← Chapters

ပြိုင်ဘက်ကင်းသော ခွန်အား

Vol. 65 Ch. 861

ပြိုင်ဘက်ကင်းသော ခွန်အား

Vol. 65 Ch. 861

ချင်မူ စိတ်လှုပ်ရှားစွာဖြင့် မြစ်သင်္ချိုင်းတက္ကသိုလ်ဆီသို့ လျှောက်သွားသည်။ တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကောင်းကင်ဆရာသခင်ကျစ်ရှီတို့၏ ရည်ရွယ်ချက်ကို သူ နားလည်၏။

ကမ္ဘာဦးဘုံ ပွင့်လာပြီးနောက်ပိုင်း အင်အားစုအသီးသီး ပေါ်ထွက်လာခဲ့ကြရာ သူတို့အကြားတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရေပုံးထဲက ရေစက်လေးတစ်စက်သာ ဖြစ်ပေသည်။ အခြားသော အင်အားစုများ၏ အထင်သေးခြင်းခံရပြီး ဖိအားပေးရမည်ကိုလည်း ရှောင်လွှဲမရပေ။

အင်အားစုအားလုံး ဖိအားပေးလာလျှင်၊ ဝိုင်း၍ အနိုင်ကျင့်ကြလျှင် အမှန်တကယ် စိစိညက်ညက် ကြေကာ ပြိုလဲသွားလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် အန္တရာယ်များ ပြည့်နေသော ကမ္ဘာဦးဘုံထဲ၌ ရှင်သန်ချင်လျှင် ခိုင်ဧကရာဇ်ခေတ်၏ သိုင်းပညာရှင်များကို အားကိုးနေရုံဖြင့် မလုံလောက်ပေ။ နာမည်တစ်လုံး၊ လူတစ်လုံးဖြင့် ခေါင်းမော့နိုင်မှ ဖြစ်မည်။

နှစ်ငါးရာမှ တစ်ကြိမ်ပေါ်သော ပါရမီရှင်ဆိုသော ဘွဲ့ကိုမူ ကမ္ဘာဦးဘုံ၏ ကောင်းကင်ဘုံအများစုက အဖက်လုပ်မနေပေ။ သို့သော် လောကတခွင် ပြိုင်ဘက်ကင်းသော လောကသခင်ခန္ဓာ ဆိုသော ဘွဲ့ကတော့ ပို၍စိတ်ဝင်စားစရာကောင်းသည်။ ထို့ကြောင့် ချင်မူ့ဂုဏ်သတင်းကို သူတို့နှစ်ယောက် ရောင်းစားခဲ့ခြင်းမှာ မထူးဆန်းပေ။

ပို၍အ‌ရေးပါသည်မှာ မြေအောက်ဘုံအရှင်လေးပဋိညာဉ် ဖြစ်သည်။

မြေအောက်ဘုံအရှင်လေးသည် ယိုတုသားတော်၊ ချင်မူ့ခန္ဓာကိုယ်ထဲက ဖြစ်တည်မှုနောက်တစ်ခု... သူ၏အစ်ကိုကြီးချင်ဖုန်းကျင့်ပင် မဟုတ်ပါလော။

တန်ခိုးရှင်သစ်ခုတ်သမား မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့် မြေအောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်ဆိုခဲ့ခြင်းမှာ ချင်ဖုန်းကျင့်ကို တိုင်တည်၍ ကျိန်ဆိုခြင်းသာ ဖြစ်သည်။ တစ်နည်းအားဖြင့် ချင်မူကို တိုင်တည်ခြင်းလည်း ဖြစ်ချေရာ မြောက်ပိုင်းကောင်းကင်ဘုံ၏ သိုင်းပညာရှင်များ ချင်မူ့ကို အနိုင်ယူနိုင်ခဲ့၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အညံ့မခံလျှင်ပင် တန်ခိုးရှင်သစ်ခုတ်သမားအနေဖြင့် အနေသာကြီး ဖြစ်သည်။ ချင်မူက သူ့ဆရာကို အန္တရာယ်ပြုမည်မဟုတ်ပေ။

သူ့အစ်ကိုကြီး ချင်ဖုန်းကျင့်ကိုလည်း ချင်မူ ထိန်းထားနိုင်သည်ဟု ယုံကြည်သည်။ ချင်ဖုန်းကျင့်က သေချာပေါက် ကျေနပ်မည်မဟုတ်သော်လည်း ဖျောင်းဖျ၍ရနိုင်သေးသည်။

