← Chapters

ပြိုင်ဘက်ကင်း ဓမ္မကြယ်

Vol. 108 Ch. 1130

ပြိုင်ဘက်ကင်း ဓမ္မကြယ်

Vol. 108 Ch. 1130

ချူရှောင်ချီရဲ့ ကျင့်စဉ်ကို ဟန်ကျွယ်က ဒီအတိုင်း ဖန်တီးလိုက်တာပါ။ ဒါပေမဲ့ ဒီသေမျိုးကမ္ဘာမှာတော့ ဒီကျင့်စဉ်က ထိပ်တန်းကျင့်စဉ်ပါ။ ဟန်ကျွယ်ရဲ့ တာအိုအသံကို နားမထောင်ရဘဲနဲ့ သာမန်လူတွေ ဒီကျင့်စဉ်ကို သုံးသပ်နားလည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။

မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ လေးငါးဆယ်ရက် ကျင့်ကြံအားထုတ်ကြည့်ပေမဲ့ မအောင်မြင်ပါဘူး။ ဒါပေမဲ့ သူဟာ အလျင်မလိုပါဘူး။

မလှမ်းမကမ်းက မြစ်လေးတစ်စင်းမှာတော့ ချူရှောင်ချီဟာ ထန်ဝမ်ရဲ့ ကျောပြင်က ဒဏ်ရာတွေကို သန့််ရှင်းပေးနေပါတယ်။ ထန်ဝမ်ဟာ ရင်ဘက်ကို သူမရဲ့ အဝတ်တွေနဲ့ ဖုံးထားပါတယ်။ ထန်ဝမ်ရဲ့ နှင်းလိုဖြူဖွေးတဲ့ ကျောပြင်ဟာ ကြက်ခြေခတ် အမာရွတ်တွေနဲ့ ပြည့်နေပါတယ်။ နူးညံဖြူဖွေးတဲ့ အသားအရေနဲ့ ဒီအမာရွတ်တွေက လုံးဝကို မလိုက်ဖက်ပါဘူး။

ထန်ဝမ်ဟာ အသံလွှင့်ပြီး ချူရှောင်ချီနဲ့ စကားပြောပါတယ်။

“ညီမတို့တွေ ဒီအတိုင်းပဲ အညံ့ခံလိုက်တော့မှာလား”

“စောင့်ကြည့်ကြတော့ပေါ့၊ သူ့ကျင့်ကြံမှုက မြင့်လွန်းတယ်၊ ငါတို့တွေ မခုခံနိုင်ဘူး”

“အစ်ကိုရဲ့ ဆန်းကြယ်စွမ်းအားက အဆင့်ကျော်ပြီး သတ်လို့ရတယ်”

“ငါက မင်းကို ကြွားတာ၊ အဆင့်လေးနှစ်ဆင့် ကျော်ပြီး သတ်ဖြတ်တာက ကိစ္စမရှိဘူး၊ ဒါပေမဲ့ ဒီလူက ကနဦးဝိညာဉ်အဆင့်မှာ”

“အဲဒါဆိုလည်း ညီမတို့တွေ မီးစင် ကြည့်ကတာပေါ့”

သူတို့နှစ်ယောက်ဟာ အတွေးကိုယ်စီနဲ့ ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။

ချူရှောင်ချီဟာ ရင်ထဲမှာ မချိဖြစ်သွားပါတယ် ‘ဘိုးဘိုး ဘယ်လိုနေလဲ မသိဘူး... ဘိုးဘိုးရေ... ဘိုးဘိုးရဲ့ မြေးလေးတော့ သေတော့မယ်’

ချူရှောင်ချီရဲ့ အမြင်မှာ သူ့ဘိုးဘိုးသာ လှုပ်ရှားရင် ဒီကနဦးစိတ်ဝိညာဉ် ကျင့်ကြံသူလည်း သေချာပေါက် သေမှာပါ။ ဒါပေမဲ့ ဒီနေရာက သူ့ဘိုးဘိုးရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူနဲ့ အလှမ်းဝေးပါတယ်။ ဒါကြောင့် သူ့ဘိုးဘိုးက သူ့ကို အချိန်မီကယ်နိုင်မှာ မဟုတ်ပါဘူး။

