါပေမဲ့ ပျိုးထောင်ပေးဖို့ လိုအပ်နေပြီး အားနည်းနေတယ်”

“ဒီဓားကိုအသုံးပြုပြီး ဝင်္ကပါတည်ဆောက်ပါ။ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို စုစည်းပြီး ထူယွမ်ဝင်္ကပါကို အစွမ်းကုန်ခုခံပါ”

ရှုမင်ကျန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တောက်ပနေသော မျက်လုံးများဖြင့် ပြောသည်။

“ငါက ထူထျန်ကျန်းနဲ့ နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေခဲ့တယ်။ အခု အဆုံးသတ်ဖို့အချိန် ရောက်လာပြီ”

စကားအဆုံးတွင် သူ့ပုံရိပ်က မရေမတွက်နိုင်သော အစိမ်းရောင်ဓားအလင်းများအဖြစ် ပျောက်ကွယ်သွားသည်။

ထိုဓားအလင်းများက လေဟာနယ်ထဲတွင် မရေမတွက်နိုင်သော တည်နေရာအလွှာများအဖြစ် ပြောင်းလဲသွားကြသည်။

ပုံရိပ်ယောင်ဆန်သော တည်နေရာတိုင်းတွင် ဓားပုံရိပ်တစ်ခု ရှိနေသည်။

ထိုတည်နေရာအလွှာထဲတွင် တည်ရှိနေသော ဓားများ၏ အရေအတွက်ကို မည်သူမှ မသိနိုင်ပေ။

ဟန်မူယဲ့က လက်မြှောက်ပြီး မိုးရေကြည်ဓားကို ဆုပ်ကိုင်လိုက်သည်။

သူက အင်မော်တယ်ချီနှင့် ဓားဆန္ဒကို ထည့်သွင်းလိုက်သည်။

ထိုအင်မော်တယ်ရတနာဓားသည် ပိုင်ရှင်ရှိနေသောကြောင့် တိုက်ရိုက်သန့်စင်ရန် မသင့်တော်ပေ။ သို့သော် မှတ်ဉာဏ်ကိုတော့ ကြည့်နိုင်လိမ့်မည်။

ဟန်မူယဲ့က မှတ်ဉာဏ်များကို ကြည့်လိုက်ပြီး ပြုံးသည်။

ကံကောင်းစွာဖြင့် သူက ဒုတိယအကြိမ် ကြည့်ခဲ့မိသည်။

တချို့အရာများသည် အမှန်မဖြစ်နိုင်ပေ။

ဓားကသာ သူ့ကို အမှန်အတိုင်းပြသလိမ့်မည်။

“ခြောက်နာရီက တကယ်မလုံလောက်ဘူး”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ပြီး ဓားအလင်းကို ထုတ်ဖော်သည်။

ထိုဓားအလင်းများသည် ညင်သာစွာ လှုပ်ရှားသွားပြီး အဆုံးမရှိသော မြက်ခင်းပြင်ကို ထိတွေ့လိုက်ကြသည်။

ခြောက်နာရီသည် ချက်ချင်းကုန်ဆုံးသွားသည်။

အဝေးတစ်နေရာတွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့် အနီရောင်ချပ်ဝတ် မြင်းစီးစစ်သည်များသည် ဟိန်းဟောက်လျက် ပြေးဝင်လာကြသည်။

သွေးချီသည် ကောင်းကင်ကို လွှမ်းမိုးထားသည်။

သိပ်သည်းသော သွေးအလင်းသည် အစိမ်းရောင်အင်မော်တယ်အလင်းနှင့် ထိတွေ့သွားပြီး မျက်စိကျိန်းလောက်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်လာစေသည်။

ရှုမင်ကျန်း၏ ဓားဝင်္ကပါက ထူယွမ်စစ်ပွဲဝင်္ကပါနှင့် ထိတွေ့သွားသည်။

ဓားဝင်္ကပါသည် အလင်းလွှာအဖြစ် ပြောင်းလဲသွားပြီး မြင်းစီးစစ်သည်များကို တားဆီးသည်။

“ဘုန်း”

မြင်းစီးစစ်သည်များက မြေပြိုကျလာသကဲ့သို့ ဝင်္ကပါကို ဖိနှိပ်နေသည်။

ဓားအလင်းနှင့် ဓားဝင်္ကပါသည် မြင်းစီစစ်သည်များကို မတားဆီးနိုင်ခဲ့ပေ။

စစ်တပ်သည် လျင်မြန်စွာ ရှေ့တက်လာခဲ့သည်။

မြက်ခင်းပြင်သည် ကြေမွသွားပြီး တောအုပ်သည် ဖုန်မှုန့်များဖြင့် လွှမ်းမိုးခံလိုက်ရသည်။

“ဘုန်း”

ပေါက်ကွဲသံ ပေါ်ထွက်လာပြီး စစ်တပ်ဝင်္ကပါကို တားဆီးထားသော အလင်းလွှာက ပြိုကျသွားခဲ့သည်။

