← Chapters

ကြယ်စင်စုကောင်းကင်ရတနာ

Vol. 65 Ch. 860

ကြယ်စင်စုကောင်းကင်ရတနာ

Vol. 65 Ch. 860

နဂါးချီလင်ဆီမှ “ဟုတ်တာပေါ့” ဟူသော စကားလေးတစ်ခွန်းသာ ကြားလိုက်ရသော်လည်း ချင်မူမှာ အကြီးအကျယ် အားပေးခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး လျင်မြန်စွာပင် စိတ်အားတရှိန်းရှိန်း ပြန်တက်သွားသည်။

ယန်အာမှာ ဤမြင်ကွင်းကို ကြည့်ရင်း အဆန်းတကြယ် ဖြစ်နေပြီး နဂါးချီလင်အား စွမ်းအင်ဆေးလုံးတစ်လုံး ခွံ့လိုက်သည်။

ရေချီလင်ကတော့ အလွန်မနာလိုဖြစ်နေသည်။ ‘ငါ့သခင် မေးရင် ငါလည်း ‘ဟုတ်တယ်’ လို့ ထောက်ခံရမယ်... ဒါဆို အစာများများ စားရမှာပဲ.... ဒါပေမဲ့ ငါ့သခင် ကြည့်ရတာ အမြဲအူကြောင်ကျားပဲ ဖြစ်နေမှာ ထင်တယ်...’

ကောင်းကင်ယင်နတ်ဘုရားမက သူတို့ကို ကောင်းကင်ယင်ကမ္ဘာ၏ အပြင်သို့ လိုက်ပို့ပေးသည်။ သူမက မပြန်ခင် ခပ်တိုးတိုး ကပ်ပြော၏။ “မှော်ဝိဇ္ဇာရှင်၊ ကျွန်မကို စိတ်ဆိုးနေလားဟင်... ကောင်းကင်နတ်ဧကရာဇ်က ကျွန်မတို့ ‌ရှေးဟောင်းနတ်ဘုရားတွေရဲ့ အရှင်မင်းကြီးပဲ မဟုတ်လား... သူက ကျန်တဲ့ ရှေးဟောင်းနတ်ဘုရားတွေအပေါ် မကောင်းတာတွေ အများကြီး လုပ်ခဲ့ပေမယ့် လူဆိုးတော့ မဟုတ်သေးပါဘူး... တာအိုဘိုးဘေးကြီး ကျွန်မကို လာရှာပြီး ကောင်းကင်ယင်ကမ္ဘာရဲ့ သင်္ကေတအမှတ်အသားတွေနဲ့ အရှင်မင်းကြီးရဲ့ ဝိညာဉ်ကို တည်ဆောက်ပေးဖို့ တောင်းဆိုတုန်းက ကျွန်မလည်း ငြင်းမရခဲ့လို့ပါ”

“နတ်ဘုရားမ၊ ရှင်းပြစရာမလိုပါဘူး... ကျွန်တော် အပြည့်အဝ နားလည်ပါတယ်”

ချင်မူ ပြုံးလိုက်သည်။ “နတ်ဘုရားမရဲ့ အတွေးထဲမှာ အရင်တုန်းက အယူအဆတွေ ရှိနေသေးတော့ ဘယ်လိုရွေးချယ်မှုပဲ လုပ်ပါစေ မထူးဆန်းပါဘူး.. ဒါပေမဲ့ နတ်ဘုရားမ တစ်ခုတော့ သတိရပါ... နတ်ဘုရားမဟာ ကောင်းကင်နဲ့မြေကြီးကနေ မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်တော့ဘူး... ရှေးဟောင်းနတ်ဘုရားမဖြစ်တဲ့ နတ်ဘုရားမက သေဆုံးသွားခဲ့ပြီ... အခု နတ်ဘုရားမက ဘဝအသစ်ကို ပြန်စတင်နေတဲ့ သူပဲ... ကျွန်တော်တို့လို သက်ရှိသတ္တဝါတွေနဲ့ မခြားနားတော့ဘူး”

ကောင်းကင်ယင်နတ်ဘုရားမမှာ ဆွံ့အသွားသည်။

“နတ်ဘုရားမက တုံးအလွန်းတယ်... အပြင်လူကို သတိထားရမှန်း မသိအောင်ကို တုံးအလွန်းတယ်... ကိုယ် ဘာကြောင့် သေခဲ့ရမှန်း မသိအောင်ကို တုံးအလွန်းတယ်....ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်ကို ယုံကြည်သေးတဲ့အထိ တုံးအလွန်းတယ်... နတ်ဘုရားမ တွေးခဲ့ဖူးသလား.... နတ်ဘုရားမ သေဆုံးသွားတဲ့အချိန်မှာ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်းက ကောင်းကင်မဟာမိတ်အဖွဲ့ထဲမှာ ရာထူးမြင့်မြင့်တစ်ခု သိမ်းပိုက်ထားပြီးနေပြီ”