‘မဖြစ်ဘူး... ငါ့ကိုယ်ငါ ကယ်ဖို့ နည်းလမ်းရှာရမယ်’

ချူရှောင်ချီဟာ ခေါင်းတစ်ခုလုံး ချာချာလည်အောင် စဉ်းစားပြီးနောက် အကြံတစ်ခု ရသွားပါတယ်။ ထိပ်တိုက် တိုက်ခိုက်ရင် မနိုင်တဲ့အတွက် အကောက်ကြံဖို့ပါ။ ဘယ်လို အကောက်ကြံရမလဲဆိုတာက ချူရှောင်ချီအတွက် နောက်ထပ် ပြဿနာတစ်ခုပါ။

ညနေပိုင်းမှာ မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ချူရှောင်ချီကို ခေါ်လိုက်ပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ဒီကျင့်စဉ်က ခက်ခဲလွန်းတဲ့အတွက် ချူရှောင်ချီဆီကနေ အကူအညီ တောင်းချင်တာပါ။

ချူရှောင်ချီဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ် ‘နောက်ဆုံးတော့ ငါ့ဆီ အခွင့်အရေးကောင်း တစ်ခု ရောက်လာခဲ့ပြီ’

ချူရှောင်ချီဟာ ကျင့်စဉ်ရဲ့ တချို့အဆင့်တွေကို လျှောက်ပြင်ပါတယ်။ ဒါပေမဲ့ တစ်ခါတည်း အများကြီး မပြင်ပါဘူး။ မီးခိုးရောင်ဝတ်ရုံနဲ့လူ ရှာတွေ့သွားမှာစိုးတဲ့အတွက် နည်းနည်းချင်းစီ ပြောင်းပစ်ပါတယ်။

မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ဒီကျင့်စဉ်ရဲ့ သိမ်မွေ့နက်နဲမှုကြောင့် အံ့ဩမှင်တက်ပြီး မေးခွန်းပေါင်းများစွာ ရှိနေတာကြောင့် ဒီပြောင်းလဲမှု သေးသေးလေးတွေကို လုံးဝ သတိမထားမိပါဘူး။

မိုင်တစ်ရာအကွာက ဟန်ကျွယ်ဟာ ဒါကို ကြည့်ပြီး ပြုံးလိုက်ပါတယ် ‘ဒီကောင်လေးက တကယ်ကို သရုပ်ဆောင်ကောင်းတာပဲ’

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကို သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ဆယ်သန်းတိုင်း အခွင့်အရေး တစ်ကြိမ် ရတဲ့အတွက် အခုဆိုရင် ဟန်ကျွယ်ဆီမှာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးပေါင်း ၄၆ ကြိမ် ရှိနေပါပြီ။

[မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုအား အသုံးပြုလိုက်ပါသည်။ သင့်မျိုးဆက်ထဲ၌ မဟာဖန်တီးမှုတစ်ခု ကျပမ်း ပေါ်လာလိမ့်မည်။]

[သင့်မျိုးဆက် ချန်ကျွယ်သည် ရှန်တျန် မဟာဖန်တီးမှု - ပြိုင်ဘက်ကင်းဓမ္မကြယ် နိုးထသွားခဲ့သည်။]

[ပြိုင်ဘက်ကင်း ဓမ္မကြယ်: ရှန်တျန် မဟာဖန်တီးမှု။ ဓမ္မစွမ်းအား အဆုံးမဲ့ပြီး ဘယ်သောအခါမျှ မကုန်ဆုံးနိုင်ပေ။]