အခြားတစ်ဖက်တွင် မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများ ရှုံးနိမ့်သွားပြီး မြေအောက်ဘုံအရှင်လေး ပဋိညာဉ်ကို မလိုက်နာလျှင် ချင်ဖုန်းကျင့် ပါးစပ်ထဲ ရောက်ရန်သာ ရှိသည်။

သူ့အစ်ကိုကြီး၏ အစာအတွက် စိတ်ပူနေခဲ့ရသော ပြဿနာလည်း တစ်ခါတည်း ဖြေရှင်းပြီး ဖြစ်မည်။

အရေးအကြီးဆုံးက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လောင်းကြေးအဖြစ် တည်ထားခြင်းပင်။ သစ်ခုတ်သမားနှင့် ကျစ်ရှီတွင် လောင်းကြေးထပ်စရာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသာ ရှိသည်။ မြောက်ပိုင်းကောင်းကင်ဘုံတွင်တွင် နယ်မြေရာနှင့်ချီ ရှိချေရာ ဤလောင်းကစားပွဲမှတစ်ဆင့် သူတို့နှစ်ယောက်သား တန်ဖိုးရှိသော တစ်စုံတစ်ခု ရမည်မှာ သေချာသည်။

မည်သည့်ဘက်မှ ကြည့်ကြည့် အရှုံးမထွက်မည့် ‌လောင်းကစားပွဲမျိုးကို ဉာဏ်နီဉာဏ်နက်များသော ထိုကောင်းကင်ဆရာသခင်နှစ်ယောက်မှ မတွေးမိလျှင် မည်သူ တွေးမိမည်နည်း။

မြစ်သင်္ချိုင်းတက္ကသိုလ်

ဤတက္ကသိုလ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားသော တက္ကသိုလ် ဖြစ်ပြီး မြစ်သင်္ချိုင်းစီရင်စုထဲ၌ တည်ဆောက်ထားခြင်းမဟုတ်ပေ။ မြစ်သင်္ချိုင်းစီရင်စုက ကုန်သွယ်ရောင်းဝယ်ရေး အဓိကဖြစ်သည့်အတွက် ပညာရေးအတွက် နေရာသိပ်မရှိပေ။ ထို့ကြောင့် ဧကရာဇ်အတိုင်ပင်ခံသည် မြစ်သင်္ချိုင်းတက္ကသိုလ်ကို ‌‌ရွှေမြစ်၏ မြစ်ဝကျွန်းပေါ်တွင် တည်ဆောက်ထား၏။

မြစ်ဝကျွန်းတွင် ဧကရာဇ်အတိုင်ပင်ခံက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သန်မာအားကောင်း‌သော အလုပ်သမားများကို ဖိတ်ခေါ်၍ တောင်တန်းကြီးများ ရွှေ့ကာ တက္ကသိုလ်ကို တောင်တန်းများအနား၌ တည်ဆောက်ခဲ့သည်။

သူက ဝင်္ကပါပညာရှင်မျက်ကန်းကိုလည်း ဖိတ်ခေါ်ရင် မိုးပျံနန်းတော်များ တည်ဆောက်ခဲ့သေးသည်။ ထို့နောက် ကြိုးတံတားများဖြင့် ပတ်ပတ်လည်တောင်တန်းများဆီသို့ ဆက်သွယ်ရာ ပွင့်ချပ်များ ပွင့်အာကျနေသော ပန်းပွင့်သဏ္ဍာန် ဖော်ထားလေသည်။

ထို့အပြင် ဝင်္ကပါသိုင်းကွက်များ စမ်းသပ်တတ်သည့် ကျောင်းသားများက တောင်တန်းများ၊ ကျောက်တုံးများအပေါ်တွင် အမှတ်အသားများ ခတ်နှိပ်တတ်ရာ တက္ကသိုလ်ပတ်ပတ်လည်တွင် မိုးပျံကျောက်တုံးကြီးများ ခြံရံနေ၏။

လမ်းလျှောက်ရန် ပျင်းသော ကျောင်းသားတချို့က ကျောက်တုံးများအပေါ် ခုန်ပျံကျော်လွှားကာ သွားတတ်သည်။ ဤမြင်ကွင်းမှာ မြစ်သင်္ချိုင်းတက္ကသိုလ်တွင်သာ တွေ့ရမည့်မြင်ကွင်းဟု ဆိုရပေမည်။

