← Chapters

ကျင့်ကြံမှုလမ်းစဉ်

Vol. 108 Ch. 1128

ကျင့်ကြံမှုလမ်းစဉ်

Vol. 108 Ch. 1128

ဟန်ကျွယ်ဟာ ဝက်တစ်ကောင်လို ပြုံးနေတဲ့ ချူရှောင်ချီကို ကြည့်ပြီး “အဲဒါဆို မင်းက ရှောင်ဟွာကို လက်ထပ်ချင်တယ်ပေါ့”

မိန်းမပျိုလေးတွေလိုပဲ လူငယ်တွေ အချစ်ကို မျှော်လင့် တောင့်တတော့ မဆန်းပါဘူး။

ချူရှောင်ချီဟာ ခေါင်းကုတ်လိုက်ပါတယ် “ကျွန်တော် လက်ထပ်လိုက်ရင် ဘယ်လိုလုပ်ပြီး ကျင့်ကြံအားထုတ်နိုင်တော့မှာလဲ၊ နောက်ကျရင် သူ ကျင့်ကြံအားထုတ်နိုင်အောင် ကျွန်တော် ကူညီရလိမ့်မယ်၊ သူ့အရည်အချင်းက ကောင်းရင် တော်သေးတယ်၊ မဟုတ်ရင် ကျွန်တော်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပြီး အာရုံထွေပြားစေလိမ့်မယ်၊ မကောင်းဘူး... ကျွန်တော် လက်ထပ်လို့ မဖြစ်ဘူး၊ ဒီလောကမှာ အလှပဂေးတွေ အများကြီး ရှိသေးတယ်”

ဟန်ကျွယ် “ဟားဟား... မင်းက သူလှတာကို ကြိုက်တာမလား”

“မဟုတ်ပါဘူး... ကျွန်တော် သူတို့နဲ့တောင် သိပ်မတွေ့ဖူးဘဲနဲ့၊ ဘယ်လိုလုပ်ပြီး မြင်မြင်ချင်း ချစ်ရမှာလဲ”

“မင်းပျော်ရင် ပြီးတာပဲ”

“ဘိုးဘိုး... ဘိုးဘိုး အရင်တုန်းက ဘယ်လိုမျိုး လက်ထပ်ခဲ့တာလဲ” ချူရှောင်ချီဟာ ဟန်ကျွယ်ဘေးမှာ ထိုင်ပြီး စပ်စုပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အရင်တုန်းက ငါက ဆေးဥယျာဉ် အလုပ်သမား ဖြစ်ခဲ့တယ်၊ ပြီးတော့ ကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းရဲ့ အပြင်စည်းတပည့် ဖြစ်လာခဲ့တယ်၊ အဲဒီမှာ အမျိုးသမီး ကျင့်ကြံသူတစ်ဦးနဲ့ တွေ့ပြီး...”

ဟန်ကျွယ်ဟာ သူနဲ့ ရှင်းဟုန်ရွှမ်ရဲ့ ဇာတ်လမ်းကို ပြောပြပါတယ်။ ရှင်းဟုန်ရွှမ်ဟာ သူလျှိုဖြစ်ပေမဲ့ ဟန်ကျွယ်ကို မြင်မြင်ချင်း ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နောက်ကို တကောက်‌ကောက်လိုက်ပြီး ရတနာတွေ ထပ်ခါထပ်ခါ ပေးခဲ့ပါတယ်။ ဒီလိုမျိုး ဇာတ်လမ်းက ချူရှောင်ချီကို လုံးဝ ဆွဲဆောင်သွားပါတယ်။

ချူရှောင်ချီဟာ ယောက်ျားတွေ မိန်းမတွေကို လိုက်ပိုးပန်းတာ အမြဲတမ်း ကြားဖူးပေမဲ့ မိန်းမတွေက ယောက်ျားတွေကို ပြန်ပိုးပန်းတာတော့ သိပ်မကြားဖူးပါဘူး။