ဓမ္မစွမ်းအား မကုန်ဆုံးနိုင်တဲ့အတွက် မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အစပိုင်းပဲ ကောင်းတဲ့အထဲ ပါပါတယ်။ ကျင့်ကြံမှု အဆင့်တစ်ခုကို ရောက်ရင် ဓမ္မစွမ်းအားက ဘယ်လိုမှ မကုန်ခမ်းနိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ တိတ်တဆိတ် တွက်ချက် ကြည့်လိုက်တဲ့အခါ ချန်ကျွယ်က ဒီကမ္ဘာနဲ့ တော်တော်လေး ဝေးကွာတဲ့နေရာမှာ ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဒီအတိုင်းဆိုရင် ဒီဘဝမှာ ချူရှောင်ချီနဲ့ ချန်ကျွယ် တွေ့ဆုံဖို့က မဖြစ်နိုင်သလောက်ပါပဲ။

ဒီတစ်ကြိမ်တော့ ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင်ကို ကိုယ်တိုင် ပျိုးထောင်ဖို့ အစီအစဉ် မရှိပါဘူး။ သဘာဝအတိုင်း ကြီးပြင်းစေမှာပါ။

ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ရာပြည့်ရင် အကုန်လုံးကို တစ်ခါတည်း ထုတ်သုံးဖို့ စဉ်းစားထားပါတယ်။ ပြီးရင် ဟန်ကျွယ်ဟာ အဲဒီပါရမီရှင်တွေကို အကုန်လုံးကို စုစည်းပြီး ဖန်တီးရှင်သခင်စစ်တပ် ထူထောင်မှာပါ။

အကြိမ်တစ်ရာ ပြည့်ဖို့က ၅၅ ကြိမ် လိုသေးတဲ့အတွက် ဟန်ကျွယ်ဟာ နောက်ထပ် နှစ်သန်း ၅၅၀ စောင့်ရပါဦးမယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ ချူရှောင်ချီဆီ ပြန်ရောက်သွားပါတယ်။

‘ဒီနှစ်သန်း ၅၅၀ အတွင်း ချူရှောင်ချီ ဘယ်နှကြိမ်များ ပြန်ဝင်စားမလဲ မသိဘူး’ ဒါပေမဲ့ ဟန်ကျွယ်ဟာ ချူရှောင်ချီကို ကြည့်မိတဲ့အခါ စိတ်ပျော့သွားပါတယ် ‘ထားလိုက်ပါတော့... သူ ပြန်မွေးဖွားတာ တော်လောက်ပြီ၊ ဒီပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲကနေ သူ လွတ်မြောက်ဖို့ အချိန်တန်ပြီ’

ဟန်ကျွယ်ဟာ ပြုံးပြီး မျက်လုံးမှိတ်လိုက်ပါတယ်။

နှစ်လကြာပြီးနောက်။

ချူရှောင်ချီရဲ့ အကောက်ကြံမှုအောက်မှာ မီးခိုးရောင်ဝတ်ရုံနဲ့လူရဲ့ ကျင့်ကြံမှုဟာ ပိုပိုပြီးတော့ လွဲချော်လာပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ တစ်ခုခု မှားနေပြီဆိုတာကို သတိထားမိပြီး ချက်ချင်း ချူရှောင်ချီကို ပြဿနာရှာကာ ခြိမ်းခြောက်ပါတယ်။

ချူရှောင်ချီဟာ ငကြောက်တစ်ကောင်လို ချက်ချင်း ဒူးထောက်လိုက်ပါတယ်။ ချူရှောင်ချီဟာ တဆတ်ဆတ်တုန်ပြီး မျက်ရည်တွေ နှာရည်တွေ ထွက်ကျလာပါတယ်။

မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ထန်ဝမ်လည်း ဒါကို မြင်တဲ့အတွက် ချူရှောင်ချီက သရုပ်ဆောင်နေတာ မဟုတ်ဘူးလို့ ကောက်ချက် ချလိုက်ပါတယ်။ ယောက်ျားတွေက မိန်းမတွေရှေ့မှာ သူတို့ရဲ့ ဂုဏ်သတင်းကို ဂရုအစိုက်ဆုံး မဟုတ်ပါလား။

