မြေးအဘိုးနှစ်ယောက်
Vol. 108 Ch. 1126
နှစ်သန်းတစ်ရာ ကြာတဲ့အခါ...
ဗလာနယ်မြေဟာ စည်ကား သိုက်မြိုက်လာပါတယ်။ အရင်လိုမျိုး မဖျော့တော့ဘဲ အရောင်စုံလာပါတယ်။
ကမ္ဘာအမြောက်အမြားလည်း ထွက်ပေါ်လာပါတယ်။ မဟာတာအိုပညာရှိချုပ်ကစလို့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အထိ ကမ္ဘာတွေဖန်တီးပြီး အဆုံးမဲ့ခေတ်ကို အသက်ဝင်အောင် ကြိုးစားကြပါတယ်။
.....
မဟာကမ္ဘာတစ်ခုရဲ့ ကမ္ဘာပေါင်း ဘီလီယံချီထဲက သာမန်ကမ္ဘာလေးတစ်ခု။
ကောင်းကင်ပြာအောက်မှာ အစိမ်းရောင် တောင်တန်းတွေဟာ မြင့်ချည်တစ်လှည့် နိမ့်ချည်တစ်လှည့် တည်ရှိနေပါတယ်။
ဟန်ကျွယ်ဟာ တောင်ခါးပန်းက ချောက်ကမ်းပါးစွန်းမှာ ထိုင်နေပါတယ်။ သူ့ရှေ့မှာရှိတဲ့ လေထုထဲမှာတော့ မြူခိုးတွေ ပြည့်နေပြီး မျက်နှာချင်းဆိုင်က ခပ်မြင့်မြင့် တောင်တစ်လုံးကို ဝိုးတိုးဝါးတား မြင်တွေ့နိုင်ပါတယ်။
ဟန်ကျွယ် ကိုယ်ပေါ်က အကောင်းစား ရတနာတွေဟာ နတ်အလင်းရောင်ကို ရုပ်သိမ်းထားပါတယ်။ ဟန်ကျွယ်ဟာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး သူ့ဝတ်ရုံက လေထဲမှာ လူးလွန့်နေပါတယ်။ ဟန်ကျွယ်ရဲ့ မီးခိုးရောင်ဆံပင်တွေကလည် လေထဲမှာ လွင့်နေပါတယ်။
ဟန်ကျွယ်ဟာ ဆံပင်ဖြူပေမဲ့ နုပျိုတဲ့ မျက်နှာထားနဲ့ အင်မော်တယ် ရောင်ဝါ ရှိပါတယ်။
“ဖန်တီးရှင်သခင်အဆင့်ကို ဘယ်တော့မှ ကျော်နိုင်မလဲ မသိဘူး၊ ဒါပေမဲ့ ကံကောင်းတာက ငါ ဆက်ကျင့်ကြံရင် ငါ့ရဲ့ မူလသက်တမ်း တိုးလာတာပဲ”
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကောင်းကင်ဖုံးနေတဲ့ ရှေ့က မြူခိုးတွေကို ကြည့်လိုက်ပါတယ်။
အဆုံးမဲ့ခေတ် စတင်ပြီးနောက် ပြောင်းလဲမှုတွေ အများကြီး ပေါ်လာပါတယ်။ သက်ရှိအားလုံးဟာ တကယ် အဆုံးမဲ့တဲ့ ကမ္ဘာကိုပဲ တွေ့မြင်ကြရပေမဲ့ ဟန်ကျွယ်ကတော့ ဗလာနယ်မြေရဲ့ အခြေခံ နိယာမ ပြောင်းလဲလာတာကို တွေ့မြင်လိုက်ရပါတယ်။
သက်ရှိအားလုံး ဗလာနယ်မြေမှာ ပျံ့နှံ့တည်ရှိတာက သေးငယ်လှတဲ့ ဖန်တီးမှု အမြောက်အမြား ဗလာနယ်မြေမှာ ပျံ့နှံ့တည်ရှိတာနဲ့ အတူတူပါပဲ။ ဒီသေးငယ်ပေမဲ့ မြောက်မြားလှတဲ့ ဖန်တီးမှုတွေကြောင့် ဗလာနယ်မြေရဲ့ အခြေခံနိယာမတွေဟာ ဖန်တီးမှုအသစ် တချို့ကို ထုတ်လွှတ်လာပါတယ်။
တချို့ဖန်တီးမှုတွေကို နားလည်ဖို့ ဟန်ကျွယ်ဟာ အချိန်တချို့ ယူရပါတယ်။ ဒါက ဗလာနယ်မြေရဲ့ ကိုယ်ခံအားစနစ်လည်း ဖြစ်နိုင်ပါတယ်။ လောကဦးပဋိပက္ခနဲ့ နဝမပဋိပက္ခလိုမျိုးပေါ့။ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် အတွက် ပြဿနာတချို့ ဖန်တီးပြီး ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးတာပါ။
ဟန်ကျွယ်ဟာ အခုအချိန်မှာ အခြေခံနိယာမတွေကို ထိန်းချုပ်နိုင်ပေမဲ့ ပိုင်တော့ မပိုင်နိုင်သေးပါဘူး။ တကယ့် ပိုင်ဆိုင်မှုဆိုတာက ဖန်တီးချင်တဲ့အချိန် ဖန်တီးပြီး ဖျက်ဆီးချင်တဲ့အချိန် ဖျက်ဆီးနိုင်ရပါမယ်။
အနာဂတ်မှာ ဒုတိယမြောက် ဖန်တီးရှင်သခင်လည်း ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ် လုပ်ရမှာက သူ့ရဲ့ ကျင့်ကြံမှု ခံယူချက်ကို ဆက်ထိန်းသိမ်းပြီး အမြဲတမ်း စွမ်းအားကြီးလာအောင် ကြိုးစားရပါမယ်။ သူ ဘယ်တော့မှ ရပ်လို့ မဖြစ်သလို ကိုယ့်အဆင့်အတန်း တည်မြဲဖို့အတွက် မျိုးဆက်တွေရဲ့ လမ်းကိုလည်း ပိတ်ထားလို့ မဖြစ်ပါဘူး။
ပထမ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် နှစ်ယောက်ရဲ့ အတွေ့အကြုံက ဒီလမ်း အလုပ်မဖြစ်ဘူးဆိုတာကို သက်သေပြနေတယ် မဟုတ်ပါလား။
ဒီလိုဆိုပေမဲ့ မကြာမကြာ အပန်းဖြေတာကလည်း လက်ခံလို့ရပါတယ်။
အခုလိုမျိုးပေါ့။
“ဟားဟား... ဓားကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ ငါ သိပြီ”
နို့နံမစင်သေးတဲ့ ရယ်သံတစ်သံ ထွက်ပေါ်လာပါတယ်။ သစ်သားဓါး စီးထားတဲ့ လူငယ်တစ်ယောက်ဟာ မြူခိုးတွေထဲကနေ ပျံထွက်လာပါတယ်။ ဒီလူငယ်ဟာ အညိုရောင်သားရဲ သားရေနဲ့ ချုပ်ထားတဲ့ အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာက မဆိုစလောက် မည်းနေပါတယ်။ သူဟာ အသက် ၁၄ နှစ် ၁၅ နှစ်ပဲ ရှိသေးတယ်လို့ ထင်ရပေမဲ့ သူ့မျက်နှာ အသွင်အပြင်က စူးရှပြီး တောက်ပပါတယ်။
သစ်သားဓားကို စီးနင်းလာတဲ့ လူငယ်ဟာ အချိန်မရွေး ပြုတ်ကျနိုင်သလိုမျိုး ယိမ်းထိုးနေပါတယ်။
ဟန်ကျွယ်ဟာ လူငယ်ကို ကြည့်ပြီး ပြုံးလိုက်ပါတယ်။
‘နှစ်တစ်သောင်း ကြာတာတောင် ဒီကောင်လေးရဲ့ စရိုက်က ဘဝတိုင်း ဒီလိုချည်းပဲ၊ ကြည့်ရတာ ဖူစန်းသစ်ပင်ရဲ့ အချိန်-အာကာသ ပြန်လည်မွေးဖွားခြင်းကတောင် သူ့ရဲ့ ပင်ကိုယ်စရိုက်ကို မဖျက်ပစ်နိုင်တဲ့ပုံပဲ၊ လောကဦးနတ်ဘီလူးရဲ့ ပင်ကိုယ်စရိုက်က စွမ်းအားကြီးတုန်းပါလား’
ဟန်ကျွယ်ဟာ လူငယ်ကို ကြည့်ရင်း စိတ်ထဲမှာ တွေးလိုက်ပါတယ်။
ဒီလူငယ်လေးရဲ့ နာမည်က ချူရှောင်ချီပါ။ သူက သေမျိုးကမ္ဘာရဲ့ သာမန်မိသားစုမှာ မွေးဖွားလာခဲ့ပါတယ်။ သူက ခုနစ်ယောက်မြောက်နဲ့ အငယ်ဆုံး ဖြစ်တဲ့အတွက် သူ့မိဘတွေက ရှောင်ချီလို့ နာမည်ပေးခဲ့ပါတယ်။
ချူရှောင်ချီဟာ ငယ်ငယ်လေးကတည်းက ကျင့်ကြံအားထုတ်ချင်ခဲ့ပါတယ်။ အဲဒါကြောင့် ၁၃ နှစ်ထဲ ဝင်တယ်ဆိုရင်ပဲ အိမ်ကနေ ထွက်ပြေးပြီး လောကကြီးအနှံ့ ခြေဆန့်ခဲ့ပါတယ်။ ၁၃ နှစ်သား တစ်ယောက်တည်း လောကကြီးထဲမှာ လျှောက်သွားတာဆိုတော့ နောက်ဆုံးမှာ သူ့အခြေအနေက တော်တော်လေး ဆိုးရွားသွားပါတယ်။
ပထမဆုံး ပါလာတဲ့ အဝတ်အစားတွေ စားနပ်ရိက္ခာတွေ ဓားပြတိုက်ခံရပါတယ်။ ပြီးတော့ သားရဲတစ်ကောင်ရဲ့ ပါးစပ်အောက်မှာ အသက်ပျောက်လုနီး ဖြစ်ခဲ့ရပါတယ်။ ဒီလို အခက်အခဲတွေ ကြုံတွေ့ရပေမဲ့ ချူရှောင်ချီဟာ လက်မလျှော့ဘဲ လောကကြီးမှာ ဆက်ပြီးတော့ ခရီးနှင်ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ စိတ်ဝိညာဉ် သားရဲတစ်ကောင်ရဲ့ အမဲလိုက်မှုကြောင့် ထွက်ပြေးရာကနေ ချောက်ကမ်းပါးထဲ ပြုတ်ကျပြီး ဟန်ကျွယ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အခုဆိုရင် သူတို့နှစ်ယောက် အတူနေတာ နှစ်ဝက်ကျော်သွားခဲ့ပါပြီ။ ဟန်ကျွယ်ဟာ ချူရှောင်ချီကို ကျင့်ကြံမှု အခြေခံနဲ့ ဓားပျံပညာရပ် သင်ကြားပေးပါတယ်။ တစ်လကြာသွားပေမဲ့ ချူရှောင်ချီဟာ ဓားပျံပညာရပ်ကို တတ်မြောက်ရုံပဲ ရှိပါသေးတယ်။ ဝိညာဉ် ချိပ်ပိတ်ခံထားရတာကြေင့် ချူရှောင်ချီဟာ ပြန်လည်မွေးဖွားခြင်းက ပေးတဲ့ အရည်အချင်းပဲ ရှိပါတယ်။
ချူရှောင်ချီရဲ့ ပြီးခဲ့တဲ့ ဘဝတစ်သောင်းမှာ ဘဝအများစုက သေမျိုးတွေပါ။ ချူရှောင်ချီဟာ သာမန်ဘဝမှာပဲ နေထိုင်ပြီး ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ သူ အမြင့်ဆုံး ရောက်ခဲ့တဲ့အဆင့်က တာအိုပညာရှိအတု အဆင့်ပါ။
အဲဒီတုန်းက ချူရှောင်ချီဟာ တာအိုပညာရှိအတုအဆင့်ကို ရောက်တယ်ဆိုရင်ပဲ ရန်သူတွေ ဝိုင်းတိုက်တာကြောင့် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စကို အဲဒီကမ္ဘာမှာ သူ့မျိုးဆက်တွေက အခုထိ ပြောဆိုနေကြတုန်းပါ။ ဇာတ်လမ်းကောင်း တစ်ပုဒ်အနေနဲ့တော့ မဟုတ်ပါဘူး။ ပြက်လုံးအနေနဲ့ ပြောကြတာပါ။
ချူရှောင်ချီရဲ့ ကိုယ်ရည်ကိုယ်သွေးက တော်တော်လေးကိုမှ လူကြားထဲနေဖို့ မသင့်တော်တာပါ။ သူက အချိန်အများစုမှာ ရွှင်ပြုံးနေတတ်ပေမဲ့ မကြာမကြာဆိုသလို သုန်မှုန်နေတက်ပါတယ်။ သူက ယွမ်ရှီကျယ်ဝမ်နဲ့ လုံးဝကို ကွဲပြားခြားနားလွန်းပါတယ်။
ငါးမိနစ်ကျော် ပျံသန်းပြီးတဲ့နောက် ချူရှောင်ချီရဲ့ စိတ်ဝိညာဉ်ချီဟာ လုံးဝ ကုန်ခမ်းသွားပါတယ်။ ချူရှောင်ချီဟာ ဟန်ကျွယ်ဘေးမှာ ဆင်းသက်ပြီး မြေကြီးပေါ် လေးဖက်ထောက်ကာ ခပ်ပြင်းပြင်း အသက်ရှူလိုက်ပါတယ်။ တစ်ကိုယ်လုံးလည်း ချွေးတွေ စိုရွှဲနေပါတယ်။
ဟန်ကျွယ်ဟာ ရယ်ချင်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချူရှောင်ချီ လေးဖက်ထောက်ပြီး လျှာထုတ်ထားတာက ခွေးနဲ့ တူနေလို့ပါ။ ဒါပေမဲ့ ဒီကိုယ်ဟန်က ယွမ်ရှီကျယ်ဝမ်နဲ့ တော်တော်လေး ဆင်တူပါတယ်။
ဟန်ကျွယ်ဟာ ချူရှောင်ချီရဲ့ ပြီးခဲ့တဲ့ ဘဝတွေမှာ ပေါ်မလာခဲ့ပါဘူး။ အခုလို ချူရှောင်ချီနဲ့ တွေ့ဆုံတာက ပထမဆုံးအကြိမ်ပါ။
“အင်မော်တယ်... အင်မော်တယ်ရဲ့ ဓားပျံပညာရပ်က ဘယ်လောက်ကြာကြာ ပျံသန်းနိုင်လဲ”
“အချိန်အကြာကြီး ပျံသန်းနိုင်မှာပေါ့၊ အင်မော်တယ်က ရွှေဓာတ်လုံး ကျင့်ကြံသူလား”
“ဒဏ္ဍာရီထဲမှာဆို ရွှေဓာတ်လုံး ကျင့်ကြံသူတွေက ပျံသန်းနိုင်တယ်တဲ့”
“အင်မော်တယ် ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ”
“အား... ကျွန်တော် ဗိုက်ဆာလာပြီ၊ အင်မော်တယ် ကျွန်တော်အတွက် ကြက်တစ်ကောင်လောက် ကင်ပေးလို့ရမလား၊ ကျွန်တော် တော်တော်လေး ပင်ပန်းနေပြီ၊ ကိုယ့်ဘာသာ အမဲမလိုက်ချင်တော့ဘူး၊ အရမ်းပင်ပန်းနေတော့ သားကောင်လည်း ဖမ်းနိုင်မှာ မဟုတ်ဘူး”
ချူရှောင်ချီဟာ မဆုံးနိုင်အောင် တရစပ် စကားပြောပါတယ်။ သူ ပင်ပန်းနေတာ အသိသာကြီးပါ။ ဒါပေမဲ့ ပါးစပ်မပိတ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးပြီး ဘာမှမပြောဘဲ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ချူရှောင်ချီရှေ့မှာ မွှေးကြိုင်တဲ့ ကြက်ကင်တစ်ကောင် ပေါ်လာပါတယ်။ ချူရှောင်ချီဟာ မျက်လုံးတွေ အရောင်တောက်သွားပြီး ချက်ချင်း ရွှင်ပျကာ ကြက်ကင်ကို ဖဲ့စားပါတယ်။
ဟန်ကျွယ်ဟာ ချူရှောင်ချီကို သူ့အားသူ ကိုးစေချင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ နှလုံးသားဟာ ချူရှောင်ချီနဲ့တွေ့တိုင်း ပျော့ပျောင်းသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ကလေးတွေ ဒုက္ခရောက်တာကို လျစ်လျူရှုနိုင်ပေမဲ့ သူ့မြေးကိုတော့ လျစ်လျူမရှုထားနိုင်ပါဘူး။ သားအချစ် မြေးအနှစ်ဆိုတာ ဒါကိုပြောတာ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ယွမ်ရှီကျယ်ဝမ်ရဲ့ ဘဝက သနားစရာ ကောင်းပါတယ်။ ယွမ်ရှီကျယ်ဝမ်က မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့တယ်ဆိုပေမဲ့ သူ့ကို ငယ်ငယ်လေးကတည်းက ဘယ်သူမှ မသွန်သင်ခဲ့တာလည်း ပါပါတယ်။
ယွမ်ရှီကျယ်ဝမ်ဟာ သေခါနီးအထိ သူ့အဖေက ဘာဖြစ်လို့ သူ့ကို မကူညီတာလဲဆိုတာ နားမလည်နိုင်ခဲ့ပါဘူး။
ယွမ်ရှီကျယ်ဝမ်ဟာ မြင့်မားတဲ့ အသိဉာဏ်မရှိတဲ့အတွက် ဆက်သွယ်ပြောဆိုတာကို နားမလည်နိုင်ရှာပါဘူး။ ဒါပေမဲ့ သူ့ရင်ထဲမှာတော့ ဟန်ဟွမ်က သူ့အဖေပါ။
ချူရှောင်ချီဟာ ဗိုက်ဝသွားတဲ့အခါ မြေကြီးပေါ်လဲလျောင်းပြီး အကြောဆန့်ပါတယ်။ အဲဒီနောက် စကားဆက်ပြောပြီး အိပ်မောကျသွားပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ချူရှောင်ချီကို ဝတ်ရုံဖြူတစ်ထည် ခြုံပေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
နှစ်နှစ်ကြာပြီးနောက်...
ချူရှောင်ချီဟာ အခြေခံအုတ်မြစ်ကိုအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပြီး သူ့ခန္ဓာကိုယ်ကလည်း ပိုကြံ့ခိုင်သွားပါတယ်။ ချူရှောင်ချီဟာ တောင်တန်းတွေကြားမှာ ဓားပျံစီးရင်း လက်နှစ်ဖက်နဲ့ မန္တန်တွေ ဆက်တိုက်သုံးကာ ငှက်မိစ္ဆာ တစ်ကောင်နောက်ကို လိုက်နေပါတယ်။
ဒီငှက်မိစ္ဆာက ရွှေသိမ်းငှက်နဲ့ တူပါတယ်။ သူ့အတောင်တွေက ရွှေရောင်ရှိပြီး တောင်ပံအလျားက ဆယ်ပေရှိပါတယ်။
ချူရှောင်ချီရဲ့ မန္တန်ဟာ ငှက်မိစ္ဆာကို ထိမှန်သွားတာကြောင့် ငှက်မိစ္ဆာဟာ အတောင်ပံတွေ ကျွတ်ထွက်ပြီး သွေးစသွေးနတွေ ပြန့်ကြဲကုန်ပါတယ်။
နောက်ဆုံးမှာတော့ ငှက်မိစ္ဆာဟာ တောင်ပံကျိုးသွားတာကြောင့် အော်ဟစ်ရင်း ချောက်ကမ်းပါးထဲ ပြုတ်ကျသွားပါတယ်။
ချူရှောင်ချီဟာ ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်။ ဒီကြိုးက စိတ်ကြိုက်ဆွဲဆန့်လို့ရတဲ့ ကြိုးတစ်ချောင်းပါ။ ချူရှောင်ချီဟာ ဒီကြိုးနဲ့ ငှက်မိစ္ဆာကို ဘောလုံးတစ်လုံးဖြစ်အောင် ချည်နှောင်လိုက်ပါတယ်။
အဲဒီနောက် ချူရှောင်ချီဟာ ငှက်မိစ္ဆာကို သယ်ပြီး ဟန်ကျွယ်ရှေ့ ဆင်းသက်လိုက်ပါတယ် “ဟီးဟီး... ဘိုးဘိုး... ကျွန်တော် စွမ်းအားကြီးတယ်မလား” ချူရှောင်ချီဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။ ခါးလက်ထောက်ထားတဲ့ ချူရှောင်ချီဟာ တော်တော်လေး ဘဝင်မြင့်ပုံ ပေါ်နေပါတယ်။
ချူရှောင်ချီ ဟန်ကျွယ်ကို ဘိုးဘိုးလို့ခေါ်တာက ဆရာတပည့် ဆက်ဆံရေးကို ဟန်ကျွယ် လက်မခံတာကြောင့်ပါ။ နောက်ပြီး အင်မော်တယ်ဆိုတဲ့ နာမည်ကလည်း အမြဲတမ်း ခေါ်နေလို့ မကောင်းပါဘူး။
“မဆိုးပါဘူး” ဟန်ကျွယ်ဟာ မျက်လုံးမဖွင့်ဘဲ ပြောလိုက်ပါတယ်။
ချူရှောင်ချီဟာ နှုတ်ခမ်းမဲ့ပြီး ငှက်မိစ္ဆာကို စရှင်းပါတယ်။ တစ်အောင့်အကြာမှာတော့ ငှက်မိစ္ဆာဟာ အသက်ဆက်ရှင်ဖို့အတွက် ချူရှောင်ချီကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ရပါတယ်။ ချူရှောင်ချီကလည်း ငှက်မိစ္ဆာကို ချူရှောင်ညောင်လို့ နာမည်ပေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချူရှောင်ချီပေးတဲ့ နာမည်ကို ကြားပြီး မျက်နှာဆတ်ခနဲ ဖြစ်သွားပါတယ်။
ညအချိန်ကို ရောက်လာပါတယ်။
ချူရှောင်ချီဟာ ဟန်ကျွယ်ဘေးမှာ ထိုင်ရင်း ချီတုံချတုံ ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ညကောင်းကင်ပြင်ကို ကြည့်လိုက်ပါတယ်။ ကြွေကျသွားတဲ့ ကြယ်တစ်စင်းကြောင့် ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ အံ့အားသင့်မှုတချို့ ယှက်သမ်းသွားပါတယ်။
‘ငါ ဒီသေမျိုးကမ္ဘာမှာ ဘာလို့ ရှိနေတာလဲ’
“ဘိုးဘိုး... ကျွန်တော် အိမ်ပြန်ပြီး မိသားစုကို သွားကြည့်ချင်တယ်၊ ကျွန်တော် အိမ်ခဏ ပြန်လို့ရမလား” ချူရှောင်ချီဟာ ခပ်တိုးတိုး မေးလိုက်ပါတယ်။
ချူရှောင်ချီဟာ ဟန်ကျွယ်က သူ့ကို ဒီလောက် ပညာအများကြီး သင်ပေးထားတာတောင် ဘာမှ မတောင်းဆိုတဲ့အတွက် သူ ထွက်သွားရင် ဟန်ကျွယ် စိတ်ပျက်မှာကို စိုးရိမ်နေပါတယ်။
“ရတာပေါ့”
ဟန်ကျွယ်ရဲ့ အဖြေက ချူရှောင်ချီကို မှင်တက်သွားစေပါတယ်။ ချူရှောင်ချီဟာ အဖြေမျိုးစုံကို ကြိုတွေးထားခဲ့ပေမဲ့ ဒီလိုမျိုး အလွယ်တကူ သဘောတူလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။