ချူရှောင်ချီဟာ ဟန်ကျွယ်ရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်ပါတယ် ‘ဘိုးဘိုးက ဒီလောက်ချောမောတာ၊ မိန်းကလေးတွေ ကြိုက်တာ မဆန်းပါဘူး၊ ငါ့အစ်မနှစ်ယောက်တောင် ဘိုးဘိုးအကြောင်း မေးသေးတာပဲ’

ချူရှောင်ချီဟာ ရုတ်တရက် လက်ခုပ်တီးပြီး “ကျွန်တော် ဆုံးဖြတ်လိုက်ပြီ၊ နောက်ကျရင် ကျွန်တော် အလွယ်လေး လက်ထပ်လို့ မဖြစ်ဘူး၊ မိန်းမလှတွေ ကျွန်တော်ကို လာပိုးပန်းတာ စောင့်ရမယ်၊ ကျွန်တော်ကို စိတ်ရင်းမှန်နဲ့ ချစ်ကြိုက်သူကိုပဲ လက်ထပ်မယ်”

ဟန်ကျွယ်ဟာ ရယ်ချင်သွားပေမဲ့ ချူရှောင်ချီ စိတ်ပျက်အောင် မလုပ်ပါဘူး ‘အနာဂတ်အကြောင်းကို ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲ’

ဟန်ကျွယ်ဟာ အနာဂတ်ကို မြင်နိုင်ပေမဲ့ လိုက်မကြည့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံး ကြိုသိနေရင် ဘဝက ဘယ်လိုလုပ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတော့မှာလဲ။

ဟန်ကျွယ်အနေနဲ့ အနာဂတ်ကို သတိထားဖို့ပဲ လိုပါတယ်။ အနာဂတ်က သူ့ကို ခြိမ်းခြောက်နိုင်တဲ့ ဖြစ်နိုင်ခြေရှိမှ ဟန်ကျွယ်ဟာ အနာဂတ်ကို စစ်ဆေးမှာပါ။ ဖန်တီးရှင်သခင် တစ်ပါးအနေနဲ့ ဟန်ကျွယ်ဟာ ဒီလောက်တော့ ကြိုသိပါသေးတယ်။

ဒီလိုဆိုပေမဲ့ ဟန်ကျွယ်ဟာ သူ့ကံကြမ္မာကို အချိန်တစ်ခုကြာတိုင်း စစ်ဆေးကြည့်မှာပါ။

“ဘိုးဘိုး... ဘိုးဘိုး ကျွန်တော်ရဲ့ တခြားအစ်ကိုတွေ အကြောင်းကို မသိချင်ဘူးလား” ချူရှောင်ချီဟာ စကားလမ်းကြောင်း ပြောလိုက်ပါတယ်။

လက်ရှိမှာ ချူရှောင်ချီကလွဲရင် သူ့မိသားစုမှာ အစ်မနှစ်ယောက်နဲ့ အစ်ကိုသုံးယောက်ပဲ ရှိတာကြောင့် တစ်ယောက် ပျောက်နေပါသေးတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းပြောပြချင်ရင် ပြောပြလေ”

“ဟီးဟီး... ကျွန်တော် ကျင့်ကြံအားထုတ်ချင်တာက အစ်ကိုကြီးကြောင့်ပဲ၊ ကျွန်တော် ငယ်ငယ်လေးကတည်းက အစ်ကိုကြီးကို မမြင်ဖူးဘူး၊ အစ်ကိုကြီးက ငယ်ငယ်တုန်းက အင်မော်တယ်တွေကို လိုက်ရှာမယ်ဆိုပြီး ထွက်သွားတော့ တစ်ခါမှ ပြန်မလာတော့ဘူး၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ သူ အမှောင်ဂိုဏ်းထဲ ဝင်လိုက်ပြီဆိုပြီး အကြောင်းပြန်လာတယ်၊ အဲဒီသတင်းကြားတော့ အစ်ကိုကြီး အလိမ်ခံရပြီဆိုတာ ကျွန်တော်တို့တွေ သိလိုက်တယ်”