ရှုံးနိမ့်သွားသည်။

“ကောင်လေး၊ အခု မင်းအပေါ်မှာပဲ မူတည်တော့တယ်”

ရှုမင်ကျန်းက ပြောလိုက်သည်။ ဓားအလင်းများအားလုံးက ပေါက်ကွဲပြီး ဟန်မူယဲ့၏နောက်တွင်ရှိသော ဝါးတောအုပ်အတွင်းသို့ ဝင်ရောက်သွားကြသည်။

ချက်ချင်းဆိုသလိုပင် ဝါးရွက်များက မရေမတွက်နိုင်သော အစိမ်းရောင်ဓားအလင်းအဖြစ် ပြောင်းလဲသွားပြီး လေထုထဲတွင် လွင့်မျောနေကြသည်။

တစ်ဖက်တွင် ချီတက်လာသော စစ်တပ်က ဟန်မူယဲ့၏ရှေ့တွင် ရပ်တန့်လိုက်သည်။

စစ်တပ်ဝင်္ကပါ၏ အဝါရောင်အလင်းသည် ဓားဝင်္ကပါ၏ အစိမ်းရောင်အလင်းနှင့် ကွာခြားနေသည်။

ဟန်မူယဲ့က အလယ်တွင်ရပ်နေပြီး ဝင်္ကပါနှစ်ခုကို ရွေးချယ်ရမည့်ပုံပေါ်သည်။

“ဟားဟား၊ စစ်တပ်ဝင်္ကပါနဲ့ ဓားဝင်္ကပါ”

ဟန်မူူယဲ့က ပြုံးလိုက်ပြီး လက်ထဲတွင်ရှိသော မိုးရေကြည်ဓားကို ကြည့်သည်။

“အကြီးအကဲ ကျွန်တော်က ရွှင်းထျန်းခန်းဆောင်ရဲ့ လျှို့ဝှက်ချက်တချို့ကို သိထားတယ်။ အရင်တုန်းက ရွှင်းထျန်းခန်းဆောင်မှာ ပြဿနာတစ်ခုရှိခဲ့တယ်။ မိုးရေကြည်ဓားအင်မော်တယ် ရှုမင်ကျန်းမှာ နောက်ထပ် နာမည်တစ်ခု ရှိနေသေးတယ် ....”

ဟန်မူယဲ့က ဓားကို လွှတ်ချလိုက်သည်။

မိုးရေကြည်ဓားက တုန်ခါနေပြီး ဝါးရွက်များအဖြစ် ပြောင်းလဲသွားသည်။

“မင်းက ဘာသိတာလဲ”

ရှုမင်ကျန်း၏အသံ ပေါ်ထွက်လာသည်။

“ရှုမင်ကျန်းက ထူထျန်ကျန်းပဲလေ။ မူလခန္ဓာနဲ့ ကိုယ်ပွား၊ ဝင်္ကပါဝိညာဉ်နဲ့ ဓားဝိညာဉ်ဆိုတာပဲ ကွဲပြားသွားတာ”

ဟန်မူယဲ့၏အသံက ညင်သာသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေသည်။

သူက ပိုသိထားသေးသည်။

ရှုမင်ကျန်းသည် တခြားအင်မော်တယ်ကမ္ဘာမှ ဝင်္ကပါပညာရှင်တစ်ဦး ဖြစ်သည်။

သူက ဖူယွီအင်မော်တယ်ကမ္ဘာသို့ ရောက်လာပြီး နောက်ခံကို ဖုံးကွယ်၍ ဓားတာအိုကို ကျင့်ကြံခဲ့သည်။ အဆုံးတွင် သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာပြီး ရွင်းထျန်းခန်းဆောင်သို့ ဝင်ရောက်နိုင်ခဲ့သည်။

သို့သော် သူက အစမှအဆုံးအထိ ဝင်္ကပါတာအိုနှင့် ဓားတာအိုကြားတွင် ဗျာများနေခဲ့သည်။

ထူယွမ်ဝင်္ကပါက အလွန်အားကောင်းပြီး မကောင်းဆိုးဝါးဆန်သော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်သည်။

သို့သော် သူ၏ အင်မော်တယ်ကမ္ဘာတွင် ထိုဝင်္ကပါကို ဓားတာအိုက အနိုင်ယူခဲ့သည်။ သူ၏ဂိုဏ်းက ပျက်စီးသွားပြီး သူတစ်ယောက်တည်း လွတ်မြောက်လာခဲ့သည်။

သူက ဓားတာအိုကို သင်ယူပြီး လက်စားချေချင်သည်။

သို့သော် သူ၏ ဓားတာအိုစွမ်းအားသည် ထူယွမ်ဝင်္ကပါကို အနိုင်မရခဲ့ပေ။

ထို့ကြောင့် သူက လမ်းပျောက်နေသည်။

တာအိုလမ်းစဉ်နှစ်ခု၏ ယှဉ်ပြိုင်မှုသည် သူ့ကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

All Chapters