ချင်မူက ကောင်းကင်နတ်အရှင်ယွီနှင့်အတူ ရောက်လာသည်။ အဝေးမှ လှမ်းကြည့်သည့်အခါ မြစ်သင်္ချိုင်းတက္ကသိုလ်မှာ တက်တက်ကြွကြွ စည်ကားနေကြောင်း မြင်တွေ့ရ၏။ လူငယ်တချို့က မြစ်ပေါ်ထက်တွင် မှော်အစီအရင်များ ထုတ်လွှတ်လျက် အားကောင်းပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ကောင်းကင်နတ်သိုင်းများ ပေါ်ထွက်လာသည်နှင့် လှိုင်းလုံးကြီးများ မြောက်တက်သွားကာ သားရဲအော်သံကြီးများ မြည်ဟည်းလာ၏။

ရုတ်တရက် မြစ်ပြင်ထက်ရှိ လှိုင်းလုံးကြီးများက ဧရာမရေခဲ‌ဆူးချွန်ကြီးများအသွင် ပြောင်းလဲသွားသည်။ ရေခဲဆူးချွန်များသည် ပျံထွက်သွားပြီးနောက် လွန်သွားလို လည်လျက် ဆူညံသံများ တရစပ် ထုတ်လွှတ်ကြ၏။ ရေခဲဓားများကလည်း ဆူးချွန်များထဲမှ ဖြာထွက်လာကာ အရပ်လေးမျက်နှာသို့ တိုက်ခိုက်ကြသည်။

မြစ်ထဲမှ ထွက်လာသော ရေခဲဆူးချွန်များက တစတစ များပြားလာပြီး ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ဖန်တီးနေတော့သည်။ ရေခဲဓားများသည်လည်း ရေခဲဆူးချွန်များနှင့်အတူ ပျံသန်းနေကြရာ ဓားသိုင်းကွက်များက မည်သူ့ကိုမဆို တအံ့တဩ ပင့်သက်ရှိုက်မိလောက်အောင် ခမ်းနားနေလေသည်။

ချင်မူ ခြေလှမ်းများကို ရပ်၍ တလေးတစား စုတ်သပ်နေမိသည်။

မြစ်သင်္ချိုင်းတက္ကသိုလ်က ဝင်္ကပါပညာတွင် အတော်လေး အောင်မြင်မှုများ ရရှိထားသော်လည်း ဓားသိုင်းကြောင့် အထင်ရှားဆုံး ဖြစ်နေဆဲပင်။ ဤရေခဲဓားသိုင်းက အခြေခံဓားကွက် ဆယ့်ရှစ်ကွက်ကို အသုံးပြုထားသော ရှားပါးသိုင်းကွက်ဟု ဆိုရမည်။

“ဧကရာဇ်အတိုင်ပင်ခံက ထူးချွန်တဲ့ ပါရမီရှင်တွေ အများကြီး မွေးထုတ်ပေးခဲ့တာပဲ... ဓားသိုင်း ထုတ်ဖော်နေတဲ့ တစ်ယောက်က ဓားသိုင်းကျောင်းသား ပဲ ဖြစ်မယ်”

ချင်မူ ဓားသိုင်းကွက်၏ အလယ်သို့ ကြည့်လိုက်သည့်အခါ အသက်နှစ်ဆယ်ခန့် ရှိမည့်ပုံရသော မိန်းကလေးတစ်ယောက်အား မြင်လိုက်ရသည်။ သူ သူမကို မသိပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တက်သစ်စကြယ်တစ်ပွင့် ဖြစ်လောက်မည်။

ဤအခိုက်အတန့်တွင် ဒေါသတကြီး အော်ဟစ်သံ ကြားလိုက်ရသည်။ ဆယ်ပေကျော် မြင့်မားသော နတ်ဘုရားတစ်ပိုင်းတစ်ယောက်က ဓားဝင်္ကပါကို တွန်းလျက် ဓားသိုင်းကျောင်းသား ရှိရာဆီသို့ ပြေးဝင်လာသည်။

သူ၏ရုပ်ခန္ဓာသည် မတန်မဆ ကြီးမားလှ၏။ လက်လေးဖက်ရှိပြီး ဒိုင်း၊ တူများ ကိုင်ထားသည်။ သူက ရေခဲဆူးချွန်များကို ရိုက်နှက်ရင်း ရေခဲဓားများကို ဖြိုခွဲနေသည်။ တူနှင့် ဒိုင်းအပေါ် ထုရိုက်လိုက်သည့်အခါ မှော်စွမ်းအင်တို့ ပေါက်ကွဲသွားပြီး စက်ဝိုင်းသဏ္ဍာန်ကွင်းများအဖြစ် ဆင့်ကဲ ဖြာထွက်ကာ ဓားပျံများကို ခြေမွပစ်နေသည်။