အမှောင်ဂိုဏ်း။

ဟန်ကျွယ်ဟာ ဒီနာမည်ကို ကြားရလို့ မအံ့ဩပါဘူး။

မဟာတာအို အနန္တကပ်ဘေး ပြီးတဲ့အခါ အမှောင်ဂိုဏ်းဟာ သူ့ဘာသာ ပြိုလဲပြီး မှေးမှိန်သွားပါတယ်။ တာအိုဖန်တီးရှင်တွေက အမှောင်ဂိုဏ်းသား အကုန်လုံးကို မသတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖြူရှိရင် အမည်းလည်း ရှိလိမ့်မယ်လို့ ဟန်ကျွယ်က သဏ္ဍာန်မဲ့နတ်မင်းကို ပြောလိုက်တာကြောင့်ပါ။

သူတို့တွေ အမှောင်ဂိုဏ်းကို ရှင်းပစ်လိုက်ရင်လည်း ဒီလိုမျိုး တခြားဂိုဏ်းတွေ ပေါ်လာဦးမှာပါ။ ဒါကြောင့် အမှောင်ဂိုဏ်းသား တချို့ကို ချန်ထားပြီး နောက်တစ်ခါ ရောက်လာမဲ့ မဟာတာအို အနန္တကပ်ဘေးအတွက် လမ်းဖောက်ပေးတာ ပိုကောင်းပါတယ်။

မိသားစုအသီးသီးက တပည့်တွေကို လိုက်ရွေးနေမဲ့အစား မကောင်းတဲ့ မျိုးဆက်တွေကို ဆက်ပြီးတော့ မကောင်းတာ လုပ်ခိုင်းတာက ပိုကောင်းပါတယ်။

ဟန်ကျွယ်က ရှီတုတောက်၊ ကျင်းတျန်ကုန်းနဲ့ တခြားလူတွေအတွက် တွေးပေးတာလည်း ပါပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းကလည်း ဟန်ကျွယ်စကားက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားရတာကြောင့် ဟန်ကျွယ်စကားအတိုင်း လိုက်လုပ်ပါတယ်။

အမှောင်ဂိုဏ်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီး အသတ်ခံရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်နဲ့ ပတ်သက်နေတဲ့ လူတချို့ကတော့ ရှင်ကျန်ရစ်ခဲ့ပါတယ်။

ဒီရှုထောင့်ကနေကြည့်ရင် ဟန်ကျွယ်က တော်တော်လေး အတ္တကြီးပါတယ်။ ဒါပေမဲ့ သူ အတ္တကြီးတော့ရော ဘာဖြစ်လဲ။ သူက အစွမ်းအထက်ဆုံးမလို့ အရာအားလုံးကို ဆုံးဖြတ်နိုင်ပါတယ်။ ဘယ်သူ့မှာမှ သူ့ကို အပြစ်တင်ခွင့် မရှိပါဘူး။

စည်းမျဉ်းစည်းကမ်းတွေ ဆိုတာက အဆင့်တူတွေကြားထဲ သူတို့ရဲ့ အကျိုးအမြတ်ကို ကာကွယ်ဖို့ ချမှတ်ကြတာပါ။

ချူရှောင်ချီဟာ သူ့အစ်ကိုကြီးအကြောင်းကို တစ်အောင့်ပြောပြီး တော်‌တော်လေး ညဉ့်နက်မှပဲ ဟန်ကျွယ်ဆီက ပြန်သွားပါတယ်။

အဲဒီနောက်ပိုင်းနေ့တွေမှာ ချူရှောင်ချီဟာ တော်တော်လေး ဂုဏ်ရှိပါတယ်။ ကျင့်ကြံဖို့တောင် အချိန်မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မုဆိုးတွေကို စိတ်ဝိညာဉ် သားရဲတွေ သတ်ဖြတ်နိုင်အောင် ကူညီတာနဲ့ မြို့နယ်ထဲက ကလေးတွေကို ဘယ်လို ကျင့်ကြံရမလဲဆိုတာ သင်ကြားပေးနေတာကြောင့်ပါ။