ချင်မူက နှုတ်ဆက်သည့်အနေဖြင့် ဦးညွှတ်အရိုအသေပေးကာ ဆက်ပြောသည်။ “သူက ကောင်းကင်ယင်သားတော် နတ်ဘုရားမကို မလုပ်ကြံအောင် မတားခဲ့ဘူး... အဲဒီလိုပဲ ကောင်းကင်မဟာမိတ်အဖွဲ့ အမိကမ္ဘာမြေကို မတိုက်ခိုက်‌အောင်လည်း မတားခဲ့ဘူး... နတ်ဘုရားမ၊ နတ်ဘုရားမရဲ့ ရုပ်ခန္ဓာက ဖျက်စီးခံထားရတာ.... နတ်ဘုရားမကို ကျွန်တော် အသက်သွင်းခဲ့တုန်းက နတ်ဘုရားမမှာ အရေခွံပဲ ကျန်တော့တယ်.... နတ်ဘုရားမဟာ အသက်ပြန်ရှင်လာတဲ့အချိန်မှာ ကောင်းကင်နတ်ဧကရာဇ်နဲ့ ကွာခြားသွားခဲ့ပြီ... သူ့မှာက ရုပ်ခန္ဓာ ရှိနေသေးတော့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်‌သေးတယ်... နတ်ဘုရားမနဲ့ သူက သတ္တဝါတစ်မျိုးစားတည်း မဟုတ်တော့ဘူး”

ကောင်းကင်ယင်နတ်ဘုရားမမှာ သူတို့ထွက်သွားသည်ကို ငေးကြည့်လျက် ကျန်ခဲ့သည်။ ချင်မူ့အသံက သူမနားထဲတွင် ပဲ့ထပ်နေသေး၏။ “နတ်ဘုရားမ၊ ဒီထက် မတုံးအပါနဲ့တော့”

*****

နဂါးချီလင်က ချီစွမ်းအင်ဖြင့် မှန်တစ်ချပ်ကို ကျောတွင် သယ်ပိုးလျက် ခရီးဆက်နေသည်။ ဤတစ်ကြိမ်တွင် ချင်မူအား သူ့ခေါင်းပေါ်တွင် မတွေ့ရ‌ပေ။ နဂါးချီလင်အနောက်မှ လိုက်လာသည့် ရေချီလင်၏ ကျောတွင်လည်း ကောင်းကင်နတ်အရှင်ယွီ ပျောက်နေ၏။ ယန်အာသာ သူတို့ကို စွမ်းအင်ဆေးလုံးများ လိုက်ခွံ့ရင်း ဟိုခုန်ကာ သည်ခုန်ကာဖြင့် အလုပ်များနေသည်။

ဤမိန်းကလေးသည် တစ်ချက်တစ်ချက် စွမ်းအင်ဆေးလုံးများ ဆုပ်ကိုင်၍ မှန်ထဲသို့ လက်ထည့်လိုက်တတ်သည်။ မှန်ထဲတွင် ကောင်းကင်နတ်အရှင်ယွီက စွမ်းအင်ဆေးလုံးများ အသင့်ဝင်လာရန် ပါးစပ်ဟထား၏။

ချင်မူလည်း မှန်ကမ္ဘာထဲတွင် ဖြစ်သည်။ သူက မှန်အသေးလေးတစ်ချပ် ထုတ်၍ မှန်ကြီးအပေါ်၌ ကျောက်စိမ်းစာလိပ်များကို ထပ်ဟပ်စေကာ သင်္ကေတအမှတ်အသားများအား ကြည့်နေသည်။

များစွာမကြာလိုက်ဘဲ အတွက်အချက်ဝိညာဉ်လက်နက်များစွာ ထုတ်၍ လက်နက်ကိရိယာကြီးတစ်ခု တပ်ဆင်ကာ တွက်ချက်မှုများ လုပ်နေတော့၏။ သူက တာအိုသခင်လင်းရွှမ်ဆီမှ ထိုက်ဝေသင်္ချာကျမ်းဖြင့် သင်္ကေတအမှတ်အသားများကို မွမ်းမံရန် ကြိုးစားနေလေသည်။

အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ယွီမှာ သူ့ဘေးတွင် အတွေးထဲ နစ်မျောနေသည်။ သူ၏သိုင်းအဆင့်က ဝိညာဉ်သန္ဓေသားအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်၍ အဆင့်တက်ခါနီး‌ချေပြီ။

ချင်မူက ဓာတ်ကြီးငါးပါးကောင်းကင်ရတနာ ဖွင့်နည်းအား သူ့ဆီသို့ မသင်ပေးသလို၊ ကျင့်ကြံနည်းလည်း မပြောပြပေ။ လောကသခင်ခန္ဓာများသည် မိမိကိုယ်ပိုင်ကျင့်စဉ်များကို ဖန်တီး၍ မိမိလမ်းကို မိမိဘာသာ ဖောက်ရသည်ဟု ချင်မူ ပြောထားသည့်အတွက် ကောင်းကင်နတ်အရှင်ယွီကလည်း မမေးပေ။

ကောင်းကင်နတ်အရှင်ယွီသည် သူ့လမ်းသူ ဖောက်ရန် ခေါင်းမာမာဖြင့် ဆုံးဖြတ်ထား၏။

နဂါးချီလင်က မာန်ဟုန်မြစ်အတိုင်း အရှေ့အရပ်သို့ ဦးတည်နေသည်။ မြစ်ရေစီးနှင့်အတူ ရွက်လွှင့်နေသော သဲသင်္ဘောများသည်လည်း အရှေ့အရပ်ဆီသို့ သွားနေကြခြင်း ဖြစ်ပေသည်။ ဤသင်္ဘောကြီးများ၏အောက်၌ နဂါးထိန်းဧကရာဇ်နှင့် နဂါးဘုရင်များက ဧရာမနဂါးကြီးများအသွင်ဖြင့် ကူးခတ်သွားလာရင်း ‌ရေစီးနှုန်း သွက်အောင် လုပ်ပေးနေကြသည်။

ကောင်းကင်ယင်သတ္ထုများက ကောင်းကင်ယင်ကမ္ဘာတွင် မရှားသော်လည်း အပြင်ကမ္ဘာ၌မူ အလွန်ရှားပါးသော ပစ္စည်းဖြစ်သည်။ ထို့ကြောင့် လမ်းတွင် ဓားပြတိုက်မှု၊ လုယက်မှုများစွာ ရှိ၏။ ကောင်းကင်နတ်မြစ်တဖြစ်လဲ မာန်ဟုန်မြစ်သည် ကောင်းကင်ဘုံများစွာနှင့် ဆက်သွယ်နေရာ ထိုကောင်းကင်ဘုံတို့မှ မိစ္ဆာနတ်ဘုရားများက သင်္ဘောများကို လုယက်ရန် ဆင်းသက်လာတတ်ကြသည်။ ထိုအခါမျိုးတွင် နဂါးထိန်းဧကရာဇ်နှင့် နဂါးဘုရင်များက တိုက်ခိုက်ပေးကြသည်။

ချင်မူက နဂါးချီလင်ကို အရှိန်ကုန်မပြေးခိုင်းထားသဖြင့် နဂါးချီလင်၏ ပြေးနှုန်းသည် သဲသင်္ဘောများနှင့် အတူတူသာ ရှိ၏။ ထို့အပြင် နဂါးချီလင်မှာ လမ်းတွင် စွမ်းအင်ဆေးလုံးများ ခွံ့ကျွေးနေသည်ကို ဇိမ်ခံစားနေခြင်းလည်း ဖြစ်သည်။

တစ်ချက်တစ်ချက်တွင် နဂါးဘုရင်များသည် မြစ်ထဲမှ ပျံထွက်လာတတ်ပြီး နဂါးချီလင်က ချင်မူ၏ စီးတော်သားရဲ ဖြစ်ကြောင်း သတိပြုမိလျှင် ရေအောက်ရတနာများ၊ စားကောင်းသောက်ဖွယ်များ ဆက်သတတ်၏။ နဂါးချီလင်က အသားမစားသည့်အတွက် နဂါးပုတီးစေ့လို ရတနာများကိုသာ လက်ခံသည်။ ယန်အာနှင့် ရေချီလင်က‌တော့ ဘာ,လာလာ သုတ်နေသည်။

သဲသင်္ဘောတစ်ဖွဲ့က မာန်ဟုန်မြစ်တက္ကသိုလ်တွင် ကမ်းကပ်၍ ကောင်းကင်ယင်သတ္ထုများ ချပေးကြသည်။ ကျန်အဖွဲ့များသည် မြစ်‌လမ်းကြောင်းအတိုင်း အရှေ့အရပ်သို့ ဆက်သွားကြ၏။

ယနေ့ မြစ်ရေပြင်မှာ အတိတ်နှင့်စာလျှင် ကျယ်သထက် ကျယ်လာပြီဖြစ်သည်။

နဂါးချီလင်က အရှေ့အရပ်သို့ လှမ်းကြည့်နေသည်။ ကောင်းကင်မြေပုံမှာ ကောင်းကင်တစ်ပြင်လုံးကို ခြုံလွှမ်းနိုင်ခြင်း မရှိတော့သည့်အတွက် နေလုံးကြီးက မိုးကုပ်စက်ဝန်းရှိ မြစ်ရေပြင်မှ ထွက်လာရမည့်အစား လေလယ်မှ ထွက်လာနေသည်။

ပို၍ပင် ထူးဆန်းသည်မှာ မြစ်ပြင်ထက်တွင် ဧရာမဂြိုဟ်ကြီးများ ရှိနေချေသည်။ တချို့က မြစ်ထဲ ကျထားကြ၍ မှောက်ထားသော ပန်းကန်လုံးများသဖွယ် ဖြစ်နေကြသည်။ တချို့ကတော့ ကောင်းကင်ထက်တွင် ပျံဝဲနေကြ၏။

ဤဂြိုဟ်များက ကောင်းကင်ကို စုတ်ဖြဲခဲ့‌သောကြောင့် မြွေလိမ်မြွေကောက် အက်ကွဲကြောင်းများက ကောင်းကင်တစ်လျှောက် ပျံ့နှံ့နေသည်။

ကောင်းကင်အစောင့် နတ်ဘုရားသည် ပျက်စီးနေသော ကောင်းကင်မြေပုံကို မဖာထေးနိုင်တော့ဘဲ လက်လျှော့ထားဟန်တူ၏။

ရုတ်တရက် ချင်မူက မှန်ထဲမှ ခေါင်းပြူထွက်လာသည်။ သူက ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရင်း အရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ “ဒါက မာန်ဟုန်မြစ်ဝရော ဟုတ်ရဲ့လားဟ.... ကောင်းကင်စောင့် နတ်ဘုရားကတော့ အပျင်းတက်နေတာပဲ... ကြည့်တောင် မကြည့်နိုင်တော့ဘူး”

နဂါးချီလင်က ပြောသည်။ “ကျွန်တော်တို့ မြစ်ဝကို ရောက်နေပြီ”

ကောင်းကင်နတ်အရှင်ယွီကလည်း ခေါင်းပြူထွက်လာကာ စပ်စပ်စုစု ကြည့်နေသည်။

“ရှေးခေတ်တုန်းက ကောင်းကင်နတ်မြစ်က အဆုံးမရှိ စီးဆင်းနေပြီး အဆုံးသတ်မြို့ပျက်ထဲ ဝင်ရောက်သွားတယ်.... အခု ကောင်းကင်နတ်မြစ်က ပင်လယ်ထဲ စီးဝင်သွားတာဆို‌တော့ အပိုင်းကြီးတစ်ပိုင်း‌ ပျောက်နေတာပဲ... အဆုံးသတ်မြို့ပျက်ကို ရှာဖို့ တော်တော်ခက်မယ်ထင်တယ်”

ချင်မူက မှန်ကို လှဲထားရာမှ မတ်မတ် ထောင်လိုက်သည်။ ထို့နောက် ပင်လယ်ဆီသို့ ငုံ့ကြည့်လိုက်သည့်အခါ သဲသင်္ဘောများက ကမ်းရိုးတန်းနှင့်အပြိုင် စီးတန်းလျက် ရွက်လွှင့်နေကြကြောင်း မြင်လိုက်ရ၏။ “နဂါးဘုရင်တွေရဲ့ အကူအညီ မပါရင် ဒီသဲသင်္ဘောတွေအတွက် အန္တရာယ်မများဘူးလား”

သူ စကားပြောနေစဉ် ပင်လယ်ထဲမှ အစိမ်းရောင်ကျောကုန်းကြီးများက ကျွန်းစုများသဖွယ် ပေါ်လာကြသည်။ ၎င်းတို့သည် သဲသင်္ဘောများကို လေးဖက်လေးလံမှ ကာကွယ်လျက် ကူးခတ်နေကြသော ဧရာမငါးကြီးများ ဖြစ်ပေသည်။

လိပ်နက်ကြီးများကလည်း သင်္ဘောများကို အဖော်ပြုလျက် ကူးခတ်လာကြသည်။

ဤအခိုက်အတန့်တွင် ပင်လယ်ကမ်းစပ်ရှိ ဆိပ်ကမ်းတစ်ခုဆီမှ သင်္ဘောတစ်စင်း ရွေ့လျားသည်။ သင်္ဘော၏အပေါ်တွင် ထူးဆန်းသော ပုံရိပ်အသွင်များ ရှိနေ၏။ ၎င်းတို့က လေပေါ် မြောက်တက်လာကြပြီးနောက်‌ မြေ၊ သစ်သား၊ ရေနှင့် တည်ဆောက်ထားသော ဆည်ကြီးတစ်စင်းအဖြစ် ဖွဲ့တည်သွားသည်။

ဆည်ကြီးသည် အလျားနှင့်အနံအားဖြင့် ကိုက် ၈၀၀ စီ ရှိလေသည်။ ထိုမြင်ကွင်းမှာ အင်မတန် ခမ်းနားကြီးကျယ်လှ၏။

အစိမ်းရောင်ကျောပြင်ရှိသည့် ငါးတို့က ကူးခတ်လာပြီး ရေထဲမှ ခုန်ထွက်လာကာ ယောက်ျားများ၊ မိန်းမများအသွင်ဖြင့် သင်္ဘောများအပေါ် တက်လိုက်ကြသည်။

“ဒီလို ရေ၊ မြေနဲ့ သစ်သားကို ဖွဲ့တည်နိုင်တာမျိုးက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စစ်ခုန်ဝေ့ဖျင်းပေါ်ရဲ့ လက်ရာပဲ ဖြစ်လောက်တယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ရေလမ်းကြောင်းထိန်း နတ်ဘုရားက သဲသင်္ဘောတွေကို စောင့်ရှောက်ဖို့ အမိန့်ထုတ်ထားတဲ့ပုံပဲ”

ချင်မူက ဟိုဟိုသည်သည် ကြည့်ကာ ပြောနေသည်။ “အစိမ်းရောင်ကျောပြင်နဲ့ ငါးတွေက ခွန်မျိုးနွယ်၊ လိပ်နက်တွေက လိပ်နက်နတ်ဘုရားမျိုးနွယ်တွေပဲ.... သူတို့တွေက နတ်သက်ကြွေတောင်ကြောရဲ့ တိုက်ပွဲမှာတုန်းက လူသားဧကရာဇ်တံဆိပ်တော်ရဲ့ ဆင့်ခေါ်မှုကြောင့် လာရောက်တိုက်ခိုက်ပေးပြီး အကျအဆုံးတွေ များခဲ့ရတယ်.... ရေလမ်းကြောင်းထိန်း နတ်ဘုရားနဲ့ ပင်လယ်နတ်ဘုရားမျိုးနွယ်တွေရဲ့ အကူအညီနဲ့ဆို သဲသင်္ဘောတွေ အန္တရာယ် သိပ်မရှိတော့ပါဘူး”

ချင်မူ စိတ်ချလက်ချဖြစ်သွား၍ မှန်ထဲ ပြန်ဝင်ကာ ဆက်လက်လေ့လာနေသည်။

ကောင်းကင်နတ်အရှင်ယွီက မှန်ထဲမှ ထွက်လာည်။ သူက ရေချီလင်၏ ခေါင်းအပေါ်တွင် ဟိတ်ဟန်အပြည့်ဖြင့် ထိုင်၍ ယန်အာဘက် လှည့်ကာ ပြောလိုက်သည်။ “မမကြီး၊ ကျွန်တော့်ကို ထပ်မကျွေးနဲ့တော့.... ကျွန်တော် ရက်ပိုင်းလောက် တံခါးပိတ်ကျင့်တော့မယ်”

ယန်အာမှာ စိတ်ပူလာပြီး မေးလေသည်။ “ဗိုက်ဆာနေရင် ဘယ်နှယ့်လုပ်မလဲ... အရင် ဗိုက်ဖြည့်ထားတာ မကောင်းဘူးလား”

ကောင်းကင်နတ်အရှင်ယွီက တွေးကြည့်လိုက်သည်။ “ဟုတ်တယ်နော် အရင် ဗိုက်ဖြည့်ထားသင့်တယ်”

နဂါးချီလင်က အရှိန်စတင်ပြီး ကမ်းရိုးတန်းနှင့်အတူ မြောက်အရပ်ဆီသို့ ဦးတည်နေသည်။ ရက်နှစ်ဆယ်ခန့် ခရီးနှင်ပြီးသည့်အခါတွင် ‌ရွှေမြစ်ဝသို့ ရောက်လာ၏။

ဤအတောအတွင်း ထူးဆန်းသောအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သော ညတစ်ည ရှိခဲ့သည်။ ထိုညတွင် ‌ကောင်းကင်ထဲရှိ နက္ခတ်တာရာများ ဖရိုဖရဲ ဖြစ်သွားပြီး ကြယ်စွမ်းအားများက အလင်းတန်းတစ်တန်းအသွင် စုစည်းသွားကာ ‌ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်လာခဲ့၏။

ထိုအခြေအနေသည် ရက်ပိုင်းမျှ ကြာပြီးနောက်မှ ရပ်တန့်သွားလေသည်။

ယန်အာနှင့် ‌ရေချီလင်က ကောင်းကင်နတ်အရှင်ယွီကို နှိုး၍ အဘယ်သို့ပြု၍ ဤသို့ဖြစ်ပျက်သွားကြောင်း မေးမြန်ရန် လုပ်နေကြသည်။ နဂါးချီလင်မှာ သူတို့ကို ကပျာကယာ တားလိုက်ရ၏။ “ဖက်တီးလန်က သူ့လမ်းစဉ်ကိုသူ ဖော်ဆောင်နေတဲ့အဆင့် ရောက်နေပြီ... သွားနှောင့်ယှက်လို့မရဘူး... အဲဒီလိုအခြေအနေမျိုးက အင်မတန် ကြုံရခဲတယ်လို့ ဂိုဏ်းသခင် ပြောဖူးတယ်... တစ်ဘဝမှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ကြုံရတတ်တာတဲ့...”

ရေချီလင်က သံသယများဖြင့် မေးလေသည်။ “တကယ်လား... ငါ့သခင် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့တုန်းက လမ်းစဉ်ကို ဖော်ဆောင်ပြီးပြီလေ.... သူ့အတွက်တော့ လွယ်ကူတဲ့ပုံပဲ”

နဂါးချီလင်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။ “ဂိုဏ်းသခင်က အဲဒီလိုပြောတာပဲ”

နဂါးချီလင်က မြစ်ဝအထဲ ဝင်ကာ မြစ်သင်္ချိုင်းသို့ ရောက်သွားသည့်အခါမှ ကျောပေါ်မှ မှန်ကို ချလိုက်သည်။ သူက မှန်ကို ခေါက်ကာ ပြောလေသည်။ “ဂိုဏ်းသခင်၊ ကျွန်တော်တို့ မြစ်သင်္ချိုင်းဆီ ရောက်ပြီ”

ချင်မူ မှန်ထဲမှ ခုန်ထွက်၍ အင်္ကျီလက်အိုးကို လှုပ်ခါကာ မှန်အား ထောင်ကျယ်အိတ်ထဲ ထည့်လိုက်သည်။

ကောင်းကင်နတ်အရှင်ယွီ နိုးလာပြိး စိတ်လှုပ်တရှား ပြောသည်။ “အစ်ကိုကြီး၊ ကျွန်တော် ဒုတိယကောင်းကင်ရတနာ ဖွင့်နိုင်သွားပြီ”

ချင်မူက နဂါးချီလင်၏ခေါင်းပေါ်မှ ခုန်ဆင်း၍ လမ်းလျှောက်သွားမည့်အကြောင်း လက်ဟန်ပြကာ ရယ်လိုက်သည်။ “ဘယ်ကောင်းကင်ရတနာကို ဖွင့်နိုင်သွားတာလဲ”

ချင်မူသည် ကောင်းကင်နတ်အရှင်ယွီကို ကောင်းကင်ရတနာ ဖွင့်လှစ်နည်းသာမက ၊ ‌ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများကိုလည်း မသင်ပေးထားဘဲ သူ့နည်းသူဟန်ဖြင့် လေ့လာခိုင်းထားခြင်း ဖြစ်၏။

ယနေ့ခေတ်၏ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ဗဟုသုတမျိုးစုံ‌ ပေါင်းစုနေသော ခေတ်တစ်ခေတ် ဖြစ်သည့်အပြင် တက္ကသိုလ်တိုင်းက ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများကို အပြင်လူများဆီသို့လည်း ဖြန့်ဝေပေးကြသည်။ ကောင်းကင်နတ်အရှင်ယွီက နန်းတွင်းကောလိပ်၊ မာန်ဟုန်မြစ်တက္ကသိုလ်၊ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၊ လီမြစ်တက္ကသိုလ်နှင့် တာအိုဂိုဏ်းတက္ကသိုလ်တို့ဆီမှ စာအုပ်မှတ်တမ်းများစွာ ဖတ်ထားပြီးဖြစ်ချေသည်။ သူ၏အသိအမြင်နှင့် ဗဟုသုတက မယှဉ်သာအောင် နက်နဲနေသည့်အပြင် အတွေးအခေါ်၊ အတွေ့အကြုံများကလည်း ထူးခြားသည်။ လက်ရှိသူက ရှေးကောင်းကင်နတ်အရှင်ယွီထက် အပုံကြီး သာ၏။

ကောင်းကင်နတ်အရှင်ယွီအနေဖြင့် တခြားသူ၏ ကျင့်စဉ်များကို မသင်ယူဘဲ သူ့ဘာသာ လမ်းဖောက်နိုင်မည်ဟု ချင်မူ ယုံကြည်သည်။

“ကြယ်စင်စုကောင်းကင်ရတနာ”

ကောင်းကင်နတ်အရှင်ယွီက စိတ်လှုပ်ရှားစွာဖြင့် လေပေါ် ခုန်တက်သွားသည်။ “နက္ခတ်တာရာသဘာဝတွေကို ‌ကြည့်ခဲ့တုန်းက စိတ်ကူးပေါ်လာခဲ့တာ... ဒါကြောင့် ဝိညာဉ်သန္ဓေသားပတ်ပတ်လည်မှာ ကြယ်စုတစ်စု ဖွင့်လှစ်လိုက်တယ်”

ချင်မူ ခြေလှမ်းများကို ရပ်ကာ မှင်သက်သွားသည်။ “ကြယ်စင်စုကောင်းကင်ရတနာ ဟုတ်လား... ဓာတ်ကြီးငါးပါးကောင်းကင်ရတနာလည်း မဟုတ်၊ အရပ်ခြောက်မျက်နှာကောင်းကင်ရတနာလည်း မဟုတ်ဘူးပေါ့”

ကောင်းကင်နတ်အရှင်ယွီက ခေါင်းယမ်းသည်။

ချင်မူမှာ စိတ်ရှုပ်ထွေးသွား၍ မေးကြည့်လိုက်သည်။ “ကြယ်စင်စုကောင်းကင်ရတနာက ဘယ်လိုများလဲ”

ကောင်းကင်နတ်အရှင်ယွီက တခဏ စဉ်းစားပြီးနောက် ချင်မူ့ကို သူ၏ကောင်းကင်ရတနာအား ဖွင့်ပြသည်။

ချင်မူ သူ၏ကောင်းကင်ရတနာထဲသို့ ကြည့်ကာ ကြက်သေသေသွားတော့သည်။ ကောင်းကင်နတ်အရှင်ယွီ၏ ဝဝကစ်ကစ် ဝိညာဉ်သန္ဓေသားလေးသည် ဝိညာဉ်စင်မြင့်ထက်၌ ထိုင်နေပြီး ကြယ်တာရာများက သူ့ကို လှည့်ပတ်နေသည်။

အရေးအကြီးဆုံးက သူ၏ကောင်းကင်ရတနာများအကြား အတားအဆီးနံရံမရှိပေ။

ချင်မူမှာ‌ ခေါင်းယမ်းပြီး သေသေချာချာ မြင်ရအောင် ကြည့်လိုက်သော်လည်း ကောင်းကင်ရတနာများကို မမြင်ရသေးပေ။

ဤအခြင်းအရာက ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနှင့် ကြယ်စင်စုကောင်းကင်ရတနာသည် တစ်သားတည်း ဖြစ်နေသည်ဟု ဆိုလို၏။

“ဂိုဏ်းသခင်၊ ဖက်တီးလန် ကြယ်စင်စုကောင်းကင်ရတနာကို ဖွင့်ပြီးတော့ အတွေးထဲ ပြန်မျောသွားပြန်ပြီ”

နဂါးချီလင်က အရိပ်အခြည်ကြည့်ကာ ဆက်ပြော၏။ “ဒါ့အပြင် သူ အဲဒီလိုအခြေအနေထဲ ရောက်သွားတိုင်း ဆယ်ရက်ကြာတယ်... ဂိုဏ်းသခင်၊ တကယ်တော့ လောကသခင်ခန္ဓာ အတုတွေ၊ အစစ်တွေ ဘာညာက အရေးမကြီးဘူးထင်တယ်နော်....”

ချင်မူမှာ ဣန္ဒြေမဆည်နိုင်တော့ဘဲ ခေါင်းညိတ်လိုက်သည်။ “ဖက်တီးနဂါး၊ မင်းပြောတာက သိပ်ယုတ္တိရှိတယ်... ဘာလို့မှန်းမသိဘူး တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်လာသလိုပဲ”

သူက မျက်နှာကြီးသုန်မှုန်လျက် မြစ်သင်္ချိုင်းကုန်ထုတ်စက်ရုံများဆီသို့ လမ်းလျှောက်သွားသည်။

မြစ်သင်္ချိုင်းသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဇာတိဖြစ်ပြီး မြစ်သင်္ချိုင်းတက္ကသိုလ်ကိုလည်း တည်ဆောက်ထား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကုန်ထုတ်စက်ရုံအများစုကလည်း ဤနေရာတွင် စုဝေးနေခြင်းဖြစ်သည်။ မာန်ဟုန်မြစ်တက္ကသိုလ်အနား ပတ်ဝန်းကျင်ထက်တွင် အရေအတွက်ပိုများသည်။

သဲသင်္ဘောများ ဤနေရာသို့ ရောက်လာလျှင် ကုန်ထုတ်စက်ရုံများ၌ ပစ္စည်းများချပြီး ကောင်းကင်ယင်သတ္ထုများအား အရည်ကျိုကြလိမ့်မည်။

တည်ဆောက်ပြီးစီးထားသော်လည်း မတပ်ဆင်ရသေးသော နေသူရိန်ခွင်းအမြောက်အစိတ်အပိုင်းကြီးများကို ချင်မူ လှမ်းမြင်လိုက်ရသည်။

သူ ကုန်ထုတ်စက်ရုံသို့ ရောက်သည့်အခါ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ စက်မှုစံအိမ်မှ တစ်ယောက်က လာကြိုသည်။ ချင်မူက သူ့ကို နေသူရိန်ခွင်းအမြှောက်၏ ပုံကြမ်းများ ယူလာခိုင်းပြီး ကြည့်ပြီးသော် ပြုံးလိုက်သည်။ “ဘိုးဘိုးမျက်ကန်း အဆင့်မြှင့်ပေးထားတာပဲကိုး... သူက ကောင်းကင်နဲ့မြေကြီးဆီက စွမ်းအင်ငှားယူမယ့် ခိုင်ဧကရာဇ်ခေတ်ဝင်္ကပါကို ထည့်ထားတာပဲ... ဒီနည်းလမ်းနဲ့ နေသူရိန်ခွင်းအမြှောက်‌က လေပေါ်မှာ ပျံဝဲဖို့ ဆေးစွမ်းအင်ကျောက်တုံး သုံးစရာမလိုတော့ဘူး”

စက်မှုစံအိမ်၏ ဂိုဏ်းသားက ပြောသည်။ “ဂိုဏ်းသခင်၊ နေသူရိန်ခွင်းအမြှောက်အနေနဲ့ မိစ္ဆာနတ်ဘုရားတွေကို တခဏအတွင်း ပစ်ခတ်ချင်ရင် ဆေးစွမ်းအင်ကျောက်တုံးတွေနဲ့ ဆေးမီးဖိုတွေကို အသက်သွင်းဖို့ လိုပါသေးတယ်”

ချင်မူ ခေါင်းညိတ်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ မြစ်သင်္ချိုင်းမှာလား”

“ဧကရာဇ်အတိုင်ပင်ခံတော့ ဒီမှာ မရှိပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက မျိုးနွယ်စုတွေဆီက ဧည့်သည်တွေကို ဒီကို ရောက်လာပါတယ်... စိန်ခေါ်ပွဲအတွက် သွားနေကြတယ်”

ဂိုဏ်းသားက ဆက်ပြော၏။ “ကြားရတာတော့ မြောက်ပိုင်းကောင်းကင်ဘုံက လူငယ်ပညာရှင်တွေက ဒီကို စိန်ခေါ်ဖို့ ရောက်လာကြတယ်တဲ့...”

သူက ချင်မူ့ကို ကြည့်၍ ဂရုတစိုက် ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာကို စိန်ခေါ်ဖို့လို့ ကြားတယ်... သူတို့တွေ မြစ်သင်္ချိုင်းတက္ကသိုလ်ရှေ့မှာ ပိတ်ရပ်နေကြတာ ဆယ်ရက်ကျော်ကြာပြီ”

“မြောက်ပိုင်းကောင်းကင်ဘုံက... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာကို လာစိန်ခေါ်တယ်တဲ့လား”

ချင်မူ အံ့အားသင့်သွား၏။ “ငါ ဘယ်တုန်းက ဒီလောက် နာမည်ကြီးသွားတာလဲ”

စက်မှုစံအိမ်ဂိုဏ်းသားမှာ ပို၍ပင် အရိပ်အခြည်ကြည့်နေတော့သည်။ သူ့နဖူးမှ ချွေးပေါက်များပင် ကျလာသည်။ “ကျွန်တော်က ကြားရုံပဲ ကြားတာပါ... သေချာတော့ မသိဘူး... တန်ခိုးရှင်သစ်ခုတ်သမားနဲ့ ကောင်းကင်ဆရာသခင် ကျစ်ရှီက မြောက်ပိုင်းကောင်းကင်ဘုံဆီ သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လောကတစ်ခွင် ပြိုင်ဘက်ကင်းတဲ့ လောကသခင်ခန္ဓာတစ်ခု ရှိတဲ့အကြောင်း ရဲရဲတင်းတင်း ကြေညာခဲ့ကြတယ်တဲ့.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာကို အဆင့်တူမှာ အနိုင်ယူနိုင်တဲ့သူ ရှိရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး အညံ့ခံမယ်လို့တောင် ကြေညာခဲ့သေးတယ်ကြားတယ်... တန်ခိုးရှင်သစ်ခုတ်သမားက မြောက်ပိုင်းကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေနဲ့ လောင်းကြေးထပ်ပြီး မြေအောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်ဆိုခဲ့ကြသေးတယ်တဲ့...”

ချင်မူ ငုတ်တုတ်မေ့သွားသည်။ အတန်ကြာမှ စိတ်နှင့်ကိုယ် ပြန်ကပ်သွား၏။

“ငါ့ဆီကို ချီးထုပ်တွေ လာပို့နေတယ်ပေါ့လေ... ဆရာ... ခင်ဗျား၊ ခင်ဗျားဗျာ တကယ်ကို.... ချီးထုပ်ကြီးပဲ... ဒါပေမဲ့ ငါလည်း တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်နေတာနဲ့ အတော်ပဲ”

All Chapters