လက်လေးဖက်နတ်ဘုရားတစ်ပိုင်းက မိန်းကလေးဆီသို့ တရှိန်ထိုး ပြေးသွားပြီးနောက် လေပေါ် ခုန်တက်ကာ တူကြီးဖြင့်‌ အောက်သို့ ရက်ရက်စက်စက် ရိုက်ချလိုက်သည်။

ကောင်းကင်နတ်သိုင်းအရာ၌ နတ်ဘုရားတစ်ပိုင်းသည် မြစ်သင်္ချိုင်းတက္ကသိုလ်၏ ဓားသိုင်းကျောင်းသားကို မယှဉ်နိုင်ပေ။ သို့သော် နတ်ဘုရားတစ်ပိုင်း ဖြစ်သည့်အလျောက် သူ၏ခွန်အားက လူသားမျိုးနွယ်ထက် အဆများစွာ သန်မာအားကောင်းသည်။

ထို့အပြင် နတ်ဘုရားတစ်ပိုင်းတို့တွင် ရှေးဟောင်းနတ်ဘုရားတို့၏ သွေးများ စီးဆင်းနေသလို၊ ‌ရှေးဟောင်းနတ်ဘုရားများဆီမှ ကောင်းချီးများလည်း ရရှိထားသည်။ လူသားမျိုးနွယ်နှင့် ယှဉ်လျှင် နတ်ဘုရားသွေးကြောင့် သူတို့သည် မွေးကတည်းက အခွင့်အရေးများစွာ ပိုင်ဆိုင်ထားကြ၏။ အနီးကပ်တိုက်ပွဲများတွင် သူတို့၏ရုပ်ခန္ဓာခွန်အားဖြင့်ပင် တစ်ဖက်ပြိုင်ဘက်၏ ကောင်းကင်နတ်သိုင်းများကို ဖြိုခွင်းပစ်နိုင်ကြသည်။

လက်လေးဖက်နတ်ဘုရားတစ်ပိုင်းက တူကြီးဖြင့် ရိုက်ချလိုက်သည့်အတွက် မြစ်ရေများ ဝုန်းခနဲ ကွဲထွက်သွားသည်။ မိန်းကလေးမှာ လေပေါ် လွင့်ထွက်သွားပြီး ရှုံးနိမ့်နေသော်လည်း ပျာယာခတ်မနေပေ။ သူမ လက်ဝှေ့ယမ်းလိုက်သည့်အခါ မြစ်ထဲမှ ရေစက်များ မြောက်တက်လာပြီး ရေကြေးမုံတစ်ချပ်အသွင် ဖွဲ့တည်လျက် လေထဲတွင် ထောင်မတ်နေ၏။

ဓားအလင်းတန်းများက ကြေးမုံဆီမှ ထွက်လာပြီး နတ်ဘုရားတစ်ပိုင်းဆီသို့ ပစ်ချကြသည်။ နတ်ဘုရားတစ်ပိုင်းသည် ဟိန်းဟောက်ဟစ်ကြွေးရင်း ‌ရေကြေးမုံကို ရိုက်ခွဲပစ်လိုက်၏။ သူက ဒိုင်းဖြင့် ရှေ့တွန်းလိုက်သည့်အခါ ရွှေမြစ်ပြင်ထက်မှ ရေတံတိုင်းအထူကြီး ပေါ်ထွက်လာကာ မိန်းကလေးဆီသို့ ပြေးဆောင့်လိုက်သည်။

ပတ်ဝန်းကျင်မှ အားပေးကြွေးကြော်သံများ ထွက်လာသည်။

“ချိုးရှောင်ရီရဲ့ ကောင်းကင်နတ်သိုင်းကြောင့် ဒီမိန်းကလေး ထနိုင်မှာ‌တောင် မဟုတ်ဘူး”

“မြစ်သင်္ချိုင်းတက္ကသိုလ်က ရှုံးပွဲတော်တော် များနေပြီ... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာ ဘယ်ရောက်နေလဲ... အရှက်ကွဲမှာ စိုးလို့ ထွက်မလာသေးဘူးလား”

“နှစ်ငါးရာမှ တစ်ခါ်ပေါ်တဲ့ ပါရမီရှင် ဧကရာဇ်အတိုင်ပင်ခံကို သေဖို့ ထွက်လာခဲ့လို့ ပြောလိုက်”

***

ချင်မူ အသံများ ဆူညံနေသော ဘက်သို့ လှမ်းကြည့်လိုက်ရာ မြစ်သင်္ချိုင်းတက္ကသိုလ်၏ တောင်တံခါးဝတွင် ရပ်နေကြသော နတ်ဘုရားတစ်ပိုင်းများအား မြင်လိုက်ရသည်။ သူတို့သည် အသွင်သဏ္ဍာန်မျိုးစုံဖြင့် လေထဲ၌ ပျံဝဲနေကြ၏။

နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားပြီး၍ နတ်အရောင်အဝါများ တောက်ပနေသော နတ်ဘုရားများလည်း ရှိနေသည်။ မြစ်သင်္ချိုင်းတက္ကသိုလ်တွင် နတ်ဘုရားများ ရှိပါသ်ောလည်း ထိုနတ်ဘုရားတစ်ပိုင်းများနှင့် ယှဉ်သည့်အခါ အရောင်အဝါ မှေးမှိန်နေကြသည်။

ဤနတ်ဘုရားတစ်ပိုင်း တစ်ယောက်ကိုတစ်ယောက် ချီးကျူးအမွမ်းတင်နေကြစဉ် မြစ်သင်္ချိုင်းတက္ကသိုလ်၏နတ်ဘုရားများမှာ မချင့်မရဲ ဖြစ်နေကြသည်။ မြစ်သင်္ချိုင်းတက္ကသိုလ်၏ ဂုဏ်သိက္ခာအတွက် အတော်လေး ခံပြင်းစရာကောင်းလေသည်။

မြစ်သင်္ချိုင်းတက္ကသိုလ်ထဲရှိ ကျောင်းသားတချို့မှာလည်း စိတ်ပျက်လက်မှိုင်ကျနေကြသည်။ ယခုတွင် သူတို့၏ ရှုံးပွဲက နိုင်ပွဲထက် များနေပြီဖြစ်၍ စိတ်ဓာတ်ကျနေကြချေပြီ။

ကောင်းကင်နတ်သိုင်းအရာတွင် ဤ‌ကျောင်းသားများသည် ထူးချွန်ထက်မြက်ပါသော်လည်း မွေးရာပါအစွမ်းအစချင်း အလွန်ကွာခြားနေ၏။ ရလဒ်အနေဖြင့် လူသားမျိုးနွယ် ကျောင်းသားများအတွက် အဆင့်တူတွင် မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားတစ်ပိုင်းများကို အနိုင်ယူရန် ခက်ခဲလေသည်။

ချင်မူ၊ ရှုရှန်းဟွာနှင့် ကျဲ့ဟွလီကဲ့သို့ သူတို့ခေတ်၏ ရှေ့ဆောင်လမ်းပြ သိုင်းပညာရှင်များအတွက် လူသားမျိုးနွယ်နှင့် နတ်ဘုရားတစ်ပိုင်းများအကြား ကွာဟမှုကို ခံစားရမည်မဟုတ်ပေ။ သို့သ်ော ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များအတွက်မူ ကွာဟမှုကား သိသာလွန်း၏။

ထို့အပြင် မြစ်သင်္ချိုင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်ကို မြောက်ပိုင်းကောင်းကင်ဘုံမှ နတ်ဘုရားများစွာနှင့် မရှုံးမချင်း ယှဉ်ပြိုင်ခိုင်းသည်။ မြစ်သင်္ချိုင်းတက္ကသိုလ်ကျောင်းသားများ မည်မျှဖိအားဒဏ် ခံစားနေရမည်ကို ကောင်းကောင်းစိတ်ကူးကြည့်နိုင်ပေသည်။

ချင်မူ ရင်ထဲတွင် လှုပ်ရှားသွားပြီး မြစ်သင်္ချိုင်းတက္ကသိုလ်ဆီသို့ လျှောက်သွားလိုက်သည်။

သူ့ဘေးတွင် မြစ်ရေသည် ဖြည်းဖြည်းချင်း မြောက်တက်လာပြီး မြင့်သထက် မြင့်လာ၏။ တဖြည်းဖြည်း ဆယ်မိုင်ကျော် ကျယ်ဝန်းသော မြစ်ပြင်က လေတွင် ပျံဝဲနေချေပြီ။

မြစ်သင်္ချိုင်းတက္ကသိုလ်၏ဘေးရှိ မြစ်သင်္ချိုင်းကျောင်းသားများနှင့် မြောက်ပိုင်းကောင်းကင်ဘုံနတ်ဘုရားတစ်ပိုင်းများ၊ နတ်ဘုရားများနှင့် မိစ္ဆာများအားလုံး ဤမြင်ကွင်းကို ငေး၍ကြည့်နေကြသည်။

‌ရွှေမြစ်က လေပေါ် မြောက်တက်နေပြီး မြစ်ထဲတွင် ကိုက်များစွာ ရှည်လျားသော ဧရာမငါးကြီးများ ကူးခတ်နေကြသည်။ မမြင်ရသော အားတစ်ရပ်က သူတို့ကို ပင့်မြှောက်လျက် လေထဲတွင် ပျံဝဲနေစေခြင်း ဖြစ်သည်။

ရွှေမြစ်ပြင်ထက်၌ ရွက်လွှင့်နေသော ကုန်တင်သင်္ဘောများလည်း မိုးပျံမြစ်ထဲ၌ ဆက်လက်ရွက်လွှင့်နေကြသည်။ သင်္ဘောများ၏ ‌ဆေးမီးဖိုက အလုပ်လုပ်နေဆဲ ဖြစ်ပြီး ဒလက်များလည်း လည်နေဆဲပင်။ သင်္ဘောအစောင့် ကောင်းကင်နတ်သိုင်းပညာရှင်များက သင်္ဘောလက်ရန်းများအနားသို့ ရောက်လာကြကာ အောက်သို့ ငုံ့ကြည့်နေကြသည်။ သူတို့လည်း မည်သို့မည်ဖုံ ဖြစ်ပျက်သွားမှန်း မသိကြောင်း ထင်ရှားသည်။

စောစောက တိုက်ခိုက်နေသည့် လက်လေးဖက် နတ်ဘုရားတစ်ပိုင်းနှင့် ကျောင်းသားလည်း ဤမြစ်နှင့်အတူ မြောက်တက်သွားကြသည်။ အားလှိုင်းက သူတို့ကို ချုပ်လိုက်သဖြင့် နှစ်ယောက်စလုံး မလှုပ်နိုင်ဘဲ မြစ်ပြင်ထက်တွင် ပျံဝဲနေကြလေသည်။

ရွှေမြစ်သည် အမြင့်ပေတစ်ရာကျော်အထိ မြောက်တက်လျက် မြစ်သင်္ချိုင်းတက္ကသိုလ်၏ ပတ်ဝန်းကျင်ရှိ ‌တောင်ထိပ်များထက်ပင် မြင့်မားနေသည်။ ၎င်းက ကောင်းကင်ထဲတွင် တစ်ပတ်ပတ်ပြီးနောက် ရွှေမြစ်လမ်းကြောင်းဆီ ပြန်ရောက်သွားကာ ဆက်လက်စီးဆင်းနေသည်။

ဤမြင်ကွင်းက အားလုံးကို ဇဝေဇဝါ ဖြစ်သွားစေသည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နတ်ဘုရားတစ်ပါး ဒီရောက်လာတာလား”

မြောက်ပိုင်းကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပိုင်းတစ်ယောက်က ကောင်းကင်သို့ မော့ကြည့်၍ သရော်တော်တော် ပြောသည်။ “အစွမ်းအစတော့ ရှိပေမယ့် အလကား လာကြွာနေတယ်”

သူက အကြည့်ပြန်ရုတ်၍ အရှေ့သို့ ကြည့်လိုက်သည်။ ရင်သပ်ရှုမောဖွယ် မြစ်၏အောက်တွင် လူငယ်တစ်ယောက်သည် လေကို နင်းလျက် အေးအေးလူလူ အမူအရာဖြင့် မြစ်သင်္ချိုင်းတက္ကသိုလ်ဆီသို့ လျှောက်လာ‌နေ၏။

ဤလူငယ်၏အနောက်တွင် နဂါးချီလင်တစ်ကောင်နှင့် ရေချီလင်တစ်ကောင် ရှိသလို၊ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာနှင့် လူငယ်နောက်တစ်ယောက်ကလည်း စပ်စပ်စုစု ကြည့်နေသည်။