ဟန်ကျွယ်ဟာ သူ့ကို မတားပါဘူး။ ဟန်ကျွယ် ကိုယ်တိုင်လည်း မကြာမကြာ လမ်းလျှောက်ထွက်ပါတယ်။ ပထမတော့ လူတွေဟာ ဟန်ကျွယ်ရဲ့ အသွင်အပြင်ကို ကြည့်ပြီး အံ့ဩကြပါသေးတယ်။ ဒါပေမဲ့ နောက်တော့ ကျင့်သားရသွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်း နှစ်ဝက် ကုန်ဆုံးသွားပါတယ်။

ချူရှောင်ချီဟာ ဟန်ကျွယ်ဆီ ရောက်လာပြီး “ဘိုးဘိုး... ကျွန်တော် ကျင့်ကြံအားထုတ်ချင်တယ်၊ ဒီနေရာကနေ ထွက်သွားကြရအောင်”

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်မကြည့်ပါဘူး “ခဏလား ထာဝရလား”

ချူရှောင်ချီဟာ မှင်တက်သွားပါတယ်။

ချူရှောင်ချီဟာ ဟန်ကျွယ်ရဲ့ ဆိုလိုရင်းကို နားလည်တာကြောင့် တိတ်ဆိတ်သွားပါတယ်။

သူက ကျင့်ကြံသူ ဖြစ်လာပြီ ဖြစ်တဲ့အတွက် သေမျိုးတွေနဲ့ ဘဝ မတူတော့ပါဘူး။ သူ့မိသားစုကလည်း ကျင့်ကြံဖို့ အရည်အချင်း မရှိပါဘူး။ ဒါကြောင့် သူ ဆက်နေရင် သူ့ကျင့်ကြံမှု နှောင့်နှေးရုံသာမက နောက်ကျရင် သူ့မိသားစုကိုလည်း ဒုက္ခရောက်စေနိုင်ပါတယ်။

သေကွဲကွဲရတာထက်စာရင် အခုလိုမျိုး ခွဲခွာရတာက ပိုကောင်းပါသေးတယ်။

အတန်ကြာသွားမှ...

ချူရှောင်ချီဟာ လက်သီးဆုပ်ပြီး “ထာဝရပါ”

.....

အရုဏ်တက်ချိန်။

ချူရှောင်ချီဟာ သူ့မိသားစုအတွက် စာတစ်စောင် ချန်ထားခဲ့ပါတယ်။ မြို့လေးထဲက မထွက်ခွာခင် ချူရှောင်ချီဟာ ရှောင်ဟွာကို သွားကြည့်ချင်ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ သေမျိုးအတွေးတွေကို ဖြတ်တောက်ပြီး ချူရှောင်ချီဟာ ဟန်ကျွယ်နဲ့ ထွက်ခွာသွားပါတယ်။

“ဘိုးဘိုး... ကျွန်တော်တို့ ပြန်သွားပြီး ကျင့်ကြံအားထုတ်ကြမှာလား”

“ငါ ပြန်သွားဖို့ မလိုဘူး၊ ကြိုက်တဲ့နေရာ လျှောက်လည်လို့ရတယ်”

“ဟုတ်လား... ကျွန်တော်လည်း လောကကြီးက စိတ်လှုပ်ရှားဖို့ကောင်းလား၊ ဘိုးဘိုးပြောတဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေက တကယ်ရှိလားဆိုတာ သိချင်တယ်”

“မင်းက ဂိုဏ်းထဲ ဝင်ချင်တာလား၊ ဂိုဏ်းထဲဝင်တာက လေ့ကျင့်ဖို့ အခွင့်အရေးကောင်းပဲ”