ဒါကြောင့် မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ စိုးရိမ်စိတ်တွေ ပြန်ပျောက်သွားပါတယ်။ တကယ်တော့ သူ့မှာ ရွေးချယ်စရာ မရှိပါဘူး။ သူ ကနဦးစိတ်ဝိညာဉ်အဆင့်မှာ တစ်နေတာ အတော်ကြာသွားပါပြီ။ သူ့သက်တမ်းကလည်း ကုန်ခါနီးနေပါပြီ။ ဒါကြောင့် မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ကနဦးဝိညာဉ်အဆင့်ကို ကျော်လွန်နိုင်မဲ့ ထိပ်တန်းကျင့်စဉ်ကို တကယ်ပဲ လိုအပ်နေပါတယ်။

နောက်ထပ်တစ်လ ကုန်ဆုံးသွားပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့လူမှာ အတွင်းနတ်ဆိုး ဖြစ်ပေါ်လာပါတယ်။ သတ်ဖြတ်ငွေ့ကို ထိန်းမရတာကြောင့် မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ မိစ္ဆာတစ်ကောင်လိုပါပဲ။

မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ချူရှောင်ချီကို ထပ်ရှာပါတယ်။ ဒီတစ်ခါမှာတော့ သူဟာ ချူရှောင်ချီကို မန္တန်သုံးပြီး နှိပ်စက်ပါတယ်။ ချူရှောင်ချီကလည်း ငိုကြွေးပြီး သူလည်း ဒီအတိုင်း ကျင့်ကြံတာဖြစ်ကြောင်း ရှင်းပြပါတယ်။ ဒီတစ်ကြိမ်မှာ ချူရှောင်ချီဟာ သေးတောင် ထွက်ကျပါတယ်။ ဘောင်းဘီတွေ စိုရွှဲပြီး လုံးဝကို ရှက်ဖို့ ကောင်းပါတယ်။

မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ သံသယပိုဝင်လာပါတယ် ‘ဒီကျင့်စဉ်က ငါကျင့်ကြံခဲ့တဲ့ အရင်ကျင့်စဉ်နဲ့ မတည့်လို့ ဒီလို ဖြစ်ရတာလား’

ဒါပေမဲ့ သူဟာ ဒီအတိုင်း လက်မလျှော့လိုက်ချင်ပါဘူး။ အခွင့်အရေးဆိုတာက လိုချင်တိုင်း ရနေတာ မဟုတ်ပါဘူး။ ရတဲ့အချိန်မှာ အမိဖမ်းထားနိုင်ဖို့ လိုပါတယ်။

‘မဟုတ်သေးဘူး... ငါ ဒီကောင်လေး စကားကို မျက်စိစုံမှိတ်ပြီး ယုံလို့ မဖြစ်ဘူး’

မီးခိုးရောင်ဝတ်ရုံနဲ့လူရဲ့ မျက်လုံးတွေဟာ ရက်စက်ငွေ့ လွှမ်းသွားပြီး ချူရှောင်ချီကို မလှုပ်နိုင်အောင် လုပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူ့ရဲ့ လျှိုဝှက်ပညာရပ်တစ်ခုနဲ့ သူ့ဝိညာဉ်ကို ခွဲထုတ်ပြီး ချူရှောင်ချီကို ဝင်ပူးကာ မှတ်ဉာဏ်တွေ ဖတ်ပါတယ်။

ချူရှောင်ချီဟာ မလှုပ်နိုင် ဖြစ်သွားကတည်းက တစ်ခုခု မှားသွားပြီ ဆိုတာကို သိလိုက်ပါတယ်။ ချူရှောင်ချီဟာ မျှော်လင့်ချက်မဲ့သွားပါတယ်။

‘သေစမ်း... ငါ ထန်ဝမ်ရှေ့မှာ ဒီလောက် မျက်နှာပျက်ခံပြီး သရုပ်ဆောင်ထားရတာ အကုန်လုံး သဲထဲရေသွန် ဖြစ်ကုန်တော့မှာလား... ဒီလိုဖြစ်မယ်မှန်းသာ သိရင် သူသေကိုယ်သေ တိုက်ခိုက်ပြီး သိက္ခာရှိရှိ သေပါတယ်’

ထန်ဝမ်ဟာ ဓားဆွဲထုတ်ပြီး မီးခိုးရောင်ဝတ်ရုံနဲ့လူကို နောက်ကနေ ထိုးလိုက်ပါတယ်။ ဒါပေမဲ့ မီးခိုး‌ရောင်ဝတ်ရုံနဲ့လူရဲ့ ဓမ္မစွမ်းအားကြောင့် ထန်ဝမ်ဟာ လွင့်စဉ်ထွက်ပြီး သွေးပွက်ပွက် အန်ထွက်ကာ သတိမေ့သွားပါတယ်။

အခြေခံအုတ်မြစ် ကျင့်ကြံသူတွေက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူရဲ့ တန်ပြန်တာကို နည်းနည်းကလေးတောင် မခံနိုင်ပါဘူး။

မီးခိုးရောင်ဝတ်ရုံနဲ့လူရဲ့ မျက်လုံးတွေဟာ အစိမ်းရောင် ပြောင်းသွားပြီး ဝိညာဉ် ပျံထွက်ကာ ချူရှောင်ချီရဲ့ နဖူးကြားထဲ ဝင်သွားပါတယ်။ ရုတ်ခြည်းဆိုသလို ချူရှောင်ချီဟာ မှင်တက်ပြီး သတိမေ့သွားပါတယ်။ အသက်ရှူကြိမ် သုံးလေးကြိမ် အကြာမှာတော့ မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ပြီး မျက်လုံးပြူးသွားပါတယ်။

“ဒါ ဘာကြီးလဲ” သူ့အသံက လုံးဝကို တုန်ယင်နေပါတယ်။

“ဝုန်း...”

မီးခိုးရောင်ဝတ်ရုံနဲ့လူရဲ့ ခန္ဓာကိုယ်ဟာ သူ့ရဲ့ ကနဦးဝိညာဉ်နဲ့အတူ ပေါက်ကွဲထွက်သွားပါတယ်။ သူ့ဝိညာဉ်လည်း လွင့်ပါး ပျောက်ကွယ်သွားပါတယ်။

ချူ‌ရှောင်ချီဟာ မြေကြီးပေါ်လဲကျပြီး သွေးချီအမျှင်အတန်းတွေကနေ ကြောက်မက်ဖွယ် အရိပ်တစ်ရိပ် ခဲလာပါတယ်။ ယွမ်ရှီကျယ်ဝမ်ပါ။ ဒါပေမဲ့ ဒီအရိပ်ဟာ ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ခပ်မြန်မြန် လွင့်ပါး ပျောက်ကွယ်သွားပါတယ်။

မိုင်တစ်ရာအကွာက ဟန်ကျွယ်ဘေးနားမှာ နောက်ထပ် လူတစ်ယောက် ပေါ်လာပါတယ်။ ရှင်းဟုန်ရွှမ်ပါ။

“တကယ်ကို သူပါလား”

ရှင်းဟုန်ရွှမ်ဟာ တအံ့တဩ ဖြစ်သွားပါတယ်။

လွန်ခဲ့တဲ့လဝက်က ရှင်းဟုန်ရွှမ်ဟာ ပျင်းလာတဲ့အတွက် ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နဲ့အတူတူ ခရီးထွက်ချင်တာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ဒီကမ္ဘာဆီ ရွှေ့ပြောင်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ဘာမှ မဖုံးကွယ်ပါဘူး။

ဒီတော့မှ ရှင်းဟုန်ရွှမ်ဟာ သူ့ခံစားချက်ကို နားလည် သဘောပေါက်သွားပါတယ် ‘ယွမ်ရှီကျယ်ဝမ်က ငါ့ကို ထူးဆန်းတဲ့ ခံစားချက်ပေးနေတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ယောက်ျား သူ့ကို မသတ်တာကလည်း မြေးလေး ဖြစ်နေတာကြောင့်ကိုး’

“ဒီကောင်လေးရဲ့ စရိုက်က ယောက်ျားနဲ့ရော ယောက်ျားရဲ့ ကလေးတွေနဲ့ရော လုံးဝ မတူဘူး... ဟင်း...”

ချူရှောင်ချီဟာ သေးထွက်ကျတဲ့အထိ သရုပ်ဆောင်တာက ရှင်းဟုန်ရွှမ်ကို အမြင်ကျယ်သွားစေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မတူတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတာပေါ့”

“ယောက်ျားက သူ့နားမှာ ဆက်ပြီးတော့ နေဦးမှာလား”

“အင်း... ငါ သူ့နားမှာ နောက်နှစ်တစ်သောင်းလောက် နေဦးမယ်”

“ကျွတ်..ကျွတ်... ယောက်ျားက မြေးကို ဒီလောက်တောင် သဘောကျနေတာလား၊ ဒီလိုဆိုမှတော့ မိန်းမ လျှောက်ကြည့်ပြီးမှ ပြန်လာခဲ့မယ်... ခစ်..ခစ်...” ရှင်းဟုန်ရွှမ်ဟာ ပါးစပ်ကို လက်နဲ့ကာပြီး ရယ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဘာမှ မကန့်ကွက်ပါဘူး။ အဲဒါကြောင့် သူတို့နှစ်ယောက်ဟာ လောလောဆယ် လမ်းခွဲလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချူရှောင်ချီဆီသွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့အဝတ်အစားတွေကို ပြောင်းပြီး မြစ်ကမ်းဘေးမှာထိုင်ကာ ကျင့်ကြံအားထုတ်ပါတယ်။

နှစ်နာရီ ကြာတဲ့အခါမှာတော့...

ထန်ဝမ်ဟာ ပထမဆုံး နိုးလာပါတယ်။ ထန်ဝမ်ဟာ နိုးနိုးချင်း ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် လန့်သွားပြီး ဓားမြှောက်ကာ တိုက်ခိုက်ဖို့ အသင့်ပြင်ပါတယ်။ ဟန်ကျွယ်ဟာ ထန်ဝမ်ကို ဂရုမစိုက်ပါဘူး။

ထန်ဝမ်ကလည်း အလျင်စလို မတိုက်ခိုက်ရဲတာကြောင့် ချူရှောင်ချီဆီသွားပြီး ချူရှောင်ချီရဲ့ အခြေအနေကို စစ်ဆေးပါတယ်။

ထန်ဝမ် စစ်ဆေးနေတုန်းမှာပဲ ချူရှောင်ချီ နိုးလာပါတယ်။ ချူရှောင်ချီဟာ နိုးလာတယ်ဆိုရင်ပဲ ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြီး မီးခိုးရောင်ဝတ်ရုံနဲ့လူကို နည်းမျိုးစုံ စကားလုံးမျိုးစုံနဲ့ ကျိန်ဆဲပါတယ်။

အဲဒီနောက် ချူရှောင်ချီဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ကျေနပ်အံ့အားသင့်သွားပါတယ်။ ချူရှောင်ချီဟာ ထန်ဝမ်ကို တွန်းဖယ်ပြီး ဟန်ကျွယ်ရှေ့ ချက်ချင်း ရောက်လာကာ ဝမ်းနည်းပက်လက် တိုင်တန်းပါတယ်။

“ဘိုးဘိုး... နောက်ဆုံးတော့ ဘိုးဘိုး ရောက်လာပြီပေါ့၊ ဘိုးဘိုး ကျွန်တော်အတွက် လက်စားချေပေးပါဦး၊ အဲဒီခွေးမသားက ကျွန်တော့်ကို ရက်ရက်စက်စက် နှိပ်စက်ထားတာ ရစရာကို မရှိတော့ဘူး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters