← Chapters

မယှဉ်နိုင်အောင် ယုတ်မာခြင်း

Vol. 65 Ch. 862

မယှဉ်နိုင်အောင် ယုတ်မာခြင်း

Vol. 65 Ch. 862

အတန်ကြာသော် မြောက်ပိုင်းကောင်းကင်ဘုံမှ နွားခေါင်း၊ လူကိုယ်နှင့် နတ်ဘုရားတစ်ပိုင်းက တည်ကြည်လေးနက်သောအသံဖြင့် စကားပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာက နတ်ဘုရားလား... မြေခွေးအိုကြီး ဝမ်တျန်းကဲ ဒီအကြောင်း ပြောမသွားဘူး... မင်းက နတ်ဘုရားဆိုရင်တော့ မင်းကို စိန်ခေါ်ဖို့ နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေကို ရွေးချယ်ရလိမ့်မယ်"

ချင်မူ၏အရှိန်အဝါသည် အတက်အကျများဖြင့် အုံကြွနေ၏။ သူက အားလုံး ရှင်းလင်းပြတ်သားစွာ မြင်အောင် သူ၏ကောင်းကင်ရတနာများကို ဖွင့်ပြပြီး ခေါင်းယမ်းကာ ဖြေကြားသည်။ “ကျွန်တော်က တလောကမှ သတ္တမကောင်းကင်ရတနာကို ဖွင့်ထားတာပါ”

အသွင်မဲ့အရှိန်အဝါတစ်ခုသည် မိုးသားတိမ်စိုင်ကြီး မြို့တစ်မြို့အပေါ် အုပ်လွှမ်းခြုံလိုက်သကဲ့သို့ မြစ်သင်္ချိုင်းတက္ကသိုလ်ကို ဖုံးလွှမ်းသွား၏။ အားလုံး အသက်ရှုကြပ်လာကြသည်။

နတ်ဘုရားတစ်ပါးက နတ်အရှိန်အဝါကို လွတ်လပ်စွာ ထုတ်ဖော်လိုက်သည့်အလား မိုင်ပေါင်းထောင်ချီအကွာမှပင် သူ၏အရှိန်အဝါကို ခံစားရလောက်သည်။

ကံကောင်းစွာဖြင့် ချင်မူက လွန်လွန်ကျူးကျူး မလုပ်ပေ။ အရှိန်အဝါတချို့ ထုတ်လွှတ်ပြီးနောက် ပြန်ထိန်းချုပ်ထား၏။

ရွာလူကြီးနှင့် ရွာရှိ အဘိုးအဘွားများက သူ့ကို သိုသိုသိပ်သိပ်နေရန် အမြဲသတိပေးခဲ့သည်။ မလိုအပ်သရွေ့ ချင်မူသည် သူ၏အစွမ်းအစများအား အပြည့်အဝ ထုတ်ပြမည်မဟုတ်ပေ။

‘ဒီတစ်ခေါက် ကျင့်စဉ်စွမ်းအင်ရဲ့ ၄၀ ရာခိုင်နှုန်းပဲ ထုတ်လိုက်တာဆိုတော့ သိုသိပ်တယ်လို့ ဆိုနိုင်လောက်မှာပါ’

ချင်မူ တောက်ပစွာ ပြုံးလျက် ပတ်ဝန်းကျင်ကို အကဲခတ်ကာ သူ့ဘာသာသူ တွေးနေသည်။ ‘ငါ့ဝှက်ဖဲ အကုန်မချပြရသေးဘူး.. မိုးမခသစ်ရွက်လည်း မခွာရသေးဘူး... မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာတွေလည်း ထုတ်မပြရသေးဘူး’

မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများ၊ မိစ္ဆာများမှာ ချင်မူ့နောက်၌ ပျံဝဲနေသော ကောင်းကင်ရတနာပုံရိပ်များကို ကြည့်ရင်း မျက်ခုံးလှုပ်နေကြတော့သည်။

ဤလူသည် အမှန်တကယ် အင်အားကြီးမားလှ၏။ အင်အားကြီးလွန်း၍ လူသားနှင့်ပင် မတူတော့၊ ကောင်းကင်နတ်သိုင်းပညာရှင်ဟုပင် မထင်ရတော့ပေ။

ဤကဲ့သို့ စွမ်းအားမျိုးသည် လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများမှ စွမ်းအားမဟုတ်၊ သိပ်သည်းအားကောင်းသည့် မှော်စွမ်းအင်တစ်ခုတည်းမှ စွမ်းအားသာ ရှိသေး၏။

ချင်မူ၏မှော်စွမ်းအင်က ကောင်းကင်နန်းဆောင်သို့ တက်လှမ်း၍ တောင်ကောင်းကင်မုခ်ဝအရှေ့တွင် ရပ်နေသော နတ်ဘုရားများနှင့် ညီမျှလေသည်။ သူတို့ထက် ပို၍ပင် အားကောင်းသည်ဟု ဆိုနိုင်သေးသည်။

ထိုမျှအားကောင်းပြင်းထန်သည့် မှော်စွမ်းအင်ကြောင့် သူသည် တောင်ကောင်းကင်မုခ်ဝကို ဖြတ်ကျော်၍ မုခ်ဝဆီမှ ဖိအားကို တောင့်ခံကာ အစစ်အမှန်နတ်ဘုရားတစ်ပါးပင် တိုက်ရိုက်ဖြစ်လာနိုင်သည်ဟု ကျန်ရှိသူများအား ခံစားရစေသည်။

မှန်သည်၊ ကျင့်စဉ်စွမ်းအင် မြင့်မားလေလေ၊ တောင်ကောင်းကင်မုခ်ဝသို့ ဝင်သည့်အချိန် ခံစားရမည့် ဖိအားက ပြင်းထန်လေလေ ဖြစ်သည်။ ထို့ကြောင့် ချင်မူ တောင်ကောင်းကင်မုခ်ဝအား ဖြတ်ကျော်လျှင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားနိုင်ခြေလည်း ရှိ၏။

သူတို့မှာ သူ၏သတ္တမကောင်းကင်ရတနာက မည်သည့်အရာမှန်း မသိပေ။ အရပ်ခြောက်မျက်နှာမြေပြင်ထက်တွင် ထူမတ်နေသော သစ်ပင်ကြီးလော၊ သို့မဟုတ် ကောင်းကင်နန်းဆောင်မှ စီးကျလာနေသော ကောင်းကင်နတ်မြစ်လော။

‘ဒါက ဘယ်လိုဟာကြီးလဲ’

နတ်ဘုရားများနှင့် မိစ္ဆာများ တစ်ယောက်ကို တစ်ယောက်ကြည့်၍ ပြိုင်တူတွေးမိကြသည်။ ‘လောကသခင်ခန္ဓာဆိုတာ ဒီလိုဟာလား’

မြောက်ပိုင်းကောင်းကင်ဘုံမှ လူငယ်သိုင်းပညာရှင်များမှာ ဂရုတစိုက် ရွေးချယ်ခံထားရသော လက်ရွေးစင်များ ဖြစ်ပါသော်လည်း ထိုမျှကြောက်စရာကောင်းသည့် လူသားတစ်ယောက်နှင့် မယှဉ်နိုင်ကြတော့ပေ။

သို့သော် နယ်စားဝေ့သည် ချင်မူ၏ ရည်ရွယ်ချက်များကို နားလည်၏။ ချင်မူက မြစ်သင်္ချိုင်းတက္ကသိုလ်သို့ ရောက်သည်နှင့် ရွှေမြစ်ကို ပင့်မြှောက်ကာ သူ၏စွမ်းအားများ ခင်းကျင်းပြသခဲ့သည်။

နယ်စားဝေ့ ချင်မူ့အပေါ် နားလည်ထားသလောက် ချင်မူသည် လောကသခင်ခန္ဓာ၏ ခွန်အားချည်းသက်သက်သာ ကြွားဝါပြနေခြင်းမဟုတ်ဘဲ စိန်ခေါ်သူများအား စစ်ထုတ်နေခြင်းလည်း ဖြစ်၏။ အရည်အချင်းမပြည့်မှီသူများဖြင့် သူ မတိုက်ခိုက်ချင်ပေ။

ချင်မူက အခြားသူများအပေါ် အမြဲဖော်ရွေပျူစွာ ဆက်ဆံပြီး ကြင်နာတတ်သော်လည်း အမှန်တွင် အလွန်ဘဝင်မြင့်သည်။ သူ့ထက် သိုင်းအဆင့်နိမ့်ကျသူကို ဖြစ်စေ၊ အစွမ်းအစ နိမ့်ပါးသူကို ဖြစ်စေ၊ တိုက်ခိုက်ရန် စိတ်မဝင်စားပေ။

‘ဒါပေမဲ့ အခြေအနေကို ကြည့်ရသလောက် ဂိုဏ်းသခင်က စစ်ထုတ်လိုက်တဲ့အထဲမှာ မြောက်ပိုင်းကောင်းကင်ဘုံက လူငယ်တွေအကုန် ပါသွားပြီ’

နယ်စားဝေ့က အခြေအနေကို သုံးသပ်၍ သူ့ဘာသာသူ တွေးနေသည်။ ‘မြောက်ပိုင်းကောင်းကင်ဘုံက လူငယ်ပညာရှင်တွေက သိပ်သန်မာအားကောင်းကြပေမယ့် အရမ်းတော့ မဟုတ်ဘူး... သူတို့အားလုံး ပြိုင်တူတိုက်ခိုက်ရင်‌တောင် ဂိုဏ်းသခင် သတ်တာခံရဖို့ သိပ်မကြာလောက်ဘူး”

“ဟားဟားဟား ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ ပီသပါပေတယ်”

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရားက ရုတ်တရက် ထရယ်ကာ ကျယ်လောင်သော အသံဖြင့် ပြောသည်။ “လောကသခင်ခန္ဓာချင်က အမှန်တကယ် အင်အားကြီးတာပဲ... ငါတို သံတမန်တွေ မင်း ဘာလုပ်နိုင်မှန်း မြင်ပြီးပါပြီ... မင်းမှာ မြောက်ပိုင်းကောင်းကင်ဘုံကို စိန်ခေါ်ပိုင်ခွင့် ရှိတယ်... ငါတို့ ဒီကို လာတာက လောကသခင်ခန္ဓာချင်ကို စိန်‌ခေါ်ဖို့ မဟုတ်ဘဲ ... စိန်ခေါ်စာ လာပါးရုံသက်သက်ပါပဲ”

သူ ထိုသို့ပြောလိုက်သည့်အခါ မြောက်ပိုင်းကောင်းကင်ဘုံ၏ ကျန်နတ်ဘုရားများနှင့် မိစ္ဆာများမှာ အူတူတူ ဖြစ်သွားကြသည်။

သူတို့အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာက အလွန်လွယ်ကူသော ပစ်မှတ်ဖြစ်၍ ၎င်းနှင့် လောကသခင်ခန္ဓာချင်ကို အနိုင်ကျင့်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအား သိမ်းပိုက်ရန် ကြံစည်ထားခြင်း မဟုတ်ပါ‌လော။

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရားသည် မျက်နှာအမူအရာ တစ်ချက်မပြောင်းဘဲ ခပ်တည်တည်ဖြင့် ဆက်ပြောနေ၏။ “ငါတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ အစွမ်းအစတွေကို ကြည့်ရင်း လောကသခင်ခန္ဓာဆိုတာကလည်း အဲဒီစံနှုန်းအတိုင်း ဖြစ်မယ် ထင်ခဲ့မိတယ်... ဒါပေမဲ့ အခုတော့ မင်း ဘာလုပ်နိုင်မှန်း ငါတို့ မြင်ပြီးပြီမလို့ မင်းက ငါတို့မြောက်ပိုင်းကောင်းကင်ဘုံဆီက စိန်ခေါ်စာကို လက်ခံဖို့ အရည်အချင်း ပြည့်မှီသွားပါပြီ”

ကျန်နတ်ဘုရားများနှင့် မိစ္ဆာများ သဘောပေါက်သွားကြသည်။ ‘သူ ဆိုလိုတာ ဒီလိုကိုး.. ငါတို့ ခေါ်လာတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက ဒီကောင့်ကို မယှဉ်နိုင်ဘူး... ငါတို့ စိန်ခေါ်စာ လာပါးတာလို့ ပြောလိုက်ရင် သိက္ခာအဖတ်ဆည်လို့ ရသေးတယ်’

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရားက လေးနက်တည်ကြည်သော အမူအရာဖြင့် ခပ်ဩဩ ပြောနေသည်။ “မြောက်ပိုင်းကောင်းကင်ဘုံက မဟာကာလရဲ့ အမည်နာမအောက်မှာ ပေါင်းစည်းထားတဲ့ ကောင်းကင်ဘုံပဲ.... လောကသခင်ခန္ဓာချင်မှာက အစွမ်းအစရှိတယ်ဆို‌တော့ လောကသခင်ခန္ဓာချင် မြောက်ပိုင်းကောင်းကင်ဘုံကို လာဖို့ ငါတို့ ဖိတ်ခေါ်ပါတယ်... မင်းကို အဲဒီမှာ စောင့်နေပါ့မယ်”

ကျန်နတ်ဘုရားများနှင့် မိစ္ဆာနတ်ဘုရားများလည်း ခေါင်းညိတ်နေကြ၏။ “ငါတို့ မင်းကို အဲဒီမှာ စောင့်နေမယ်”

နယ်စားဝေ့က စပ်စုသည်။ “စိန်ခေါ်စာက ဘယ်မှာလဲ”

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရားက ခပ်တည်တည် ပြန်ဖြေ၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက နိုင်ငံငယ်လေးတစ်နိုင်ငံပဲ ... တကယ့် စိန်ခေါ်စာ မလိုအပ်ဘူး... ငါတို့က စာကို တစ်ဆင့် လာပါးရုံသက်သက်ပဲ”

နယ်စားဝေ့က ရွဲ့သလို ပြုံးလိုက်သည်။

မိစ္ဆာနတ်ဘုရားက အရှက်မရှိစွာဖြင့် ဆက်ပြောလေသည်။ “စိန်ခေါ်စာကို တစ်ဆင့်ပါးပြီးပြီဆို‌တော့ ငါတို့ မြောက်ပိုင်းကောင်းကင်ဘုံဆီ ပြန်တော့မယ်.... လောကသခင်ခန္ဓာချင် မကြာခင် လာမယ်လို့ မျှော်လင့်ပါတယ်... သွားကြစို့”

သူက ချာခနဲ လှည့်၍ မြောက်ပိုင်းကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များကို ဦးဆောင်ရင်း ပြန်ရန် ပြင်နေသည်။

“ခဏ” ချင်မူ့အသံက သူတို့၏အနောက်မှ ထွက်လာ၏။

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရား၏ ကြွက်သားများ တောင့်တင်းသွားပြီး ချင်မူ သူ့ကို အငိုက်ဖမ်းတိုက်ခိုက်မည် စိုးသဖြင့် ကပျာကယာ နောက်လှည့်ကြည့်လိုက်သည်။

ချင်မူက တောက်ပစွာ ပြုံးနေသည်။ “မြောက်ပိုင်းကောင်းကင်ဘုံက ‌နောင်ကြီးတို့က ယဉ်ကျေးမှုမရှိကြဘူးနော်... စိန်ခေါ်စာ လာပို့တယ်တယ် ဆိုပြီး စာလည်း မပါလာဘူး.... ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့တော့ မရိုင်းပျနိုင်တဲ့အတွက် စိန်ခေါ်စာနဲ့ ပြန်ဖြေကြားပေးပါ့မယ်... ပြန်ရောက်တဲ့အခါ မြောက်ပိုင်းကောင်းကင်ဘုံရဲ့ သူရဲကောင်းတွေကို ကြည့်ခိုင်းလိုက်ပါ”

မိစ္ဆာနတ်ဘုရားမှာ စိတ်သက်သာရာရသွားပြီး ပြုံးလိုက်သည်။ “လောကသခင်ခန္ဓာချင် သဘောပါ”

ထန်း

ချင်မူ၏ထောင်ကျယ်အိတ်ထဲမှ ရွှင်ပျော်ပျော်ဓား ပျံထွက်လာသည်။ ချင်မူက လက်နှစ်ချောင်းကို အတူပူး၍ ရှေ့သို့ ညွှန်လိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားသည် ရွှစ်ခနဲ မြည်သံနှင့်အတူ ကောင်းကင်ထဲသို့ ထိုးခွင်းသွား၏။

ချင်မူ ခြေထောက်များကို ရွေ့လျား၍ ဓားလက်ချောင်းကို လှုပ်ရှားရင်း ရွှင်ပျော်ပျော်ဓားအား ထိန်းချုပ်နေသည်။ ရွှင်ပျော်ပျော်ဓားက စုတ်တံပမာ လူးလွန့်လှုပ်ရှားနေပြီး ဓားရှည်တစ်လက်ကို ကျောတွင်လွယ်လျက် စိတ်အားတက်ကြွနေသော လူငယ်တစ်ယောက်၏ ပုံသဏ္ဍာန်အား လေထဲ၌ ရေးခြယ်နေလေသည်။

များစွာမကြာလိုက်ဘဲ ချင်မူက ရွှင်ပျော်ပျော်ဓားဖြင့် ပန်းချီရေးဆွဲပြီးသွားသည်။

သူက နားကန်း၏ ‘ဓားနတ်ဘုရား’ပန်းချီကို ကူးဆွဲထားခြင်း ဖြစ်သည်။ သို့သော် ဆွဲထားသော ပုဂ္ဂိုလ်ကား လူငယ်ရွာလူကြီးမဟုတ်၊ ချင်မူ ကိုယ်တိုင်ပင်။

“ဒါက ကျွန်တော့်ရဲ့ စိန်ခေါ်စာပဲ”

ချင်မူက ရွှင်ပျော်ပျော်ဓားကို ဆုပ်ကိုင်၍ အသာအယာ လှုပ်ခတ်ကာ လေထဲရှိ ပုံရိပ်ကို လှီးထုတ်လိုက်သည်။ ထို့နောက် ဖိချုံ့လိုက်ရာတွင် ပုံရိပ်သည် ပေတစ်ဝက်သာ ရှည်တော့၏။

နယ်စားဝေ့က လူတစ်ယောက်ကို ဖိတ်စာတစ်ရွက် သွားယူခိုင်းလိုက်သည်။ ချင်မူသည် ဓားပန်းချီကို စာရွက်ထဲ ထည့်သွင်း၍ ပြောလိုက်၏။ “ပြန်ရောက်ရင် လူငယ်သိုင်းပညာရှင်တွေကို ရွေးချယ်ပြီး ဒီစာကို ဖွင့်လိုက်ပါ... ပြီးတော့ သိုင်းအဆင့်နိမ့်တဲ့သူတွေ ဒီစာကို ကြည့်ပိုင်ခွင့်မရှိဘူး... စိန်ခေါ်စာထဲက ဓားပန်းချီ ပျက်စီးသွားတာ ခံစားရရင် ကျွန်တော်ကိုယ်တိုင် မြောက်ပိုင်းကောင်းကင်ဘုံဆီ လာပြီး တစ်ယောက်ချင်းစီနဲ့ လိုက်တွေ့မယ်”

သူက တခဏ စဉ်းစားပြီးနောက် စိတ်ရင်းထဲမှ လာသကဲ့သို့ သတိပေးနေသည်။ “ခင်ဗျားတို့အသက်အတွက် ၊ ဒီစိန်ခေါ်စာကို ဖွင့်မဖတ်နဲ့... အဆင့်တစ်ဆင့်ချင်းစီရဲ့ အစွမ်းထက်ဆုံး ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ရွေးချယ်ပြီးမှ ဖွင့်ဖတ်ပါ... ဒါ့အပြင် အပြင်သူတွေအနေနဲ့ စိန်ခေါ်စာထဲမှာ ဘာပါလဲ မကြည့်ရဘူး၊ အန္တရာယ်များတယ်... ဒါကို သေသေချာချာ မှတ်ထားနော်... အားလုံး ပြန်လို့ရပါပြီ”

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရားသည် လေးနက်သောအမူအရာဖြင့် စိန်ခေါ်စာကို လက်ခံ၏။ “သွားကြစို့”

မြောက်ပိုင်းကောင်းကင်ဘုံ၏ မိစ္ဆာများ၊ နတ်ဘုရားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များ ခပ်သုတ်သုတ် ထွက်သွားကြသည်။

သူတို့ လီမြစ်တက္ကသိုလ်မှ အဝေးသို့ ရောက်သည့်အခါ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် မေးလေသည်။ “ဆရာ၊ ဒီစိန်ခေါ်စာက အဲဒီလောက် အစွမ်းထက်တယ်လား.... ကျွန်တော်တို့ တစ်ချက်လောက် ကြည့်လို့မရဘူးလား”

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရားက ခေါင်းခါသည်။ “ပေါ့ပေါ့တန်တန် ဖွင့်ကြည့်လို့မရဘူး... စိန်ခေါ်စာထဲက ဓားပန်းချီမှာ သူ့ရဲ့ ကောင်းကင်နတ်သိုင်းတွေ ပါတယ်... ဖွင့်လိုက်တာနဲ့ ကောင်းကင်နတ်သိုင်းကို အသက်သွင်းမိသွားလိမ့်မယ်”

မိစ္ဆာနတ်ဘုရားနောက်တစ်ပါးက တဟားဟား ရယ်သည်။ “မင်းက ပိုလွန်းနေပြီ... သူ ဆွဲခဲ့တဲ့က ဓားပန်းချီမှာ ကောင်းကင်နတ်သိုင်းတွေ ကိန်းဝပ်နေပေမယ့် ဖွင့်လိုက်ရုံနဲ့ ကောင်းကင်နတ်သိုင်းတွေ ပေါက်ကွဲသွားရင် စိန်ခေါ်စာ မပျက်စီးသွားဘူးလား... ငါ့အမြင်အရ ချီစွမ်းအင်ကို မသုံးသရွေ့ သူ့ကောင်းကင်နတ်သိုင်းကို အသက်သွင်းမိမှာ မဟုတ်ဘူး... ဖွင့်ကြည့်ရုံလောက်နဲ့ ဘာမှဖြစ်မသွားပါဘူး”

ကျန်မိစ္ဆာနတ်ဘုရားများနှင့် နတ်ဘုရားများလည်း ရယ်ရယ်‌မောမောဖြင့် ပြောနေကြ၏။ “ကိုယ့်အကြောင်းကိုယ်သိပြီး ရန်သူအကြောင်း သိထားရင် တိုက်ပွဲတိုင်းမှာ အနိုင်ရမယ်တဲ့”

နွားခေါင်းနှင့်မိစ္ဆာနတ်ဘုရားမှာ အတန်ကြာ တွန့်ဆုတ်နေသည်။ သူက စိန်ခေါ်စာကို ထုတ်ကာ ပြောလိုက်သည်။ “ဒါဆိုလည်း တစ်ချက်ကြည့်ကြ.... ဒါပေမဲ့ သူ့ကောင်းကင်နတ်သိုင်းတွေ အသက်ဝင်မသွားအောင် ချီစွမ်းအင်အတက်အကျတွေကို ထိန်းချုပ်ထားရမယ်... ငါ ဒီစိန်ခေါ်စာကို မဟာကာလဆီ ပြဖို့ လိုသေးတယ်... ငါတို့ကောင်းကင်ဘုံမှာ အဲဒီလောက်ကြောက်စရာကောင်းတဲ့ ပညာရှင်တွေမရှိဘူး... မဟာကာလလက်အောက်က ပညာရှင်တွေပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်”

သူက စိန်ခေါ်စာကို ဂရုတစိုက် ဖွင့်လိုက်ပြီး အမှန်ပင် ချင်မူ၏ကောင်းကင်နတ်သိုင်းများ ပေါက်ကွဲမသွားပေ။ သူ့မှာ သက်ပြင်းချကာ ပြောလိုက်သည်။ “ကဲ လာကြည့်ကြတော့”

အားလုံး ရှေ့တိုး၍ စိန်ခေါ်စာအတွင်းရှိ ဓားပန်းချီကို ကြည့်ကြသည်။

ချင်မူက ရွှင်ပျော်ပျော်ဓားကို စုတ်တံသဖွယ် အသုံးချ၍ လေထဲတွင် ပန်းချီဆွဲကာ စာအပေါ်၌ ခတ်နှိပ်ခဲ့ခြင်း ဖြစ်သည်။

ဤအဆင့်သို့ ရောက်ရန် သိုင်းပညာရှင်တစ်ယောက်တွင် နတ်ဘုရားတစ်ပါး၏ အစွမ်းအစများ ရှိရန် လိုအပ်၏။ နတ်ဘုရားများသာ နေရာဟင်းလင်ပြင်ထဲ၌ ကောင်းကင်နတ်သိုင်းများ အချိန်ကြာကြာ တည်မြဲနေအောင် ခတ်နှိပ်နိုင်လေသည်။

အားလုံး ဓားပန်းချီကို ဝိုင်းကြည့်နေကြသည်။ ပန်းချီအတွင်းရှိ ချင်မူသည် သက်ရှိလူသားအစစ်သဖွယ် သုံးဖက်မြင်ကြွတက်နေကာ အလွန်အသက်ဝင်နေ၏။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဒီ‌လောကသခင်ခန္ဓာ အင်မတန် ပါရမီထူးတဲ့သူပဲ... သူ လမ်းကြိုလမ်းကြားမှာ ပန်းချီကားတွေ လိုက်ရောင်းရင် သေချာပေါက် အောင်မြင်လိမ့်မယ်” အားလုံး ရယ်မောလိုက်ကြသည်။

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရားက အလျင်အမြန် သတိပေးလိုက်သည်။ “ငါ မင်းတို့ကို ပြတာက သူ့ပန်းချီစွမ်းရည်ကို ဝေဖန်ဖို့မဟုတ်ဘူး... သူ့ဓားလမ်းစဉ်ကို ကြည့်စေချင်လို့ပဲ... ဒါမှ သူ့ရဲ့ သိုင်းအဆင့်အစစ်ကို မြင်နိုင်မှာ... ဘယ်သူသိနိုင်မလဲ၊ ဒီပန်းချီထဲက သူ့ကောင်းကင်နတ်သိုင်းတွေကနေ ငါတို့ သူ့ကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ခုခုတောင် ရှာတွေ့လောက်တယ်”

အားလုံး လေးနက်သွားကြပြီး ပန်းချီကို ဂရုတစိုက် ကြည့်နေကြ၏။

ရုတ်တရက် နတ်ဘုရားတစ်ပိုင်းတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏အရှိန်အဝါ ပေါက်ကွဲသွားပြီး သူ့ကိုယ်ထဲမှ ကောင်းကင်ရတနာများ ပွင့်နေသည့် အသံများ ထွက်ပေါ်လာသည်။ သူ၏လက်နှစ်ဖက်က သူ့ကိုယ်သူ ခုခံရန် ကြိုးစားနေသကဲ့သို့ ယက်ကန်ယက်ကန် ဖြစ်နေသည်။ သူက ကြောက်လန့်တကြား အော်ဟစ်နေ၏။ “သူ ငါ့ဆီကို ဓားကြီးနဲ့ လာနေတယ်”

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရား၏အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားသည်။ သူ နတ်ဘုရားတစ်ပိုင်း၏ ချီစွမ်းအင်အတက်အကျများကို တားရန် ပြင်လိုက်စဉ် ရုတ်တရက် နတ်ဘုရားတစ်ပိုင်း၏ မျက်ခုံးနှစ်ဖက်ကြား ပွင့်ထွက်သွားသည်ကို မြင်လိုက်ရ၏။ အသွင်မဲ့စွမ်းအားတစ်ရပ်က သူ၏မူလဝိညာဉ်ကို သတ်ဖြတ်လိုက်၍ ဝိညာဉ်လည်း ပြိုကွဲသွားကာ ထူးဆန်းစွာ သေဆုံးသွားတော့သည်။

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရားမှာ ထိတ်လန့်သွားသည်။ သူ စစ်ဆေးကြည့်လိုက်ရာတွင် နတ်ဘုရားတစ်ပိုင်း၏ မျက်ခုံးနှစ်ဖက်ကြား၌ ဓားစိုက်ရာဒဏ်ရာကို မြင်လိုက်ရသည်။ သို့သော် အပြင်မှ ထိုးစိုက်ခြင်းမဟုတ်ဘဲ သူ့ကိုယ်ထဲမှ ထိုးစိုက်လိုက်သော ဒဏ်ရာ ဖြစ်နေ၏။

“ဒါ ဘယ်လိုကောင်းကင်နတ်သိုင်းလဲ”

သူ တွေးနေသည့်အချိန်မှာပဲ ကျန်နတ်ဘုရားတစ်ပိုင်း ကောင်းကင်နတ်သိုင်းပညာရှင်များ သွေးရူးသွေးတန်း ဖြစ်ကုန်ကြပြီး ဝိညာဉ်လက်နက်များဖြင့် ပတ်ဝန်းကျင်ကို လွှဲယမ်းတိုက်ခိုက်ရင်း အော်ဟစ်နေကြသည်။ “သူ ငါ့ကို တိုက်ခိုက်နေတယ်”

သူတို့ စကားသံများးပင် မဆုံးခင် သူတို့၏ကိုယ်ထဲမှ တရွှပ်ရွှပ် မြည်သံများ ထွက်လာပြီး မရေမတွက်နိုင်သော သွေးမြားများ ဖောက်ထွက်လာကြသည်။ သူတို့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားကြပြီးနောက် မူလဝိညာဉ်များ ပျက်စီးကာ လဲကျသေဆုံးကုန်ကြ၏။

“စိန်ခေါ်စာကို မကြည့်ကြနဲ့”

နွားခေါင်းနှင့် မိစ္ဆာနတ်ဘုရားက ရုတ်တရက် သဘောပေါက်သွားပြီး စိန်ခေါ်စာကို အလျင်အမြန် ပြန်ပိတ်ကာ သိမ်းလိုက်သည်။

သို့သ်ော နောက်ကျသွားချေပြီ။

လောကသခင်ခန္ဓာအား စိန်ခေါ်ရန် သူနှင့်အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ လိုက်လာခဲ့သော ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် ကယောင်ချောက်ချား ဖြစ်ကုန်ကြပြီး ကောင်းကင်နတ်သိုင်းများ၊ ဝိညာဉ်လက်နက်များဖြင့် ပတ်ဝန်းကျင်ကို တိုက်ခိုက်နေကြသည်။ သူတို့မှာ မမြင်ရသော ရန်သူတစ်ယောက်နှင့် သူသေကိုယ်သေ တိုက်ခိုက်နေရသည့်အလား ထင်ရ၏။

ကျန်နတ်ဘုရားများနှင့် မိစ္ဆာများက အခြေအနေကို ထိန်းရန် ကြိုးစားသော်လည်း ဤနတ်ဘုရားတစ်ပိုင်းများ တစ်ကိုယ်လုံး အပေါက်များပြည့်နှက်သွားသည်ကိုသာ တွေ့မြင်ရသည်။ အားလုံး၏ မူလဝိညာဉ်များ ပျက်စီးကုန်ကာ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြလေသည်။

နွားခေါင်းနှင့်မိစ္ဆာနတ်ဘုရား၊ ကျန်နတ်ဘုရားများနှင့် မိစ္ဆာများမှာ ကျောရိုးထဲ စိမ့်အေးသွားကြသည်။ သူတို့မှာ အလောင်းများ ပြန့်ကြဲနေသော ပတ်ဝန်းကျင်ကို ငေး၍သာ ကြည့်နေမိကြသည်။

“ယုတ်မာလိုက်တာ”

မိစ္ဆာနတ်ဘုရားတစ်ပါးက တုန်ရီနေသောအသံဖြင့် အော်ဟစ်နေသည်။ “တော်တော် ယုတ်မာတာပဲ”

နတ်ဘုရားများနှင့် မိစ္ဆာများ သွေးဆုပ်ဖြူလျော်နေကြသည်။ ချင်မူသည် ဤစိန်ခေါ်သူများနှင့် အစမှအဆုံးအထိ ကိုယ်တိုင်မတိုက်ခိုက်ခဲ့ပေ။ မြစ်သင်္ချိုင်းတက္ကသိုလ်အရှေ့တွင် သူ၏စွမ်းအားများ ထုတ်ဖော်ပြသကာ အခြားကောင်းကင်ဘုံမှ ကောင်းကင်နတ်သိုင်းပညာရှင်များကို ခြောက်လှန့်ခဲ့ရုံသာ ရှိသည်။

သို့သော် ချင်မူက ဘာမှမလုပ်ခဲ့သော်လည်း သူ၏စိန်ခေါ်စာကား ဤကောင်းကင်နတ်သိုင်းပညာရှင်များကို တစ်ယောက်မကျန် သတ်ပစ်လိုက်ချေပြီ။

“ဘာကြောင့် ဒီလိုလုပ်တာလဲ... ဒီကောင်းကင်နတ်သိုင်းက ဘာလဲ” မိစ္ဆာနတ်ဘုရားတစ်ပါးမှာ ကြောက်လန့်တုန်ရီစွာ မေးနေ၏။

“ဓားသိုင်းပဲ”

နွားခေါင်းနှင့်မိစ္ဆာနတ်ဘုရားက အက်ကွဲနေသည့်အသံဖြင့် ပြန်ဖြေသည်။ “လမ်းစဉ်အဆင့် ဝင်ရောက်ထားတဲ့ ဓားသိုင်း.... မင်းတို့ သူ့ဓားကွက်ကို ကြည့်လိုက်ရင် သူ့ဓားကွက်တွေက မင်းတို့စိတ်နှလုံးအပေါ် ခတ်နှိပ်ပြီးသား ဖြစ်သွားတယ်... ဒီလိုဓားသိုင်းမျိုးက မူလဝိညာဉ်နဲ့ စိတ်ကို တစ်ပြိုင်တည်း တိုက်ခိုက်တာမလို့ ယုတ်မာ‌ကောက်ကျစ်တဲ့ မိစ္ဆာဓားသိုင်းပဲ...

“မင်းတို့ရဲ့မူလဝိညာဉ် ပြိုကွဲပြီး စိတ်ဓာတ်ပျက်ပြားသွားတဲ့အခါ ဓားကွက်က မင်းတို့ရဲ့စွမ်းအားကို ငှားယူလိုက်ပြီး မင်းတို့ရဲ့စွမ်းအားနဲ့ပဲ မင်းတို့ကိုယ်ထဲမှာ ဓားကွက်ထုတ်ဖော်လိုက်တယ်... မင်းတို့မူလဝိညာဉ်နဲ့ စိတ်အနေနဲ့ ပန်းချီထဲမှာ ကိန်းဝပ်နေတဲ့ ဓားအာရုံကို အနိုင်မယူနိုင်ရင် သေရမယ်... ငါတို့က နတ်ဘုရားအဆင့်ဆိုတော့ ဓားလမ်းစဉ်ရဲ့ ဓားအာရုံက ငါတို့အပေါ် သက်ရောက်မှုမရှိတာပဲ”

မိစ္ဆာနတ်ဘုရားများ ထိတ်လန့်တုန်လှုပ်သွားကြသည်။

နွားခေါင်းနှင့်မိစ္ဆာနတ်ဘုရားက အလေးအနက် အော်လိုက်သည်။ “သွားစို့ မဟာကာလနဲ့ သွားတွေ့ကြစို့”

အားလုံး သူ့နောက်မှ ကပျာကယာ လိုက်သွားကြသည်။ နတ်ဘုရားတစ်ပါးမှာ မနေနိုင်ဘဲ မေးလေသည်။ “သူ့ ဓားပန်းချီထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားအာရုံက ဘယ်လိုလုပ်ပြီး ကိန်းဝပ်နေနိုင်တာလဲ... ဒီကမ္ဘာပေါ်မှာ ဒီလောက် အားကောင်းပြင်းထန်တဲ့ ဓားအာရုံမျိုး ရှိသေးတယ်လား”

“ဒါက ဓားအာရုံမဟုတ်ဘူး... ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ပဲ”

မဟာကာလကောင်းကင်နန်းတော်တွင်

အမှောင်ထုသည် ဤဒဏ္ဍာရီလာနန်းတော်အတွင်းမှ အပြင်သို့ ပျံ့နှံ့နေပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံထား၏။ သို့သော် အထဲ၌မူ လင်းထိန်နေသည်။ မဟာကာလ၏ ဦးခေါင်းအနောက်တွင် မဟူရာနေတစ်စင်း ရှိပြီး သူက ပလ္လင်ထက်၌ ထိုင်ကာ ချင်မူ၏ စိန်ခေါ်စာကို ဖွင့်ဖတ်နေသည်။

မဟာကာလက အနီးကပ်ကြည့်၍ အေးဆေးနေသာအသံဖြင့် ပြောသည်။ “ဒီလို ထာဝရနတ်ဘုရားအသိစိတ်အလျဉ်က ချိမင်ခေတ်က လာတယ်... ချိမင်ခေတ်ရဲ့ ပထမဆုံးဧကရာဇ်အတု ချိဧကရာဇ်ရဲ့ ကျင့်စဉ်ပဲ... မင်းတို့အားလုံး မသိတာလည်း မထူးဆန်းပါဘူး... ကောင်းကင်နတ်ဘုံမှာတောင် ချိဧကရာဇ်ရဲ့ ကျင့်စဉ်တွေ မရှိဘူး.. ဒီဓားပန်းချီက ယုတ်မာကောက်ကျစ်တဲ့ ဓားသိုင်းမဟုတ်ဘူး... အဲဒီအစား ဖြောင့်မတ်တည်ကြည်ပြီး ခမ်းနားနေတယ်”

All Chapters