← Chapters

အုပ်ချုပ်မှု ပြောင်းလဲခြင်း

Vol. 9 Ch. 34

အုပ်ချုပ်မှု ပြောင်းလဲခြင်း

Vol. 9 Ch. 34

“မင်းက ဆိုးတော့မဆိုးဘူးပဲ။” ပိုးဟပ်က ဖရန့်နားမလည်နိုင်တဲ့ ဘာသာစကားနဲ့ ပြောလိုက်တယ်။ လိပ်နက်အပြည့်ပြောင်းထားတဲ့ ဖရန့်ကမျက်မှောင်ကြုတ်လိုက်ပြီး သူ့ရန်သူကို ဆက်စိုက်ကြည့်နေပါတယ်။

သူတို့နှစ်ယောက်က လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ တိုက်ခိုက်နေကြတာဖြစ်ပြီး လိပ်နက်ရဲ့စွမ်းအားကြောင့် တစ်ကျွန်းလုံးက ရေခဲတွေဖုံးလွှမ်းခြင်းကို ခံနေရပါပြီ။ ဒါပေမဲ့ ပိုးဟပ်ကတော့ ပတ်ဝန်းကျင်က အအေးဒဏ်ကို ဂရုမစိုက်သလိုနေနေဆဲပဲ။ ပိုးဟပ်က သူ့ခန္ဓာကိုယ်က ကြွက်သားတွေကို ဖျစ်ညှစ်လိုက်တယ်။ ဖရန့်ရဲ့အရင်တိုက်ကွက်ကြောင့် သူ့ကိုယ်မှာဖုံးလွှမ်းနေတဲ့ ပေပေါင်းများစွာထူထပ်တဲ့ ရေခဲချပ်တွေ ပျက်စီးသွားပြီး အတောင်ကိုခတ်ကာ ကိုယ်ကိုလှည့်ပြီး ကောင်းကင်ပေါ်ကို ခုန်တက်လိုက်တယ်။

“ကောင်လေး၊ သတိထား။” လိပ်နက်ဝိညာဥ်ရဲ့သတိပေးမှုကြောင့် ဖရန့်က ချက်ချင်းလှုပ်ရှားလိုက်ပါတယ်။ လိပ်နက်ရဲ့နောက်က အမြီးသုံးချောင်းက ချက်ချင်းလှုပ်ရှားလာပြီး ပိုးဟပ်ကို ထိုးစိုက်တယ်။ ဒါပေမဲ့ အဲဲဒီပိုးဟပ်ပုံရိပ်က ချက်ချင်းပျောက်သွားပြီး လေကိုသာတိုက်မိလိုက်ကြောင်း ဖရန့်က သတိထားမိလိုက်ပါတယ်။

“ရုတ်တရက် ပိုမြန်သွားတာလား။ သေစမ်း။” ဖရန့်ထိတ်လန့်သွားတုန်း ဧရာမပိုးဟပ်ကြီးက သူ့ရှေ့မှာ ပေါ်လာတယ်။ ဒါပေမဲ့ တဖြည်းဖြည်းပုံစံပြောင်းနေပြီဖြစ်ပြီး လူနဲ့ပိုတူလာနေပါပြီ။

“ဒီပုံစံက မင်းတို့ဂြိုဟ်က အဓိကသက်ရှိတွေရဲ့ပုံစံမဟုတ်လား။ မြန်မြန်ဆန်ဆန်လှုပ်ရှားလို့ကောင်းပြီး အားအင်ပြည့်ဝနေတာပဲ။”

ပိုးဟပ်က လူနဲ့ပိုတူလာနေပေမဲ့ လူတစ်ယောက်ရဲ့ပုံစံတော့ ဖြစ်မသွားဘူး။ အဲဒီအစား အင်းဆက်အခွံမာတွေနဲ့ကြွက်သားတွေရှိနေသေးပြီး ခေါင်းကလည်း ပိုးဟပ်ခေါင်းပါတယ်။ လူသားတစ်ဝက်ပုံစံနဲ့ ပိုဆင်တယ်။ ဒါပေမဲ့ ပိုးဟပ်က အဲဒီပုံစံနဲ့ဆိုရင် ပိုမြန်နေပြီး ဖရန့်ဘာမှမလုပ်နိုင်သေးခင်မှာပဲ လိပ်နက်ဟာထိုးနှက်ခြင်းခံလိုက်ရပါတော့တယ်။

ဘုန်း....

ဧရာမ လက်သီးချက်ကြီးနဲ့အတူ မီတာသုံးရာရှိတဲ့ လိပ်နက်ကြီးရဲ့ခန္ဓာကိုယ်က လေပေါ်ကို မြောက်တက်သွားတယ်။ တကယ်တော့ ပိုးဟပ်ရဲ့အရွယ်ကလည်း အဲဒီလောက်ပါပဲ။ ဧရာမလူကြီးနဲ့ တူနေရုံပါ။

“မကောင်းဘူး၊ ဒီကောင်က ငါတို့ထက်ပိုမြန်နေတယ်။ လိပ်နက်ပုံစံကို ပယ်ဖျက်မှဖြစ်မယ်။” လိပ်နက်က ဖရန့်ကို အကြံပေးလိုက်တယ်။ ဖရန့်ကလည်းချက်ချင်းဆုံးဖြတ်လိုက်ပြီးတော့ လိပ်နက်ကနေ လူအဖြစ်ပြန်ပြောင်းတယ်။ လိပ်နက်ရဲ့ခန္ဓာကိုယ်မှာ အပြာရောင်မီးတောက်တွေထွက်ပေါ်လာပြီး တဖြည်းဖြည်းကျုံဝင်လာကာ ဖရန့်ရဲ့မူလခန္ဓာကိုယ် ပြန်ပေါ်လာတယ်။

“ဟမ်... ဒါက မင်းရဲ့ခန္ဓာကိုယ်အစစ်လား။ အစောပိုင်းက မင်းရဲ့စွမ်းအားပေါ့လေ။ ဝမ်းနည်းစရာက ဒီပုံစံနဲ့ဆိုရင် ပိုပြီးထိခိုက်လွယ်မယ့်ပုံပဲ။”

ပိုးဟပ်က သူ့လက်ကို ဂလင်းအမြောက်အဖြစ်ပြောင်းပြီး ဖရန့်ကိုလိုက်ပစ်တယ်။ ဒါပေမဲ့ ဖရန့်က အတွေ့အကြုံရှိစစ်သည်ဖြစ်နေပြီဖြစ်တာကြောင့် ဂလင်းအမြောက်တွေက အစွမ်းထက်တဲ့တိုင်အောင် လွယ်လွယ်ကူကူရှောင်နိုင်ပါသေးတယ်။

ဘုန်း... ဘုန်း... ဘုန်း...

ဂလင်းအမြောက်တစ်ချက်စီတိုင်းက ကျွန်းပေါ်မှာ မီတာငါးဆယ်အရွယ်အစားရှိတဲ့ တွင်းချိုင့်ကြီးတွေကို ဖြစ်တည်လာစေတယ်။ ရေခဲမုန်တိုင်းကတော့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး ဖရန့်က အဲဲဒီပစ်ချက်တွေကို ဆက်တိုက်ခုန်ရှောင်နိုင်နေပါသေးတယ်။

“ဒီကောင် ဘာဘာသာစကားနဲ့ စကားပြောနေမှန်းမသိပေမဲ့ အခုလိုမျိုး တိုက်စစ်ဆင်နေရာကနေ ခံစစ်ရောက်သွားတာတော့ ခံပြင်းစရာပဲ။ သေချာပေါက် ငါတို့ကို လှောင်ရယ်နေတာပဲနေမှာ။”

ဖရန့်ရဲ့ခန္ဓာကိုယ်ထဲက လိပ်နက်က ခံပြင်းနေတဲ့ပုံစံနဲ့ ပြောလိုက်တယ်။ ဖရန့်ကလည်း ခေါင်းညိတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဖရန့်က နောက်တစ်ခါ နောက်ပြန်ခုန်ဆုတ်လိုက်ပြန်တယ်။

ဘုန်း...

ဖရန့်ရပ်နေခဲ့တဲ့နေရာမှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာတယ်။ ဖရန့်က ရှောင်လိုက်နိုင်ပေမဲ့ မြေပြင်ကိုထိပြီး ပြန်ကန်ထွက်လာတဲ့ ဂလင်းအရည်တချို့နဲ့ ဖုန်မှုန့်တွေက သူ့ကိုလာစင်တယ်။ သူ့မျက်နှာနဲ့အဝတ်အစားတွေကို အက်စစ်ဆန်တဲ့ဂလင်းအရည်က လာရောက်ထိမှန်ပြီး တိုက်စားသွားတာကြောင့် ဒဏ်ရာတချို့ဖြစ်ပေါ်လာပေမဲ့ ဖရန့်အတွက် ကြီးမားတဲ့ ဒဏ်ရာတော့မဟုတ်ဘူး။

“ဒီကောင်ကို ငါတို့မတားရင် ကိစ္စကြီးတစ်ခုဖြစ်လာတော့မယ်လို့ အာရုံရနေတယ်။ မိတ်ဆွေကြီး၊ ခင်ဗျားမှာ အကြံတစ်ခုခုရှိလား။” ဖရန့်က တည်ကြည်စွာနဲ့ မေးလိုက်တယ်။

လိပ်နက်ရဲ့ဝိညာဥ်ကလည်း ဖရန့်ကို ခွန်းတုံ့ပြန်လာတယ်။ “အေး၊ တစ်ခုတော့ရှိတယ်။ သေခြင်းရှင်ခြင်းနိယာမကို သုံးရအောင်။”

“အဲဒီစွမ်းအားက ခင်ဗျားအရင်သခင်တစ်ယောက်ရဲ့စွမ်းအားမဟုတ်လား။ ကျုပ်သုံးတတ်ပေမဲ့ ဒီလောက်ကြီးတော့ မဟုတ်ဘူးလေ။”

ဖရန့်က ပြောပြောဆိိုဆိုနဲ့ ပိုးဟပ်ကို အကဲခတ်ပါတယ်။ ပိုးဟပ်က အမြောက်နဲ့ပစ်နေတာ ခနရပ်လိုက်ပြီး သူ့အတောင်ကိုဖြန့်လိုက်တယ်။ သူ့အတောင်နဲ့ဖုံးထားတဲ့ နေရာတွေမှာ ပိုးဟပ်ဥသန်းချီသယ်ဆောင်ထားပြီး အတောင်ဖြန့်လိုက်ချိန်မှာ အကောင်ချက်ချင်းပေါက်လာကာ လူတစ်ရပ်လောက် ပိုးဟပ်တွေဖြစ်သွားပြီး ဖရန့်ကို စတင်တိုက်ခိုက်တယ်။

“အရေအတွက်နဲ့ ငါ့ရဲ့အမြန်နှုန်းကိုဖိနှိပ်ပြီး ငါ့ကိုရချင်တာလား။” ဖရန့်က ပြောလိုက်တယ်။ လိပ်နက်ကလည်း ရယ်မောသံပါပါနဲ့ ဖရန့်ကို အားပေးလိုက်တယ်။

“အဲဒီနိယာမကို သုံးတာသုံးလိုက်။ ငါသာမင်းကိုအဲဒါသုံးဖို့ သဘောတူပြီးထောက်ပံပေးရင် ပိုကြမ်းလိမ့်မယ်။”

“ကောင်းပြီလေ။” ဖရန့်က သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။ သေခြင်းရှင်ခြင်းနိယာမက လိပ်နက်ကို ထိန်းချုပ်ဖို့အတွက် ဖရန့်စိတ်ကူးထဲမှာတွေ့ခဲ့တဲ့ ဆံပင်အဖြူနဲ့ကောင်လေး သုံးခဲ့တာပါ။ လိပ်နက်ကိုယ်တိုင်က သူ့စွမ်းအားတွေကို အဲဒီနိယာမနဲ့လိုလိုလားလား ပေါင်းစည်းခဲ့ရင်တော့ ထာဝရရေခဲနိယာမဖြစ်လာမှာပါ။

“လာခဲ့စမ်း။” ဖရန့်ရဲ့လက်မှာ ရေခဲစွမ်းအားတွေ စတင်စုစည်းတယ်။ သူ့ခန္ဓာကိုယ်ကို ရေခဲစွမ်းအင်တွေ ဖုံးလွှမ်းသွားပြီး ချပ်ဝတ်ပမာဖြစ်သွားတယ်။ သူက အားနေတဲ့ ဘယ်ဖက်လက်ကို ဆန့်ထုတ်လိုက်ချိန်မှာတော့ ကျောဘယ်ဘက်မှာ ရေခဲတောင်ပံတစ်စုံထွက်ပေါ်လာပြီး သူ့ရဲ့ဘယ်ဖက်လေထုထဲမှာတော့ ရေခိုးရေငွေ့တွေကနေတစ်ဆင့် ထက်ရှနေတဲ့ ရေခဲစိုက်တွေ စတင်ဖြစ်တည်လာတယ်။

“သေလိုက်တော့...” ဖရန့်က သူ့လက်ကို ပိုးဟပ်အုပ်ဆီ ယမ်းလိုက်တယ်။ ရေခဲချွန်တွေက ပိုးဟပ်တွေဆီ ပြေးဝင်သွားပြီး ပိုးဟပ်တွေရဲ့ခန္ဓာကိုယ်ကို ရစရာမရှိအောင် ထိုးဖောက်ဖျက်ဆီးပစ်တယ်။ ဖရန့်ကတော့ ညာဖက်လက်ကိုလည်း ဆန့်ထုတ်လိုက်တယ်။ ညာဖက်မှာလည်း အတောင်ပံတစ်စုံပေါက်လာပြီး ရေခဲချွန်တွေဖြစ်တည်လာတယ်။ ဒီတစ်ခါတော့ သူက ပိုးဟပ်ကို တိုက်ရိုက်ပစ်ခတ်ခဲ့တာပါ။

“အံ့ဩစရာပဲ။ ဒါက မင်းရဲ့နောက်ထပ် စွမ်းအားကို အသုံးချတဲ့နည်းပေါ့လေ။” ရေခဲချွန်တွေရဲ့ထိုးစိုက်ခြင်းကို ခံနေရပေမဲ့ လိပ်နက်ကတော့ နည်းနည်းလေးမှာ မူမပျက်ပါဘူး။ အဲဒီအစား ဖရန့်နားမလည်နိုင်တဲ့ ဘာသာစကားနဲ့ အခုလိုပြောလိုက်တယ်။ ဖရန့်က ရေခဲတောင်ပံနှစ်စုံကိုသုံးပြီး စတင်ပျံသန်းတယ်။ အခုသူ့ရဲ့အရှိန်က အသံမြန်နှုန်းနှစ်ဆပါ။ တခြားအဆင့်တူတွေထက် နှေးသေးပေမဲ့ အမြန်နှုန်းအသားမပေးတဲ့ လိပ်နက်အတွက်တော့ အံ့ဩစရာလုပ်ဆောင်မှုပါ။

“ဒီကမ္ဘာရဲ့အစစ်အမှန်ဟီးရိုးအနေနဲ့ မင်းကို ငါဖျက်ဆီးပစ်မယ်။” ဖရန့်က လက်နှစ်ဖက်လုံးကိုစုစည်းပြီး ဓားလက်ကိုင်ကို ကိုင်ထားသလိုမူဟန်မျိုး ပြုမူလိုက်တယ်။ တစ်ကျွန်းလုံးမှာပြန့်နှံနေတဲ့ ရေခဲစွမ်းအင်တွေက ချက်ချင်းဆိုသလို စုစည်းသွားပြီး မီတာနှစ်ရာကျော် ဓားကြီးတစ်ချောင်ဖြစ်တည်လာတယ်။ ပိုးဟပ်လည်း အံ့ဩသွားပုံပေါ်ပေမဲ့ ဓားက သူ့ခန္ဓာကိုယ်နဲ့နီးကပ်လွန်းနေတာကြောင့် ရှောင်ဖို့နောက်ကျသွားပါပြီ။

ရွှမ်း....

ဖရန့်ရဲ့ရေခဲဓားကြီးက ပိုးဟပ်ကို ထက်ပိုင်းဖြတ်ပစ်လိုက်တယ်။ ပိုးဟပ်ဆီက သွေးရည်ကြည်တွေ ပန်းထွက်လာပြီး မြေပြင်ပေါ်ကို အရုပ်ကြိုးပြတ်လဲကျသွားတယ်။ ဖရန့်ကတော့ ရေခဲစွမ်းအားတွေကို ပြန်သိမ်းလိုက်ပြီး အမောတကောနဲ့အသက်ရှုနေတယ်။

“သေစမ်း၊ ဒီကောင်က တော်တော်မာတာပဲ။ ငါတို့နှစ်ယောက် စုစည်းထားတဲ့ ဝိညာဥ်စွမ်းအားတွေတောင် ကုန်လုနီးပါးဖြစ်သွားပြီ။” လိပ်နက်က ညည်းညူလိုက်တယ်။ လိပ်နက်က သားရဲဝိညာဥ်တွေထဲမှာ ဝိညာဥ်စွမ်းအားကို အများဆုံးအသုံးချတဲ့သူပါ။ သူ့စွမ်းအားတွေက ပြင်းထန်သလို လိုအပ်တဲ့အရင်းအမြစ်လည်းများတယ်။

“ဘာပဲဖြစ်ဖြစ် နိုင်သွားတာ တော်သေးတာပေါ့၊ မိတ်ဆွေကြီး။” ဖရန့်က သူ့ခန္ဓာကိုယ်ပေါ်က ရေခဲချပ်ဝတ်တွေ အရည်ပျော်ကျသွားတာကို ကြည့်နေရင်းကနေ ပြောလိုက်တယ်။ ပိုးဟပ်က သူ့အတွက် ပြိုင်ဖက်ကောင်းဖြစ်ခဲ့တယ်မဟုတ်လား။

“မဆိုးဘူးပဲ... ဒါပေမဲ့ ငါ့ကိုသတ်ဖို့မလုံလောက်သေးဘူး။”

“.....” ဖရန့်က သူနားမလည်နိုင်တဲ့ စကားတွေကို ထပ်ပြီးကြားလိုက်ရတဲ့အတွက် နောက်ကိုလှည့်ကြည့်လိုက်တယ်။ လဲကျနေတဲ့ ပိုးဟပ်နှစ်ပိုင်းပြတ်ကြီးက သူ့မျက်စိရှေ့မှာတင် ပြန်ဆက်သွားပြီး သူ့ကိုစိုက်ကြည့်နေပါတယ်။

“ဘာ... မဖြစ်နိုင်တာ၊ ငါသူ့ကို နှစ်ပိုင်းဖြတ်ပစ်ခဲ့တာလေ။”

ဖရန့်က အန္တရာယ်ကို ခံစားမိလိုက်ပြီး နေရာကနေရှောင်ဖို့ ကြိုးစားပေမဲ့ ပိုးဟပ်က ဖရန့်ကို သူ့လက်နဲ့ ဖမ်းဆုပ်လိုက်တယ်။ ပိုးဟပ်က မီတာသုံးရာလောက်မြင့်ပြီး ဖရန့်က သာမန်လူသားအရွယ်သာဖြစ်တာကြောင့် ပုရွက်ဆိတ်လေးတစ်ကောင်ကို လူသားတစ်ယောက်က ဖမ်းဆုပ်ထားသလို မြင်ကွင်းမျိုးဖြစ်နေတယ်။

မကြာခင်မှာပဲ ကြီးမားတဲ့ဖိအားကြောင့် ဖရန့်ရဲ့နံရိုးတွေ ကျိုးပဲ့ကုန်တယ်။

“အယ်ဖာအဆင့်တစ်ယောက်အနေနဲ့တော့ မဆိုးဘူးပဲ။ မင်းက အဆင့်မြင့်အယ်ဖာတစ်ယောက်ကို ယှဥ်ချနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ငါက ဆင့်ကဲပြောင်းလဲပြီးသားကွ။” ပိုးဟပ်က ဖရန့်ကို အားပါပါနဲ့ ကိုညှစ်ချလိုက်တယ်။

“အား......” ဖရန့်က နာကျင်မှုကြောင့် မျက်ဖြူဆိုက်သွားတယ်။ အဲဲဒီနောက်တော့ ပိုးဟပ်က ဖရန့်ကိုစိတ်မဝင်စားတော့ဘဲ ဖရန့်ကို မြေပေါ်ဆောင့်ချပစ်လိုက်တယ်။

“အားနည်းလိုက်တာ။ ငါ့ကိုသတ်ချင်ရင် ပြာဖြစ်တဲ့အထိ လုပ်နိုင်မှရမယ်။ ဒီလောက်အားနည်းတဲ့သူတွေကာကွယ်ပေးနေတဲ့ ကမ္ဘာကို ခုထိမသိမ်းနိုင်သေးတဲ့ ဘုရင်မက တော်တော်စိတ်ပျက်စရာကောင်းတာပဲ။”

ပိုးဟပ်က ဖရန့်နားမလည်နိုင်တဲ့ ဘာသာစကားတွေကိုပြောရင်းနဲ့ တိုက်ပွဲကနေ ထွက်ခွာသွားတယ်။ ဖရန့်ကတော့ မြေပြင်ပေါ်မှာ အသက်ကိုလုရှုနေရပြီးတော့သူ့ကိုကာကွယ်ပေးထားတဲ့ အပြာရောင်မီးတောက်လွှာလေးကြောင့်တာမဟုတ်ရင် အသက်ပျောက်နေလောက်ပါပြီ။

...

ပိုးဟပ်နန်းတော်။

ဥစာကီက ခါတိုင်းလိုပဲ ပလ္လင်ပေါ်မှာထိုင်နေတယ်။ ခါတိုင်းနဲ့မတူတာက သူ့ပေါင်ပေါ်မှာ ပိုးစုန်းကြူးဗိုလ်ချုပ်ပေါက်စလေးကို တင်ထားတာပါ။ သူက ခန်းမထဲမှာရှိနေတဲ့ လူတွေကိုတစ်ချက်ကြည့်လိုက်တယ်။

ယင်ကောင်၊ ပိုးဖလံ၊ အိုလီနဲ့ ဂျက်စပါတို့က သူ့ကိုစိတ်ပါလက်ပါနဲ့ ဒူးထောက်ခစားနေကြပြီး ဘာရွန်ကတော့ ဘုရင်မဘေးမှာ ရပ်နေပါတယ်။ ဥစာကီက သူ့ငယ်သားတွေကိုကြည့်ရင်း ခေါင်းညိတ်လိုက်ပါပြီ။

“ဒီတော့ မင်းတို့က ရန်သူ့တန်ပြန်တိုက်စစ်တစ်ခုကို တားလိုက်နိုင်ပြီး တိုက်စစ်ကို ရှေ့ဆက်နေတယ်ပေါ့။ဒါပေမဲ့ တကယ်ပြောရရင် အရှေ့ဘက်ကမ်းရိုးတန်းစစ်ဆင်ရေးက အင်ပါယာရဲ့အရင်းအမြစ်တွေကိုဖြုန်းတီးနေသလိုပဲ။ ပိုးစုန်းကြူးရဲ့အမြောက်တွေနဲ့တောင် ရှေ့မတိုးနိုင်သေးဘူးလား။”

ဥစာကီက အနည်းငယ်စိတ်ပျက်နေတဲ့ အမူအရာနဲ့ ပြောလိုက်တာပါ။ ဘာရွန်ကတော့ အခုလိုပြောပါတယ်။

“အရှင်မ၊ စစ်ပွဲဆိုတာ ကိုယ့်ဘက်က ရင်းနှီးရတာတော့ ရှိတာပါပဲ။ လူသားတွေက သူတို့ဆုံးရှုံးမှုတွေကို အလွယ်တကူပြန်မဖြည့်နိုင်ပေမဲ့ ကျုပ်တို့ကတော့ပိုးကောင်တွေကို လွယ်လွယ်လေး ပြန်မွေးဖွားနိုင်ပါတယ်။ စစ်ပွဲက ရေရှည်လေ ကျုပ်တို့နိုင်မှာသေချာလေပဲ။”

ဘာရွန်ပြောတာက သဘာဝကျပေမဲ့ ဥစာကီက သိပ်ကျေနပ်ပုံမပေါ်ဘူး။ ပြောရရင် ဥစာစီက စစ်ပွဲရဲ့လက်ရှိအခြေအနေကို မကျေနပ်တာထက် ဘာရွန်ကို ပိုသဘောမကျဖြစ်နေတာ။

ယင်ကောင်ကလည်း ခေါင်းကိုမော့ပြီးတော့ ပြောပါတယ်။ “လက်ရှိမှာ ကျွန်တော်တို့ဘက်က အားသာသလိုရှိပေမဲ့ ပြဿနာတစ်ခုတော့ရှိပါတယ်။ တင်လျှောက်ပါရစေလား။”

“ခွင့်ပြုတယ်။” ဥစာကီက ဘာမှမပြောခင် ဘာရွန်က ပြောလိုက်တဲ့အတွက် ယင်ကောင်ရော ဥစာကီပါ ဘာရွန်ကို ဒေါသတကြီးကြည့်လိုက်ကြတယ်။ ဒါပေမဲ့ ယင်ကောင်က စိတ်ကိုပြန်ထိန်းပြီး ဥစာကီကို စပြောတယ်။

“အခုတလော ရန်သူ့ဘက်က အဆင့်နိမ့်တပ်မှူးဖြစ်တဲ့ ဖလေရာက တန်ပြန်လက်နက်တစ်ခုကိုထွင်ပြီး စစ်မြေပြင်မှာလှုပ်ရှားနေတယ်။ ဂလင်းအမြောက်တွေရဲ့စွမ်းအင်ကိုစုပ်ယူပြီး ကျုပ်တို့ကို ပြန်တိုက်နေတာပါ။ လက်နက်က အလုံးအရင်းထုတ်ထားတာမျိုးမဟုတ်ပေမဲ့ သူ့ကြောင့် ငယ်သားဆုံးရှုံးမှုက စစ်ပွဲအစပိုင်းထက် ပိုများလာနေပါတယ်။”

“ဖလေရာလား၊ သူက S rank သက်သက်ပါပဲ။ အယ်ဖာမဟုတ်သမျှ ငါတို့အတွက်ဘာမှမဟုတ်ဘူး။” ဘာရွန်က ဂုဏ်မောက်နေတဲ့ လေသံနဲ့ပြောတော့ ယင်ကောင်က သည်းမခံနိုင်တော့တဲ့ပုံစံနဲ့ ဒူးထောက်နေရာကနေ ထလိုက်ပြီး ဘာရွန်ကိုကြည့်တယ်။

“ဘာရွန်၊ ကျုပ်က ခင်ဗျားကို အထက်လူကြီးဆိုပြီး လွှတ်ပေးထားတာ။ ဒါပေမဲ့ အဲဒီလက်နက်က ကျုပ်ရဲဘော်တွေရဲ့အသက်ကို ခြိမ်းခြောက်နေတဲ့အရာတစ်ခုပဲ။ ပိုးကောင်တွေရဲ့အသက်ကို ဘာမှမဟုတ်သလိုမျိုး မပြောပါနဲ့လား။”

“သူတို့က သာမန်ပိုးကောင်တွေပဲလေ။ အချိန်တန်ရင် အရေအတွက်က ပြန်ပြည့်လာမှာပဲဥစ္စာ။”

“မင်း...” ယင်ကောင်က လူပုံစံကနေ ပိုးကောင်တစ်ဝက်ပုံပြောင်းလိုက်ပြီး ဘာရွန်ကိုထချတော့မလိုလုပ်တယ်။ ဘာရွန်ကလည်း သူ့ကာတာနာကို ဆွဲထုတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ရဲတိုက်အစောင့် နကျယ်ကောင်တစ်ကောင်က ပျာပျာယာယာနဲ့ ခန်းမထဲဝင်လာပြီး အစီအရင်ခံပါတယ်။

“အရှင်တို့၊ အရင်ဘုရင်မရဲ့ပိုးကောင်ဗိုလ်ချုပ်တစ်ကောင်က နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာပါတယ်။ တံခါးစောင့်တပ်မှူးက ခွင့်ပြုချက်ရမှဝင်ဖို့ပြောခဲ့ပေမဲ့ အတင်းဝင်လာပြီး တားဆီးဖို့ကျရှုံးခဲ့ပါတယ်။”

မကြာခင်မှာပဲ သူတို့တွေ ခြေသံပြင်းပြင်းတစ်သံကို စကြားရတယ်။ အစောင့်နားကျယ်ကောင်ကတော့ ကြောက်ဒူးတုန်နေပြီး ဘေးကိုဖယ်သွားတယ်။ ဥစာကီက ကြည့်လိုက်တော့ နက်ပြာရောင်ဂျက်ကပ်အင်္ကျီကို ကြယ်သီးမစေ့ဘဲ ခြုံရုံခြုံထားတဲ့ ဒူးအပြဲပါတဲ့ ဂျင်းထရောက်ဆာဘောင်းဘီရှည်ကို ဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့အသားအရေက ညိုပြီး ညာဖက်ပါးမှာ မီးလောင်ဒဏ်ရာလို အမာရွတ်ကွက်ကြီးတစ်ခုရှိနေတယ်။ ဆံပင်က ရွှေအိုရောင်ဖြစ်ပြီး အရိုင်းဆန်စွာနဲ့ ကျောအထိဖြာကျနေပါတယ်။ သူ့တစ်ကိုယ်လုံး ကြွက်သားတွေအပြည့်ဖြစ်ပြီး ဂျက်စပါလောက် အရပ်မရှည်ပေမဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ပုံပါပဲ။

“အို့ရာအို့ရာ... နန်းတော်ထဲ ဝင်ဝင်ချင်းမှာပဲ ရန်ဖြစ်နေတဲ့ စစ်သူကြီးတချို့နဲ့တွေ့ရတယ်လို့။ ရှင်သန်တဲ့ ဗိုလ်ချုပ်ငါးယောက်ပဲရှိပြီး ဆင့်ကဲပြောင်းလဲပြီးသူက တစ်ယောက်တည်းဆိုပါလား။ အခုခေတ်ပိုးကောင်မျိုးဆက်က တကယ့်ကို အားနည်းသွားတာပဲ။”

ဥစာကီက မျက်မှောင်ကြုတ်လိုက်တယ်။ ဘာရွန်က မောက်မာတယ်ဆိုပေမဲ့ ဒီလိုမျိုး ယုံကြည့်ချက်မြင့်မားလွန်းတဲ့ လူတစ်ယောက်ကိုတော့ ဥစာကီခုမှမြင်ဖူးတာပဲ။ ဒါကြောင့် သူမေးဖို့ပြင်လိုက်ပေမဲ့ ဘာရွန်က မေးနှင့်နေပြီ။

“မင်းက ဘယ်သူလဲ။ ဘုရင်မရဲ့နန်းတော်ထဲကို ခွင့်မတောင်းဘဲဝင်တာက ရိုင်းပြတာပဲ။”

ရွှတ်....

ဘာရွန်စကားမဆုံးခင်မှာပဲ ညိုချောလူက နေရာကနေပျောက်သွားပြီး ဘာရွန်ရဲ့ရှေ့မှာ ပေါ်လာတယ်။ အဲဒီနောက် သူ့လက်က ဘာရွန်ရဲ့ရင်ဝကိုဖောက်သွားပြီး ဘာရွန်ရဲ့သွေးကြောတွေက အဝါရောင်ဂလင်းရည်တွေကြောင့် ဖောင်းကားလာပါတော့တယ်။

“မင်း... ဘာလုပ်တာလဲကွ....” ဘာရွန်က နာကျင်မှုကြောင့် ဒူးထောက်ကျသွားတယ်။ ဒီနေရာမှာ ဘာရွန်က အစွမ်းအထက်ဆုံးလူဖြစ်ပေမဲ့ ဒီညိုချောလူရဲ့အလစ်အငိုက်တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပါဘူး။

“ပြန်ခုခံဖို့တော့ မစဥ်းစားနဲ့တော့နော်။ ငါ့ရဲ့ဂလင်းရည်တွေက မင်းသွေးကြောတွေထဲမှပြည့်နေပြီ။ မင်းက ဘာရွန်ဆိုရင်တောင် ခန္ဓာကိုယ်တွင်းက ဂလင်းရည်တွေပေါက်ကွဲတဲ့ဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး။”

ဘာရွန်က မယုံနိုင်မှုကြောင့် တစ်ကိုယ်လုံးတုန်ယင်နေတယ်။ “မင်း... မင်းဘယ်ကကောင်လဲ၊ ငါက ဘာရွန်ပဲ။ ပိုးကောင်ဘုရင်မရဲ့ကာကွယ်သူကိုတိုက်ခိုက်တာက ပုန်ကန်မှုပဲ။”

“အိုး၊ အခုထိ မင်းက ငါဘယ်သူလဲ မခန့်မှန်းနိုင်သေးဘူးလား။” ညိုချောလူက ပြုံးလိုက်ပြီး ဘာရွန်ကိုဂုတ်ကနေမကာ ခန်းမအပြင်ဘက် လွှင့်ပစ်လိုက်တယ်။ အဲဒီနောက် ဥစာကီရှေ့မှာ ဒူးထောက်လိုက်ပြီး ဥစာကီရဲ့လက်ကို သူ့လက်နဲ့ဆုပ်ကိုင်ကာ နမ်းလိုက်ပါတယ်။

“ကျွန်တော်မျိုးက ဆာဂီဖစ်။ ရူးသွပ်နေတဲ့ ဆာဂီဖစ်လို့လည်း လူသိများကြတယ်။ ပိုးဟပ်ဗိုလ်ချုပ်ဖြစ်ပြီး အရင်ဘုရင်မရဲ့အစွမ်းအထက်ဆုံး စစ်သူကြီးပါ။”

ယင်ကောင်ကလည်း ဆာဂီဖစ်ဆိုတဲ့နာမည်ကိုကြားတာနဲ့ မျက်လုံးပြူးသွားပြီး ညိုချောလူကို ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ ထိတ်လန့်မှု၊ မယုံနိုင်မှု၊ ကြောက်ရွံမှု စတဲ့ခံစားချက်အရိပ်အယောင်တွေရောထွေးပါဝင်နေတယ်။

“မင်းကိုငါသိတယ်၊ ငါ့ဘိုးဘေးရဲ့မှတ်ဉာဏ်တွေအရဆိုရင် မင်းက အရင်ဘုရင်မကိုထိန်းချုပ်ထားတဲ့ ဓားခုတ်ကောင်မျိုးနွယ်ဘာရွန်ကို သတ်ခဲ့တဲ့သူပဲ။”

ဆာဂီဖစ်က ယင်ကောင်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်တယ်။ အဲဒီနောက် သူက ယင်ကောင်ကို အေးဆေးတည်ငြိမ်တဲ့လေသံနဲ့ ပြောလိုက်လေရဲ့။ “ဟုတ်တယ်၊ ဒါကြောင့် ငါ့ကိုဖက်ဒရေးရှင်းကရော အင်ပါယာကပါ ရူးသွပ်နေတဲ့သူလို့ ခေါ်ကြတာလေ။”

နောက်တော့ ဆာဂီဖစ်က တခြားသူတွေကို ဂရုမစိုက်တော့ဘဲ ဥစာကီကို ကြည့်ကာပြောလိုက်ပါတယ်။ “အရှင်မ၊ ကျွန်တော်မျိုးက အရင်ဘုရင်မရဲ့သစ္စာခံဆိုပေမဲ့ အရှင်မဆီမှာပြောင်းပြီး သစ္စာခံချင်ပါတယ်။ သစ္စာမရှိတဲ့ဘာရွန်ကိုတော့ ကျွန်တော်ရှင်းထုတ်ပြီးပါပြီ။ အရှင်မရဲ့ငယ်သားတွေက အားနည်းလို့ စစ်ဆင်ရေးတွေမပြီးမြောက်ဘူးဆိုတာလည်း ကြားသိရတာကြောင့် ကူညီပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ခံပေးပါ။”

ဥစာကီကတော့ သူ့ရှေ့က လူညိုချောကို ဘာပြောရမှန်းမသိတော့ဘူး။ အိုလီကတော့ ဆာဂီဖစ်ကို ရွန်းလဲ့နေတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး ပြောလိုက်လေရဲ့။

“ဆာ.. ဆာဂီဖစ်က တကယ့်ကိုချောမောပြီး ယောက်ျားဆန်တာပဲ။”

ယင်ကောင်ကတော့ အခုထိကြမ်းပြင်ပေါ်မှာလဲနေပြီး သူတို့ကိုမီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ဘာရွန်ကို လှည့်ကြည့်ပြီး တွေးလိုက်ပါတယ်။ 'ကြည့်ရတာ အင်ပါယာတွင်းမှာ ကိစ္စတွေပိုရှုပ်လာတော့မယ့်ပုံပဲ။'

Volume 9 Ended.

All Chapters