“ကျွန်တော် ဂိုဏ်းထဲဝင်ရင် ဘိုးဘိုးက ဘယ်လိုလုပ်မှာလဲ”

“အနီးအနားမှာ ပုန်းဖို့ နေရာတစ်ခုရှာပြီး ကျင့်ကြံအားထုတ်မှာပေါ့”

“အီးဟီးဟီး... ဘိုးဘိုးက အကောင်းဆုံးပဲ၊ ကျွန်တော် ရင်ထဲ ထိလွန်းလို့ မျက်ရည်တောင် ကျတယ်၊ ကျွန်တော် ဂိုဏ်းထဲဝင်ပြီးရင် ဘိုးဘိုးအတွက် မိန်းမလှလေးတစ်ယောက်ကို ပြန်ပေးဆွဲမယ်၊ သူက သေချာပေါက် ဂိုဏ်းထဲမှာ အလှပဆုံး နတ်သမီးတစ်ပါး ဖြစ်ရမယ်”

“ဟီးဟီး”

တစ်ယောက်က တိမ်စီးပြီး တစ်ယောက်က ဓားစီးပါတယ်။ သူတို့နှစ်ယောက်ဟာ ရယ်ရယ်မောမောနဲ့ မိုးကုပ်စက်ဝိုင်းဆီ ရင်ပေါင်တန်း ပျံသန်းသွားပါတယ်။ သုံးလကြာတဲ့အခါမှာတော့ သူတို့နှစ်ယောက့်ဟာ ကျင့်ကြံခြင်းဂိုဏ်း တစ်ဂိုဏ်းဆီ ရောက်ရှိသွားပါတယ်။

ဟန်ကျွယ်ဟာ ချူရှောင်ချီကို ဂိုဏ်းထဲဝင်ခိုင်းပြီး သူကတော့ အနီးအနားမှာရှိတဲ့ တောအုပ်မှာ ကျင့်ကြံခြင်းလိုဏ်ဂူ ဖွင့်လှစ်ပါတယ်။

“ငါ မင်းကို ကျင့်ကြံတာပဲ သင်ပေးမယ်၊ မင်း ဘေးအန္တရာယ်တွေ့ရင် ဝင်မကယ်ဘူး၊ မင်းမှာ အားကိုးစရာဆိုလို့ မင်းကိုယ်တိုင်ပဲ ရှိတယ်”

ဟန်ကျွယ်ဟာ ထွက်မသွားခင် သတိပေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ထိုင်ရင်း ချူရှောင်ချီကို မကြည့်ဘဲ မနေနိုင်ပါဘူး။

ချူရှောင်ချီက အခြေခံအုတ်မြစ်အဆင့်ကို ရောက်နေပြီမလို့ ဂိုဏ်းထဲဝင်ရတာ မခက်ခဲပါဘူး။ ဒီဂိုဏ်းရဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ဂိုဏ်းချုပ်က ဝိညာဉ်အစီအမံ အဆင့်မှာပဲ ရှိနေပါသေးတယ်။

ချီသန့်စင်ခြင်း၊ အခြေခံ အုတ်မြစ်အဆင့်၊ ရွှေဓာတ်လုံး၊ ကနဦးဝိညာဉ်၊ ဝိညာဉ် အစီအမံ၊ ဟင်းလင်းပြင် ပေါင်းစပ်ခြင်း၊ ကပ်‌ဘေးဖြတ်ကျော်အဆင့်၊ ကောင်းကင်ဘုံဝင်အဆင့်...။