လေထဲတွင် ရေလှိုင်းပုတ်သံ၊ ရေစီးသံများ ခပ်သဲ့သဲ့ ကြားနေရသည်။

အရှေ့မှ လျှောက်လာနေသော လူငယ်၏ ခြေလှမ်းများက နှေးသယောင် ထင်ရသော်လည်း မနှေးပေ။ သူ မြစ်သင်္ချိုင်းတက္ကသိုလ်ဆီသို့ လျှောက်လာနေစည် ကောင်းကင်သည် ရုတ်တရက် အုံ့ဆိုင်းသွားပြီး ပို၍ပင် မည်းမှောင်လာ၏။

လူငယ်၏အနောက်၌ ထိတ်လန့်ဖွယ် မုခ်ဝတစ်ခု ဝါးဝါးတားတား ဖွဲ့တည်လာသည်။ ထိုမုခ်ဝ ပွင့်လာသည့်အခါ ယိုတု၏ မိစ္ဆာနတ်ဆိုးချီများ ထွက်လာပြီး ကောင်းကင်အား အနက်ရောင်ခြယ်မှုန်းလိုက်သည်။

“မြောက်ပိုင်းကောင်းကင်ဘုံသားတို့”

မုခ်ဝသည် ကောင်းကင်နှင့် မြေပြင်ကို ဝါးမြိုနိုင်သော ပါးစပ်ကြီးသဖွယ် ထင်ရ၏။ ၎င်းဆီမှ သွေးပျက်စွာ အော်ဟစ်နေသံများ ပဲ့တင်ထပ်နေသည်။ လှိုင်းပုတ်သံများ ရှေ့သို့ ပျံလွင့်လာသည့်အခါ တောင်တံခါးဝအရှေ့တွင် ရပ်နေကြသော မြောက်ပိုင်းကောင်းကင်ဘုံ နတ်ဘုရားတစ်ပိုင်းတို့၏ မျက်နှာအရေပြားမှာ တွန့်လိပ်တက်သွားကြသည်။

“ငါ့ကို တိုက်ခိုက်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး”

လှိုင်းပုတ်သံက ထပ်မံပျံ့လွင့်လာသဖြင့် အားလုံး၏ ဆံပင်များ ဖွာလန်ကြဲကာ အဝတ်စများလည်း နောက်သို့ တဖတ်ဖတ် လှုပ်ခတ်သွားကြသည်။

သိုင်းအဆင့်နိမ့်သော နတ်ဘုရားတစ်ပိုင်းများမှာ မတ်မတ်မရပ်နိုင်တော့ဘဲ လှိုင်းသံများနှင့်အတူ လွင့်ထွက်ကုန်ကြ၏။

လှိုင်းသံတွင် မိစ္ဆာအငွေ့အသက်တို့ ပြည့်နှက်နေပြီး နှလုံးသားထဲက အပြင်းထန်ဆုံးအကြောက်တရားကို လှုံ့ဆော်နိုင်သည့်အလား ထင်ရသည်။ အသံထွက်လာသည့်အခါ သူတို့အားလုံး ယိုတုထဲ ကျသွားပြီး အမှောင်ထုထဲ ဆက်တိုက်နစ်မြုပ်နေသကဲ့သို့ ခံစားရသည်။

မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားတစ်ပိုင်းများမှာ ဒူးများ ခွေညွတ်လာကာ ချွေးပြန်လာကြတော့သည်။

ရုတ်တရက် ပုံရိပ်သဏ္ဍာန်များ ပျောက်ကွယ်သွားပြီး ရွှေမြစ်လည်း အောက်သို့ တဖြည်းဖြည်း ကျဆင်းသွားကာ ပုံမှန်အတိုင်း ဆက်လက်စီးဆင်းသွားသည်။

ကောင်းကင်ထက်ရှိ အမှောင်ထုသည်လည်း မုခ်ဝထဲသို့ ဆုတ်ခွာကာ ပျောက်ကွယ်သွားသည်။ ထို့နောက် မုခ်ဝက မှေးမှိန်သွားကာ မမြင်ရတော့ပေ။ များစွာမကြာလိုက်ဘဲ ကောင်းကင်က ပြန်လင်းလာလေသည်။

လူငယ်က မြစ်သင်္ချိုင်းတက္ကသိုလ်၏ တောင်တံခါးဝဆီ ရောက်လာခဲ့ပြီဖြစ်သည်။ သူသည် အပြုံးပန်းများ ဝေဆာနေပြီး ကြောက်စိတ်မပြေသေးသော နတ်ဘုရားတစ်ပိုင်းကောင်းကင်နတ်သိုင်းပညာရှင်များအား ပြုံး၍ ကြည့်နေ၏။

နတ်ဘုရားတစ်ပိုင်းတစ်ယောက်က လူငယ်ကို ကြည့်၍ ဒေါသတကြီး အော်ဟစ်သည်။ “နတ်ဘုရားတစ်ပါးက မြောက်ပိုင်းကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ပြဿနာလာရှာနေတယ်... ဒါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧည့်သည်တွေကို ဆက်ဆံတဲ့ ပုံစံလား”

ဤအခိုက်အတန့်တွင် မြစ်သင်္ချိုင်းတက္ကသိုလ်ထဲမှ တဟားဟား ရယ်သံကြီး ထွက်ပေါ်လာ၏။ “ကျောင်းသားတို့၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာချင်ကို သွားနှုတ်ဆက်ကြစို့”

တက္ကသိုလ်ကျောင်းထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဝင်းပြောင်နေသော မျက်နှာရှိသည့် ဆံဖြူနတ်ဘုရားအိုကြီးတစ်ယောက်က မြစ်သင်္ချိုင်းတက္ကသိုလ်၏ ကျောင်းသားထောင်ပေါင်းများစွာကို ဦးဆောင်လျက် အပြင်ထွက်လာသည်။ နတ်ဘုရားအိုကြီးက ဦးညွှတ်အရိုအသေပေးပြီး သူ့အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့်အတွက် ရွှေမြစ်ထက်၌ လှိုင်းများပင် ရိုက်ခတ်သွား၏။ “မြစ်သင်္ချိုင်းတက္ကသိုလ်ရဲ့ ယာယီပါမောက္ခချုပ် နယ်စားဝေ့၊ ကျောင်းသားတွေနဲ့အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာကို ကြိုဆိုပါတယ်”

ကျောင်းသားထောင်ချီ၏ ပြိုင်တူအော်ဟစ်လိုက်သော အသံက နယ်စားဝေ့၏ အသံထက်ပင် ကျယ်လောင်လေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာကို ကြိုဆိုပါတယ်”

အားလုံး ခါးပြန်မတ်လိုက်ကြပြီး နယ်စားဝေ့က ပြုံးလျက် ထပ်မံအရိုအသေပေးသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်း ဂိုဏ်းသခင်အထွတ်အမြတ်ဆရာသခင်ကို အရိုအသေပေးပါတယ်”

ချင်မူ ကျယ်လောင်စွာ အော်ရယ်လိုက်သော်လည်း သူ့အသံက နယ်စားဝေ့၏အသံထက် မကျယ်ပေ။ သူက ပြုံး၍ ပြောလိုက်သည်။ “တန်ခိုးရှင်သစ်ခုတ်သမားက ကျွန်တော့်ကို မပြောမဆိုနဲ့ လုပ်သွားတယ်ဗျာ... ဒါကြောင့် ကျွန်တော် အလာနောက်ကျသွားတာပါ... နယ်စားမင်း၊ ဒီရက်တွေထဲ အတော်လေး အနေရအထိုင်ရ ခက်ခဲခဲ့မယ်ထင်ပါတယ်... မြောက်ပိုင်းကောင်းကင်ဘုံသားတွေ၊ ဘယ်သူ ငါ့ကို စိန်ခေါ်ချင်လဲ”

ချင်မူက လျှပ်စီးလို မျက်ဝန်းများဖြင့် လှည့်ပတ်ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများမှ အလင်းရောင်များ ဖြာထွက်လာ၍ မြစ်သင်္ချိုင်းတက္ကသိုလ်၏ ပတ်ပတ်လည်မှာ လင်းထိန်သွားတော့သည်။ ချင်မူ အကြည့်ပြန်ရုတ်လိုက်သည့်အချိန်မှ အားလုံး သဲသဲကွဲကွဲ ပြန်မြင်ရ၏။

ပတ်ဝန်းကျင်မှာ အပ်ကျသံမကြားအောင် တိတ်ဆိတ်နေပြီး အသက်ရှူသံများ၊ သွားချင်းရိုက်သံများသာ ကြားရသည်။ နတ်ဘုရားတစ်ပိုင်းတစ်ယောက်မှ စကားမပြောရဲပေ။

All Chapters