မျှော်လင့်ချက် ကင်းမဲ့ခြင်း
Vol. 108 Ch. 1121
နဝမပဋိပက္ခဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ် ပြောတာ မမှားပါဘူး။ နဝမပဋိပက္ခ တခြား တာအိုဖန်တီးရှင်တွေကို ပျိုးထောင်တာက သူတို့တွေ သူ့ကို မခြိမ်းခြောက်နိုင်လို့ပါ။ ဒီကိစ္စမှာ မှန်တာ မှားတာက အရေးမကြီးဘူးဆိုတာကို နဝမပဋိပက္ခ သိပါတယ်။ နောက်ဆုံးတော့ သူ ခြေတစ်လှမ်း နောက်ကျပြီး တာအိုဖန်တီးရှင်အဆင့်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။
နဝမပဋိပက္ခ “ဒီလိုဆိုမှတော့ ငါ ဆက်ပြီး တောင်းပန်မနေတော့ဘူး၊ မင်း လုပ်ချင်သလိုသာလုပ်၊ ဒါပေမဲ့ မင်းရဲ့ တိုက်ပွဲက အခုမှ စတာ အမှောင်သခင်ကြီး၊ တစ်ချိန်တုန်းက ငါ ပြိုင်ဘက်ကင်းခဲ့တယ်၊ ငါ့မတိုင်ခင်က တည်ရှိမှုတွေလည်း ပြိုင်ဘက်ကင်းခဲ့ကြတာချည်းပဲ၊ ဒါပေမဲ့ အခု ပြိုင်ဘက်ကင်းတဲ့ ပလ္လင်ကို မင်း ရပြီ၊ မင်း အဲဒီနေရာမှာ ဘယ်လောက်ကြာကြာ ရပ်နိုင်မယ်လို့ ထင်လဲ”
စကားဆုံးတယ်ဆိုရင်ပဲ နဝမပဋိပက္ခဟာ သာလွန်နိယာမကို ရုတ်တရက် ဖိသိပ်လိုက်တဲ့အခါ ကြောက်မက်ဖွယ် အင်အားတစ်ခု ခပ်မြန်မြန်ပဲ စုစည်းမိလာပါတယ်။
ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို မတားပါဘူး။
“ဝုန်း...”
နဝမပဋိပက္ခဟာ သာလွန်နိယာမကို ကိုယ်တိုင် ဖောက်ခွဲပစ်လိုက်ပါတယ်။ ဒီပေါက်ကွဲထွက်လာတဲ့ စွမ်းအားဟာ ဟန်ကျွယ်ရဲ့ အမှောင်နယ်မြေကို ကွဲကြေစေတဲ့အထိ ပြင်းထန်ပါတယ်။ နှောင်ဖွဲ့ခံထားရတဲ့ တာအိုဖန်တီးရှင်လေးပါးရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်လည်း တစ်ပါတည်း ပျက်စီးသွားပါတယ်။
ဟန်ကျွယ်ဟာ အကုန်လုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့အခါ နဝမပဋိပက္ခ သူ့ဘာသာ ဖျက်ဆီးတာက သူ့ကို ထိခိုက်အောင် လုံးဝ မလုပ်နိုင်ဘူးဆိုတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ညာလက်ကို ဆုပ်လိုက်တဲ့အခါ လက်ထဲမှာ တစ်စုံတစ်ခု ယှက်သမ်းသွားပါတယ်။ ဟန်ကျွယ်ဟာ ပြန်ရှင်လာတဲ့ တာအိုဖန်တီးရှင်လေးပါးကို ကြည့်လိုက်ပါတယ်။
ဗလာနယ်မြေဟာ အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်နေပါတယ်။ တာအိုဖန်တီးရှင် လေးပါးဟာ တိတ်ဆိတ်နေပေမဲ့ ရင်ထဲမှာတော့ ကူကယ်ရာမဲ့မှုကို ခံစားနေရပါတယ်။
‘နဝမပဋိပက္ခတောင် သေသွားပြီလား... ငါတို့တွေ အမှောင်သခင်ကြီးကို ဘယ်လို တိုက်မှာလဲ’
ဟန်ကျွယ်ဟာ လက်တစ်ဖက်ကို ရုတ်တရက် မြှောက်လိုက်တဲ့အခါ ဗလာနယ်မြေရဲ့ အခြေခံနိယာမတွေဟာ တာအိုဖန်တီးရှင်လေးပါးကို လျင်မြန်စွာ ချည်နှောင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်လေးပါးကို လက်ထဲ စုပ်ယူလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်သီးဆုပ်ပြီး ပြန်ဖြန့်လိုက်တဲ့အခါ လက်ထဲမှာ ကျောက်စိမ်းလည်ဆွဲ လေးခု ပေါ်လာပါတယ်။ ကျောက်စိမ်းလည်ဆွဲထဲက ရုပ်တုတွေဟာ တာအိုဖန်တီးရှင်လေးပါးပဲ ဖြစ်ပါတယ်။
ဒီအချိန်မှာ တာအိုဖန်တီးရှင်တွေ တိုက်ပွဲက ပြီးဆုံးသွားပါပြီ။ နဝမပဋိပက္ခ ပျက်သုန်းပြီး တခြား တာအိုဖန်တီးရှင်လေးပါးလည်း အဖမ်းခံလိုက်ရပါတယ်။
ကျောက်စိမ်းလည်ဆွဲ လေးခုဟာ ဟန်ကျွယ်ရဲ့ ရင်ဘက်ရှေ့မှာ ဝဲပျံပြီး မတူညီတဲ့ အလင်းရောင်တွေ ထုတ်လွှတ်နေပါတယ်။
ဟန်ကျွယ်ဟာ တစ်ဖက်လှည့်ပြီး ပဋိပက္ခဆီ လျှောက်သွားပါတယ်။
ပဋိပက္ခ။
အချိန်အကြာကြီး တိုက်ခိုက်ပြီးနောက် နယ်မြေထက်ဝက်ကျော် ထိခိုက်ပျက်စီးသွားပါတယ်။ သေဆုံးသွားတဲ့ သက်ရှိတွေက ရေတွက်လို့ မကုန်နိုင်ပါဘူး။ ဟင်းလင်းပြင်တစ်ခုလုံး အကုသိုလ်ကံတွေ ပြည့်နှက်ပြီး အသက်မဲ့နေပါတယ်။
ပဋိပက္ခရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာတော့ တိုက်ပွဲက ဆက်ဖြစ်ပွားနေတုန်းပါ။
ကောင်းကင်အရှင်ရွှင်ဟာ တန်ခိုးစွမ်းအားကြီးမားစွာနဲ့ ယွမ်ရှီကျယ်ဝမ်ကို ဖိနှိပ်ထားပါတယ်။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှင်ဟာ စိတ်မရှည်တော့ပါဘူး။ ကျေနပ်အံ့အားသင့်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း စိတ်ပြန်လေးလာပါတယ်။
ကောင်းကင်အရှင်ရွှင်ဟာ တကယ်ကို စွမ်းအားကြီးပါတယ်။ ယွမ်ရှီကျယ်ဝမ်ကို အမြဲတမ်း ဖိနှိပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖိနှိပ်တာက ဖိနှိပ်တာပါပဲ။ ယွမ်ရှီကျယ်ဝမ်ဟာ အခုထိ ကစားလို့ အားမရသေးတဲ့ ကလေးတစ်ယောက်လို တက်ကြွနေပါသေးတယ်။
တိုက်ပွဲအတွင်းမှာ ယွမ်ရှီကျယ်ဝမ်ဟာ မကြာမကြာ လျှာထုတ်ပြီး ကမ္ဘာတွေနဲ့ မဟာတာအိုပညာရှိတွေကို ဝါးစားတာကြောင့် သူ့စွမ်းအားက တဖြည်းဖြည်း တိုးလာပါတယ်။
လောကဦး နတ်ဘီလူးသုံးပါးနဲ့ ပဋိပက္ခကိုးပါးဟာ ဘယ်လို တန်ပြန်ရမလဲဆိုတာကို ဆွေးနွေးကြပါတယ်။ ဒီအချိန်မှာပဲ နဝမပဋိပက္ခရဲ့ ကိုယ်ပွားဟာ ရုတ်တရက် လွင့်ပါး ပျောက်ကွယ်သွားတာကြောင့် လူတိုင်း မှင်တက်သွားကြပါတယ်။
အဲဒီနောက် ချက်ချင်းဆိုသလို တခြားပဋိပက္ခတွေလည်း လွင့်ပါး ပျောက်ကွယ်ပြီး ကျောက်ရွှမ်ယွမ်နဲ့ ယွီယွမ်သာ ကျန်ရှိပါတော့တယ်။
ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်တာလဲ”
ကျောက်ရွှမ်ယွမ်ဟာ မျက်နှာပျက်သွားပြီး ဟွမ်ဇွမ်တျန်ရဲ့ မေးခွန်းကို ပြန်မဖြေပါဘူး။ ကျောက်ရွှမ်ယွမ်ဟာ အဋ္ဌမပဋိပက္ခ ပြန်ဝင်စားတာမလို့ နဝမပဋိပက္ခရဲ့ တည်ရှိမှုကို မသိပါဘူး။ ယွီယွမ်လည်း အတူတူပါပဲ။
ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ သူတို့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ နှုတ်ယူခံလိုက်ရတာကို ခံစားနိုင်ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက် အထိတ်တလန့် ဖြစ်သွားကြပါတယ်။
အထိတ်လန့်ဖြစ်တာ သူတို့နှစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခ အာကာသ စပြိုလဲလာလို့ပါ။ ပဋိပက္ခ အာကာသဟာ သဲကြီးမိုကြီး ရွာချနေတဲ့ မိုးရေထဲက စက္ကူတစ်ရွက်လိုပါပဲ။
ဒီမြင်ကွင်းက တော်တော်လေးကိုမှ ထူးဆန်းလွန်းပါတယ်။
မဟာတာအို သုံးထောင်ဟာ အထိန်းအချုပ်မဲ့ပြီး ပဋိပက္ခအထက်မှာ နဂါးသုံးထောင်လို အကြောင်းမဲ့ လျှောက်ကပါတယ်။ အထွတ်အထိပ် နိယာမ ခုနစ်ပါးကလည်း မည်းနက်ပြီး အရင်လို မမြင့်မြတ်တော့ပါဘူး။
ဒီပြောင်းလဲမှုတွေကို စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး တွေ့မြင်ကြပါတယ်။ သူတို့တွေတင်မကဘဲ သက်ရှိအားလုံးလည်း တုန်လှုပ်ချောက်ချားသွားကြပါတယ်။ ပဋိပက္ခ ပြိုလဲတာက ကမ္ဘာပေါင်းဘီလီယံချီကို အဆုံးသတ်သွားစေပါတယ်။
“ဘာတွေ ဖြစ်နေတာလဲ”
“ကောင်းကင်အရှင်ရွှင်နဲ့ ယွမ်ရှီကျယ်ဝမ်က စွမ်းအားကြီးလွန်းလို့လား”
“မဟုတ်ဘူး... အမှောင်သခင်ကြီး ပြောခဲ့တာကို မင်း မေ့သွားပြီလား၊ ပဋိပက္ခမှာလည်း ဖန်တီးရှင် ရှိတယ်တဲ့၊ မဟုတ်မှလွဲရော အဲဒီဖန်တီးရှင်...”
“မဖြစ်နိုင်ဘူး... ပဋိပက္ခကို ဖန်တီးတဲ့ တည်ရှိမှုတောင် အမှောင်သခင်ကြီးလက်ထဲမှာ သေသွားတာလား”
“အများကြီး မတွေးနဲ့၊ အဆုံးမဲ့ခေတ် လာနေတာလည်း ဖြစ်နိုင်တာပဲ”
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ထင်ရာမြင်ရာ ဆွေးနွေးကြပါတယ်။ သူတို့အားလုံးရဲ့ ရင်ထဲမှာ တစ်ခါမှ မခံစားခဲ့ရဖူးတဲ့ စိတ်လေးလံမှုတွေနဲ့ သံသယတွေ ပြည့်နှက်နေပါတယ်။
ကောင်းကင်အရှင်ရွှင်ဟာလည်း ဒီမြင်ကွင်းကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်ပါတယ် “ဘာတွေ ဖြစ်ကုန်တာလဲ၊ သမိုင်း ပြောင်းသွားတာလား၊ ဒါပေမဲ့ ငါ ဘာဖြစ်လို့ အာရုံမခံမိတာလဲ... ငါ ဝင်ပါလိုက်လို့များလား”
ကောင်းကင်အရှင်ရွှင်ဟာ တွေးလေလေ စိတ်လေးလံလေလေ ဖြစ်လာပါတယ်။ သူ ယွမ်ရှီကျယ်ဝမ်ကိုတောင် မဖြေရှင်းနိုင်ရင် ပဋိပက္ခထဲက သက်ရှိအားလုံးကို ကယ်တင်ဖို့က လေထဲက တိုက်အိမ်လို ဖြစ်နေမှာပါ။
‘မဖြစ်ဘူး... ငါ ဒါကို အမြန်ဆုံး အဆုံးသတ်ရမယ်... ငါ ဒီဒဏ္ဍာရီလာ အစွမ်းအထက်ဆုံးသားရဲ ယွမ်ရှီကျယ်ဝမ်ကို အရင်ဆုံး ဖြေရှင်းရမယ်’
ကောင်းကင်အရှင်ရွှင်ဟာ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ လက်နှစ်ဖက်ကို ဆန့်တန်းထုတ်လိုက်တဲ့အခါ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ နတ်လက်နက် အကုန်လုံး သူ့ငွေရောင်ချပ်ဝတ်ထဲကို ဝင်သွားပါတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း တောက်ပတဲ့ နတ်ဓားအသွင် ပြောင်းလဲပြီး ယွမ်ရှီကျယ်ဝမ်ကို တိုက်ခိုက်ပါတယ်။
ကြောက်စရာကောင်းလွန်းတဲ့ ဖိအားဟာ စစ်မြေပြင်တစ်ခုလုံးကို ဖုံးအုပ်သွားတာကြောင့် အဝေးမှာ ကြည့်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုတောင် အသက်ရှူ ကျပ်သွားစေပါတယ်။ တစ်ချိန်တည်းမှာပဲ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ရင်ထဲမှာ မျှော်လင့်ချက်ရောင်ခြည် ပြန်ပေါ်လာပါတယ်။
‘ဒီတိုက်ခိုက်မှုက ယွမ်ရှီကျယ်ဝမ်ကို သတ်နိုင်ပါစေ... မဟုတ်ရင် ငါတို့တွေ အကုန်လုံး သွားပြီ’
“ဝုန်း...”
ကောင်းကင်အရှင်ရွှင်ဟာ ယွမ်ရှီကျယ်ဝမ်နဲ့ တိုက်မိပါတယ်။ တလက်လက် တောက်ပတဲ့ အလင်းရောင်ဟာ ပဋိပက္ခကို အရောင်မဲ့သွားစေပါတယ်။ မဟာတာအိုပညာရှိတွေ လွင့်စဉ် ထွက်ကုန်ပြီး ယွမ်ရှီကျယ်ဝမ်ကတော့ ဟိန်းဟောက်နေတုန်းပါ။
အားကောင်းတဲ့ အလင်းရောင်ဟာ ရုတ်တရက် ကျုံ့ဝင်သွားပါတယ်။
ဟန်ဟွမ် လှမ်းကြည့်လိုက်တဲ့အခါ ရုတ်ခြည်း မျက်နှာပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယွမ်ရှီကျယ်ဝမ်ရှေ့မှာ လူတစ်ယောက် ပေါ်လာလို့ပါ။ လုံးဝ မည်းနက်ပြီး အနီရောင် မီးလျှံတွေ တောက်လောင်နေတဲ့ လူတစ်ယောက်ပါ။ ဒီလူက အမှောင်သခင်ကြီးကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
ဒီအချိန်မှာ အမှောင်သခင်ကြီးဟာ ကောင်းကင်အရှင်ရွှင်ရဲ့ လည်ပင်းကို ဖမ်းဆုပ်ပြီး လေထဲ မြှောက်ထားပါတယ်။ ကောင်းကင်အရှင်ရွှင်ဟာ အမှောင်သခင်ကြီးနဲ့ တန်းတူခန္ဓာကိုယ် ဖြစ်လာပြီး အစွမ်းကုန် ရုန်းကန်ပါတယ်။
ယွမ်ရှီကျယ်ဝမ်ပေါ်က စုချီနဲ ကျိုးစုန်ဟာ ဟန်ကျွယ်ရဲ့ ကျောပြင်ကို ကြည့်ပြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့ပါဘူး။ သူတို့နှစ်ယောက်ဟာ အမှောင်သခင်ကြီး စကားကို ပြန်တွေးရင်း...။
မဟာတာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို သတိထားမိသွားကြပါတယ်။ ဒီအခါ အကုန်လုံး မျှော်လင့်ချက်မဲ့ ကုန်ကြပါတယ်။
‘အမှောင်သခင်ကြီး ပြန်လာပြီ၊ ဒီလိုဆို ပဋိပက္ခ ပျက်စီးတော့မှာပေါ့’
ကောင်းကင်အရှင်ရွှင်ဟာ ဟန်ကျွယ်ရဲ့ လက်ထဲကနေ လွတ်အောင် မရုန်းနိုင်ပါဘူး။ ဟန်ကျွယ်ရဲ့ လက်မှာ အလွန်တရာ အားကောင်းလွန်းတဲ့ ချိပ်ပိတ်စွမ်းအား ပါဝင်နေပါတယ်။
‘မဖြစ်နိုင်ဘူး’ ကောင်းကင်အရှင်ရွှင်ဟာ မျက်လုံးပြူးသွားပြီး ဟန်ကျွယ်ကို မယုံနိုင်စွာ ကြည့်လိုက်ပါတယ် “မင်း... ဘယ်သူလဲ”
ကောင်းကင်အရှင်ရွှင်ဟာ တုန်တုန်ယင်ယင် မေးလိုက်ပါတယ်။ သူက တာအိုဖန်တီးရှင်ပါ။ တာအိုဖန်တီးရှင် ဖြစ်လာကတည်းက ကောင်းကင်အရှင်ရွှင်ဟာ ဒီလိုမျိုး တစ်ခါမှ ဒုက္ခ မခံရဖူးပါဘူး။
‘ငါ ဘာဖြစ်လို့ ဒီလူကို မခုခံနိုင်ရတာလဲ’
“ကံဆိုးချင်တော့ နဝမပဋိပက္ခ၊ ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်း၊ ယင်ယန်ချွမ်တုနတ်မင်းနဲ့ အနန္တဖျက်ဆီးရှင်သခင်က ငါ့လက်ထဲမှာ သေသွားပြီ၊ ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး၊ ရုန်းကန် မနေပါနဲ့ကွာ... အဆုံးသတ်ကိုသာ စောင့်စမ်းပါ”
ဟန်ကျွယ်ရဲ့အသံဟာ ပဋိပက္ခတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ သေမျိုးတွေတောင် သူ့အသံကို ကြားနိုင်ပါတယ်။
မဟာတာအိုပညာရှိတွေရဲ့ မျက်စိအောက်မှာ ဟန်ကျွယ်ဟာ ညာလက်ကို ဖမ်းဆုပ်ပြီး ကောင်းကင်အရှင်ရွှင်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီအတိုင်းကြည့်ရင် ကောင်းကင်အရှင်ရွှင်က ခန္ဓာကိုယ်ရော ဝိညာဉ်ရော ပျက်စီးသွားတယ်လို့ ထင်ရပါတယ်။ တကယ်တော့ ဒီလို မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှင်ရဲ့ ဝိညာဉ်ကို နှင်ပဲ နှင်ထုတ်လိုက်တာပါ။
ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်အရှင်ရွှင်က သူနဲ့ ပတ်သက်နေလို့ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှင်ကို ညှာတာလိုက်တာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှင်ကို ရှင်းပစ်ပြီးနောက် ယွမ်ရှီကျယ်ဝမ်ကို ကြည့်လိုက်ပါတယ်။ ယွမ်ရှီကျယ်ဝမ်ဟာ သူ့ဒဏ်ရာတွေကို လျှာနဲ့ ယက်နေပါတယ်။ ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်တဲ့အခါ ယွမ်ရှီကျယ်ဝမ်ရဲ့ ဒဏ်ရာတွေ အကုန်လုံး ပျောက်ကင်းသွားပါတယ်။
ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခနောက်က စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ကြည့်ပြီး မထီမဲ့မြင် ပြုံးလိုက်ပါတယ် “မင်းတို့က ငါ့ကောင်လေးကို ဒဏ်ရာရအောင် လုပ်မှတော့ သူ့အစာ အဖြစ်ခံပေတော့”
ဒီတစ်ကြိမ်မှာတော့ ဘယ်သူမှ ရှေ့မတက်ရဲပါဘူး။
စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး မျှော်လင့်ချက်မဲ့ ကုန်ကြပါတယ်။ ပဋိပက္ခက လောကဦးပဋိပက္ခလိုမျိုး အစအန မကျန်အောင် ပျောက်ကွယ်တော့မှာပါ။ ပြီးတော့ သူတို့လည်း သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။