ဟန်ကျွယ်ဟာ အရင်တုန်းက သူကျင့်ကြံခဲ့တဲ့နှစ်တွေကို ပြန်တွေးမိလိုက်ပါတယ်။

ချူရှောင်ချီဟာ ပထမဆုံး အပြင်စည်းတပည့် ဖြစ်ပါတယ်။ သူ့ရဲ့ ဖော်ရွေမှုကြောင့် ချူရှောင်ချီဟာ သူငယ်ချင်းတစ်အုပ်ကို ခပ်မြန်မြန်ပဲ ရရှိသွားပါတယ်။ ဟန်ကျွယ် သူ့ကို သင်ပေးထားတဲ့ ကျင့်စဉ်က ဒီသေမျိုးကမ္ဘာမှာရှိတဲ့ ပညာရပ်တွေထက် ပိုအားကောင်းပါတယ်။

ဒါကြောင့် သုံးနှစ်မပြည့်ခင်မှာပဲ ချူရှောင်ချီဟာ အတွင်းစည်း စမ်းသပ်မှုကို ဖြတ်ကျော်ပြီး အကြီးအကဲတစ်ဦး ရွေးချယ်တာ ခံလိုက်ရပါတယ်။ အကြီးအကဲဟာ ချူရှောင်ချီရဲ့ ကျင့်စဉ်ကို တော်တော်လေး စိတ်ဝင်စားပေမဲ့ လူတိုင်းမှာ ကိုယ့်အခွင့်အရေးနဲ့ ကိုယ်ရှိတယ်ဆိုတာကို သိတဲ့အတွက် ချူရှောင်ချီကို ကျင့်စဉ် ထုတ်ပေးဖို့ ဖိအားမပေးပါဘူး။

အတွင်းစည်းထဲ ရောက်တဲ့အခါမှာတော့ ချူရှောင်ချီဟာ ပြဿနာ စတက်လာပါတယ်။ သူ့ညီအစ်ကို တစ်ယောက်ရဲ့ တာအိုလက်တွဲဖော်ကို ပါရမီရှင်တစ်ပါးက လုသွားတာပါ။ နောက်ပိုင်း အဲဒီညီအစ်ကိုက အပြင်ကို လေ့ကျင့်ဖို့သွားတုန်း အသတ်ခံလိုက်ရပါတယ်။

အဲဒါကြောင့် ချူရှောင်ချီဟာ ယမ်းပုံမီးကျ ဖြစ်ပြီး အဲဒီပါရမီရှင်နဲ့ ရန်သူတွေ ဖြစ်လာပါတယ်။ ဒီပါရမီရှင်က ဂိုဏ်းချုပ်ရဲ့ တပည့်ရင်းပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီပါရမီရှင်က ဂိုဏ်းချုပ်ရဲ့ တရားမဝင်သားဆိုတာ သိပါတယ်။

အပေါ်ယံမှာတော့ ဂိုဏ်းချုပ်ဟာ ဒီကိစ္စကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ နောက်ဆုတ်လို့ မရတော့တဲ့ အခြေအနေကို ရောက်ရင် ချူရှောင်ချီ သေချာပေါက် သေမှာပါ။

ဟန်ကျွယ်ဟာ ချူရှောင်ချီ အခက်အခဲတွေကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ကြည့်ချင်လာပါတယ်။

ဒါပေမဲ့...

“ဘိုးဘိုး... တစ်ယောက်ယောက်က ကျွန်တော်ကို သတ်ချင်နေတယ်၊ ကျွန်တော်ကို ကယ်ပါဦး”

ချူရှောင်ချီဟာ ဟန်ကျွယ်ဆီ လာလည်ပြီး ဟန်ကျွယ်ရဲ့ ခြေရင်းမှာ ဝမ်းပန်းတနည်း ငိုကြွေးပါတယ်။ ချူရှောင်ချီဟာ လူကြီးတစ်ယောက် ဖြစ်နေပါပြီ။ တမင်တကာ ကလေးလို လုပ်နေတာပါ။

ဟန်ကျွယ်ဟာ ချူရှောင်ချီက ငိုချင်ယောင် ဆောင်နေမှန်း သိပါတယ်။ နောက်ပြီး ချူရှောင်ချီနောက်ကို ဘယ်သူမှ လိုက်မလာပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters